မြန်မာသက္ကရာဇ် ၁၃၈၆ – ၁၃၈၇ ၊ ခရစ်နှစ် ၂၀၂၅ ခုနှစ် ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ – DPNS၏ သင်္ကြန်သံချပ်အဖွဲ့ ၏ သံချပ်အပြည့်အစုံကို နားဆင်နိုင်ပါပြီ။

ပါတီလှုပ်ရှားမှုများ ရုပ်သံမှတ်တမ်း

DPNS သံချပ် အဖွင့်စကား

စစ်ကိုင်းငလျင်အတွက် ဝမ်းနည်းစကား

၂၈၊ ၃၊ ၂၀၂၅ ရက်နေ့မှာ  အလွန်ပြင်းထန်တဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့ပါတယ်။ အဆိုပါ ငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ ပျဉ်းမနား၊ ပျော်ဘွယ်၊ အင်းလေးဒေသ အပါအဝင် မြို့ပေါင်းများစွာမှ လူမျိုးစုံပြည်သူတွေ ထောင်နဲ့ချီပြီး သေကြေပျက်စီး ဒဏ်ရာရခဲ့ကြသလို နေအိမ်အဆောက်အအုံတွေ မရေမတွက်နိုင်အောင် ပျက်စီးခဲ့ရပါတယ်။ ရှေးဟောင်းအမွေအနှစ်ဖြစ်တဲ့ ဘုရားစေတီပုထိုးတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ပလီတွေလည်း ပျက်စီးခဲ့ရပါတယ်။ 

ငလျင်ဒဏ်ကြောင့် ပြည်သူတွေ ဆင်းရဲဒုက္ခပေါင်းများစွာနဲ့ ကြုံတွေ့နေရချိန်မှာ အကြမ်းဖက်အာဏာသိမ်း စစ်အုပ်စုကတော့ ငလျင်ဒဏ်သင့်ပြည်သူတွေကို ကူညီကယ်ဆယ်ဖို့ ကြိုးစားရမယ့်အစား အပြစ်မဲ့ပြည်သူတွေကို လေကြောင်းကနေ နေ့စဉ် အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်လျက် ရှိပါတယ်။ ဒါက အာဏာသိမ်းစစ်အုပ်စုရဲ့ လူသားချင်းစာနာမှု ကင်းမဲ့တာ၊ သူတို့ အာဏာတည်မြဲရေးအတွက်ဆိုရင် နည်းလမ်းပေါင်းစုံသုံးတာကို ဖော်ပြနေခြင်း ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ နွေဦးတော်လှန်ရေးအင်အားစုတွေ၊ လူမှုအသင်းအဖွဲ့တွေ၊ နိုင်ငံတကာမိသားစုတွေ အနေနဲ့ အတူလက်တွဲ ပူးပေါင်းပြီး အတိဒုက္ခရောက်နေကြတဲ့ ပြည်သူတွေကို ကူညီစောင့်ရှောက်မှုတွေ ပြုလုပ်ကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါတယ်။

မဟာငလျင်ကြီးကြောင့် အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေအတွက်  “လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ”က လွန်စွာ ဝမ်းနည်းကြေကွဲရပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါတယ်။၊ တပြိုင်နက်တည်းမှာပဲ အာဏာသိမ်းဖက်ဆစ်တပ်ရဲ့ လူမဆန်မှုတွေ၊ တာဝန်ပျက်ကွက်နေမှုတွေကိုလည်း ကန့်ကွက်ရှုတ်ချကြောင်းကိုလည်း ဖော်ပြအပ်ပါတယ်။

DPNS သံချပ် (ခြေဆင်း)

“သင်္ကြန်” ဟူသည် နှစ်သစ်ကို ကြိုဆိုသည့်အနေဖြင့် ကျင်းပတဲ့ ပွဲတော်တခု ဖြစ်ပါတယ်။ “ကူးပြောင်းခြင်း၊ ပြောင်းရွှေ့ခြင်း”လို့ အဓိပ္ပါယ်ရတဲ့ ပါဠိဘာသာ “သင်္ကန္တ” ကို မြန်မာမှုပြု၍ “သင်္ကြန်”ဟု ခေါ်ဆိုကြခြင်း ဖြစ်ပါတယ်။ မြန်မာနှစ်တနှစ် ကုန်ဆုံးကာ နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးပြောင်းသော ကာလဟု ဆိုလိုရင်း ဖြစ်ပါတယ်။ နှစ်ဟောင်းက အညစ်အကြေးတွေကို သင်္ကြန်ရေနဲ့ ဆေးကြောသစ်လွင် တောက်ပသန့်စင် လာစေပါတယ်။

