ဆက်သွယ်ရန် အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society
|
By DPNS INFORMATION, on June 6th, 2016 ၁။ လူထုဆန္ဒမပါဘဲ တဖက်သတ်ရေးဆွဲပြဋ္ဌာန်းထားသည့် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အလုပ်သမားကိုယ်စားလှယ် အတု အယောင်များနှင့် မဆလတစ်ပါတီစနစ်က ဟန်ပြဖွဲ့စည်းပေးထားသည့် အလုပ်သမားကောင်စီများကို ၁၉၇၄ ခုနှစ်၊ ဇွန်လ ၆ ရက် နေ့တွင် အလုပ်သမားထုတရပ်လုံးက တပြည်လုံးရှိ စက်ရုံအလုပ်ရုံများတွင် ပြတ်ပြတ်သားသား ဆန့်ကျင်သပိတ်မှောက်ခဲ့ကြသည်။ ၂။ အလုပ်သမားထု၏ မှန်ကန်သော ထိုတိုက်ပွဲကို ကျောင်းသားထုနှင့် ရဟန်းရှင်လူ ပြည်သူလူထုက သဏ္ဍာန်အမျိုးမျိုးဖြင့် ထောက်ခံ ပါဝင်ခဲ့ကြသည့်အတွက် ၁၉၇၄ ဒီဇင်ဘာတွင် ဦးသန့်ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၅ မေ နှင့် ဇွန်လများတွင် အလုပ်သမားနှင့် ကျောင်း သားလှုပ်ရှားမှု၊ ၁၉၇၆ မတ်လတွင် မှိုင်းရာပြည့်လှုပ်ရှားမှု စသည့် သပိတ်တိုက်ပွဲများ ဆက်တိုက် ပေါ်ပေါက်ခဲ့ကြသည်။ လူထုဆန္ဒကို ကိုယ်စား မပြုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အတုအယောင်မျက်နှာဖုံးကို ဖွင့်ချ ဖော်ထုတ်နိုင်ခဲ့ကြသည်။ ၃။ အလုပ်သမားနှင့်ကျောင်းသားထုက ဦးဆောင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြသည့် အခြေခံရပိုင်ခွင့်ဆိုင်ရာ တိုက်ပွဲများကို မဆလ တစ်ပါတီအာဏာရှင်အစိုးရသည် အပြန်အလှန်လေးစားမှုဖြင့် ဆွေးနွေးညှိနှိုင်း အဖြေရှာပေးရမည့်အစား အလုပ်သမား ၂၀၀ ကျော်ကို ပစ်ခတ်သတ်ဖြတ်ပစ်ခဲ့သည်။ အလုပ်သမား၊ ကျောင်းသားများကို ထောင်ချီပြီး အညှိုးကြီးစွာ နှစ်ရှည် ထောင်ဒဏ်များ ချမှတ် ပစ်ခဲ့သည်။ ၄။ ယနေ့ကဲ့သို့ ဒီမိုကရေစီအပြောင်းအလဲကို ဖော်ဆောင်ကြရမည့်ကာလတွင် အတိတ်သမိုင်းက အတွေ့အကြုံများမှ သင်္ခန်းစာ ထုတ် ယူကြရမည် ဖြစ်ပါသည်။ လွန်ခဲ့သော (၄၂)နှစ်က အဖြစ်ဆိုးမျိုးကို နောက်တစ်ကြိမ်ပြန်ပြီး မကြုံဆုံကြရအောင် သတိကြီးစွာ ထားကြ ရမည်ဟု မိမိတို့ပါတီက အခိုင်အမာ ယုံကြည်ပါသည်။ ၅။ အလုပ်သမားများဘဝ၊ လယ်သမားများဘဝ၊ ကျောင်းသားများဘဝ လုံခြုံအေးချမ်းပြီး အခြေခံပိုင်ခွင့်များ အပြည့်အဝ အာမခံနိုင် သည့်စနစ်မျိုး အခိုင်အမာ ပေါ်ပေါက်လာသည်အထိ ဇွန် – ၆ စိတ်ဓါတ်ကို မြဲမြဲခိုင်ခိုင် ကိုင်စွဲလျက် ရုန်းကန် အားထုတ်ကြရဦးမည်ဟု မိမိတို့ပါတီက အလေးအနက် ခံယူလျက် ဤဂုဏ်ပြုသဝဏ်လွှာကို ပေးပို့အပ်ပါသည်။ ။ ဗဟိုဦးဆောင်ကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်) ၂၀၁၆ ခုနှစ်၊ ဇွန်လ (၆) ရက်။
