သခင်ကိုယ်တော်မှိုင်း ၁၄၂ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၏ အမှတ်တရစကား

သူတို့သဘောထား အမြင်သဘောထား

၂၀၁၈၊ မတ်လ ၂၃ ရက်နေ့က ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်၌ ကျင်းပသည့် သခင်ကိုယ်တော်မှိုင်း ၁၄၂ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် ပြောကြားသည့် အမှတ်တရစကား

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

ဒီအခမ်းနားမှာ စကားပြောခွင့်ရအောင် စီစဉ်ပေးတဲ့ လူပုဂ္ဂိုလ်အားလုံးကို အထူးကျေးဇူးတင်ပါတယ်လို့ ဦးစွာပြောလိုပါတယ်။ ဒုတိယတစ်ခုအနေနဲ့ ပြောလိုတာကတော့ ခုကြွရောက်လာကြတဲ့ ဆရာတော်၊ သံဃာတော်တွေနဲ့တကွ ကြွရောက်လာကြတဲ့ ရဲဘော်ရဲဘက်တွေအားလုံးကို အခုလိုတွေ့ရတဲ့အတွက် ကျွန်တော်ဝမ်းသာတယ်။ နောက်မင်္ဂလာပါလို့လည်း နှုတ်ခွန်းဆက်ချင်ပါတယ်။ တတိယ ကျွန်တော်ပြောချင်တာက ခုန ကိုအောင်စောဦးကတော့ ငြိမ်းချမ်းရေးကိစ္စတွေနဲ့ ပတ်သက်လို့ တော်တော်ပြည့်ပြည့်စုံစုံ ကျွန်တော်တို့ ဆင်ခြင်စရာကိစ္စတွေကို တော်တော်လေးပြောသွားပါတယ်။ ဒီနေ့ကာလမှာ ဆရာကြီးမွေးနေ့ဆိုတော့ ငြိမ်းချမ်းရေးလုပ်ငန်း တစ်စုံတရာပြောဖို့လိုမယ်။ ကနေ့လုပ်နေကိုင်နေကြတဲ့ ငြိမ်းရေးဖြစ်စဉ်ပေါ့။ ကနေ့လုပ်နေကိုင်နေကြတဲ့ NCA ကိစ္စပေါ့။ အဲဒါကိုတော့ ကျွန်တော်တို့ပါတီရဲ့ အမြင်သဘောထားကို ထင်ဟပ်ပြီးတော့ နည်းနည်းပြောချင်ပါတယ်။ အဲဒါကတော့ ကနေ့ NCA ဟာ တကယ်ပဲ ရှေ့ကိုရောက်နေသလား။ ငြိမ်းချမ်းရေးအခြေအနေ ငြိမ်းချမ်းရေးရဖို့အတွက် တကယ်ပဲမြင်နေရပြီလားဆိုတာ အားလုံးသိတဲ့အတိုင်းပဲ။ NCA တစ်ခုတည်းကတော့ ကျွန်တော်တို့တိုင်းပြည် ငြိမ်းချမ်းရေးရဖို့အတွက် ကျွန်တော်တို့တိုင်းပြည်မှာ အနိမ့်ဆုံးအဆင့်ငြိမ်းချမ်းရေးတောင် မဟုတ်ပါဘူး။ သေနတ်သံတွေ တိတ်ဖို့အတွက်တောင် အာမခံချက်မရှိဘူးလို့ ကျွန်တော်အဲလိုပြောချင်ပါတယ်။