ဗိုလ်မင်းအောင်လှိုင်ရဲ့ ဖက်ဆစ်စစ်တပ်က ပြည်သူ့အာဏာကို မတရားသဖြင့် သိမ်းယူခဲ့တဲ့ ၂၀၂၁ နွေဦးကာလမှာပဲ မကျေနှပ်မှုပေါင်းစုံက နွေအပူမှာ ပြည်သူတွေရဲ့ ရင်အပူလောက် မပူပြင်းခဲ့တာ အမှန်ပဲ ဖြစ်ပါတယ်။ လူမျိုးစုံပြည်သူတွေအနေနဲ့ ဖက်ဆစ်တပ်ရဲ့ အာဏာလုယူမှုကို ခံရစဉ်ကတည်း မြန်မာတို့ရဲ့ အစဉ်အလာ သင်္ကြန်ကို တော်လှန်သင်္ကြန်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

ရွက်ဟောင်းကြွေပြီး ရွက်သစ်တွေမဝေနိုင်အောင် ဖက်ဆစ်မင်းအောင်လှိုင်နဲ့ ကျွန်သဘောက်တွေက ဖမ်းဆီး နှိပ်စက်သတ်ဖြတ်လို့ အပြစ်မဲ့ပြည်သူ ထောင်ပေါင်းများစွာ သေကြေပျက်စီးခဲ့ရပါတယ်။ ပြည်သူတွေရဲ့ ခုံလှုံရာနေအိမ် သောင်းပေါင်းများစွာကို မီးတိုက်ခဲ့သလို ဘုန်းတော်ကြီးကျောင်းတွေ၊ ဘုရားကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေပါမချန် အကြမ်းဖက် ဖျက်ဆီးလျက် ရှိပါတယ်။

လူထုဟာ သင်္ကြန်ဆိုတာကို မေ့ပျောက်ခဲ့တာ ၅ ကြိမ်မြောက်ကို ရောက်ရှိခဲ့ပါပြီ။ ရင်ထဲမှာ အပူလှိုင်း တိုက်ခတ်ခံနေရတဲ့ ပြည်သူတွေကို ဖက်ဆစ်တပ်ရဲ့ ဖိနှိပ်ယုတ်မာမှုတွေကို မမေ့လျော့စေခြင်းငှါ ကျနော် ကျမတို့ရဲ့ “လူ့ဘောင်သစ်သံချပ်အဖွဲ့”က ဖက်ဆစ်ကောင်တွေရဲ့ သရုပ်မှန်ကို ဖော်ထုတ် တင်ဆက်လိုက်ရပါတယ်။ 

လူမျိုးစုံပြည်သူအပေါင်း ရွှင်လန်းကြပါစေ။

စစ်သုံးစစ်ကို အမြစ်ဖြတ်ပြီး အစဉ်ဖွံ့ဖြိုးတိုးတက်သော လူ့ဘောင်သစ်ဆီသို့ ချီတက်နိုင်ပါစေကြောင်း ဆုတောင်းပတ္ထနာ ပြုလိုက်ပါတယ်။ ။

DPNS သံချပ် စာသား (မြတ်လင်း -DPNS)

မိုး မိုး မိုးလား မောင်ရို့ လေ လေ လေလား မောင်ရို့

တော် တော် တော်လှန် သင်္ကြန် မပျော် မပျော် လူထု အများ 

ဘယာကင်းလို့ ငြိမ်းချမ်းစေ တို့မြန်ပြေ ပြည်သူပြည်သား

လူ့ဘောင်သစ်တို့ ထွက်လို့လာ တော်လှန်ပြည်သူ မာကြစေသား

ပြည်သူသာလျှင် အမိအဖ ကျနော်/ ကျမတို့တတွေ ခံယူပါ၏

လူထုသည်သာ သမိုင်းကိုဖန်တီး ကျနော်/ကျမတို့တတွေ ခံယူပါ၏

သံပြိုင် (ဟေ့စိန်လား ဟေ့မြလား ဟေ့လာ မောင်ရို့ / မယ်ရို့ ဝါး ။)

