ဆက်သွယ်ရန် အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society
|
By DPNS INFORMATION, on August 17th, 2015 ရက်စွဲ၊ ၂၀၁၅ ခုနှစ် သြဂုတ်လ (၁၇)ရက်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ် (၂၁)နေရာ၌ “ပြည်သူသာအမိ ပြည်သူသာအဖ” ဆောင်ပုဒ်ကို ကိုင်စွဲ၍ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည်။ ပါတီရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီကို အောက်ဖေါ်ပြပါ ပါတီဝင်များဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်သည်။ ပါတီရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ ၁။ ဦးငွေလင်း ဥက္ကဋ္ဌ ၂။ ဦးဇော်ဇော်ထွန်း အတွင်းရေးမှူး ၃။ ဦးတိုးတိုးထွန်း ကော်မတီဝင် ၄။ ဦးမင်းနိုင် ကော်မတီဝင် ၅။ ဒေါ်နှင်းနှင်းမွှေး ကော်မတီဝင် ၆။ ဒေါ်တင်တင်ချို ကော်မတီဝင် ၇။ ဦးညီညီအောင် ကော်မတီဝင် ၈။ ဦးဝဏ္ဏ ကော်မတီဝင် ၉။ ဦးသန့်စင် ကော်မတီဝင် ၁၀။ ဦးသူအောင် ကော်မတီဝင် ၁၁။ ဒေါ်သက်ဇွန်လင်းထင် ကော်မတီဝင် ဆက်သွယ်ရန် ဦးငွေလင်း (ဖုန်း ၀၉ ၃၁၁၀၆၂၄၂) ဦးဇော်ဇော်ထွန်း (ဖုန်း ၀၉ ၇၉၅၈၃၉၃၅၃) ဗဟိုဦးဆောင်ကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
By DPNS INFORMATION, on August 14th, 2015 လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)က ဘာတွေကို ယုံကြည်တန်ဖိုးထားသလဲ။ (လွတ်လပ်မှု၊ တန်းတူမှုနှင့် သွေးစည်းညီညွတ်မှု) လွတ်လပ်မှု၊ တန်းတူမှုနှင့် သွေးစည်းညီညွတ်မှုတို့သည် ဒီမိုကရေစီလူ့အဖွဲ့အစည်း၏ အခြေခံအုတ်မြစ်များဖြစ်သည်။ တပြိုင်နက်တည်းတွင် ဒီမိုကရေစီလူ့အဖွဲ့အစည်းတရပ်သည်သာလျှင် လွတ်လပ်မှု၊ တန်းတူမှုနှင့် သွေးစည်းညီညွတ်မှုတို့ကို လက် တွေ့တွင် အာမခံနိုင်လိမ့်မည်။ လူသားတို့၏ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ လိင် (ကျား/မ) ဆိုင်ရာတန်းတူမှုနှင့် ငြိမ်း ချမ်းလုံခြုံသည့် ဘ၀တို့ကို ဖော်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်သည်။
By DPNS INFORMATION, on July 15th, 2015 ၁။ ၇ ဇူလိုင်အရေးတော်ပုံသည် ၁၉၆၂ ခုနှစ်၊ ဇူလိုင် (၇)ရက် တွင်၊ အာဏာသိမ်းစစ်အုပ်စု၏ ရက်စက်ကောက်ကျစ်မှုကို သွေးမြေ ကျခံလျက် ဖော်ထုတ်၊ ဖွင့်ချနိုင်ခဲ့သည်။ ၂။ လွန်ခဲ့သော (၅၃) နှစ်က ဤယနေ့တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားထုသည် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲအတွင်း ဂုဏ်ရောင်ပြောင်ခဲ့သည့် အစဉ်အလာကောင်းကို ဆက်ခံ၊တိုးချဲ့၍ စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲတပ်ဦးတွင် ထပ်မံ မော်ကွန်း တင်နိုင်ခဲ့ပေသည်။ ၃။ သမိုင်းစဉ်အတွင်း မှားယွင်း၊ တာဝန်မဲ့မှုများနှင့် မှန်ကန်၊ရဲရင့်သော တိုက်ပွဲအစဉ်အလာများကို မမေ့မလျော့ခြင်းသည် အာဃာတ နှင့် အမုန်းတရားများကို ဖော်ထုတ်ခြင်း မဟုတ်ဘဲ၊ လွတ်လပ်သော တန်းတူသော သွေးစည်းချစ်ကြည်သော ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုကြီး ထူထောင်နိုင်ရေးအတွက် ကျွန်ုပ်တို့ ဆက်လက် အားထုတ်၊ကြိုးပမ်းကြရမည့် လုပ်ငန်းစဉ်များကို ဓမ္မဓိဋ္ဌာန်ကျကျ မှန်ကန်စွာ ရွေးချယ်နိုင်ရေးအတွက် လိုအပ်သည့် ဆောင်ရွက်မှုပင် ဖြစ်ပေသည်။ ၄။ ကျွန်ုပ်တို့ ပါတီအနေဖြင့် ငြိမ်းချမ်း ညီညွတ် လွတ်လပ် တန်းတူသည့် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု ကြီး ထူ ထောင်နိုင်သည်အထိ ၇ ဇူလိုင် စိတ်ဓာတ်နှင့် အစဉ်အလာတို့ကို ဆက်ခံ၊ကိုင်စွဲလျက် လူမျိုးစုံ မြန်မာပြည်သူလူထုကြီးနှင့် အတူ ဆက် လက် အားထုတ်၊ကြိုးပမ်းသွားကြမည်ဟု လေးနက်စွာ အဓိဋ္ဌာန်လျက် ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ပါသည်။ ဗဟိုစည်းရုံးရေးကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်) ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ၊ ၇ ရက်။ ၁၃၇၇ ခု၊ ပထမ ဝါဆို၊ လဆုတ် ၆ ရက်။
By DPNS INFORMATION, on May 10th, 2015 ၁။ ငြိမ်းချမ်းရေးစာဆိုကြီး ဆရာဒဂုန်တာရာ၏ (၉၆)နှစ်ပြည့် မွေးနေ့အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီက ဂုဏ်ယူ ဝမ်းမြောက်စွာ သဝဏ်လွှာပေးပို့ပါသည်။ ၂။ ဆရာကြီး၏တသက်တာမှာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး အမျိုးသားသွေးစည်းညီညွတ်ရေးနှင့် အဖိနှိပ်ခံ ဆင်းရဲ သား ပြည်သူတို့ လွတ်မြောက်ရေးကို စာပေအနုပညာအားဖြင့် ရပ်ခံ၊ အားထုတ်ခဲ့သော တသက်တာ ဖြစ်ပေသည်။ ၃။ ဆရာကြီးသည် ကွယ်လွန်ခဲ့သည့်တိုင် မမေ့မလျော့အပ်သည့် ပုဂ္ဂိုလ်တစ်ဦးအဖြစ် အမှတ်တရ အထိမ်းအမှတ် ပြုကြခြင်းမှာ ယနေ့ကာလ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ အမျိုးသား သွေးစည်းညီညွတ်ရေးတို့ကို အရေးတကြီး တည်ဆောက်ကြရမည့် နိုင်ငံတော်၏လက်ငင်းအခြေအနေနှင့်လည်းကောင်း၊ သမိုင်းရေးလိုအပ်ချက်နှင့်လည်းကောင်း အထူးဆီလျော် သင့်မြတ်၍ ဂုဏ်ယူကြိုဆိုထိုက်သည်ဟု မိမိတို့ပါတီက ယုံကြည်ပါသည်။ ၄။ မိမိတို့ပါတီသည် နိုင်ငံတော်၏ လိုအပ်ချက်ဖြစ်သော ငြိမ်းချမ်း၊ ညီညွတ်၊ လွတ်လပ်၍ တန်းတူသည့် ဒီမိုကရက် တစ်ဖက်ဒရယ်ပြည်ထောင်စုကြီး ထူထောင်နိုင်သည်အထိ ဆရာဒဂုန်တာရာ၏ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး အမျိုးသား သွေးစည်းညီညွတ်ရေးနှင့် အဖိနှိပ်ခံ ဆင်းရဲသားပြည်သူများ လွတ်မြောက်ရေးတို့ကို လမ်းညွှန်မူများသဖွယ် အခိုင်အမာ ကိုင်စွဲလျက် အားထုတ်ကြိုးပမ်းသွားကြမည်ဖြစ်ကြောင်း လေးနက်စွာ အဓိဋ္ဌာန်ပြှုလျက် ဤဂုဏ်ပြု သဝဏ်လွှာ ပေးပို့အပ်ပါသည်။ ဗဟိုစည်းရုံးရေးကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်) ၂၀၁၅ ခုနှစ်၊ မေလ၊ ၁၀ ရက်။
By DPNS INFORMATION, on May 10th, 2015 ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကို သမိုင်းလိုအပ်ချက်အရ ကျောင်းသူကျောင်းသားများကိုယ်တိုင် တည်ထောင်ဖွဲ့စည်းခဲ့သည်မှာ ၂၀၁၅ ခုနှစ်မေလ (၈) ရက်နေ့တွင် (၇၉) နှစ် တင်းတင်း ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ (၇၉) နှစ်တာသမိုင်းသည် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ် မြောက်ရေး၊ ဒီမိုကရေစီရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှုသမိုင်း ဖြစ်သည်။ တနည်းအားဖြင့် လူမျိုးစုံမြန်မာပြည်သူများ ရင် ဆိုင်ကြုံတွေ့နေရသည့် ဒုက္ခခပ်သိမ်းအတွက် ကိုယ်ကျိုးလုံးဝမပါပဲ လူထုရှေ့မှ မားမားမတ်မတ်ရပ်ပြီး လူထုနှင့်အတူ လက်တွဲရုန်း ကန်ခဲ့သည့်၊ ရုန်းကန်နေဆဲဖြစ်သည့် တိုက်ပွဲသမိုင်းလည်း ဖြစ်ပါသည်။ ဒီမိုကရေစီပညာရေးကို အပြည့်အ၀အာမခံသည့် အမျိုးသားပညာရေးဥပဒေတရပ် ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် နိုင်ငံ အနှံ့မှ ကျောင်းသူကျောင်းသားများ၏ တောင်းဆိုတိုက်ပွဲဝင်နေမှုများသည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ အစဉ်အလာကို ရဲရဲဝံ့ဝံ့ ဆက်ခံသယ်ဆောင် ထမ်းရွက်နေကြခြင်း ဖြစ်သည်ဟု မိမိတို့ပါတီက တန်ဖိုးထားပါသည်။ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ မူ (၅) ချက်ကို အပြည့်အ၀ ထောက်ခံပါသည်။ ကျောင်းသူကျောင်းသားတို့၏ အမျိုးသားပညာရေးဆိုင်ရာတိုက်ပွဲကို အပြည့်အ၀ ထောက်ခံပါသည်။ အာဏာပိုင်များ၏ လက်ပံတန်းအကြမ်းဖက်ဖြိုခွဲမှုကို ပြတ်ပြတ်သားသား ရှုတ်ချပါသည်။ အဖမ်းဆီးခံကျောင်းသူကျောင်းသားများနှင့် ၀န်းရံပြည်သူများကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် တရားစွဲဆို မှုများ၊ ဖမ်းဝရမ်းထုတ်မှုများကို ဖျက်သိမ်းပေးရန် အာဏာပိုင်များကို အလေးအနက် တောင်းဆိုပါသည်။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အပါအ၀င် တိုက်ပွဲဝင်ကျောင်းသူကျောင်းသားအားလုံးနှင့် အခိုင် အမာ လက်တွဲပြီး ယနေ့ကာလအမျိုးသားနိုင်ငံရေးတာဝန်များကို တက်ကြွစွာထမ်းရွက်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုရင်း ဤ သ၀ဏ်လွှာကို ပေးပို့အပ်ပါသည်။ ဗဟိုစည်းရုံးရေးကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဋ္ဌာနချုပ်) ၂၀၁၅ ခုနှစ်၊ မေလ (၁၀) ရက်