By DPNS INFORMATION, on June 4th, 2016
ဗဟိုစည်းရုံးရေးကော်မတီဝင် ရဲဘော်မင်းနိုင်၏ ဈာပန လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင် ရဲဘော်မင်းနိုင်သည် ၂၊၆၊၂၀၁၆ ရက်နေ့ နံနက် ၆း၃၀ နာရီတွင် ဆုံးပါးသွားခဲ့ပါသည်။ ရဲဘော်မင်းနိုင်၏လုပ်ဖေါ်ကိုင်ဖက်များက (၁၉) ဦးပါ ဈာပနကော်မတီကို ထိုနေ့ နေ့လည်မှာ ဖွဲ့စည်းလိုက်ကြသည်။ ထိုကော်မတီနှင့် မိသားစုမှ ဦးဆောင်ကာ ဈာပနအခမ်းအနားကို ၄-၆-၁၆ ရက်နေ့လည် ၁း၀၀ နာရီက ရေဝေးသုဿန်၌ ပြုလုပ်ခဲ့ကြပါသည်။ ဈာပနအခမ်းအနားသို့ ရဲဘော်မင်းနိုင်၏ မိသားစုဝင်များ၊ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်သံဃာတော်များ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်များ၊ လူ့ဘောင်သစ်လူငယ်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်အဖွဲ့ဝင်များ၊ ဗကသများအဖွဲ့ချုပ်-အောက်ဗမာပြည် ( ၁၉၉၀-၁၉၉၁) အဖွဲ့ဝင်များ ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့ဝင်များ၊ ဗကသများအဖွဲ့ချုပ် (နိုင်ငံခြားရေးကော်မတီ) မှ အဖွဲ့ဝင်များ၊ ဆရာကြီးသခင်ကိုယ် တော်မှိုင်းဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ၈၈ မျိုးဆက် ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်း ဆောင်များ၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများ၊ မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂ၊ လူငယ်ကဗျာဆရာများသမဂ္ဂ၊ နိုင်ငံရေး အကျဉ်း သားဟောင်းများအဖွဲ့၊ AAPP-B အဖွဲ့ဝင်များ ၊ အလုပ်သမားအရေး-လယ်သမားအရေး လှုပ်ရှားဆောင်ရွက်သူများ၊ ၈၈ အရေးတော်ပုံကာလမှ ယနေ့အချိန်အထိ လုပ်ဖော်ကိုင်ဘက် ရဲဘော် ရဲဘက်များနှင့် ဆွေမျိုးမိတ်သင်္ဂဟများ တက် ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ရဲဘော်မင်းနိုင်၏ လုပ်ဖော်ကိုင်ဘက်များက အမှတ်တရစကားများ ပြောကြားခဲ့ကြပြီး လူ့ဘောင် သစ်ဒီမိုကရက်တစ်ပါတီမှ အမိန့်ပြန်တမ်းကို ဖတ်ကြားခဲ့ပါသည်။ နေ့လည် ၂း၀၀ နာရီတွင် ကြွင်းကျန်ရစ်သောရုပ်ကလာပ် ကို မီးသဂြိုဟ်၍ အရိုးပြာအိုးကို အမှတ်တရ ဂူသွင်းခဲ့ကြပါသည်။
