လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် “ခေတ်ရနံ့” မဂ္ဂဇင်းတို့ ဆွေးနွေးချက်

အင်တာဗျူး

၂၀၁၈၊ ဇန်နဝါရီလ ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင် သံလွင်(Citizen Empowerment Program) နှင့် Triangle Women’s Support Group တို့ ပူးပေါင်းစီစဉ်သည့် “ဒေသတွင်းဖွံ့ဖြိုးရေး၊ ကောင်းမွန်သောစီမံအုပ်ချုပ်မှုနှင့် အရပ်ဖက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ” ဖိုရမ်တစ်ခုကို နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ သာဝတ္ထိမြို့ ဂိုဏ်းထောက်ကျောင်းဓမ္မာရုံ၌ ပြုလုပ်ခဲ့ပါသည်။ အဆိုပါဖိုရမ်တွင် စကားဝိုင်းဆွေးနွေးပွဲ (Pannel Discussion) တစ်ခုပါဝင်ခဲ့ပါသည်။ အဆိုပါစကားဝိုင်းဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးသူများမှာ ဦးအောင်မိုးဇော် (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ-ဥက္ကဋ္ဌ)၊ ဦးခင်မောင်ဇော်(တရားလွှတ်တော်ရှေ့နေကြီး- စာရေးဆရာ ဇော်ဝင်းကို) နှင့် စီးပွားရေးပညာရှင် ဒေါက်တာတင်ထုူးနိုင်တို့ ဖြစ်ပြီး၊ Moderator အဖြစ် ဦးဇော်မင်းကျော်( ပြည်သွေးနိုင်)က ဆောင်ရွက်ခဲ့ပါသည်။ ဦးအောင်မိုးဇော်က နိုင်ငံရေးရှုထောင့်၊ ဦးခင်မောင်ဇော်က တရားဥပဒေ စိုးမိုးရေးရှုထောင့်နှင့် ဒေါက်တာတင်ထွန်းနိုင်က စီးပွားရေးရှုထောင့်တို့မှ ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါစကားဝိုင်းမှ ဦးအောင်မိုးဇော်၏ ဆွေးနွေးချက်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

 

( ၁ )

ဦးအောင်မိုးဇော်ခင်ဗျာ အခုဆိုရင် NLDအစိုးရတာဝန်ယူတာ နှစ်နှစ်နီးပါးရှိပါပြီ။ အဲဒီကာလအတွင်း NLD အစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဒီကနေ့နိုင်ငံရေးအခြေအနေကို အရင်ဆုံးသုံးသပ်ပေးပါလား။

ဒေသဖွံ့ဖြိုးရေး ကောင်းမွန်သောစီမံအုပ်ချုပ်မှုနှင့် အရပ်ဖက်အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ပွဲမှာ လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ရမှာဆိုတော့ အခုအများပြောနေတဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မှု ဒါမှမဟုတ် တန့်နေမှု၊ နောက်ဆုတ်သွားမှု အဲဒီ ရှုထောင့်ကနေ ရှုမြင်သုံးသပ်ချင်ပါတယ်။

ဘာကြောင့်ဆိုတော့ ဒေသဖွံ့ဖြိုးရေးကိုပဲကြည့်ကြည့် ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှုကိုပဲ လေ့လာလေ့လာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုပဲ သုံးသပ်သုံးသပ် လွတ်လပ်မှုနဲ့ တဆက်တစပ်တည်း  ဖြစ်လို့ပါပဲ။ ဒါ့အပြင် လူတစ်ဦးချင်း (သို့မဟုတ်) ကွန်မြူနတီရပ်ရွာတွေရဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်နဲ့လည်း တဆက်တစပ်တည်း တည်ရှိနေပါတယ်။ ဒါကြောင့် တိုင်းပြည်တစ်ခုလုံးရဲ့ ဒီမိုကရေစီရေး တိုးတက်မှု၊ ဆုတ်ယုတ်မှုဖြစ်စဉ်ဟာ ဖွံ့ဖြိုးရေးအတွက်ဖြစ်ဖြစ်၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးအတွက်ဖြစ်ဖြစ် အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးတိုးတက်မှုအရေးအတွက်ဖြစ်ဖြစ် အလွန်အခရာကျပါတယ်။

