ဆရာကြီး ဂူဗိမာန် နှစ် (၅၀) ပြည့်အခမ်းအနား ကျင်းပရေး အစည်းအဝေး


ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့နှင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေး ကွန် ရက်တို့ သည် ဆရာကြီးဂူဗိမာန်တွင် အစည်းအဝေးများ ကျင်းပခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေး ကွန်ရက် အဖွဲ့ဝင်အဖွဲ့အစည်း ဖြစ်သည့်အတွက် ထိုအစည်းအဝေးများသို့ ပါတီမှ အတွင်းရေးမှူး (၂) ဒေါ်နှင်းနှင်းမွှေး တက်ရောက် ဆွေးနွေးခဲ့ပါသည်။
အစည်းအဝေးများကို ၂၀၁၆၊ ဇွန်လ ၅ ရက်နှင့် ၁၅ ရက်နေ့တို့တွင် ကျင်းပခဲ့ကြပြီး အစည်းအဝေး၌ ဇူလိုင် ၂၃ ရက်နေ့တွင် ကျရောက်မည့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၅၂) နှစ်ပြည့်နှင့် ဂူဗိမာန် နှစ် (၅၀) ပြည့် အခမ်းအနား ကျင်းပရေးအတွက် အသေးစိတ် အစီအစဉ်များကို ညှိနှိုင်း ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးများမှ ရွှေတိဂုံဘုရားလမ်းရှိ ဆရာကြီး၏ဂူဗိမာန်၌ ဇူလိုင်လ ၂၁ ရက် နေ့လည် ၁း၀၀ နာရီတွင် ကဗျာရွတ်ဆိုခြင်းအစီအစဉ်၊ ၂၂ ရက် နေ့လည် ၁း၀၀ နာရီတွင် စာတမ်းဖတ်ခြင်းအစီအစဉ်၊ ၂၃ ရက်နေ့ နံနက် ၇း၀၀ နာရီမှ ၉း၀၀ နာရီအထိ ဧည့်ခံကျွေးမွေးခြင်းအစီအစဉ်နှင့် နံနက် ၁၀း၀၀ နာရီမှ ၁၂း၀၀ နာရီအထိ အခမ်းအနားအစီအစဉ်များဖြင့် ကျင်းပမည်ဟု ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။

Continue Reading

(၄၂) နှစ်မြောက် ၇၄ အလုပ်သမား အရေးအခင်း နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်

(၄၂) နှစ်မြောက် ၇၄ အလုပ်သမားအရေးအခင်း နှစ်ပတ်လည်နေ့နှင့် ၇၄-၇၅-၇၆ ကျောင်းသားလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို ၆၊၆၊၂၀၁၆ ရက်နေ့ နံနက်ပိုင်းက တောင်ဥက္ကလာ စိတ်တိုင်းကျစားသောက်ဆိုင်တွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ၇၄-၇၅-၇၆ လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသော အလုပ်သမားခေါင်းဆောင်များ၊ ကျောင်းသား ခေါင်းဆောင်များ၊နိုင်ငံရေးသမားကြီးများ၊ စိတ်ဝင်စားသူ ကျောင်းသားလူငယ်များနှင့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ၀ါရင့်နိုင်ငံရေးသမားကြီး ဦးလှရွှေ(အောင်သာ-ပီသုံးလုံး)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်း၊ ၇၄ အလုပ်သမားခေါင်းဆောင် ဦးဝင်းကျော်၊ ၇၄ ကျောင်းသားဟောင်း ဦးစံနု၊ ၈၈ ကျောင်းသားခေါင်းဆောင် ဦးမင်းဇေယျ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ကိုမိုးထက်နေတို့က အမှတ်တရစကားများ ပြောကြားခဲ့ကြပါသည်။
ဦးငွေလင်းက အမှတ်တရစကားပြောကြားရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုဆန္ဒနှင့် ကိုက်ညီသော အခြေခံဥပဒေ ဖြစ်လာစေရေး၊ စစ်အာဏာရှင်စနစ် အကုန်အစင် အပြီးသတ်ချုပ်ငြိမ်းစေရေးတို့အတွက် ယခုလက်ရှိ အစိုးရ သည် ပြည်သူများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများအားလုံးနှင့်လက်တွဲ၍ ၀ိုင်းဝန်းပူးပေါင်း ကြိုးပမ်းဖို့ လိုအပ် ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။ ထို့နောက် ပေးပို့လာသော သဝဏ်လွှာများကို ဖတ်ကြား မှတ်တမ်းတင် ခဲ့ပါသည်။