NCA အပြင် အခြားနည်းလမ်းတွေရှိရင် ကျွန်တော်တို့ ကြိုးစားသင့်တယ်။ NCA အပြင် အခြားနည်းလမ်းတွေကိုလည်း ရှာဖွေသင့်တယ်။ ငြိမ်းချမ်းရေးအတွက်ကို နည်းလမ်းပေါင်းစုံ ပုံသဏ္ဍာန်ပေါင်းစုံနဲ့ ကျွန်တော်တို့ ရှာဖွေကြိုးစားသင့်တယ်လို့ ပထမဦးဆုံးပြောချင်ပါတယ်။ ကနေ့ ကျွန်တော်တို့ လက်နက်ကိုင်အင်အားစုတွေနဲ့၊ နိုင်ငံတော်အစိုးရနဲ့ တပ်မတော်နဲ့ ပြောဆိုနေကြတွေက ဒီ NCA ကပဲ တစ်ခုတည်းသော နည်းလမ်း၊ NCA ကိုပဲ လက်မှတ်ထိုး၊ NCA ကိုလက်မှတ်မထိုးရင် ကျွန်တော်တို့တိုင်းပြည် ငြိမ်းချမ်းရေးမရတော့ဘူးလိုလို အဲလိုအခြေအနေဖြစ်နေတယ်။ အဲအခြေအနေကတော့ ကျွန်တော်တို့အနေနဲ့ ကနေ့အစိုးရနဲ့ သဘောထားအမြင် နည်းနည်းလေးကွာဟနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကနေ့ကာလမှာ ကျိန်းသေတာက ကျွန်တော်တို့တိုင်းပြည် ငြိမ်းချမ်းရေးရဖို့အတွက် ရနိုင်တဲ့နည်းလမ်းပေါင်းစုံကို ကျွန်တော်တို့ ချဉ်းကပ်ဖို့လိုတယ်။ NCA တစ်ခုတည်းကိုပဲ ကျွန်တော်တို့ အားထားနေလို့ NCA တစ်ခုတည်းကိုပဲ ဆုပ်ကိုင်နေရင် ကျွန်တော်တို့ရှေ့ကို ဆက်ပြီးတော့ ခရီးသွားဖို့ အခက်အခဲတွေနဲ့ ကြုံရနိုင်တယ်ဆိုတဲ့ လက္ခဏာတွေအများကြီး ကျွန်တော်တို့ တွေ့နေရပါတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ကျွန်တော်တို့ ကနေ့ကာလမှာ ကနေ့လက်ရှိအစိုးရကို၊ လက်ရှိတပ်မတော်ကို၊ လက်ရှိလွှတ်တော်ကို ကျွန်တော်တို့တိုက်တွန်းချင်တာပါ။ NCA တစ်ခုတည်းကို အသေဆုပ်ပြီး ဒီကောင်နဲ့သာမှ တိုင်းပြည်ငြိမ်းချမ်းမယ်ဆိုတာ။ ဒီကိစ္စကတော့ မဖြစ်သင့်ဘူးလို့ ကျွန်တော်အဲလိုမြင်ပါတယ်။ ဒါတစ်ချက်ပါ။ ဒုတိယအချက်က ဘာလဲဆိုတဲ့အခါကျတော့ မနေ့တစ်နေ့ကနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် သြစတေးလျမှာရှိတဲ့ မြန်မာ community တွေနဲ့ တွေ့တဲ့အခါ သူပြောသွားတာတစ်ခုကို ကျွန်တော်သတိထားလိုက်မိတယ်။