(၁)

မြန်ပြည်သမိုင်းကို ပြောချင်တာ (နားဆင်ပေးပါ ပြည်သူအများ)

ဖက်ဆစ်ခွေးတွေ ရမ်းကားခဲ့တာ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီပဲ။

စစ်တပ်ဆိုတာ ရာဇဝင်မှာ ပြည်သူကိုသတ်တဲ့ လူသတ်သမားပဲ။

ဖက်ဆစ်စစ်တပ် အစွယ်ဟာ ၅၈ မှာ ထုတ်ပြခဲ့ပေါ့။

၆၂ မှာ အာဏာသိမ်းတော့ ဖက်ဆစ်သန္ဓေ မျိုးစေ့တည်ပေါ့။

စစ်တပ်ကျေးဇူး လိုက်လို့ရှာ လူ့ပြည်လူ့ရွာ လုံးဝမတွေ့ဘူး။

အမေမာ စကားရှိခဲ့တာ အာဏာရှင်ဆိုတာ အရှင်မထွက်ဘူး။

တော်လှန်နှစ်တွေ များလှတာ ၇၄ ၇၅ ၇၆ မှာပေါ့။

၈၈ဟာ သမိုင်းတခေတ်မှာ တော်လှန်ရေးအောင်လံ တခါ ပြန်ထူပေါ့။

၉၆ ၉၈ ရွှေဝါရောင် လူထုတော်လှန် တို့အာခံခဲ့။

၂၀၂၁ နွေဦးဟာ တော်လှန်သမိုင်းကို တဖန်ဖွင့်တာပေါ့။

ဖက်ဆစ်ခေါင်းကိုင် နေဝင်းဟာ သန္ဓေယုတ်ကို အမွေချန်ခဲ့ပေါ့။

စိန်လွင် စောမောင် ဗိုလ်သန်းရွှေ ဖက်ဆစ်စနစ်ကို အသက်သွင်းတာဟေ့။

ခင်ညွှန့်အလယ် မင်းအောင်လှိုင်အဆုံး ဖက်ဆစ်စနစ်ကို အသက်သွင်းတာဟေ့။

၂၀၂၁ နွေဦးမှာ အာဏာရူးတွေ ခွေးဇာတ်ပြန်ခင်း။

စစ်ဖိနပ်အောက် အညံ့မခံ ပြည့်ဝန်ထမ်းတွေ CDM လုပ်ကြ။

လူထုအလွှာ စုံလင်စွာ ငြိမ်းချမ်းစွာနဲ့ ဆန္ဒဖော်ကြ။

လူမဆန်တဲ့ စစ်တပ်ဟာ ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်။

လက်နက်အားကိုး စစ်ခွေးတွေ “မိုက်ရင်ထွက်ကြ” အော်သေးသဟ။

မြို့ပြ ကျေးလက် စုံလင်စွာ မတရားမှုကို အံတုတာပေါ့။

မျိုးဆက်စုံစွာ နွေဦးမှာ ဖက်ဆစ်တပ်ကို တွန်းလှန်ခဲ့ပေါ့။

ရရာလက်နက် စွဲကိုင်ကာ ဖက်ဆစ်တွေကို မောင်းထုတ်တာဟေ့။

  သံပြိုင် (ဟေ့ စိန်လား ဟေ့ မြလား ဟေးလာ မောင်ရို့ / မယ်ရို့ ဝါး ။)

(၁) ( သည်တန်ခူး   ရွှင်မြူး နှစ်ကူးရောက်ပြီလေ   ဖက်ဆစ်တွေ မောင်းထုတ်ကြမယ် ညီစေကြဟေ့  ဒို့ပြည်သူ ကျောချင်းကပ်ကာ ညီစေကြတော့ တော်လှန်ခရီး လေးနှစ်ကျော်ပြီလေ  ဒို့အောင်ပွဲ မုချခံမှာမသွေ။ )