Continue Reading

(၄၂) နှစ် ပြည့် ဇွန်-၆ အလုပ်သမားလှုပ်ရှားမှုကြီးနှင့် ၇၄၊ ၇၅၊ ၇၆ အလုပ်သမား ကျောင်းသားလှုပ်ရှားမှုများ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

၁။ လူထုဆန္ဒမပါဘဲ တဖက်သတ်ရေးဆွဲပြဋ္ဌာန်းထားသည့် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အလုပ်သမားကိုယ်စားလှယ် အတု အယောင်များနှင့် မဆလတစ်ပါတီစနစ်က ဟန်ပြဖွဲ့စည်းပေးထားသည့် အလုပ်သမားကောင်စီများကို ၁၉၇၄ ခုနှစ်၊ ဇွန်လ ၆ ရက် နေ့တွင် အလုပ်သမားထုတရပ်လုံးက တပြည်လုံးရှိ စက်ရုံအလုပ်ရုံများတွင် ပြတ်ပြတ်သားသား ဆန့်ကျင်သပိတ်မှောက်ခဲ့ကြသည်။

၂။ အလုပ်သမားထု၏ မှန်ကန်သော ထိုတိုက်ပွဲကို ကျောင်းသားထုနှင့် ရဟန်းရှင်လူ ပြည်သူလူထုက သဏ္ဍာန်အမျိုးမျိုးဖြင့် ထောက်ခံ ပါဝင်ခဲ့ကြသည့်အတွက် ၁၉၇၄ ဒီဇင်ဘာတွင် ဦးသန့်ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၅ မေ နှင့် ဇွန်လများတွင် အလုပ်သမားနှင့် ကျောင်း သားလှုပ်ရှားမှု၊ ၁၉၇၆ မတ်လတွင် မှိုင်းရာပြည့်လှုပ်ရှားမှု စသည့် သပိတ်တိုက်ပွဲများ ဆက်တိုက် ပေါ်ပေါက်ခဲ့ကြသည်။ လူထုဆန္ဒကို ကိုယ်စား မပြုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အတုအယောင်မျက်နှာဖုံးကို ဖွင့်ချ ဖော်ထုတ်နိုင်ခဲ့ကြသည်။

၃။ အလုပ်သမားနှင့်ကျောင်းသားထုက ဦးဆောင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြသည့် အခြေခံရပိုင်ခွင့်ဆိုင်ရာ တိုက်ပွဲများကို မဆလ တစ်ပါတီအာဏာရှင်အစိုးရသည် အပြန်အလှန်လေးစားမှုဖြင့် ဆွေးနွေးညှိနှိုင်း အဖြေရှာပေးရမည့်အစား အလုပ်သမား ၂၀၀ ကျော်ကို ပစ်ခတ်သတ်ဖြတ်ပစ်ခဲ့သည်။ အလုပ်သမား၊ ကျောင်းသားများကို ထောင်ချီပြီး အညှိုးကြီးစွာ နှစ်ရှည် ထောင်ဒဏ်များ ချမှတ် ပစ်ခဲ့သည်။

၎။ ယနေ့ကဲ့သို့ ဒီမိုကရေစီအပြောင်းအလဲကို ဖော်ဆောင်ကြရမည့်ကာလတွင် အတိတ်သမိုင်းက အတွေ့အကြုံများမှ သင်္ခန်းစာ ထုတ် ယူကြရမည် ဖြစ်ပါသည်။ လွန်ခဲ့သော (၄၂)နှစ်က အဖြစ်ဆိုးမျိုးကို နောက်တစ်ကြိမ်ပြန်ပြီး မကြုံဆုံကြရအောင် သတိကြီးစွာ ထားကြ ရမည်ဟု မိမိတို့ပါတီက အခိုင်အမာ ယုံကြည်ပါသည်။

၅။ အလုပ်သမားများဘဝ၊ လယ်သမားများဘဝ၊ ကျောင်းသားများဘဝ လုံခြုံအေးချမ်းပြီး အခြေခံပိုင်ခွင့်များ အပြည့်အဝ အာမခံနိုင် သည့်စနစ်မျိုး အခိုင်အမာ ပေါ်ပေါက်လာသည်အထိ ဇွန် – ၆ စိတ်ဓါတ်ကို မြဲမြဲခိုင်ခိုင် ကိုင်စွဲလျက် ရုန်းကန် အားထုတ်ကြရဦးမည်ဟု မိမိတို့ပါတီက အလေးအနက် ခံယူလျက် ဤဂုဏ်ပြုသဝဏ်လွှာကို ပေးပို့အပ်ပါသည်။ ။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)
၂၀၁၆ ခုနှစ်၊ ဇွန်လ (၆) ရက်။