ဟုတ်ပြီ။ ကျနော်တို့တိုင်းပြည်ရဲ့ ဒီမိုကရေစီ အခြေအနေကို ကျနော်တို့ သုံးသပ်ကြည့်မယ်ဆိုရင် နိုင်ငံရေးဖတ်စာ ကကြီး၊ ခကွေးအရကိုပဲ သိနိုင်၊ မြင်နိုင်တာတွေ ရှိတယ်။

ဒေါက်တာတင်ထူးနိုင်ပြောသွားတာရှိတယ်။ စီးပွားရေးအခြေခံခိုင်ဖို့၊ တိုးတက်ဖို့ဆိုရင် တိုင်းပြည်မှာ Institution တွေ အားကောင်းဖို့ လိုတဲ့အကြောင်းကို ဒီမိုကရေစီလို့ပြောတဲ့အခါ ကျနော်ပထမဆုံးပြေးမြင်လိုက်တာက –

      ၁။ လွှတ်တော်ရယ်၊ အုပ်ချုပ်ရေးရယ်၊ တရားစီရင်ရေးရယ်။ ဒီ Institution ကြီးတွေ တစ်ခုနဲ့တစ်ခု လွတ်လွတ်လပ်လပ် တည်ရှိရဲ့လား။ အပြန်အလှန်ထိန်းညှိကြရဲ့လားဆိုတာဖြစ်တယ်။ ကနေ့ ကျနော်တို့တိုင်းပြည်ရဲ့  နိုင်ငံရေးလက်တွေ့က အစိုးရကချည်းပဲ အာဏာရပါတီကချည်းပဲ အကုန်လုံးကို ထိန်းချုပ်ထားတဲ့ သဏ္ဍာန်ဖြစ်နေတယ်။

       ၂။ တစ်ချက်က စတုတ္ထမဏ္ဏိုင်လို့ တင်စားရတဲ့ စာနယ်ဇင်းတွေ Media တွေရဲ့ အခန်းကဏ္ဍကို ကြည့်ရင်လည်း Self-Cencer လုပ်နေရသလိုပဲ။ Media သမားတွေ ဖမ်းဆီးခံထားရတာ အားလုံးအသိပဲဖြစ်တယ်။ ဒီကြားထဲ ၆၆(ဃ)လို ပုဒ်မမျိုးက  Social Media တွေကိုတောင် ခြိမ်းခြောက်နေတယ်။ အားလုံးကကြောက်နေရတယ်။ ဒါလည်းအားလုံးအသိပဲ။

      ၃။ တစ်ချက်အနေနဲ့ ဒီမိုကရေစီစနစ်မှာ အခြေခံကျတဲ့ CSOs တွေရဲ့ အခန်းကဏ္ဍကို ကြည့်မယ်ဆိုရင်လည်း NNER လို အားကောင်းတဲ့ နှိုင်းယှဉ်မှုအရ တစ်နိုင်ငံလုံးလိုလိုကို လွှမ်းခြုံနိုင်တဲ့ လှုပ်ရှားမှုကြီးကိုတောင် မှတ်ပုံမတင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဘေးဖယ်ထားသလို လုပ်နေတယ်။ ကျောင်းသားသမဂ္ဂတွေ တရားဝင်ရပ်တည်ခွင့် မရကြသေးဘူး။ လယ်သမားအဖွဲ့အစည်းတွေဆိုရင် သမဂ္ဂဆိုတဲ့ အသုံးအနှုန်းတောင် မှတ်ပုံတင်ဖို့ကြိုးစားရင်း ဥပဒေအရ လက်မခံနိုင်သေးဘူး။ ဒီလိုအခြေအနေမျိုးမှာ လူထုအသံကို အမှန်တကယ်ကိုယ်စားပြုနိုင်မယ့် အရပ်ဘက်လူ့အဖွဲ့အစည်းတွေ အားကောင်းဖို့ မလွယ်လှဘူး။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ အခွင့်အရေးပိုင်းဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေလည်း ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်တယ်။ 