    (လူမျိုးစုံပြည်သူ ပတ်ကာဝိုင်း တော်လှန်ကြလေမဆိုင်း တော်လှန်စစ်ပွဲ ဆင်နွဲခဲ့ကြတယ် ပြည်သူတို့ အောင်ပန်းဆင်ရမယ်။)

(၂)

တော်လှန်ခရီး လေးနှစ်ကြာ ဖက်ဆစ်တပ်ဟာ တဖြည်းဖြည်း ပျက်သုဉ်း။

တစ်လေးလုံးနဲ့ ၁၀၂၇ စစ်ဆင်ရေးတွေ အပြင်းအထန် ဆင်ပေါ့။

ချင်း ကချင်က သူရဲကောင်းတွေ ဖက်စစ်တပ်ကို လဲပြိုစေပေါ့။

ရက္ခိုင့်တပ်တော် စစ်ရေးဖော် ဖက်ဆစ်တပ်တွေ ခြံစည်းရိုးကျော်ပြေး။

ကရင် ကရင်နီ နယ်တခွင်မှာ ဖက်ဆစ်တပ်တွေ သေပန်းပွင့်ပေါ့။

ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုံ ပြည်လုံးအနှံ့မှာ တိုက်ပွဲဖော်ကြ။

မြို့ပေါင်း ၁၀၀ နီးပါးဟာ တော်လှန်အဖွဲ့တွေ အပိုင်သိမ်းတာဟေ့။

ရာဇဝတ်သား ဖက်ဆစ်တပ်ကို ဘင်္ဂလားပင်လယ်ထဲ မောင်းချမှာဟေ့။

စစ်သုံးစစ်ကို အမြစ်ဖြတ်အောင် ချေမှုန်းမှသာ ဖက်ဒရယ် ရမဟေ့။

စစ်သုံးစစ်ရဲ့ အမြစ်ဟာ ဖက်ဆစ်တပ်မှာ တွယ်ကပ်တာဟေ့။

လူ့ဘောင်သစ်ကို ရောက်ဖို့ရာ စစ်သုံးစစ်ကို အမြစ်ဖြတ်ကြဟေ့။

စစ်သုံးစစ်ကို တိုက်ဖျက်မှာ သွေးကြွေးမှာတော့ ဆွေးနွေးစရာမရှိ။

တန်းတူရေးနဲ့ လွတ်လပ်မှု ဟာ စစ်တပ်မရှိမှ ရမှာ အမှန်ပဲ။

သံပြိုင် (ဟေ့ စိန်လား ဟေ့ မြလား ဟေးလာ မောင်ရို့ / မယ်ရို့ ဝါး ။)

(၂) (တိုက်ပြီဆို ပြေးပါတယ် စစ်ခွေးမသာအပေါင်းရယ်  တိုက်နေရင်း ပြေးတာရယ် ထိုင်းထိအောင် ရောက်တယ် အလံဖြူထောင်ကာ ပြေးလို့ရယ် မသာပေါ်တာ မနည်းလှတယ် တို့ပြည်တွင်းမှာ ဖက်ဆစ်တွေ အကုန်တိုက်မယ်။)

(တို့ပြည်တခွင် တိုက်နေတယ်  စစ်ခွေးကုန်ဖို့ရယ်  တို့ပြည်ထောင် စုကိုကွယ် ရောက်ရှိနိုင်ဖို့ရွယ်

တိုင်တိုင်ပင်ပင် တိုက်ကြမယ် ညီညာစွာရယ် ပူးပေါင်းမယ် တို့အောင်ပွဲဟာ မဝေးတော့ ပါဘူးကွယ်။ )

(၃)