Continue Reading

ဗဟိုစည်းရုံးရေးကော်မတီဝင် ရဲဘော်မင်းနိုင်၏ ဈာပန


လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင် ရဲဘော်မင်းနိုင်သည် ၂၊၆၊၂၀၁၆ ရက်နေ့ နံနက် ၆း၃၀ နာရီတွင် ဆုံးပါးသွားခဲ့ပါသည်။ ရဲဘော်မင်းနိုင်၏လုပ်ဖေါ်ကိုင်ဖက်များက (၁၉) ဦးပါ ဈာပနကော်မတီကို ထိုနေ့ နေ့လည်မှာ ဖွဲ့စည်းလိုက်ကြသည်။ ထိုကော်မတီနှင့် မိသားစုမှ ဦးဆောင်ကာ ဈာပနအခမ်းအနားကို ၄-၆-၁၆ ရက်နေ့လည် ၁း၀၀ နာရီက ရေဝေးသုဿန်၌ ပြုလုပ်ခဲ့ကြပါသည်။
ဈာပနအခမ်းအနားသို့ ရဲဘော်မင်းနိုင်၏ မိသားစုဝင်များ၊ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်သံဃာတော်များ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်များ၊ လူ့ဘောင်သစ်လူငယ်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်အဖွဲ့ဝင်များ၊ ဗကသများအဖွဲ့ချုပ်-အောက်ဗမာပြည် ( ၁၉၉၀-၁၉၉၁) အဖွဲ့ဝင်များ ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့ဝင်များ၊ ဗကသများအဖွဲ့ချုပ် (နိုင်ငံခြားရေးကော်မတီ) မှ အဖွဲ့ဝင်များ၊ ဆရာကြီးသခင်ကိုယ် တော်မှိုင်းဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ၈၈ မျိုးဆက် ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်း ဆောင်များ၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများ၊ မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂ၊ လူငယ်ကဗျာဆရာများသမဂ္ဂ၊ နိုင်ငံရေး အကျဉ်း သားဟောင်းများအဖွဲ့၊ AAPP-B အဖွဲ့ဝင်များ ၊ အလုပ်သမားအရေး-လယ်သမားအရေး လှုပ်ရှားဆောင်ရွက်သူများ၊ ၈၈ အရေးတော်ပုံကာလမှ ယနေ့အချိန်အထိ လုပ်ဖော်ကိုင်ဘက် ရဲဘော် ရဲဘက်များနှင့် ဆွေမျိုးမိတ်သင်္ဂဟများ တက် ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ရဲဘော်မင်းနိုင်၏ လုပ်ဖော်ကိုင်ဘက်များက အမှတ်တရစကားများ ပြောကြားခဲ့ကြပြီး လူ့ဘောင် သစ်ဒီမိုကရက်တစ်ပါတီမှ အမိန့်ပြန်တမ်းကို ဖတ်ကြားခဲ့ပါသည်။ နေ့လည် ၂း၀၀ နာရီတွင် ကြွင်းကျန်ရစ်သောရုပ်ကလာပ် ကို မီးသဂြိုဟ်၍ အရိုးပြာအိုးကို အမှတ်တရ ဂူသွင်းခဲ့ကြပါသည်။