By DPNS INFORMATION, on June 4th, 2016 အမိန့် ပြန်တမ်း ၁။ ရဲဘော်မင်းနိုင် – ဗဟိုစည်းရုံးရေးကော်မတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကြားသိစေရန် ဤ ပြန်တမ်းကို ကျွန်ုပ်တို့ ထုတ်ပြန် ကြေညာလိုက်သည်။ ၂။ ရဲဘော်မင်းနိုင် သင်သည် (၂၊ ၆၊ ၂၀၁၆) နံနက် ၆း၃၀ နာရီတွင် ပြည်သူ့သားကောင်းပီသစွာ ကျဆုံး ကွယ်လွန်ခဲ့ပြီ ဖြစ်သည်။ ၃။ ရဲဘော်မင်းနိုင် သင်သည် ရှစ်လေးလုံး လူထုဒီမိုကရေစီအရေးတော်ပုံကြီးတွင် ရန်ကုန်တက္ကသိုလ် သပိတ်မှောက်ကျောင်းသားတစ်ဦး အဖြစ်လည်းကောင်း စစ်အစိုးရဖိနှိပ်မှုအောက်မှ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ ဂုဏ်ယူဘွယ် ခေါင်းဆောင်တစ်ဦးအဖြစ်လည်းကောင်း ကွန်ုပ်တို့ပါတီ၏ စံပြုလောက်ဘွယ် ခေါင်းဆောင်ရဲဘော်တစ်ဦးအဖြစ်လည်း ကောင်း ကျွန်ုပ်တို့ မြန်မာပြည် လူမျိုးစုံပြည်သူလူထုကြီးအတွက် ဂုဏ်ယူအားထားစရာ ပြည်သူ့သားကောင်းတစ်ဦး အဖြစ်လည်းကောင်း ထူးချွန်စွာ တာဝန်ကျေခဲ့သော အရေးတော်ပုံ တပ်သားတစ်ဦးအဖြစ် ကျွန်ုပ်တို့ပါတီက ဂုဏ်ယူစွာ ကမ္ဗည်းမော်ကွန်းတင် အပ်ပါသည်။ ၃။ ရဲဘော်မင်းနိုင် သင့် တသက်တာပတ်လုံးကို အကုန်အစင် ပုံအောလျက် ယုံကြည် ကြိုးပမ်း တိုက်ပွဲဆင်ခဲ့သည့် ငြိမ်းချမ်းသော ညီညွတ်သော လွတ်လပ်သော တန်းတူသော လောကအသစ် နိုင်ငံတော်အသစ်ကြီးတရပ် ထူထောင်တည်ဆောက် နိုင်ရန် ကျွန်ုပ်တို့ပါတီရဲဘော်များသည် သင့်အား စံနမူနာကောင်းပြု၍ ကုန်စင်ပြီးမြောက်ပန်းတိုင်ရောက်သည်အထိ ဆက်လက်အားထုတ်ကြိုးပမ်း ချီတက်သွားကြမည် ဖြစ်ကြောင်း သင့်အား လေးမြတ်စွာ သိစေအပ်ပါသည်။ ၄။ ရဲဘော်မင်းနိုင် သင်ကား ယနေ့ (၄၊ ၆၊ ၂၀၁၆)နေ့တွင် သင့်တစ်သက်တာအတွက် ပါတီ၏တာဝန်၊ နိုင်ငံသား ပြည်သူတစ်ဦး၏တာဝန်ကို ကျေပွန် ကုန်စင်သည်အထိ ထမ်းဆောင်ခဲ့ပြီးဖြစ်၍ ကောင်းစွာ အနားရနိုင် အနားယူခွင့်ရှိပြီဖြစ်ကြောင်း ဤပြန်တမ်းဖြင့် ကျွန်ုပ်တို့ သိစေအပ်ပါသည်။ ရဲဘော်မင်းနိုင် ကောင်းရာ သုဂတိသို့ လားရောက်ပါစေ။ ရဲဘော်မင်းနိုင်စိတ်ဓာတ် အဓွန့်ရှည်ပါစေ။ အောင်မိုးဇော် ဥက္ကဋ္ဌ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၄) ရက် (စနေနေ့)။
By DPNS INFORMATION, on June 4th, 2016 လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင် ရဲဘော်မင်းနိုင်ဈာပနသို့ ပေးပို့သော သဝဏ်လွှာ ၁။ မိမိတို့ပါတီ၏ ဗဟိုစည်းရုံးရေးကော်မတီဝင် ရဲဘော်မင်းနိုင်သည် ၂၀၁၆ ခု၊ ဇွန်လ (၂)ရက်နေ့တွင် ကွယ်လွန်ခဲ့ပြီ ဖြစ်သည်။ ၂။ ရဲဘော်မင်းနိုင်သည် ၁၉၈၈ လူထုအရေးတော်ပုံကြီးကာလမှ ယခု ကွယ်လွန်ချိန်အထိ မိမိတို့ပါတီအတွက်လည်း