အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် စီဒေါစာချုပ်တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တိုက်တွန်း

အင်တာဗျူး

မြန်မာနိုင်ငံအစိုးရအနေဖြင့် အမျိုးသမီးများ နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေး သဘောတူညီချက်စာချုပ် စီဒေါ (CEDAW)တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန်နှင့် အမြန်ဆုံးလက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ကြောင်း လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက တိုက်တွန်းသည်။

မြန်မာနိုင်ငံသည် စီဒေါစာချုပ်တွင် လက်မှတ်ရေးထိုးထားသော်လည်း အပိုဒ် ၂၉ ကို ခြွင်းချက်ထား၍ ရေးထိုးထားသဖြင့် အမျိုးသမီး အခွင့်အရေးများကို အပြည့်အဝကာကွယ်နိုင်ခြင်းမရှိဘဲ အမျိုးသမီးများ ခွဲခြားဖိနှိပ်ခံရမှု ရှိနေဆဲဖြစ်ကြောင်း ယင်းပါတီအမျိုးသမီးလုပ်ငန်းကော်မတီအဖွဲ့ဝင် ဒေါ်နိုးနိုးထက်စံက ပြောသည်။

‘‘အခုက အမျိုးသမီးတွေကို သေချာအကာအကွယ်မပြုဘူးဆိုတဲ့ သဘောဖြစ်နေတယ်။ ခြွင်းချက်ဖြုတ်လိုက်တဲ့အခါကျတော့ အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေ လုပ်တဲ့အခါမှာလည်း လုပ်ရကိုင်ရတာ ပိုအဆင်ပြေလာမယ်။ အခုကတော့ ဝိုင်းဝန်းတည့်မတ်ထိန်းကျောင်းဖို့တောင် အခွင့်မသာဘူး။ ဒါကြောင့် အပိုဒ် ၂၉ ကို ခြွင်းချက်ကနေ ရုပ်သိမ်းသင့်ပါတယ်’’ ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ထွန်းကားရေး အကောင်အထည် ဖော်ဆောင်ရာတွင် အမျိုးသမီးအခွင့်အရေးကို ကာကွယ်ပေးမည့် CEDAW စာချုပ်ကို ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန် လိုအပ်ကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အမျိုးသမီးများ၏ အခွင့်အရေးချိုးဖောက်ခံရမှုများကို မြန်မာ့နည်းမြန်မာ့ဟန်၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့် နှိုင်းယှဉ်ဆောင်ရွက်နေမည်ဆိုပါက အမျိုးသမီးများသည် ဆက်လက်အခွင့်အရေး ချိုးဖောက်ခံနေရမည်ဖြစ်သဖြင့် ယင်းကဲ့သို့မဟုတ်ဘဲ ရှင်းရှင်းလင်းလင်း သေချာပြဋ္ဌာန်းသင့်ကြောင်း ဒေါ်နိုးနိုးထက်စံက ပြောသည်။

‘‘အမျိုးသမီးကို အမျိုးသားက​ ရိုက်တယ်၊ အမေက သားကို ရိုက်မယ်၊ အဲဒါဆိုရင် အိမ်တွင်းအကြမ်းဖက်မှုဖြစ်နေပြီ။ ဒါကို ဓလေ့ထုံးတမ်းအရလည်း ခွင့်ပြုလို့မရစေရ။ ရဲစခန်းမှာ အမှုသွားဖွင့်ရင်တောင် အိမ်တွင်းပြဿနာပြေလည်အောင် ညှိနှိုင်းလိုက်ကြဆိုတာနဲ့ပဲ ပြီးသွားတယ်။ အဲဒီလိုမျိုးတွေမရှိအောင် အစိုးရက စနစ်တကျ ကြပ်မတ်ဖို့လိုတယ်’’ ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံအစိုးရက ခြွင်းချက်အဖြစ် ချန်ထားခဲ့သည့် CEDAW စာချုပ် အပိုဒ် ၂၉ တွင် ‘ယခု သဘောတူညီချက်စာချုပ်ကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင်ဖြစ်စေ၊ လျှောက်ထားလျှင်ဖြစ်စေ၊ စာချုပ်အဖွဲ့ဝင်နိုင်ငံအကြားတွင်ဖြစ်စေ၊ ထို့ထက် ပိုမိုသောနိုင်ငံများအကြားတွင်ဖြစ်စေ ပေါ်ပေါက်လာသည့် မည်သည့်အငြင်းပွားမှုကိုမဆို စေ့စပ်ညှိနှိုင်းခြင်းအားဖြင့် မဖြေရှင်းနိုင်ပါက ခုံရုံးဖွဲ့၍ ဆုံးဖြတ်ပေးရန်၊ အဆိုပါတင်သွင်းသောနေ့မှ ခြောက်လအတွင်း ခုံရုံးဖွဲ့၍ မရပါက အပြည်ပြည်ဆိုင်ရာ တရားရုံးသို့ အဆိုပါနိုင်ငံ၏ တရားရုံးဥပဒေအဆင့်နှင့်အညီ လွှဲပေးနိုင်သည်’ ဟု ပါ ရှိသည်။

ယင်းခြွင်းချက်ကို ရုပ်သိမ်းလိုသည့် နိုင်ငံသည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံ အချိန်မရွေး အကြောင်းကြားနိုင်ကြောင်း စာချုပ်တွင် ပြဋ္ဌာန်းထားသည်။ မြန်မာနိုင်ငံသည် CEDAW စာချုပ်တွင် ၁၉၉၇ က လက်မှတ်ရေးထိုးခဲ့သည်။

ထို့အပြင် မတ်လ ၈ ရက်၌ ကျရောက်မည့် နိုင်ငံတကာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် CEDAW စာချုပ်တွင် မဖြစ်မနေ လက်မှတ်ရေးထိုးရန် တိုက်တွန်းထားခြင်းဖြစ်သည်။ အခြားသော လူ့အခွင့်အရေး လှုပ်ရှားသည့် အဖွဲ့အစည်းများကလည်း CEDAW တွင် ခြွင်းချက်မရှိ လက်မှတ်ရေးထိုးရန် မကြာခဏ တိုက်တွန်းလေ့ရှိသည်။

                                                                                                                                              5.3.2018 7 Day Newspaper

[ngg_images source=”galleries” container_ids=”361″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]