အခြေခံဥပဒေပြင်ဆင်ရေးဟာ နံပါတ်သုံးအဆင့်တဲ့။ အခြေခံဥပဒေပြင်ဆင်ရေးကို တရားဥပဒေစိုးမိုးရေးဘောင်ထဲကပဲ ဆောင်ရွက်ရမယ်ဆိုတဲ့ အခါကျတော့ နည်းနည်းခက်တယ် ထင်ပါတယ်။ ကျွန်တော်တို့ အစကနဦးမှာ ဆရာတော် အမိန့်ရှိသွားတာရှိတယ်။ ၂၀ဝ၈ အခြေခံဥပဒေမပြင်ဘူးဆိုလို့ရှိရင် ကျွန်တော်တို့ တိုင်းပြည်တော်တော် ပြဿနာရှိတယ်။ ငြိမ်းချမ်ရေးရဖို့လည်း မလွယ်ဘူးလို့ ဆရာတော်မိန့်သွားတာ ကျွန်တော် ကြားလိုက်ရတယ်။ ဒါပေမဲ့ ကနေ့ ကျွန်တော်တို့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အခြေခံဥပဒေပြင်ရေးက တတိယဆိုတော့ ပထမအဆင့်ကဘာလဲဆိုတော့ ပထမအဆင့်က တရားဥပဒေစိုးမိုးရေးထင်တယ်။ အဲဒီတရားဥပဒေစိုးမိုးရေးက ဘယ်တော့လုပ်လုပ် ပြီးမယ့်ကိစ္စမဟုတ်ဘူး။ ကျွန်တော့်နားလည်မှုက အမြဲလုပ်နေရမယ့်ကိစ္စဖြစ်မယ်။ ဆိုတဲ့အခါကျတော့ အခြေခံဥပဒေပြင်ဆင်ရေးက နံပါတ်သုံးဆိုတော့ ကျွန်တော်တို့တိုင်းပြည်မှာ အခြေခံဥပဒေမပြင်ရတော့ဘူးဆိုတဲ့ သဘောဖြစ်နေတယ်။ အဲဒါဆို ကျွန်တော်တို့တိုင်းပြည် ဒီမိုကရေစီလည်း ရမှာမဟုတ်ဘူး။ ငြိမ်းချမ်းရေးလည်း ရမှာမဟုတ်ဘူး။ ဒီအခြေခံဥပဒေကိုပြင်နိုင်မှ ဒီနေ့နိုင်ငံရေးမှာ အတင်းအဓမ္မဝင်ရောက်ပြီးတော့ နေရာယူထားတဲ့ တပ်မတော်ကို ခင်ဗျားတို့နိုင်ငံရေးနဲ့ ဝေးဝေးနေပါဗျာလို့ ပြောနိုင်တဲ့အဆင့်ရောက်မှ ကျွန်တော်တို့တိုင်းပြည် ဒီမိုကရေစီရမှာဖြစ်တယ်။ အဲလိုအခြေအနေမရှိဘူးဆိုရင် တော်တော်ပြဿနာရှိတယ်။ ဒီကိစ္စနဲ့ပတ်သက်ရင်လည်းပဲ အခြေခံဥပဒေပြင်ရေးနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်ပေါ့။ ဟိုတစ်နေ့ကနှုတ်ထွက်သွားတဲ့ လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့် တော်တော်ကြာကြာက ပြောဖူးတယ်။ ငြိမ်းချမ်းရေးရမှ အခြေခံဥပဒေပြင်မယ်ဆိုတဲ့ကိစ္စ။ အခု NCA process အတိုင်းသွားမယ်ဆိုရင် ငြိမ်းချမ်းရေးက ဘယ်တော့ရမယ်မှန်း မသိသေးဘူး။ ငြိမ်းချမ်းရေးရမှ အခြေခံဥပဒေပြင်မယ်ဆိုရင်လည်း ဘယ်တော့မှပြင်နိုင်တဲ့ အခြေအနေရှိလာမယ့်ပုံမပေါက်ဘူး ဖြစ်နေတယ်။ အဲဒီတော့ လက်ရှိအာဏာရပါတီနဲ့ပဲဖြစ်ဖြစ် လက်ရှိအစိုးရနဲ့ပဲဖြစ်ဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ဖြစ်ဖြစ် ဒီကိစ္စမှာတော့ ကျွန်တော်တို့နဲ့ အမြင်နည်းနည်းကွဲတယ်။ ဒီကိစ္စကိုလည်း ပြန်ပြီးတော့ သုံးသပ်ဖို့လိုပါတယ်လို့ ကျွန်တော်တို့ မေတ္တာရပ်ခံချင်တယ်။ ပြန်ပြီးတော့ သုံးသပ်ဖို့လိုတယ်။ NCA နဲ့ပတ်သက်လို့ပဲဖြစ်ဖြစ် အခြေခံဥပဒေပြင်ရေးနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် သူတို့နဲ့ကျွန်တော်တို့ကြားမှာ အမြင်ကွာဟမှုက အမှန်တကယ်ရှိနေတယ်။ အဲဒါတွေ သူတို့သေသေချာချာ ပြန်ပြီးသုံးသပ်သင့်တယ်လို့ ကျွန်တော်အနေနဲ့ ပြောချင်တယ်။ တတိယတစ်ချက်ပေါ့နှော် အားလုံးလည်းသိတဲ့အတိုင်းပဲ ကနေ့ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ အထွေထွေအခြေအနေ အကုန်သိပါတယ်။ ကျွန်တော်တို့တိုင်းပြည် ၂၀၁၂ က နည်းနည်းလေးပွင့်လာသလို ထင်တယ်။