ကောင်း၊ မိမိတို့နိုင်ငံနှင့် လူမျိုးစုံမြန်မာပြည်သူတို့အတွက်လည်းကောင်း၊ အမိရန်ကုန်တက္ကသိုလ်၏ ဂုဏ်သိက္ခာအတွက် လည်းကောင်း ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားသွေးစည်းညီညွတ်ရေး၊ စစ်အာဏာရှင်စံနစ် အမြစ်ပြတ် သုတ်သင် နိုင်ရေးတို့ကို တစ်ဘဝလုံးပုံ၍ အားကြိုးမာန်တက် တာဝန်ထမ်းဆောင်ရင်း ပြည်သူ့သားကောင်း ပီသစွာ ကျဆုံး ကွယ်လွန်ခဲ့ သော ပါတီခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ရဲဘော်မင်းနိုင်၏ ဂုဏ်ပြောင်သော အားထုတ်ကြိုးပမ်းခဲ့မှု အလုံးစုံအား မိမိတို့ပါတီက လေးမြတ် ဂုဏ်ယူစွာ မှတ်တမ်း ကမ္ဗည်းတင်အပ်ပါသည်။ ၃။ မိမိတို့ပါတီသည် ရဲဘော်မင်းနိုင် တစ်သက်တာလုံး ယုံကြည် မျှော်မှန်းခဲ့သော ငြိမ်းချမ်း ညီညွတ် လွတ်လပ်သည့် အနာဂတ်နိုင်ငံတော်သစ်တစ်ရပ်ကို တည်ဆောက်နိုင်သည်အထိ မဆုတ်မနစ် အားသွန်ကြိုးပမ်းသွားကြမည် ဖြစ်ကြောင်း တည်ကြည်လေးနက်စွာ သန္နိဋ္ဌာန်ပြုလျက် ဤသဝဏ်လွှာအား ဂုဏ်ပြု ပေးပို့အပ်ပါသည်။ ဗဟိုဦးဆောင်ကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်) ၂၀၁၆ ခုနှစ်၊ ဇွန်လ (၄)ရက်။
By DPNS INFORMATION, on June 2nd, 2016
၂၀၁၆၊ ဇွန်လ ၂ ရက်နေ့တွင် ကွယ်လွန်ခဲ့သော ရဲဘော်မင်းနိုင်(၁၉၆၅-၂၀၁၆)အတွက် အမှတ်တရစာအုပ်ကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီက အခမဲ့ထုတ်ဝေလိုက်ပါသည်။ ဤစာအုပ်တွင် ကိုမင်းနိုင်ကွယ်လွန်စဉ်က အမှတ်တရရေးသားခဲ့ကြသော စာများ၊ ကဗျာများကို စုစည်းဖော်ပြထားပါသည်။ အနယ်နယ်အရပ်ရပ်ရှိ ကိုမင်းနိုင်ကိုချစ်ခင်လေးစားကြသော ရဲဘော်များနှင့် စာအုပ်လက်ဝယ်မရရှိသူများ သိမ်းဆည်းထားနိုင်ရန်ရည်ရွယ်၍ စာအုပ်တအုပ်လုံး၏ jpg ဖိုင်များကို မျှဝေလိုက်ခြင်းဖြစ်ပါသည်။
By DPNS INFORMATION, on May 26th, 2016
SYCB မှ ဖွင့်လှစ်ထားသော Youth Training Centre သင်တန်းသားများကို လက်ခံဆွေးနွေး ၂၀၁၆၊ မေလ ၂၆ ရက်နေ့ ညနေပိုင်းတွင် SYCB (Students and Youths Congress of Burma) မှ ဖွင့်လှစ် ထားသော Youth Training Centre သင်တန်းသူသင်တန်းသားများသည် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာန ချုပ်ရုံးသို့ လာရောက်လေ့လာကြပါသည်။ ထိုသင်တန်းကျောင်းသည် အနယ်နယ်အရပ်ရပ်မှ တိုင်းရင်းသားလူငယ်များကို အရည်အချင်းမြှင့်တင်ပေး သည့် နိုင်ငံရေးသိပ္ပံကျောင်း ဖြစ်ပါသည်။ ကျောင်းဆင်းခါနီးတွင် နိုင်ငံရေးပါတီများအား