      ၄။ တစ်ချက်အနေနဲ့ အခြေခံဆင်းရဲသားလူထုကြီးရဲ့ အထွေထွေပြဿနာတွေ ကြီးမားဆဲဖြစ်တယ်။ စားဝတ်နေရေး၊ လုံခြုံရေး ပြဿနာတွေကြီးဆဲဖြစ်တယ်။ ပြည်သူအများစုဟာ လွတ်လွတ်လပ်လပ် လုံလုံခြုံခြုံ သူတို့ရဲ့ ဝမ်းစာကို ရှာဖွေစားသောက်နိုင်တဲ့ အခြေအနေမရှိသေးဘူး။ လယ်သမားတွေမှာ လယ်သိမ်း၊ မြေသိမ်းခံ ပြဿနာတွေနဲ့ ကြုံရဆဲ။ အလုပ်သမားတွေဆိုလည်း အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ချက်အတွက် ရုန်းကန်နေရဆဲ။ မြို့နေဆင်းရဲသားတွေဆိုလည်း သူတို့ရဲ့ဝမ်းစာကို ကျီးလန့်စာစား ရှာဖွေစားသောက်နေရဆဲ။ အစိုးရအနေနဲ့ကလည်း အခြေခံဆင်းရဲသား ပြည်သူအများစုဖြစ်တဲ့ လူထုကြီးကို ကနေ့အထိ အာရုံစိုက်နိုင်ဖို့ လိုအပ်ဆဲဖြစ်တယ်လို့ ဆိုချင်ပါတယ်။

      ၅။ တစ်ချက်အနေနဲ့ သည်လို လူထုအများစုကြီးက ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်း အကာအကွယ်မဲ့ ရှာဖွေစားသောက်နေရတဲ့ အခြေအနေအတွင်းမှာဘဲ လူ့အဖွဲ့အစည်းအတွင်းက မသမာသူတွေရဲ့ လူမျိုးရေး၊ ဘာသာရေး သွေးထိုးလှုံ့ဆော်မှုတွေကလည်း လူထုကြီးကို ရိုက်ခတ်ပြန်တယ်။ ခံစားရတာ၊ ခံရတာက လက်တွေ့မှာ ဆင်းရဲသား ပြည်သူလူထုပဲ ဖြစ်နေတယ်။

ချုပ်ပြောရရင်တော့ အပြောင်းအလဲကာလတစ်ခုအတွင်းမှာ ကြုံလေ့ကြုံထရှိတဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မူ၊ မလုံခြုံမူတွေကို ကျနော်တို့၊ တျနော်တို့တိုင်းပြည်၊ ကျနော်တို့ပြည်သူတွေ ကြုံတွေ့နေရပြီး ဒီအပြာင်းအလဲကလည်း အပြုသဘော တိုးတက်နေသလားလို့မေးရင် ကျနော့်အမြင်က တန့်နေတယ်။ တခါတလေ ဆုတ်သွားတယ်လို့ တွေ့ရတယ်။

ကျနော်ပြောခဲ့တဲ့ ယေဘုယျအခြေအနေအရပ်ရပ်ကို ရွေးချယ်ခံအစိုးရက ကိုင်တွယ်နိုင်တဲ့စွမ်းရည် (Capacity) နည်းတယ် လို့ ထင်တယ်။ အဓိက အကန့်အသတ်ဖြစ်တဲ့ ကျနော်တို့ရဲ့  ဖွဲ့စည်းပုံ (၂၀ဝ၈) ကြောင့် အစိုးရသဘောထားအတိုင်း လုပ်မရ ကိုင်မရဖြစ်လို့ Capacity နည်းပုံရတယ်လို့ သုံးသပ်နိုင်တယ်။ နည်းနည်းထပ်ပြောချင်တာက ခုပြောပြောနေကြတဲ့ ဒီမိုကရေစီ ကျနော်တို့မရသေးဘူး။ တပ်မတော်က နိုင်ငံရေးမှာ ရှိနေသရွှေ့ ဒီမိုကရေစီ မဟုတ်ဘူး။ တပ်မတော်က နိုင်ငံရေးကနေ ဆုတ်မှ ကျနော်တို့ ဒီမိုကရေစီရမယ်။

အခြားအပိုင်းကလည်း အစိုးရကိုယ်၌က တိုင်းပြည်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းရမယ် ဆိုတဲ့၊ Capacity နည်းတာ ဖြစ်နိုင်တယ်။ နှစ်ခုစလုံးကတော့ အပြန်အလှန်ပါပဲ။

နောက်ဆုံးမှတ်ချက်ကတော့ ကျနော်တို့တိုင်းပြည်ရဲ့ ဒီမိုကရေစီအခြေအနေက ရှေ့ကိုတိုးတက်မလာဘဲ ကျဆင်းနေပုံရတယ် ဆိုတာပါပဲ။ လွတ်လပ်မှုမရှိဘဲ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ မရှိနိုင်ဘူးဆိုတဲ့ နိုဗယ်လ်ဆုရှင် ဒေါက်တာ အမ္မာတာရာဆင်းရဲ့ အယူအဆကို ကျနော် ထောက်ခံတယ်။    

( ၂ )

NLDအစိုးရဟာ စတင်တာဝန်ယူတဲ့အချိန်ကစပြီး၊ ငြိမ်းချမ်းရေးကို အားစိုက်ဆောင်ရွက်ခဲ့တာတွေ့ရပါတယ်။ဒီတော့ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ ငြိမ်းချမ်းရေးဟာ ဘယ်လောက်အရေးပါသလဲ ၊ လက်ရှိငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရဲ့ အနေအထားနဲ့ ငြိမ်းချမ်းရေးအခြေအနေအပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ  ။  ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးဟာ တိုင်းပြည်ရဲ့ရေရှည် ဒီမိုကရေစီဖွံ့ဖြိုးဖို့၊ စီးပွားရေးဖွံ့ဖြိုးဖို့နဲ့  ပြဿနာအရပ်ရပ် ပြေလည်စေရေးအတွက် သော့ချက်တစ်ရပ် ဖြစ်တယ်လို့ ဆိုချင်ပါတယ်။ ဒါကြောင့်လည်း အာဏာရအစိုးရက ငြိမ်းချမ်းရေးကိစ္စကို ဦးစားပေးနိုင်ငံရေးလုပ်ငန်းစဉ်ကြီးတစ်ရပ်အနေနဲ့ သဘောထားခဲ့တာဖြစ်ပုံရတယ်။ သို့သော်လည်း ဒီလုပ်ငန်းအောင်မြင်ဖို့အတွက် မြန်မြန်ထက်ထက် အဖြေရှာနိုင်ဖို့အတွက် ခက်ခဲနေပုံရတယ်။

ဒီလုပ်ငန်းဆိုတာ တကယ်တော့ အရင် ဦးသိန်းစိန်အစိုးရက ဦးဆောင်အကောင်အထည်ဖော်ခဲ့တဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA)နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို လက်ခံအကောင်အထည်ဖော်တဲ့ လုပ်ငန်းစဉ် ဖြစ်တယ်။ ရိုးရိုးလေးကြည့်ရင် သမ္မတဦးသိန်းစိန်လက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့နဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ လက်ရှိအစိုးရလက်ထက်မှာ ဒီထက်ပိုပြီး လက်နက်ကိုင်အဖွဲ့အစည်းတွေကို  NCA ကို လက်မှတ်ထိုးလာဖို့ စည်းရုံးနိုင်တဲ့အခြေအနေ မတွေ့ရသေးဘူး။ NCA ကို သုံးသပ်ပြင်ဆင်ဖို့ တောင်းဆိုနေတဲ့ အဖွဲ့အစည်းတွေရှိနေသလို၊ NCA ဘောင်အပြင်ဘက်က  ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေလုပ်ဖို့ တောင်းဆိုနေတဲ့ အဖွဲ့အစည်းတွေရှိနေတယ်။ လက်မှတ်ထိုးပြီး အဖွဲ့အစည်းတွေထဲက အဓိက အဖွဲ့အစည်းကြီးဖြစ်တဲ့  KNU ကိုယ်တိုင် အစိုးရနဲ့ တပ်မတော်ရဲ့ မူဝါဒတွေကို ဖြေလျှော့ပေးဖို့ တောင်းဆိုမှုတွေ ရှိနေတယ်။

