အထွေထွေနိုင်ငံရေးသဘောထား

နိဒါန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် (၁၃၅ဝ – ပြည့်နှစ်) ဒီမိုကရေစီအရေးတော်ပုံကြီးက သန္ဓေတည်မွေးဖွားပေးခဲ့သော နိုင်ငံရေးပါတီတစ်ရပ်ဖြစ်ပေသည်။ ဤကြီးမြတ်၍ ဂုဏ်ပြောင်သော အရေးတော်ပုံကြီးပင်လျှင် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးနှင့် ဒီမိုကရေစီရေးတို့အတွက် အစဉ်တစိုက် တိုက်ပွဲဝင်ခဲ့သော မြန်မာပြည်လူမျိုးစုံပြည်သူတို့၏ တော်လှန်ရေးကြီးနှင့် သီးခြားကင်းလွတ်၍ ပေါ်ပေါက်ခဲ့ခြင်းကားမဟုတ်။ ထို့အတူ လွတ်လပ်ပြီးနောက်ပိုင်း အာဏာရအစိုးရ အဆက်ဆက်က ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားသွေးစည်းခိုင်မာရေးပြဿနာတို့ကို ပြေလည်အောင် မဖြေရှင်းနိုင်ခဲ့သောကြောင့် ဖြစ်ပေါ် ခဲ့ရသည့် ဥပဒေတွင်း လူထုတိုက်ပွဲအသီးသီး၏ အဆက်လည်းဖြစ်သည်။ အထူးသဖြင့် (၁၉၆၂) ခုနှစ်၌ မြန်မာပြည်ရှိ ဒီမိုကရေစီ အခွင့်အရေးအနည်းအပါးကိုပင် ရိုက်ချိုးဖျက်ဆီးပြီး စစ်အာဏာရှင်စနစ်ကို အခိုင်အမာကိုင်စွဲခဲ့သော အာဏာသိမ်း စစ်အုပ်စုအား ဆန့်ကျင်ပုန်ကန်ခဲ့ကြသည့် ၁၉၆၂ ခုနှစ် ဇူလိုင် (၇) ရက်၊ (၁၉၆၇)၊ (၁၉၆၉)၊ (၁၉၇၄)၊ (၁၉၇၅)၊ (၁၉၇၆)၊ (၁၉၈၇) စသည့်နှစ်များတွင် ဖြစ်ပွားခဲ့သော ဥပဒေတွင်း ကျောင်းသားထု၊ အလုပ်သမားထုနှင့် ပြည်သူလူထုတို့၏ တိုက်ပွဲအသီးသီးနှင့်လည်း တဆက်တည်းဖြစ်သည်။ ထို့ကြောင့်ပင် မြန်မာပြည်ဒီမိုကရေစီအရေးတော်ပုံကြီး၏ အဆင့်ဆင့်ဖြစ်ပေါ်တိုးတက်မှုအရ လူ့ဘောင်သစ်ဒီမို ကရက်တစ်ပါတီသည် မြန်မာပြည်လူမျိုးစုံပြည်သူတို့ ဆင်နွှဲခဲ့သော၊ ဆင်နွှဲလျက်ရှိသော ဒီမိုကရေစီအရေးတော်ပုံကြီး၏ တာဝန်များကို ဆက်ခံထမ်းရွက်ရန် စုစည်းခဲ့သည့် မျိုးဆက်သစ်နိုင်ငံရေးပါတီတစ်ရပ် ဖြစ်ပေသည်။

ပါတီ၏ အခြေခံနိုင်ငံရေးအယူအဆနှင့် တန်ဘိုးထားမှုများ
(လွတ်လပ်မှု၊ တန်းတူမှု၊ သွေးစည်းညီညွတ်မှုနှင့် ဒီမိုကရေစီ)

လွတ်လပ်မှု၊ တန်းတူမှုနှင့် သွေးစည်းညီညွတ်မှုတို့သည် ဒီမိုကရေစီလူ့အဖွဲ့အစည်း၏ အခြေခံအုတ်မြစ်များဖြစ်သည်။ တပြိုင်နက်တည်းတွင်ပင် ဒီမိုကရေစီလူ့အဖွဲ့အစည်းတရပ်သည်သာလျှင် လွတ်လပ်မှု၊ တန်းတူမှုနှင့် သွေးစည်းညီညွတ်မှုတို့အား လက်တွေ့တွင် အာမခံနိုင်လိမ့်မည်။ လူသားတို့၏ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာတန်းတူမှုနှင့် ငြိမ်းချမ်းသည့် ဘဝတို့အား ဖော်ဆောင်နိုင်လိမ့်မည်ဟု မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ယုံကြည်သည်။

လွတ်လပ်မှု

လူတိုင်းလူတိုင်း ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရမှုမှ ကင်းလွတ်စေရမည်။ ငတ်မွတ်ခေါင်းပါးမှုဘေးမှ ကင်းလွတ်စေရမည်။ အသိပညာကင်းမဲ့မှုနှင့် အကြောက်တရားမျိုးစုံတို့မှလည်း လွတ်မြောက်စေရမည်။ မိမိတို့၏ ကံကြမ္မာအား မိမိတို့ဘာသာ ဆုံးဖြတ်နိုင်ခွင့်ရှိစေရမည်။ မိမိ တစ်ဦးချင်းစီ၏ဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မိမိလူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များအား လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ် ဆောင်ရွက်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့် ရှိစေရမည်။
လွတ်လပ်စွာ ဆန္ဒမဲပေးပိုင်ခွင့်၊ လွတ်လပ်စွာ တွေးခေါ်ယုံကြည်ခွင့်၊ လွတ်လပ်စွာ ပြောဆိုစည်းရုံးခွင့် စသည့် အခြေခံလူမှုအခွင့်အရေးများသည် လွတ်လပ်မှု၏ အခြေခံအခြေအနေများဖြစ်ပေသည်။ သို့သော်လည်း လူတို့၏ စီးပွါးရေးဘဝနှင့် လူတန်းစားကွဲပြားခြားနားမှုများက ၎င်းလွတ်လပ်မှုအခြေအနေများအား လက်တွေ့အကောင်အထည်ဖော်ရာတွင် လူတစ်ဦးချင်းစီအား သိသာစွာ ကွဲပြားခြားနားစေသည်။ မိမိကံကြမ္မာအား မိမိဆုံးဖြတ်ခွင့်ရှိသည်ဆိုသည့် လူတစ်ဦးချင်းစီ၏ အခွင့်အရေးများအားလည်း ကြီးစွာသက်ရောက်စေသည်။
လွတ်လပ်မှုဆိုသည်မှာ စီးပွားရေးအရ ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရမှု၊ လူမျိုးရေးအရ၊ ယဉ်ကျေးမှုအရ၊ ဘာသာရေးအရ၊ လိင်အရ ဖိနှိပ်ခံရမှုတို့မှလည်းကောင်း၊ အခြားသဏ္ဌာန်ပေါင်းစုံဖြင့် ခွဲခြားဆက်ဆံခံရမှုတို့မှလည်းကောင်း လွတ်မြောက်ခြင်းဖြစ်သည်။ ထိုသို့သော လွတ်လပ်မှုသည်သာ လူတစ်ဦးချင်းစီအတွက်လည်းကောင်း၊ လူ့အဖွဲ့အစည်းအတွက်လည်းကောင်း ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အား ဆောင်ကျဉ်းနိုင်လိမ့်မည်ဖြစ်သည်ဟု မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ယုံကြည်သည်။

တန်းတူမှု

လူတစ်ဦးချင်းစီ၌ တူညီသောတန်ဘိုး၊ တူညီသောဂုဏ်သိက္ခာ၊ တူညီသောအခွင့်အရေးရှိသည်။ တန်းတူညီမျှအခွင့်အရေးသည် လူတစ်ဦးချင်းစီ၏ မိမိကြမ္မာမိမိဖန်တီးရေးနှင့် မိမိတို့လူ့အဖွဲ့အစည်း တိုးတက်ဖြစ်ထွန်းရေးတို့အား ပါဝင်ဆောင်ရွက်နိုင်ရေးတို့တွင် သော့ချက်ကျသော ကိစ္စရပ်တစ်ခုဖြစ်ပေသည်။
တန်းတူမှုဟုဆိုရာ၌ အကြွင်းမဲ့တန်းတူရေးကို ဆိုလိုခြင်းမဟုတ်သကဲ့သို့ လူသားတိုင်း တစ်ပုံစံတည်း တည်ရှိရမည်ဟု ဆိုလိုခြင်းလည်း မဟုတ်ပေ။ လွတ်လပ်စွာရွေးချယ်ခွင့်နှင့် လွတ်လပ်စွာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တို့သည်လည်း တန်းတူမှု၏ အခြေခံများဖြစ်သည်။
တန်းတူမှုသည် လွတ်လပ်မှု၏ အခိုင်အမာအခြေခံတရပ်ဖြစ်သည်။ တန်းတူမှုမရှိက လွတ်လပ်မှုမရှိနိုင်ဟု မိမိတို့က ယုံကြည်သည်။