လေ့လာခြင်းအစီအစဉ်အရ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို လာရောက်လေ့လာကြခြင်း ဖြစ်ပါသည်။ ပါတီမှ ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး အပါအ၀င် ပါတီတာဝန်ရှိသူများက နွေးနွေးထွေးထွေး ကြိုဆိုကြပြီး ပါတီ၏ ဖြတ်သန်းမှုသမိုင်းအကျဉ်း၊ ယနေ့ကာလ နိုင်ငံရေးအခြေအနေများအပေါ် ပါတီ၏အမြင်၊ ပါတီ၏ လတ်တလောလုပ်ငန်းစဉ်များကို အကျဉ်းမျှ ရှင်းလင်း တင်ပြ ပေးပါသည်။လူ့ဘောင်သစ်လူငယ်အကြောင်းကိုလည်း မိတ်ဆက်တင်ပြပေးကြပါသည်။ သင်တန်းသားများက စိတ်ဝင်စားကြပြီး ၎င်းတို့ ပိုမို ရှင်းလင်းစွာ သိမြင်လိုသည့်အချက်များကို မေးမြန်းကြ ပါသည်။ ပါတီမှ တာဝန်ရှိသူများက ရှင်းလင်းပြောကြားပေးကြပြီး သင်တန်းသားများဖက်ကလည်း လက်ရှိနိုင်ငံရေး အခြေအနေများအပေါ် ၎င်းတို့၏အမြင်များကို ပြန်လည်ဆွေးနွေးပေးခဲ့ကြပါသည်။
By DPNS INFORMATION, on May 24th, 2016 ရဟန်းစာဆိုတော် ဦးပညာဇောတ (အမရပူရ) ၏ အန္တိမဈာပန အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ အမရပူရမြို့ – တောင်လေးလုံး ကျောင်းတိုက်ဆရာတော် ဦးပညာဇောတ (ကိုပညာ – အမရပူရ)သည် ၂၀၁၆ ခု၊ မေလ (၂၁)ရက်နေ့က ပျံလွန်တော်မူကြောင်း ကြားသိရပါသည်။ အထက်မြန်မာပြည်တွင် နိုင်ငံရေးအင်အားစုများအတွက်လည်းကောင်း၊ စာပေအနုပညာအသိုက်အဝန်းအတွက် လည်းကောင်း၊ မြန်မာ့သမိုင်းနှင့်ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများအတွက်လည်းကောင်း စုစည်းရာ ဆုံဆည်းရာ တစ်ခုအဖြစ် မိမိ၏ ကျောင်းတိုက်ပုရဝဏ်၊၊ မိမိ၏ ဂုဏ်သိက္ခာနှင့်အားထုတ်မှုတို့ကို အရိပ်ကောင်းသဖွယ် ဖြစ်စေခဲ့သည့် ရဟန်းစာဆို၊ပညာရှင် ဦးပညာဇောတ၏ ကြီးစွာသော ဂုဏ်လက္ခဏာအရပ်ရပ်အား ဦးညွှတ် အရိုအသေပြုလျက် ဆရာတော်၏ အန္တိမဈာပနသို့ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဝမ်းနည်းသဝဏ်လွှာကို ပေးပို့အပ်ပါသည်။ ဗဟိုဦးဆောင်ကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်) ၂၀၁၆ ခုနှစ်၊ မေလ၊ (၂၄)ရက်။
By DPNS INFORMATION, on May 23rd, 2016