Continue Reading

အမိန့် ပြန်တမ်း

အမိန့် ပြန်တမ်း

၁။ ရဲဘော်မင်းနိုင် – ဗဟိုစည်းရုံးရေးကော်မတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကြားသိစေရန် ဤ ပြန်တမ်းကို
ကျွန်ုပ်တို့ ထုတ်ပြန် ကြေညာလိုက်သည်။
၂။ ရဲဘော်မင်းနိုင် သင်သည်
(၂၊ ၆၊ ၂၀၁၆) နံနက် ၆း၃၀ နာရီတွင် ပြည်သူ့သားကောင်းပီသစွာ ကျဆုံး ကွယ်လွန်ခဲ့ပြီ ဖြစ်သည်။
၃။ ရဲဘော်မင်းနိုင် သင်သည်
ရှစ်လေးလုံး လူထုဒီမိုကရေစီအရေးတော်ပုံကြီးတွင် ရန်ကုန်တက္ကသိုလ် သပိတ်မှောက်ကျောင်းသားတစ်ဦး
အဖြစ်လည်းကောင်း စစ်အစိုးရဖိနှိပ်မှုအောက်မှ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ ဂုဏ်ယူဘွယ် ခေါင်းဆောင်တစ်ဦးအဖြစ်လည်းကောင်း ကွန်ုပ်တို့ပါတီ၏ စံပြုလောက်ဘွယ် ခေါင်းဆောင်ရဲဘော်တစ်ဦးအဖြစ်လည်း ကောင်း ကျွန်ုပ်တို့ မြန်မာပြည် လူမျိုးစုံပြည်သူလူထုကြီးအတွက် ဂုဏ်ယူအားထားစရာ ပြည်သူ့သားကောင်းတစ်ဦး အဖြစ်လည်းကောင်း ထူးချွန်စွာ တာဝန်ကျေခဲ့သော အရေးတော်ပုံ တပ်သားတစ်ဦးအဖြစ် ကျွန်ုပ်တို့ပါတီက ဂုဏ်ယူစွာ ကမ္ဗည်းမော်ကွန်းတင် အပ်ပါသည်။
၃။ ရဲဘော်မင်းနိုင်
သင့် တသက်တာပတ်လုံးကို အကုန်အစင် ပုံအောလျက် ယုံကြည် ကြိုးပမ်း တိုက်ပွဲဆင်ခဲ့သည့် ငြိမ်းချမ်းသော ညီညွတ်သော လွတ်လပ်သော တန်းတူသော လောကအသစ် နိုင်ငံတော်အသစ်ကြီးတရပ် ထူထောင်တည်ဆောက် နိုင်ရန် ကျွန်ုပ်တို့ပါတီရဲဘော်များသည် သင့်အား စံနမူနာကောင်းပြု၍ ကုန်စင်ပြီးမြောက်ပန်းတိုင်ရောက်သည်အထိ ဆက်လက်အားထုတ်ကြိုးပမ်း ချီတက်သွားကြမည် ဖြစ်ကြောင်း သင့်အား လေးမြတ်စွာ သိစေအပ်ပါသည်။
၎။ ရဲဘော်မင်းနိုင်
သင်ကား
ယနေ့ (၄၊ ၆၊ ၂၀၁၆)နေ့တွင် သင့်တစ်သက်တာအတွက် ပါတီ၏တာဝန်၊ နိုင်ငံသား ပြည်သူတစ်ဦး၏တာဝန်ကို
ကျေပွန် ကုန်စင်သည်အထိ ထမ်းဆောင်ခဲ့ပြီးဖြစ်၍ ကောင်းစွာ အနားရနိုင် အနားယူခွင့်ရှိပြီဖြစ်ကြောင်း ဤပြန်တမ်းဖြင့် ကျွန်ုပ်တို့ သိစေအပ်ပါသည်။

ရဲဘော်မင်းနိုင် ကောင်းရာ သုဂတိသို့ လားရောက်ပါစေ။
ရဲဘော်မင်းနိုင်စိတ်ဓာတ် အဓွန့်ရှည်ပါစေ။

အောင်မိုးဇော်
ဥက္ကဋ္ဌ
၂၀၁၆ ခုနှစ်၊ ဇွန်လ (၄) ရက် (စနေနေ့)။

Continue Reading

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင် ရဲဘော်မင်းနိုင်ဈာပနသို့ ပေးပို့သော သဝဏ်လွှာ

ပေးပို့သော သဝဏ်လွှာ

၁။ မိမိတို့ပါတီ၏ ဗဟိုစည်းရုံးရေးကော်မတီဝင် ရဲဘော်မင်းနိုင်သည် ၂၀၁၆ ခု၊ ဇွန်လ (၂)ရက်နေ့တွင် ကွယ်လွန်ခဲ့ပြီ ဖြစ်သည်။