ကျွန်တော်တို့တိုင်းပြည်က ကျွန်တော်တို့အစိုးရတက်လာရင် ပွင့်သွားမယ်လို့ ကျွန်တော်တို့ ရိုးရိုးသားသား မျှော်လင့်ပါတယ်။ ယုံယုံကြည်ကြည် တကယ်မျှော်လင့်ခဲ့တယ်။ အဲအခြေအနေအောက်မှာ ကျွန်တော်တို့အလုပ်တွေ အများကြီးလုပ်လို့ရမယ်လို့ ယုံကြည်ခဲ့တာ။ အခုကျွန်တော်တို့ နှစ်နှစ်ရှိသွားပြီ။ ကျွန်တော်တို့အစိုးရ အာဏာရတာနှစ်နှစ်ရှိသွားပြီ။ ကျွန်တော်တို့ဒီမိုကရေစီဘောင်က ကျွန်တော်တို့အဝန်းအဝိုင်းက ပိုပိုကျဉ်းလာတယ်။ ကျွန်တော်အဲသလိုပဲ ခံစားရတယ်။ နောက် ပြောမယ့်ဆိုမယ့်ကိစ္စတွေ လုပ်မယ့်ကိုင်မယ့်ကိစ္စတွေမှာ အကုန်လုံးချိန်ဆနေရတယ်။ မနေ့တစ်နေ့ကပဲ လွှတ်လပ်စွာဟောပြောဖို့ လွှတ်လပ်စွာဖော်ထုတ်ခွင့် ဆိုတဲ့ကိစ္စတွေကို ပိတ်ပင်ပြန်တယ်။ အဲဒါ ကျွန်တော်တို့အစိုးရက ပိတ်ပင်တာ။ ဒီအခြေအနေကြီးက ဘာကြီးလဲဆိုတာ ကျွန်တော်တို့ ခန့်မှန်းရခက်တယ်။ ကျွန်တော်တို့ငြိမ်းစုစီဆိုတဲ့ ဥပဒေက ရှိသင့်တဲ့ဥပဒေမဟုတ်ဘူး။ ဒါ လူတိုင်းသိတယ်။

ဒီမိုကရေစီကိုမြတ်နိုးတဲ့လူတိုင်း၊ ဒီမိုကရေစီလူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ချင်ပါတယ်ဆိုတဲ့သူတိုင်းက ငြိမ်းစုစီဟာမရှိသင့်ဘူးဆိုတာ လူတိုင်းလက်ခံတယ်။ ဘာဖြစ်လို့ ကျွန်တော်တို့ဒီမိုကရေစီနည်းအရ ကျွန်တော်တို့ ဒီမိုကရက်တွေ ရွေးချယ်တင်မြှောက်ထားတဲ့ ဒီမိုကရက်အမတ်တွေက ဘာကြောင့်ဒီကိစ္စကို ကန့်သတ်တာလဲ။ ကျွန်တော်တို့ တော်တော်နားလည်ရခက်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်ရဲ့ အထွေထွေအခြေအနေရရော ငြိမ်းချမ်းရေးကိစ္စပဲကြည့်ကြည့် ခုနက အခြေခံဥပဒေပြင်ဆင်ရေး ကိစ္စကိုပဲကြည့်ကြည့် အခုကျွန်တော်တို့ ဒီမိုကရေစီဘောင်အခြေအနေကိုပဲ ကြည့်ကြည့် ကျွန်တော်တို့တော်တော်လေးကိုပဲ ကြပ်ကြပ်တည်းတည်းနဲ့ ရင်ဆိုင်နေရတာ ဖြစ်တယ်။ ဒါကို ကျွန်တော်တို့ကျော်လွှားဖို့လိုတယ်။ ကျွန်တော်တို့ ဖောက်ထွက်ဖို့လိုတာပေါ့နော်။ ကျွန်တော်တို့ဖောက်မထွက်နိုင်ရင် ပြဿနာရှိတယ်။ ဖောက်ထွက်ဖို့လို့ ကျွန်တော်ပြောတဲ့အခါကျတော့ ခုနဆရာတော်မိန့်သွားတဲ့ အရာလေးရှိတယ်။ ကျွန်တော်တို့အားလုံး စုစုစည်းစည်းသေသေချာချာ ဆက်စပ်ပြီးတော့ လက်ရှိအကြပ်အတည်းကို ကျွန်တော်တို့ ကျော်လွှားမှဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ နောက်တစ်ခုက ကျွန်တော်တစ်စုံတစ်ရာ အခွင့်သာတုန်းပေါ့နော် လက်ရှိနိုင်ငံရေးအခြေအနေနဲ့ ပတ်သက်လို့ ပြောလို့ဆိုလို့ရတဲ့ အနေအထားအောက်မှာ အခုပြောရတဲ့ဟာ အခွင့်ကောင်းလေးယူပြီးတော့ နောက်တစ်ခုထပ်ပြီးတော့ ကျွန်တော်ပြောချင်ပါတယ်။ အဲဒါကတော့ လက်ရှိကျွန်တော်တို့တိုင်းပြည်က လက်တွေ့မှာလူတစ်ယောက်ထဲက အုပ်ချုပ်နေသလို ဖြစ်နေတယ်။ အဲအခြေက မကောင်းဘူး။ ကျွန်တော်ဒီစကားကို မပြောချင်ပါဘူး။ ကျွန်တော်အတွက်လည်း အန္တရာယ်ရှိတယ်။ တကယ်ကိုမပြောချင်ပါဘူး။ သို့သော် ကျွန်တော်ဝမ်းနည်းပက်လက်နဲ့ပြောတာ ဖြစ်ပါတယ်။ မနေ့ကလွှတ်တော်ဥက္ကဋ္ဌသစ် ရွေးတင်ကြတယ်။

