(၁၂၆) ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားသို့ တက်ရောက်


၁၊ ၅၊ ၂၀၁၆ ရက်နေ့တွင် မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ဆုံတိုက်ရပ်ကွက်ရှိ လည်ပေါ် သာသနာ့ ဗိမာန်တွင် (၁၂၆) ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့အခမ်းအနားကို ကျင်းပခဲ့ပါသည်။ ထိုအခမ်းအနားသို့ အလုပ် သမားအရေးဆောင် ရွက်သူများ၊အလုပ်သမားအရေး စိတ်ဝင်စားသူများ၊ အလုပ်သမားသမဂ္ဂများ၊ အလုပ်သမားများ နှင့် နိုင်ငံရေးပါတီများ တက်ရောက်ကြပါသည်။ ထိုအခမ်းအနားသို့ ပါတီမှ ဗဟိုစည်းရုံးရေးကော်မတီဝင် ဦးနိုင်လွင် ချိုနှင့် လူ့ဘောင်သစ် လူငယ်အတွင်းရေးမှူး ကိုသူအောင်တို့ တက်ရောက်ခဲ့ကြပါသည်။ ထို့အပြင် ပါတီမှ (၁၂၆) ကြိမ်မြောက် ကမ္ဘာ့အလုပ် သမားနေ့ အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာကို ထိုအခမ်းအနားသို့လည်း ပေးပို့ခဲ့ပါသည်။
တနေ့ ၈ နာရီလုပ်၊ ၈ နာရီနား၊ ၈ နာရီပျော် အပါအ၀င် မေဒေးရလဒ်များကို မိမိတို့ မြန်မာ့အလုပ် သမားလူထုမှာ ယနေ့အထိ မခံစားကြရသေးကြောင်း၊ အလုပ်သမားများ၏ အခြေခံအခွင့်အရေးနှင့် ဂုဏ်သိက္ခာတို့ အတွက် အရိုက်နှက်ခံ၊ အဖမ်းဆီးအညှဉ်းဆဲခံ၊ သွေးမြေအကျခံ၊ အကျဉ်းကျခံနေရဆဲ ဖြစ်နေရသေးကြောင်း၊ လွတ် မြောက်ရေးအတွက် တိုက်ပွဲဝင်ကြရဆဲ ဖြစ်ကြောင်း သ၀ဏ်လွှာတွင် ထည့်သွင်းဖေါ်ပြပြီး အလုပ်သမားထုကို ဂုဏ်ပြု ခဲ့ပါသည်။

Continue Reading

မြင်းခြံမြို့နယ် လယ်သမားများအား လယ်ယာမြေဥပဒေ သင်တန်းပေး

မေလ ၄ ရက်၊ ၅ ရက်နေ့များတွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ကျားတိုင်းရွာ၊ ကျောက်ကုန်းရွာနှင့် ရသာရွာမှ တောင်သူ များအား မြင်းခြံမြို့နယ် ပါတီစည်းကော်မတီက အသိမြှင့်သင်တန်းတခု ပြုလုပ်ပေးခဲ့ပါသည်။
သင်တန်းတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင် ဒေါ်ခင်ခင်ကြိုင်နှင့် ဦးသန်းထိုက်အောင် တို့က ဦးဆောင်၍ လယ်ယာမြေဥပဒေများကို ပို့ချပေးခဲ့ပါသည်။ ယခု ပြဋ္ဌာန်းထားသော လယ်ယာမြေဥပဒေ၊ မြေလွတ်မြေလပ် မြေရိုင်းဥပဒေတို့၏ အားနည်းချက်များကို ထောက်ပြပေးခဲ့ကြသည်။ လယ်သမားများအမှန်တကယ်လွတ်မြောက်ဖို့ကိစ္စမှာ လယ် သမားများကိုယ်တိုင် ဆောင်ရွက်မှာ ရမည်ဆိုသည့် တောင်သူလယ်သမားသမဂ္ဂစိတ်ဓါတ်ကို မိတ်ဆက်ပေးခဲ့ကြပါသည်။

Continue Reading

(၁၂၆) နှစ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ မေဒေး အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြု သဝဏ်လွှာ

(၁၂၆) နှစ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ မေဒေး အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သော
ဂုဏ်ပြု သဝဏ်လွှာ

၁။ အလုပ်သမားထု၏ တိုက်ပွဲသမိုင်း၌ အထင်ကရ အရေးပါလှသော (၁၂၆) နှစ်မြောက် ကမ္ဘာ့အလုပ်သမား တိုက်ပွဲနေ့ မေဒေး အခမ်းအနားတွင် မိမိတို့အတွက် ထိုက်တန်သော ဂုဏ်သိက္ခာနှင့် အခွင့်အရေးများ ရရှိရန် သမိုင်း စဉ်တလျှောက် အသက်ချင်းဆက်လျက် တိုက်ပွဲဝင်ခဲ့ကြသည့် အလုပ်သမားသူရဲကောင်းအပေါင်းအား မိမိတို့ ပါတီက အလေးအမြတ် ဦးညွှတ် ဂုဏ်ပြုအပ်ပါသည်။

၂။ တပတ်လျှင် နာရီ(၄၀)အလုပ်ချိန်အားဖြင့် တည်ဆဲ စားဝတ်နေမှုဘဝကုန်ကျစရိတ် ဖူလုံစွာရရှိနိုင်ရေး ဟူ သော မေဒေးရလဒ်ကိုမျှ ပြည့်ဝစွာ မခံစားကြရသေးသော မိမိတို့ မြန်မာ့အလုပ်သမားလူထုမှာ ထိုက်တန်စွာ ရအပ်သည့် ဂုဏ်သိက္ခာနှင့် အခွင့်အရေးတို့အတွက် အရိုက်နှက်ခံ၊ အဖမ်းဆီး အညှဉ်းဆဲခံ သွေးမြေအကျခံလျက် မကြာသေးမီ ကာလများတိုင်အောင် တိုက်ပွဲဝင်ကြရဆဲ ဖြစ်ပေသည်။

၃။ မိမိတို့နိုင်ငံတွင် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တန်းတူ၍ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ရှိသည့် ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေး စသည့် အရေးကြီးသော နိုင်ငံရေးစာမျက်နှာသစ်များကို အမှန် တကယ် ဖွင့်လှစ်ကြမည်ဆိုလျှင် နိုင်ငံတည်ဆောက်ရေး၌ အခရာကျလှသော အလုပ်သမားလူထုအတွက် တရားမျှတမှု၊ ငြိမ်းချမ်းမှု၊ ထိုက်တန်သော ဂုဏ်သိက္ခာနှင့် အခွင့်အရေးများအပေါ် အာမခံသည့် နိုင်ငံတော်စံနစ်တရပ် ရှိရမည်ဟု မိမိတို့ပါတီက အလေးအနက် ယုံကြည်သည်။

၎။ မိမိတို့ မျှော်မှန်းယုံကြည်သည့် ငြိမ်းချမ်း ညီညွတ် လွတ်လပ် တန်းတူသော နိုင်ငံသစ်တရပ်၊ လူ့အဖွဲ့အစည်း သစ်တရပ် ထူထောင်နိုင်သည်အထိ အလုပ်သမားလူထုနှင့် အခိုင်အမာ သွေးစည်းလျက် လက်တွဲကြိုးပမ်းသွားကြ မည်ဖြစ်ကြောင်း ကတိဓိဋ္ဌာန်ပြုလျက် ဤ ဂုဏ်ပြုသဝဏ်လွှာအား ပေးပို့လိုက်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၆ ခုနှစ်၊ မေလ (၁) ရက်။

Continue Reading