By DPNS INFORMATION, on May 1st, 2015 ၁။ ယနေ့ကျရောက်သော (၁၂၅)ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး)၌ မေဒေးအကြိုကာလတွင်လည်းကောင်း၊ မေဒေးနှင့် မေဒေး အလွန် ကာလတွင်လည်းကောင်း မိမိတို့နှင့်ထိုက်တန်သော ကိုယ်ပိုင်အခွင့်အရေးများ၊ ဂုဏ်သိက္ခာအဆင့်အတန်းများကို ရရှိရန် ရာစုများချီ လျက် ပြင်းထန်၊ခက်ခဲသော တိုက်ပွဲများအကြား အသက်၊သွေး၊ချွေး ပေးဆပ် စွန့်လွှတ်ခဲ့ကြသည့် အလုပ်သမား ထုကြီးအား မိမိတို့ပါတီက အလေးအနက် ဦးညွှတ် ဂုဏ်ပြုအပ်ပါသည်။ ၂။ မိမိတို့နိုင်ငံတွင် ဒီမိုကရေစီရေး၊ငြိမ်းချမ်းရေး၊အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တန်းတူ၍ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ဖက်ဒရယ်ပြည် ထောင်စုထူထောင်ရေး စသည့် အရေးကြီးသောနိုင်ငံရေးပြဿနာရပ်များ ရင်ဆိုင် ဖြေရှင်းနေကြရသော ယခုကာလတွင် မြန်မာနိုင်ငံအလုပ် သမားလူထုမှာ အပတ်စဉ် နာရီ(၄၀)အလုပ်ချိန်အားဖြင့် တည်ဆဲ စားဝတ်နေမှုဘဝကုန်ကျစရိတ် ဖူလုံစွာရရှိနိုင်ရေး ဟူသော မေဒေးရလဒ်ကို ပြည့်ဝစွာ မခံစားကြရသေးဘဲ ယနေ့ထက်တိုင် အဖမ်းဆီး၊ အရိုက်နှက်၊ အညှဉ်းပမ်းများခံလျက် တိုက်ပွဲ ဝင်နေကြရဆဲ ဖြစ်ပေသည်။ ၃။ မိမိတို့နိုင်ငံ၏ အခရာကျသော အလုပ်သမားလူထုဘဝတွင် တရားမျှတခြင်း၊ ငြိမ်းချမ်းခြင်းများ ဆိတ်သုဉ်းနေသမျှ မိမိတို့ မျှော်မှန်းသော ငြိမ်းချမ်း၊ ညီညွတ်၊ လွတ်လပ်၊ တန်းတူသော ဖက်ဒရယ်ပြည်ထောင်စုသစ်နှင့် အစဉ်ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့ အစည်းသစ်တရပ် ထူ ထောင်၊ရရှိနိုင်ရေးမှာ အလှမ်းဝေးနေလိမ့်ဦးမည်ဟု မိမိတို့ပါတီက အလေးအနက် ယုံကြည်သည်။ ၄။ ထိုကြောင့် မိမိတို့ မျှော်မှန်းသည့် နိုင်ငံသစ်တရပ်၊ လူ့အဖွဲ့အစည်းသစ်တရပ် ထူထောင်နိုင်သည်အထိ အလုပ်သမားလူထုနှင့် အခိုင်အမာ သွေးစည်းလက်တွဲပြီး အားထုတ်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း တည်ကြည်စွာ ကတိဓိဋ္ဌာန်ပြုလျက် ဤဂုဏ်ပြုသဝဏ်လွှာအား ပေးပို့လိုက် ပါသည်။ ဗဟိုစည်းရုံးရေးကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဋ္ဌာနချုပ်) ၂၀၁၅ ခုနှစ်၊ မေလ၊ ၁ ရက်။
By DPNS INFORMATION, on April 15th, 2015