ရမခတော့ ကျသွားပြီ နပခ လည်း ကျပြန်ပြီဟေ့။

တိုင်းပြည်အနှံ့ စစ်ရှုံးတာ စစ်ခွေးတပ်ဟာ ကိုးရို့ကားယား။

စစ်စခန်းပေါင်း သုံးရာကျော် သိမ်းပိုက်ထားတာ မဟာမိတ်တွေပဲ။

နယ်စပ်ဒေသအများစုဟာ တိုင်းရင်းသားတပ်တွေ လက်ထဲမှာဟေ့။

ခြံစည်းရိုးကျော် ထွက်ပြေးကာ တိုက်တိုင်းရှုံးတဲ့ စစ်ဘီလူးတွေပဲ။

ခုခံစွမ်းအား မဲ့လာတော့ ဖော့ချပ်ကြီးတောင် အလံဖြူ ဖြစ်ပေါ့။ 

စစ်ခွေးတတ်အပ် စစ်ပညာ ပြည်သူသတ်တာ မီးရှို့တာပဲ။

ဘုန်းကြီးကျောင်းနဲ့ ဘုရားကျောင်းတွေ မီးရှို့နေတာ ဗျူဟာဆိုပဲ။

စာသင်ကျောင်းနဲ့ဆေးရုံတွေ လေယာဉ်သုံးကာ ဗုံးကြဲတာပဲ။

ကလေးငယ်နဲ့ သက်ကြီးရွယ်တွေ သတ်ဖြတ်နေတာ ခွေးတပ်ကပဲ။

အရွယ်စုံတဲ့ အမျိုးသမီးတွေ မုဒိန်းကျင့်တာက စစ်ဗျူဟာတဲ့။

အမြီးရှည်တဲ့ အကောင်တွေ သေပွဲဝင်တာ ပြည်လုံးအနှံ့ဟေ့။

လူနေအိမ်ပေါင်း တသိန်းကျော် မီးတိုက်နေတာ စစ်ခွေးတွေပဲ။

ဖက်ဆစ်တပ်ကြီး လူနည်းလာ စစ်မှုထမ်းဥပဒေ အသက်သွင်းလာပေါ့။

လူငယ်လူရွယ် ငါးသောင်းကျော် လူသားဒိုင်းလုပ်ကာ စစ်ပွဲဆီပို့။

မတရားတဲ့ အမိန့်တွေ တာဝန်အရ တိုက်ဖျက်ကြဟေ့။

လူမျိုးစုံလူထု ပြည်သူတွေ စစ်မှုထမ်းဥပဒေ ဆန့်ကျင်ကြစို့။

သံပြိုင် (ဟေ့ စိန်လား ဟေ့ မြလား ဟေးလာ မောင်ရို့ / မယ်ရို့ ဝါး ။)

(၃) ဘုရားကျောင်းများ မီးလိုက်ရှို့တာ အတော်ကြာပြီ ကျောင်းများလည်း မီးပတ်ရှို့တာ လူသတ်ပြီး မုဒိန်းကျင့်တာကို ဂုဏ်ယူပြီး လုပ်ပြနေတာ ခွေးတသိုက် ဖက်ဆစ်ကောင်တွေ မင်းတို့အလှည့် ရောက်လာအောင် ပြောရင်း ဆက်တိုက်ကြမယ် မင်းတို့က ဖက်ဆစ်ကောင်တွေပဲ ကျရှုံးမှာ မလွဲပါဘဲ 

(၄)