NCA စာချုပ်ပါ စာသားတွေအပေါ်မှာကိုပင် တဖက်နဲ့တဖက် အဓိပ္ပါယ်ဖွင့်ဆိုမှု၊ နားလည်မှုတွေ ကွဲလွဲနေပုံရတယ်။ ဥပမာ- ရှမ်းပြည်ဘက်မှာ အမျိုးသားအဆင့်ဆွေးနွေးပွဲတွေလုပ်ဖို့ ရှမ်းလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအင်အားစုတွေက ရှမ်းလူထုနဲ့ တွေ့ဆုံပွဲတွေလုပ်တော့ အစိုးရက ပထမခွင့်ပြုပုံရတယ်။ တပ်က သဘောတူပုံ မရဘူး၊ လိုက်ဖျက်တယ်။ နောက် ABSDF က မြို့ကြီးတွေမှာ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးပွဲလုပ်တော့လည်း မလုပ်ဖို့ တားတာတွေ့ရတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အမြင်နားလည်မှု မတူသလို၊ အစိုးရနဲ့ တပ်မတော်ကြားမှာ အမြင်သဘောထား တထပ်တည်းကျပုံ မရဘူး။ အဲ့တော့ ဘာဖြစ်သလဲ တတိယအကြိမ် ၂၁-ပင်လုံညီလာခံ လုပ်ဖို့ကို အခက်အခဲတွေ တွေ့လာရတယ်။

          ဟိုတလောကတော့ မွန်ပြည်သစ်ပါတီ (NMSP) က NCA ကို လက်မှတ်ထိုးမယ်လို့ ကြားတယ်။ NMSP လက်မှတ်ထိုးရင် တောင်ပိုင်းက အဖွဲ့တစ်ချို့လည်း ပါတော့ပါလာနိုင်တယ်။ KNPP အခြေအနေကတော့ မပြောတတ်ဘူး။ KNPP တပ်ဖွဲ့ဝင်တချို့နဲ့ ဒေသခံတစ်ဦး ပစ်သတ်ခံလိုက်ရတဲ့အပေါ်  သူ့လူထုအတွင်း တင်းမာမှုတွေ ဖြစ်နေတာ ပါဖို့ခက်နိုင်တယ်။

        မြောက်ပိုင်းကချင်မှာ ထိုးစစ်တွေဖြစ်နေတာ တိုက်ပွဲတွေဖြစ်နေတာက ဟိုးလေးတကျော်ကျော်။ ဝ.သ.ပ နဲ့ မဟာမိတ်တွေလည်း လက်မှတ်မထိုးဘူး နိုင်ငံရေးဆွေးနွေးဖို့ကို တောင်းဆိုနေတယ်။ သို့သော်လည်းပဲ အစိုးရက တပ်မတော်က AA တို့၊ ကိုးကန့်တို့၊ ပလောင်တို့ကို အသိအမှတ်ပြုပုံမရဘူး။ ၂၁-ပင်လုံညီလာခံလုပ်ဖို့ ဖိတ်ရင်တော့ လာတက်မယ်လို့ ကြားတယ်။ တပြိုင်နက်တည်းမှာ အစိုးရကိုယ်စားလှယ်တွေနဲ့ မြောက်ပိုင်းကအဖွဲ့တွေ အထူးသဖြင့် KIO တို့ UWSP တို့နဲ့ နှစ်ဖွဲ့ချင်းတွေ့ဆုံဖို့တွေ ရှိနေတယ်လို့ ကြားတယ်။

          အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးအတွက် အစိုးရခေါင်းခဲစရာတွေ ကြုံနေရချိန်၊ တနိုင်ငံလုံး လုံးဝ အာရုံစိုက်လို့ မရတဲ့ ရခိုင်မြောက်ပိုင်းကိစ္စ ထဖြစ်တယ်။ တကမ္ဘာလုံးနဲ့ပါ တင်းမာသွားရတဲ့ အခြေအနေအထိ ရောက်လာတယ်။

          ချုပ်ရရင်တော့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ဆက်ပြီး တည်ရှိနေသေးတယ်။ မိမိရရ သက်ဆိုင်သူအားလုံး ဒီဖြစ်စဉ်ကို ဆက်ပြီးဆုပ်ကိုင်ဖို့ ကြိုးစားကြစေချင်တယ်။ သို့သော်လည်း အခြေအနေက တိုးတက်လာတယ်လို့ ပြောလို့မရဘူး ဖြစ်တယ်။

 

( ၃ )

မေး   ။ အခုလိုရှင်းပြတာကျေးဇူးတင်ပါတယ်။ ငြိမ်းချမ်းရေးအလားအလာ ဘယ်လိုရှိပါသလဲ။ အဲဒီတော့ လက်ရှိအစိုးရအနေနဲ့ ငြိမ်းချမ်းရေးအတွက် ဘာတွေဆောင်ရွက်သင့်ပါသလဲဆိုတာ ဦးအောင်မိုးဇော်အမြင် သိချင်ပါတယ်။