ကျွန်တော်တို့ပြည်သူ့လွှတ်တော်မှာ ဘယ်လိုဥက္ကဌမျိုးလဲဆိုတာ ခုန ကိုအောင်စောဦး နည်းနည်းတီးခေါက်သွားပါတယ်။ တချို့ကိစ္စတွေက ကျွန်တော်တို့ခေါင်းဆောင်တွေကိုယ်၌က ကျွန်တော်တို့ကို အနိုင်ကျင့်နေသလို ကျွန်တော်အဲလိုခံစားရတယ်။ တော်တော်ဝမ်းနည်းစရာကောင်းတယ်။ ကျွန်တော်တို့ရဲ့လွှတ်တော်ဥက္ကဋ္ဌ၊ ကျွန်တော်တို့ရဲ့သမ္မတ ကျွန်တော်တို့ကြည်ညိုချင်တာပေါ့ဗျာ။ ဒါပေမဲ့ အဲလိုကြည်ညိုနိုင်တဲ့ အခြေအနေမဖြစ်အောင် ကျွန်တော်တို့အနိုင်ကျင့်ခံနေရတယ်။ လွှတ်တော်ထဲမှာ ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်သင့်တယ်ဆိုတဲ့ကိစ္စက သေသေချာချာ ဒီဘိတ်တွေလုပ်၊ သေသေချာချာဆွေးနွေး၊ သေသေချာချာတိုင်ပင်၊ အငြင်းအခုန်တွေလုပ်ကြ ရန်ဖြစ်တတ်ခမန်း တစ်ယောက်နဲ့တစ်ယောက် ပြောကြဆိုကြ ပြီးတော့မှ မဲနဲ့ရွေးချယ်တာ မဟုတ်ဘူး။ မင်းတို့ဒီလူက ဒီလိုအဆိုတင်ရင် ဒီအတိုင်းထောက်ခံလို့ ပြောတဲ့အခါကျတော့ ပြဿနာရှိတယ်။ ကျွန်တော်တို့ကို ပါးစပ်ကြိုးပိတ်ပြီး ရိုက်ချင်သလိုရိုက်နေတယ်လို့ ခံစားရတယ်။ ဒီကိစ္စတွေဟာ ဒီမိုကရေစီလိုချင်တယ်ဆိုတဲ့ ကျွန်တော်တို့တွေ ကျွန်တော်တို့ပြည်သူတွေနဲ့တော်တော်လေး လားလားမှ ဒီအခြေအနေကမအပ်စပ်ဘူး။ ဒါဒီကနေပြီး တရားဝင်ပြောတာဖြစ်ပါတယ်။