By DPNS INFORMATION, on March 31st, 2015 ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့သည် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ၌ ပါဝင်ရမည့် အချက်များအားလုံးကို ၃၀-၃-၂၀၁၅ ရက် နေ့ ဆွေးနွေးပွဲတွင် ပဏာမအနေဖြင့် သဘောတူညီမှု ရရှိခဲ့ကြပြီဟု သိရှိရပါသည်။ဤသို့ သဘောတူညီမှု ရရှိခဲ့ခြင်းအပေါ် မိမိတို့ပါတီ အနေဖြင့် လှိုက်လှိုက်လှဲလှဲ ၀မ်းမြောက်ဝမ်းသာဖြစ်ရပြီး ဆွေးနွေးခဲ့ကြသည့် နှစ်ဖက်လုံး၏ ကြိုးပမ်းအားထုတ်မှုများကိုလည်း မိမိတို့ ပါတီက အလေးအနက် ဂုဏ်ပြုမှတ်တမ်းတင်ပါသည်။ ဧပြီလထဲတွင် ပြုလုပ်သွားမည့် တိုင်းရင်းသားထိပ်သီးညီလာခံတွင် (NCCT)အဖွဲ့ဝင် ၁၆ ဖွဲ့ကိုသာမက (NCCT) အဖွဲ့တွင် မပါ ၀င်သေးသော လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများကိုပါ ဖိတ်ကြားပြီး အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးပွဲတွင် အားလုံးပါဝင် နိုင်ရန် ဆွေးနွေးညှိနှိုင်းသွားကြမည် ဆိုသည့် အစီအစဉ်ကိုလည်း မိမိတို့ပါတီက အပြည့်အ၀ ထောက်ခံပါသည်။ အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးပြီးသည့်နောက်တွင် အင်အားစုအားလုံးပါဝင်လျက် ပြည်ထောင်စုညီလာခံတရပ် ကျင်းပပြု လုပ်ကြရလိမ့်မည်။ ထိုညီလာခံကြီးတွင် မြန်မာနိုင်ငံတွင် လက်ရှိရင်ဆိုင်ကြုံတွေ့နေရသော နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေးပြဿနာ အရပ် ရပ်အပေါ် အကျေအလည်၊ အကျယ်အပြန့် တန်းတူရည်တူ ဆွေးနွေးအဖြေရှာကြရလိမ့်မည်ဟု မိမိတို့ပါတီက ယုံကြည်ပါသည်။ သို့ပါ၍ ယနေ့လို ငြိမ်းချမ်းရေးတည်ဆောက်နေသည့်ကာလတွင် တည်ငြိမ်အေးချမ်းသည့် နိုင်ငံရေး ၀န်းကျင်ကောင်းကို တည် ဆောက်နိုင်ရန်အတွက် ဖမ်းဆီးထားသော ကျောင်းသား၊ကျောင်းသူများ၊ အလုပ်သမား၊ လယ်သမားများအပါအ၀င် နိုင်ငံရေးအကျဉ်း သားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန်နှင့် ဤငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်တွင် နိုင်ငံသားအားလုံး လွတ်လပ်စွာ ပါဝင်ခွင့်ပြုရန် မိမိတို့ပါတီက လေးလေးနက်နက် တိုက်တွန်းတောင်းဆိုအပ်ပါသည်။ ဗဟိုဦးဆောင်ကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဋ္ဌာနချုပ်) ၂၀၁၅ ခုနှစ်၊ မတ်လ (၃၁)ရက်။
By DPNS INFORMATION, on March 23rd, 2015 ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၃၉) နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ မိမိတို့ပါတီက ၀မ်းမြောက်လှိုက်လှဲ စွာဖြင့် ဤဂုဏ်ပြုသ၀ဏ်လွှာကို ပေးပို့အပ်ပါသည်။ ယနေ့ကာလ မြန်မာနိုင်ငံတွင် စစ်မှန်သည့်ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်အတွက် နှစ်(၆၀)ကျော်ကြာဖြစ်ပွားနေသော