မကဒတ ကျောင်းသားတပ်မတော် (ABSDF) ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဝင်းနှင့် တွေ့ဆုံဆွေးနွေး ၂၃၊ ၅၊ ၂၀၁၆ ရက်နေ့တွင် ပါတီဋ္ဌာနချုပ်ရုံးတွင် မကဒတ ကျောင်းသားတပ်မတော် (ABSDF) ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဝင်းနှင့် ပါတီမှ တာဝန်ရှိသူများ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေး ခဲ့ကြပါသည်။ ABSDF ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဝင်းက ABSDF ၏ ရပ်တည်ချက်၊ NCA လက်မှတ်ထိုးထားသည့် (၈) ဖွဲ့ ၏ ရပ်တည်ချက်နှင့် ဆောင်ရွက်နေပုံများ၊NCA လက်မှတ်မထိုးရသေးသောအဖွဲ့အစည်းများနှင့် ၎င်း (၈)ဖွဲ့တို့၏ ဆွေးနွေး ထားမှုများ၊ (၈) ဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှု အခြေအနေများကို ဖလှယ်ပေး၍ရသည်များကို ဖလှယ် ပေးခြင်း ဖြစ်ပါသည်။ ပါတီဖက်မှလည်း လက်ရှိဆောင်ရွက်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ရှေ့အလားအလာအပေါ် ပါတီ ၏ အမြင်များကို ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြပါသည်။
By DPNS INFORMATION, on May 20th, 2016
DIPD နှင့် IDEA တို့ ပူးတွဲပြုလုပ်သော ရွေးကောက်ပွဲ ရံပုံငွေဆွေးနွေးပွဲသို့ တက်ရောက် Denish Institute for Parties and Democracy (DIPD) နှင့် International Institue for Democracy and Electoral Assitance (IDEA) တို့က ပူးတွဲပြုလုပ်သော ဆွေးနွေးပွဲတရပ်ကို ၂၀၁၆ မေလ ၂၀ ရက်နေ့ နံနက်ပိုင်းက DIPD ရန်ကုန်ရုံးတွင် ကျင်းပခဲ့ပါသည်။ ထိုဆွေးနွေးပွဲသည် ၂၀၁၅ ရွေးကောက်ပွဲကာလအတွင်း ငွေကြေးရံပုံငွေသုံးစွဲမှု သုတေသနစာတမ်းကို IDEA နှင့် DIPD က ဆွေးနွေးတင်ပြသည့် ပွဲဖြစ်သည်။ ထိုပွဲသို့ နိုင်ငံ ရေးပါတီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ပါတီမှ ဗဟိုဦးဆောင်ကော်မတီဝင် ဒေါ်နိုးနိုးထက်စံ တက် ရောက်ခဲ့ပါသည်။ တက်ရောက်လာသော ပါတီကိုယ်စားလှယ်များက စာတမ်းပါအချက်အလက်များနှင့် တင်ပြချက်များအနက် မရှင်းလင်းသည်များ ပြန်လည်မေးမြန်းပြီး ဆွေးနွေးအကြံပြုခဲ့ကြပါသည်။
By DPNS INFORMATION, on May 19th, 2016 Myanmar Veneer အလုပ်သမားသပိတ် အင်အားသုံး ဖြိုခွင်းခံရခြင်းနှင့် ပတ်သက်၍ သဘောထား ထုတ်ပြန်ချက် (၄ / ၂၀၁၆) ၁။ မိမိတို့ အလုပ်သမားများ ရာကျော်အောင် အလုပ်ထုတ်ခံရသည့် မတရားမှုအား ပြည်ထောင်စုအစိုးရက စာနာ ဖြေရှင်းပေးနိုင်ရန် နေပြည်တော်သို့ ခရီးရှည် လမ်းလျှောက်လာခဲ့ကြသည့် Myanmar Veneer သစ်အချောထည်စက်ရုံ သပိတ်မှောက် အလုပ်သမားများအား (၁၈၊ ၅၊ ၂၀၁၆)နေ့၌ တပ်ကုန်းမြို့အဝင်တွင် အင်အားသုံး ဖြိုခွင်း၊ ဖမ်းဆီး လိုက်ကြောင်း ကြားသိရပါသည်။ ၂။ မိမိတို့တိုင်းပြည်အတွင်း လူထုတို့၏ ကိုယ်ပိုင်အခွင့်အရေးများအတွက် တောင်းဆို ဆန္ဒပြခြင်း၊ သပိတ်မှောက်ခြင်း စသည့် ဥပဒေတွင်း ငြိမ်းချမ်းစွာ လှုပ်ရှား ရုန်းကန်မှုများကို မှန်ကန်စွာ လက်ခံ၊ ကြားနာပေးရမည်သာ ဖြစ်သည်။ အဆက်ဆက်သောအစိုးရတို့က ဤသို့ လူထုလှုပ်ရှားမှုတိုင်းကို လွဲမှားစွာ ပုံဖော်လျက် အကြောင်းပြချက်မျိုးစုံ ရှာဖွေ ဖန်တီး၍ အင်အားသုံး ဖြိုခွင်း၊ ရပ်ဆိုင်းပစ်ရေးကိုသာ အစဉ်တစိုက် အားထုတ်ခဲ့ကြသဖြင့် မူလ အရင်းခံ ပြဿနာအရပ်ရပ်အား မည်သည့်အခါမှ ကိုင်တွယ်၊ ဖြေရှင်းနိုင်ခြင်း မရှိတော့ဘဲ အုပ်ချုပ်သူအာဏာပိုင်များနှင့် လူထု အကြား ယုံကြည်မှု ပျက်ပြားရခြင်းသာ ထာဝရ အဖတ်တင်ကျန်ရစ်ကြောင်း မိမိတို့ပါတီက သုံးသပ်ပါသည်။ ၃။ လက်ရှိ Myanmar Veneer သစ်အချောထည်စက်ရုံ အလုပ်သမားများအရေးတွင် အစဉ်အလာဆိုးဖြစ်သည့် သပိတ်ဖြိုခွင်းရေးသက်သက်ထက် ကျော်လွန်၍ ပြဿနာ၏ အရင်းခံအကြောင်းကို ဂန သေချာစွာ ရှာဖွေစစ်ဆေးလျက် စံနမူနာကောင်း ဖြစ်သည့် ကိုင်တွယ် ဖြေရှင်းမှုမျိုးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော အမျိုးသားရင်ကြားစေ့ ရေး အစိုးရသစ်က ဆောင်ရွက်နိုင်လိမ္မည်ဟု မိမိတို့ပါတီက ယုံကြည် မျှော်လင့်မိပါသည်။ နိုင်ငံတော် သမ္မတကြီး၏ မေဒေးနေ့ မိန့်ခွန်းအရလည်း အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ၃ ပွင့်ဆိုင် ညှိနှိုင်း အဖြေရှာခြင်းဖြင့် ရလဒ်ကောင်းများ ရရှိလာရန် အစိုးရသစ်ကသဘောထား ရှိပါကြောင်း အတိအလင်း ဖော်ပြထားပြီးလည်း ဖြစ်၍ အစဉ်အလာသစ် အစဉ်အလာကောင်းတရပ်အား မိမိတို့ များစွာ အားထား မျှော်လင့်မိပါသည်။ ၄။ ယခှု (၁၈၊ ၅၊ ၂၀၁၆) နေ့တွင် အလုပ်သမားများအား သပိတ်ဖြိုခွင်းရေးသက်သက် အင်အားသုံး ဖမ်းဆီးလိုက် သော လုပ်ရပ်မှာ အစဉ်အလာကောင်းတရပ်၏ အလားအလာမှ သွေဖည်လျက် ရလဒ်ကောင်းများကို လွဲချော်သွားစေသည့် ဆောင်ရွက်မှုအဖြစ် မိမိတို့ ရှုမြင် သုံးသပ်မိပါသည်။ ၅။ ထိုကြောင့် သပိတ်မှောက် အလုပ်သမားများနှင့် ဝန်းရံ အားပေးသူများကို ချုပ်နှောင် ထိန်းသိမ်းထားခြင်းမှ ချက်ချင်းလွှတ်ပေးလျက် ၎င်းတို့ တောင်းဆိုထားသည့်အတိုင်း ၃ ပွင့်ဆိုင် ဆွေးနွေးအဖြေရှာမှုကို အမြန်ဆုံး ဆောင်ရွက် ပေးကြပါရန် တာဝန်ရှိသူ အာဏာပိုင်အဆင့်ဆင့်အား မိမိတို့ပါတီက အလေးအနက် တိုက်တွန်း တောင်းဆိုအပ် ပါသည်။ ဗဟိုဦးဆောင်ကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်) ၂၀၁၆ ခုနှစ်၊ မေလ (၁၉) ရက်။
|