လတ်တလော မြန်မြန်ထက်ထက် ငြိမ်းချမ်းရေးရဖို့ဆိုတာ ပြောဖို့ခက်တယ်။ လက်ရှိအစိုးရရဲ့  ၅ နှစ်တာ သက်တမ်းအတွင်း ဖြစ်နိုင်မယ့်လက္ခဏာ မတွေ့ရသေးဘူး။ ကျနော်မမြင်နိုင်တဲ့၊ မမြင်ရတဲ့ ကိစ္စတွေရှိနေရင်တော့  မပြောတတ်ဘူး။ အစိုးရမှာ တပ်မတော်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေမှာ ငြိမ်းချမ်းရေးကို မဖြစ်ဖြစ်အောင် တည်ဆောက်မယ်ဆိုတဲ့ နိုင်ငံရေးစိတ်ဆန္ဒ ပြင်းပြင်းပြပြ ရှိစေချင်တယ်။

နောက်တစ်ချက်က လက်ရှိအစိုးရအနေနဲ့ ဘာတွေဆောင်ရွက်သင့်သလဲလို့ မေးတော့ –

က –    သဘောထားနဲ့ နည်းနာပိုင်းတွေမှာ အစိုးရနဲ့တပ်မတော် တစ်သဘောတည်းဖြစ်အောင် ညှိဖို့လိုမယ်။ အဲ့လိုမဟုတ်ရင် လက်နက်ကိုင်အဖွဲ့ဝင်တွေ ဝင်လာဖို့ခက်တယ်။

ခ –      လွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်လာတဲ့ ပြဿနာတွေကို အဖြေရှာဖို့ဆိုရင် (၂၀ဝ၈) အခြေခံဥပဒေဘောင်အတွင်းက ဖြေရှင်းဖို့ခက်နိုင်တယ်ဆိုတဲ့ KNUရဲ့ သဘောထားထုတ်ပြန်ချက်အပေါ် အလေးအနက် စဉ်းစားစေချင်ပါတယ်။

ဂ –      မိမိအစိုးရရဲ့ သဘောထား၊ တပ်မတော်ရဲ့ သဘောထားတွေကို ပြန်လည်သုံးသပ်ပြီး  ဖြေလျှော့သင့်တာတွေကို သဘောထားကြီးကြီးနဲ့ ဖြေလျှော့ပေးစေချင်တယ်။ ဥပမာ- NCA ကို အားလုံးပါဝင် ပြန်လည်သုံးသပ်ပြင်ဆင်တာမျိုး၊ နားလည်မှုတွေကို ညှိနှိုင်းတာမျိုး လုပ်ဆောင်သင့်တယ်။

ဃ –    အားလုံးပါဝင်နိုင်အောင် လမ်းဖွင့်ပေးစေချင်တယ်။

င –      ငြိမ်းချမ်းရေးအတွက် NCA အပြင် အခြားလမ်းများရှိကလည်း ဖောက်သင့်တယ်။

စ –      လိုအပ်ရင် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို အစိုးရဘက်က တပ်မတော်ဘက်က တရားဝင်ကြေငြာပြီး အဖွဲ့အစည်းအားလုံးကို ဆွေးနွေးပွဲမှာ ပါဝင်နိုင်ရေး ကြိုးစားစေချင်တယ်။

          အစိုးရ၊ တပ်မတော်နဲ့တကွ လက်နက်ကိုင် အင်အားစုတွေအားလုံးမှာ ငြိမ်းချမ်းရေးကို မဖြစ်မနေ တည်ဆောက်မယ်ဆိုတဲ့ နိုင်ငံရေးစိတ်ဆန္ဒ သေသေချာချာရှိဖို့ လိုတယ်လို့ ချုပ်ပြီး ပြောချင်ပါတယ်။     ။

 “ခေတ်ရနံ့” မဂ္ဂဇင်း ၊ အမှတ်(၄၆)၊ ဖေဖော်ဝါရီလ၊ ၂၀၁၈

[ngg_images source=”galleries” container_ids=”350″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]