ပြည်တွင်းစစ်ကြီးအပေါ်ထားသည့်သဘောထား၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အပြည့်အ၀အာမခံနိုင်မှုအပေါ်ထားသည့်သဘောထား၊ ပြည်ထောင်စုသားအားလုံးအတွက် အမျိုးသားတန်းတူခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပေါ်ထားသည့်သဘောထားများသည် အခရာကျ သည်ဟု မိမိတို့ပါတီက အလေးအနက် ခံယူပါသည်။ ခေတ်အဆက်ဆက် ဖိနှိပ်ရေးအစိုးရများ မှားယွင်းစွာကျင့်သုံခဲ့ကြသည့် အပြုတ်တိုက်ရေး၊ အမြစ်ဖြတ် သုတ်သင် ချေမှုန်းရေး၊ ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွဲ ဖိနှိပ်ရေး၊ နိုင်ငံရေးပြဿနာအထွေထွေကို စစ်အင်အား အသုံးချလျက် တဖက်သတ်အသာစီးရယူရေး စသည့်လုပ်ဟန်များအား အပြီးတိုင် စွန့်ဖယ်၊နိဂုံးချုပ်စေ၍ နိုင်ငံရေး ပြဿနာများ၊ နိုင်ငံသားတို့၏အခွင့်အရေးဆိုင်ရာ ပြဿနာရပ်များ၊ ဒီမိုကရေစီအခွင့်အရေးဆိုင်ရာ ပြဿနာရပ်များကို ငြိမ်းငြိမ်းချမ်းချမ်း၊ တန်းတူရည်တူ တွေ့ဆုံဆွေးနွေး အဖြေရှာကြသော လုပ်ဟန်မျိုး ဖြင့်သာ မှန်မှန်ကန်ကန် ဖြေရှင်းနိုင်ကြလိမ့်မည်ဟုလည်း မိမိတို့ပါတီက ယုံကြည်ပါသည်။ အဆိုပါ ကိစ္စရပ်များအပေါ် အစိုးရနှင့်တပ်မတော်အနေဖြင့်လည်းကောင်း၊ တိုင်းရင်းသားလူမျိုးစုများအပါအ၀င် နိုင်ငံရေး အင်အားစုအသီးသီးအနေဖြင့်လည်းကောင်း မှန်ကန်သောသဘောထားများ ကိုယ်စီကိုယ်င ခိုင်မာစွာရှိကြရန် လိုအပ်သည်ဟုလည်း မိမိတို့ ပါတီက ယူဆပါသည်။ တိုင်းပြည်နှင့် တိုင်းရင်းသားပြည်သူတို့၏ အကျိုးစီးပွားအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အမှန် တကယ်လိုလားပါက ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ သူမနာကိုယ်မနာငြိမ်းချမ်းရေးမူကို အခိုင်အမာကိုင်စွဲကြရပေမည်။ တိုင်းရင်းသားလူမျိုးစုများ အပါအ၀င် နိုင်ငံရေးအင်အားစုအားလုံး၊ အစိုးရကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ်များ ပါဝင်သည့် ပင်လုံညီလာခံကဲ့သို့သော ပြည်ထောင်စုညီလာခံကြီးတရပ် ကျင်းပပြီး၊ တိုင်းပြည်တွင်းရှိပြဿနာအရပ်ရပ်တို့ကို အကျေအလည်၊ ဆွေးနွေးညှိနှိုင်း အဖြေရှာကြရပေ လိမ့်မည်။ မိမိတို့ပါတီသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းတာဝန်များကို လူမျိုးစုံပြည်သူ လူထုကြီးနှင့်အတူ လက်တွဲထမ်းရွက်သွားမည်ဟု သန္နိဌာန်ပြုအပ်ပါသည်။ ဗဟိုစည်းရုံးရေးကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဋ္ဌာနချုပ်) ၂၀၁၅ခုနှစ် မတ်လ (၂၃) ရက်နေ့။
By DPNS INFORMATION, on March 10th, 2015
|