ရွေးကောက်ပွဲကြီး ကျင်းပမည် ကယောင်ကတမ်းတွေ ပြောနေပြန်ပဟ။

ကြားမကောင်းဘူး ကြင်စိုးရာ မင်းက ပြောနေတာ။

​ရွေးကောက်ပွဲကို လုပ်မယ်ဆို မင်းမှာလုပ်ခွင့် ရှိနေလို့လား။

လူထုလက်မခံ ဆန့်ကျင်တာ မင်း ဂယ်ပေါက်ကို လူတိုင်းသိပေါ့။

လူမျိုးစုံတဲ့ ပြည်သူတွေ မင်းလုပ်သမျှကို လက်ခံမှာလား။

လူသတ်ကောင်နဲ့ ရွေးကောက်ပွဲ ကြားလို့မတော် အာဏာရှုး စကားပဲ။

ကြင်စိုးနောက်လိုက် ပါတီစုံ သမိုင်းတွင်ကျန် ဖက်ဆစ်နောက်လိုက်။

ဖက်ဆစ်အားပေး နိုင်ငံတွေ ရွေးကောက်ပွဲကို ကူဦးမှာတဲ့။

ရုရှားကိုလည်း သွားဖားတာ သူ့ကိုယ်သူတောင် ရှင်ဘုရင်ဆိုပဲ။

ပူတင်ဆိုတာ ဗျာဒိတ်မှာ ကြင်စိုးပြောတာ ကြွက်ကတိုးမင်းတြား။

ကျင်းပမယ့်အချိန် မသေချာ နေရာဆိုတာ ဝေလာဝေးပေါ့။

အိုင်စီဂျေရဲ့ ရာဇဝတ်ကောင် ရွေးကောက်ပွဲကို လုပ်ရရိုးလား။

လူထုတွေက ညီညီညာ ရွေးကောက်ပွဲကို သေချာဖျက်ဖို့။

လူထုအလွှာ စုံလင်စွာ မင်းဂယ်ပေါက်တွေ ပိတ်ဆို့မှာပဲ။

ဖက်ဆစ်တသိုက် ကျရှုံးအောင် တို့ပြည်သူတွေ ညီဖို့ ညီစို့။

သံပြိုင် (ဟေ့ စိန်လား ဟေ့ မြလား ဟေးလာ မောင်ရို့ / မယ်ရို့ ဝါး ။)

(၄) ပြည်သူများ   ရင်ထဲမှာ     ပြည်သူများ   စိတ်ထဲမှာ   ပြည်သူများ နှလုံးသားမှာ ဖက်ဆစ် အားလုံးကို မောင်းထုတ်မှာ။

ပြည်သူများ   ရဲ့ရင့်စွာ     ပြည်သူများ  မကြောက်ရွံ့စွာ   ပြည်သူများ သွေးထဲမှာ စစ်သုံးစစ် အမြစ်ပြတ်အောင် တိုက်ထုတ်မှာ။  

(၅)

ပြည်သူချစ်တဲ့ မမနုကြည် ပြုပြင်သင့်တာ အမြန်ပြင်တော့။

ပသုံးလုံးကို ထိန်းကျောင်းပါ အာဏာရှင်သစ်ကို အသက်မသွင်းပါနဲ့။

ချိန်းအော့ကွန်မန်း အရေးကြီးတာ ပြည်သူသာလျှင် အမိအဖ သိဖို့။

တဖွဲ့ချင်းစီ ကွဲနေတာ မြေပြင်မှာတော့ မြင်လို့ မကောင်းဘူး။

လူထုကိုသာ မျက်နှာမူပါ ဖေ့ဟုတ် တွေတော့ မပေးနဲ့ မပေးနဲ့။

ပြည်သူ့ကိုယ်စားလှယ် အမတ်မင်းတွေ ဇွန်းမီတင်က ထွက်ခဲ့ကြလော့။

မလိုအပ်တာတွေ လျှော့ချပါ တော်လှန်ရေးမှာ အသက်ပိုမပါဘူး။

အာဏာ ပါဝါ တလွဲသုံးရင် လူထုတွေက ​အော့နှလုံး နာမဟေ့။

ဘုံရန်သူကို သတိပြုပါ ချစ်လို့ပြောတာ မှတ်ပေါ့ မှတ်ပေါ့။

သံပြိုင် (ဟေ့ စိန်လား ဟေ့ မြလား ဟေးလာ မောင်ရို့ / မယ်ရို့ ဝါး ။)

(၅) ( တော်လှန်ကာ ခုခံကြတဲ့ တို့ပြည်သူတွေရယ် ပျော်ရွှင်ဖွယ်    နေ့တွေရောက်ဖို့  တို့တွေ အားထုတ်မယ်။ 

မြန်ပြည်ကိုကွယ် သာယာစေမယ် လူ့ဘောင်အသစ်ကိုကွယ်    ပြန်တည်ဆောက်မယ် တည်ဆောက်မယ်  တို့ကြိုးစားပါမယ်။)

(တော်လှန်ကာ ခုခံကြတဲ့ တို့ရဲဘော်တွေရယ်  အစဉ်ပါကွယ် ဦးကိုညွတ်လို့ တို့ဂုဏ်ပြုကြမယ် ဖက်ဒရယ်ကိုကွယ်  အောင်မြင်စေမယ် နေ့တွေရောက်ရမယ် ပြန်တည်ဆောက်မယ် တည်ဆောက်မယ်  တို့ကြိုးစားပါမယ်။)