သွေးစည်းညီညွတ်မှု

လူတိုင်းလူတိုင်းသည် တစ်ဦးတည်းရပ်တည်၍ မဖြစ်နိုင်ပေ။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်မှီခိုလက်တွဲလျှက် လူတစ်ဦးချင်းစီ ဖွံ့ဖြိုးတိုးတက်လာသကဲ့သို့ပင် လူ့အဖွဲ့အစည်းသည်လည်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နေခြင်းဖြစ်သည်။ လူ့အဖွဲ့အစည်းတို့၏သမိုင်းသည် လူသားတို့ ရုန်းကန်လှုပ်ရှားခဲ့ရသော သမိုင်းပင်ဖြစ်သည်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတရေးအပါအဝင် လူ့အဖွဲ့အစည်းအဆင့်ဆင့်ဖြစ်ပေါ်တိုးတက်ရေးတို့အတွက် လူသားတို့ အတူတကွ ရုန်းကန်လှုပ်ရှားခဲ့ရသော တိုက်ပွဲများ၊ သမိုင်းများအား ယုံကြည်သည်။ အတူတကွရုန်းကန်လှုပ်ရှားမှုများဖြင့်သာ တနည်းအားဖြင့် သွေးစည်းညီညွတ်သော လှုပ်ရှားမှုများဖြင့်သာ လူသားတို့သည် ပိုမိုတိုးတက်ကောင်းမွန်သော လူ့အဖွဲ့အစည်းများအား ဆက်လက်တည်ဆောက်နိုင်ကြပေလိမ့်မည်။

အထွေထွေနိုင်ငံရေးဦးတည်ချက်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် မြန်မာပြည်လူ့အဖွဲ့အစည်း၏ ဖြစ်ပေါ်တိုးတက်မှု ပကတိအခြေအနေအရပ်ရပ်ကို မှန်ကန်သော သမိုင်းရေးအမြင်ဖြင့် သုံးသပ်လျက် လူမျိုးစုံပြည်သူလူထုတစ်ရပ်လုံး ယနေ့ရင်ဆိုင်နေရသည့် အမျိုးသားဖိနှိပ်မှု အပါအဝင် မတရားဖိနှိပ်မှုအပေါင်းမှ လွတ်မြောက်ပြီး ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာစေရန် လတ်တလောအားဖြင့် အောက်ပါ နိုင်ငံရေးဦးတည်ချက်များကို မဖြစ်မနေ အကောင်အထည်ဖော်ရမည်ဟု အခိုင်အမာယုံကြည်သည်။

(က) ဒီမိုကရေစီရေး
(ခ) လူ့အခွင့်အရေးကို အပြည့်အဝအာမခံနိုင်ရေး
(ဂ) ငြိမ်းချမ်းရေး
(ဃ) အမျိုးသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်သော ပြည်နယ်ပေါင်းစုပြည်ထောင်စုကြီး တည်ဆောက်ရေး
(င) အစဉ်ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အစည်းတည်ဆောက်ရေး