၂။ ရဲဘော်မင်းနိုင်သည် ၁၉၈၈ လူထုအရေးတော်ပုံကြီးကာလမှ ယခု ကွယ်လွန်ချိန်အထိ မိမိတို့ပါတီအတွက်လည်း ကောင်း၊ မိမိတို့နိုင်ငံနှင့် လူမျိုးစုံမြန်မာပြည်သူတို့အတွက်လည်းကောင်း၊ အမိရန်ကုန်တက္ကသိုလ်၏ ဂုဏ်သိက္ခာအတွက် လည်းကောင်း ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားသွေးစည်းညီညွတ်ရေး၊ စစ်အာဏာရှင်စံနစ် အမြစ်ပြတ် သုတ်သင် နိုင်ရေးတို့ကို တစ်ဘဝလုံးပုံ၍ အားကြိုးမာန်တက် တာဝန်ထမ်းဆောင်ရင်း ပြည်သူ့သားကောင်း ပီသစွာ ကျဆုံး ကွယ်လွန်ခဲ့ သော ပါတီခေါင်းဆောင်တစ်ဦး ဖြစ်သည်။
ရဲဘော်မင်းနိုင်၏ ဂုဏ်ပြောင်သော အားထုတ်ကြိုးပမ်းခဲ့မှု အလုံးစုံအား မိမိတို့ပါတီက လေးမြတ် ဂုဏ်ယူစွာ
မှတ်တမ်း ကမ္ဗည်းတင်အပ်ပါသည်။

၃။ မိမိတို့ပါတီသည် ရဲဘော်မင်းနိုင် တစ်သက်တာလုံး ယုံကြည် မျှော်မှန်းခဲ့သော ငြိမ်းချမ်း ညီညွတ် လွတ်လပ်သည့်
အနာဂတ်နိုင်ငံတော်သစ်တစ်ရပ်ကို တည်ဆောက်နိုင်သည်အထိ မဆုတ်မနစ် အားသွန်ကြိုးပမ်းသွားကြမည် ဖြစ်ကြောင်း တည်ကြည်လေးနက်စွာ သန္နိဋ္ဌာန်ပြုလျက် ဤသဝဏ်လွှာအား ဂုဏ်ပြု ပေးပို့အပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၆ ခုနှစ်၊ ဇွန်လ (၄)ရက်။

Continue Reading

၂၀၁၆၊ ဇွန်လ ၂ ရက်နေ့တွင် ကွယ်လွန်ခဲ့သော ရဲဘော်မင်းနိုင် (၁၉၆၅-၂၀၁၆)အတွက် အမှတ်တရ

၂၀၁၆၊ ဇွန်လ ၂ ရက်နေ့တွင် ကွယ်လွန်ခဲ့သော ရဲဘော်မင်းနိုင်(၁၉၆၅-၂၀၁၆)အတွက် အမှတ်တရစာအုပ်ကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီက အခမဲ့ထုတ်ဝေလိုက်ပါသည်။ ဤစာအုပ်တွင် ကိုမင်းနိုင်ကွယ်လွန်စဉ်က အမှတ်တရရေးသားခဲ့ကြသော စာများ၊ ကဗျာများကို စုစည်းဖော်ပြထားပါသည်။ အနယ်နယ်အရပ်ရပ်ရှိ ကိုမင်းနိုင်ကိုချစ်ခင်လေးစားကြသော ရဲဘော်များနှင့် စာအုပ်လက်ဝယ်မရရှိသူများ သိမ်းဆည်းထားနိုင်ရန်ရည်ရွယ်၍ စာအုပ်တအုပ်လုံး၏ jpg ဖိုင်များကို မျှဝေလိုက်ခြင်းဖြစ်ပါသည်။