ခုနေ အာဏာရပါတီရဲ့ကိုယ်စားလှယ်တွေ ခေါင်းဆောင်တွေ သေသေချာချာပြန်ပြီးသုံးသပ်ဖို့လိုတယ်။ သေသေချာချာ ပြန်ပြီးတော့ review လုပ်ဖို့လိုတယ်။ ကိုယ့်ကိုထောက်ခံတဲ့လူတွေကို ကိုယ်အနိုင်ကျင့်နေသလို လုပ်တာမကောင်းဘူးလို့ အဲလိုပဲ ကျွန်တော်ပြောချင်ပါတယ်။ ဒါတစ်ခုပေါ့။ နောက်ဆုံးပြောချင်တာကတော့ ခုနလိုပုဂ္ဂိုလ်မျိုးတွေက အစိုးရအဖွဲ့ထဲမှာ ပါတာ တာဝန်ကြီးကြီးတွေယူတဲ့အခါကျတော့ ကျွန်တော်တို့တိုင်းပြည်ရဲ့နိုင်ငံရေး Direction ပေါ့။ လားရာက ပိ်ုက်ဆံရှိတဲ့လူ ၊ ငွေရှိတဲ့လူ ၊သေနတ်ရှိတဲ့လူ အဲလူတွေက အစုအဖွဲ့နဲ ့ရေရှည်အာဏာယူပြီးတော့ ကျွန်တော်တို့ပြည်သူတွေကို အုပ်ချုပ်မယ်ဆိုတဲ့ direction ဖြစ်နေတယ်။ ကျွန်တော်တို့ယူချင်တဲ့ တန်းတူရေး၊ ကျွန်တော်တို့ယူချင်တဲ့ တရားမျှတမှု၊ ကျွန်တော်တို့လိုချင်တဲ့ လူတွေရဲ့ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးကို အလေးထားမှု၊ ကျွန်တော်တို့လိုချင်တဲ့ လွှတ်လပ်မှု အဲဒါတွေကိုသွားတာ မဟုတ်ဘဲနဲ့ ကျွန်တော်တို့တိုင်းပြည်နိုုင်ငံရေးရဲ့ Direction က ငွေရှိတဲ့လူတစ်စုက၊ အရှိန်အဝါရှိတဲ့ လူတစ်စုက၊ လက်နက်တွေရှိတဲ့လူတစ်စုက အဲလူတွေကပေါင်းပြီးတော့ ရေရှည်မှာ တိုင်းပြည်ကိုစီမံခန့်ခွဲမယ်ဆိုတဲ့ အလားအလာကို ကနေ့ တွေ့နေရပါတယ်။

အဲလိုအခြေအနေမျိုးက နိုင်ငံတကာမှာ၊ တချို့နိုင်ငံတွေမှာ ဖြစ်ခဲ့ပျက်ခဲ့ဖူးပါတယ်။ ကျွန်တော်တို့သာ သေသေချာချာ မဆက်စပ်ဘူး။ ကျွန်တော်တို့သာ သေသေချာချာအခြေအနေမှန်ကို မမြင်ဘူး။ ကျွန်တော်တို့သေသေချာချာ ဆက်စပ်ပြီးအလုပ်မလုပ်နိုင်ဘူး။ ဒါကြီးကို မကျော်နိုင်ဘူးဆိုရင် ကျွန်တော်တို့တိုင်းပြည်ရဲ့ရေရှည်အခြေအနေဟာ မကောင်းနိုင်ဘူးလို့ ကျွန်တော်မြင်ပါတယ်။ ဆရာကြီးရဲ့ ၁၄၂ မြောက်မွေးနေ့မှာ ဒီစကားတွေပြောရတာဟာ ကျွန်တော်အနေနဲ့ အားလည်းအားနာတယ်။ ဝမ်းလည်းဝမ်းနည်းတယ်။ ခုအခြေအနေတွေကို ကျွန်တော်မြင်တဲ့အမြင်ကို ရိုးရိုးသားသား ဝမ်းနည်းပက်လက်ပြောတာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကို ကျွန်တော်တို့ကျော်ဖို့လိုတယ်။ ခင်ဗျားတို့ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေ၊ CSO တွေ ၊ သစ်သီးပုဂ္ဂလတွေ အဲသလိုမဟုတ်ဘဲနဲ့ ကျွန်တော်တို့အကုန်လုံးသေသေချာချာ ဆက်စပ်ပြီး ဒီအခြေအနေကြီးကို တောင့်ခံနိုင်မှ ဒါကြီးကို ကျော်အောင် ကြိုးစားကြမှ ဖြစ်လိမ့်မယ်လို့ ကျွန်တော်တော့ အဲလိုထင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

[ngg_images source=”galleries” container_ids=”374″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]