Continue Reading

SYCB မှ ဖွင့်လှစ်ထားသော Youth Training Centre သင်တန်းသားများကို လက်ခံဆွေးနွေး


၂၀၁၆၊ မေလ ၂၆ ရက်နေ့ ညနေပိုင်းတွင် SYCB (Students and Youths Congress of Burma) မှ ဖွင့်လှစ် ထားသော Youth Training Centre သင်တန်းသူသင်တန်းသားများသည် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာန ချုပ်ရုံးသို့ လာရောက်လေ့လာကြပါသည်။
ထိုသင်တန်းကျောင်းသည် အနယ်နယ်အရပ်ရပ်မှ တိုင်းရင်းသားလူငယ်များကို အရည်အချင်းမြှင့်တင်ပေး သည့် နိုင်ငံရေးသိပ္ပံကျောင်း ဖြစ်ပါသည်။ ကျောင်းဆင်းခါနီးတွင် နိုင်ငံရေးပါတီများအား လေ့လာခြင်းအစီအစဉ်အရ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို လာရောက်လေ့လာကြခြင်း ဖြစ်ပါသည်။ ပါတီမှ ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး အပါအ၀င် ပါတီတာဝန်ရှိသူများက နွေးနွေးထွေးထွေး ကြိုဆိုကြပြီး ပါတီ၏ ဖြတ်သန်းမှုသမိုင်းအကျဉ်း၊ ယနေ့ကာလ နိုင်ငံရေးအခြေအနေများအပေါ် ပါတီ၏အမြင်၊ ပါတီ၏ လတ်တလောလုပ်ငန်းစဉ်များကို အကျဉ်းမျှ ရှင်းလင်း တင်ပြ ပေးပါသည်။လူ့ဘောင်သစ်လူငယ်အကြောင်းကိုလည်း မိတ်ဆက်တင်ပြပေးကြပါသည်။
သင်တန်းသားများက စိတ်ဝင်စားကြပြီး ၎င်းတို့ ပိုမို ရှင်းလင်းစွာ သိမြင်လိုသည့်အချက်များကို မေးမြန်းကြ ပါသည်။ ပါတီမှ တာဝန်ရှိသူများက ရှင်းလင်းပြောကြားပေးကြပြီး သင်တန်းသားများဖက်ကလည်း လက်ရှိနိုင်ငံရေး အခြေအနေများအပေါ် ၎င်းတို့၏အမြင်များကို ပြန်လည်ဆွေးနွေးပေးခဲ့ကြပါသည်။

Continue Reading

ရဟန်းစာဆိုတော် ဦးပညာဇောတ (အမရပူရ) ၏ အန္တိမဈာပန အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ


အမရပူရမြို့ – တောင်လေးလုံး ကျောင်းတိုက်ဆရာတော် ဦးပညာဇောတ (ကိုပညာ – အမရပူရ)သည် ၂၀၁၆ ခု၊
မေလ (၂၁)ရက်နေ့က ပျံလွန်တော်မူကြောင်း ကြားသိရပါသည်။

အထက်မြန်မာပြည်တွင် နိုင်ငံရေးအင်အားစုများအတွက်လည်းကောင်း၊ စာပေအနုပညာအသိုက်အဝန်းအတွက် လည်းကောင်း၊ မြန်မာ့သမိုင်းနှင့်ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများအတွက်လည်းကောင်း စုစည်းရာ ဆုံဆည်းရာ တစ်ခုအဖြစ် မိမိ၏ ကျောင်းတိုက်ပုရဝဏ်၊၊ မိမိ၏ ဂုဏ်သိက္ခာနှင့်အားထုတ်မှုတို့ကို အရိပ်ကောင်းသဖွယ် ဖြစ်စေခဲ့သည့် ရဟန်းစာဆို၊ပညာရှင် ဦးပညာဇောတ၏ ကြီးစွာသော ဂုဏ်လက္ခဏာအရပ်ရပ်အား ဦးညွှတ် အရိုအသေပြုလျက် ဆရာတော်၏ အန္တိမဈာပနသို့ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဝမ်းနည်းသဝဏ်လွှာကို ပေးပို့အပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၆ ခုနှစ်၊ မေလ၊ (၂၄)ရက်။

Continue Reading

မကဒတ ကျောင်းသားတပ်မတော် (ABSDF)  ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဝင်းနှင့် တွေ့ဆုံဆွေးနွေး


၂၃၊ ၅၊ ၂၀၁၆ ရက်နေ့တွင် ပါတီဋ္ဌာနချုပ်ရုံးတွင် မကဒတ ကျောင်းသားတပ်မတော် (ABSDF) ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဝင်းနှင့် ပါတီမှ တာဝန်ရှိသူများ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေး ခဲ့ကြပါသည်။
ABSDF ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဝင်းက ABSDF ၏ ရပ်တည်ချက်၊ NCA လက်မှတ်ထိုးထားသည့် (၈) ဖွဲ့ ၏ ရပ်တည်ချက်နှင့် ဆောင်ရွက်နေပုံများ၊NCA လက်မှတ်မထိုးရသေးသောအဖွဲ့အစည်းများနှင့် ၎င်း (၈)ဖွဲ့တို့၏ ဆွေးနွေး ထားမှုများ၊ (၈) ဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှု အခြေအနေများကို ဖလှယ်ပေး၍ရသည်များကို ဖလှယ် ပေးခြင်း ဖြစ်ပါသည်။
ပါတီဖက်မှလည်း လက်ရှိဆောင်ရွက်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ရှေ့အလားအလာအပေါ် ပါတီ ၏ အမြင်များကို ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြပါသည်။

Continue Reading