ပါတီ၏ အခြေခံနိုင်ငံရေးရပ်တည်မှု

(က) ပါတီသည် မိမိတိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြဿနာများအား ချဉ်းကပ်ရာတွင်လည်းကောင်း၊ ဒေသတွင်း ပြဿနာများနှင့် နိုင်ငံတကာရှိ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်ရေးဆိုင်ရာ ပြဿနာများအား ချဉ်းကပ်ရာတွင်လည်းကောင်း လူသားတို့ ဖြတ်သန်းတိုးတက်ခဲ့ရသော လူမှုရေးလက်တွေ့အပေါ်တွင် အခြေခံ၍ စဉ်းစားဆောင်ရွက်မည်ဖြစ်သည်။ (လူမှုရေးလက်တွေ့ဟုဆိုရာ၌ လူ့အဖွဲ့အစည်းအဆင့်ဆင့် ဖြစ်ပေါ်တိုးတက်မှု၊ လူတန်းစားတိုက်ပွဲ၊ ကုန်ထုတ်လုပ်ရေး ဖြစ်ပေါ်တိုးတက်မှု၊ နိုင်ငံရေးဘဝ၊ ဝိဇ္ဇာ-သိပ္ပံပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတို့ အပါအဝင်ဖြစ်သည်။)
(ခ) ပါတီသည် “လူတစ်ဦးချင်းစီ၏ အတွေးအခေါ်၌ လူတန်းစားလက္ခဏာ ဖော်ပြချက်ရှိသည်” ဟူသော အခြေခံအား ဆုပ်ကိုင်လျက် တိုင်းပြည်အတွင်း၊ နိုင်ငံတကာလှုပ်ရှားမှုများအတွင်း အဖိနှိပ်ခံလူတန်းစားများဘက်မှ အစဉ်ရပ်တည် ကာကွယ်ဆောင်ရွက်သွားမည်ဖြစ်သည်။
(ဂ) ပါတီသည် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားသွေးစည်းညီညွတ်ရေးတို့ကို တည်ဆောက်တိုးချဲ့ ကာကွယ်ရာတွင် မိမိတို့၏ လူမှုရေးလက်တွေ့ကို သော့ချက်ကျသော အဖြေရှာမှုအဖြစ် ဆုပ်ကိုင်သွားမည်။ ပါတီသည် ဒီမိုကရေစီဘောင်အတွင်း တရားမျှတမှုအား အခိုင်အမာတောင်းဆိုပြီး အလုပ်သမား၊ လယ်သမား၊ လူလတ်တန်းစား၊ အမျိုးသားဓနရှင်စသော အဖိနှိပ်ခံပြည်သူတို့၏ အခွင့်အရေးများ အပြည့်အဝရရှိရေးအတွက် အစွမ်းကုန် ဆောင်ရွက်သွားမည်။ ထို့အပြင် လူမျိုးရေးအရ၊ ယဉ်ကျေးမှုအရ၊ ဘာသာရေးအရ၊ လိင်အရ ဖိနှိပ်ခွဲခြားဆက်ဆံမှုများကို တိုက်ဖျက်သွားမည်။
(ဃ) မိမိတိုင်းပြည်နှင့် နိုင်ငံတကာပြဿနာများအား ဖြေရှင်းကြရာတွင်လည်း ပါတီအနေဖြင့် တိုင်းပြည်အတွင်းရှိ အဖိနှိပ်ခံပြည်သူတို့၏ သွေးစည်းညီညွတ်မှု၊ နိုင်ငံတကာပြည်သူတို့၏ သွေးစည်းညီညွတ်မှုဆိုင်ရာလှုပ်ရှားမှုများဖြင့်သာ အောင်ပွဲခံနိုင်မည်ဟု ယုံကြည်သည်။

မြန်မာပြည်နိုင်ငံရေးအင်အားစုများ၏ တာဝန်

မြန်မာ့လူ့အဖွဲ့အစည်းတွင် လူမျိုးပေါင်းစုံပြည်သူအသီးသီးသည် နိုင်ငံရေးအရ၊ စီးပွါးရေးအရ၊ လူမှုရေးအခြေအနေများအရ ဖိနှိပ်မှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရမှု အခြေအနေများမှ လွတ်မြောက်ခြင်းမရှိသေးပေ။ ထို့နည်းတူစွာပင် လူမျိုးရေးအရ၊ ဘာသာရေးအရ၊ လိင်အရ ခွဲခြားဆက်ဆံခံရမှု အခြေအနေများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။ ထိုအခြေအနေတို့၏ အရင်းခံအကြောင်းတရားဖြစ်သော လက်ရှိ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးစနစ်တို့သည် မိမိတို့ပါတီအပါအဝင် နိုင်ငံရေးအင်အားစုများမှ ဖျက်သိမ်းပစ်ရမည့် သို့မဟုတ် ပြောင်းလဲပစ်ရမည့် အဆောက်အဦများဖြစ်သည်။
လက်ရှိဖြစ်ထွန်းလာသော အခြေအနေအချို့ကိုဆုပ်ကိုင်၍ မိမိတို့အပါအဝင် နိုင်ငံရေးအင်အားစုများသည် တိုင်းပြည်အား စစ်မှန်သည့် ဒီမိုကရေစီရေးအပြောင်းအလဲပေါ်သို့ ရောက်ရှိရန်လည်းကောင်း၊ စစ်မှန်သည့် ငြိမ်းချမ်းမှုတည်ဆောက်ရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိရန်လည်းကောင်း လက်တွဲဆောင်ရွက်ကြရမည်ဖြစ်သည်။ သို့မှသာ တိုင်းပြည်သည် အစဉ်ဖွံ့ဖြိုးတိုးတက်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိနိုင်မည်ဖြစ်ပြီး ဖော်ပြပါ ခေါင်းပုံဖြတ်အမြတ်ထုတ်မှု၊ ဖိနှိပ်မှုနှင့် ခွဲခြားဆက်ဆံခံရမှု အခြေအနေများအား ကျော်လွှားနိုင်မည်ဖြစ်သည်။

တိုင်းရင်းသားနိုင်ငံရေးအင်အားစုများနှင့် ပတ်သက်သောသဘောထား

တိုင်းရင်းသားလူမျိုးအသီးသီး၏ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်သည် လူမျိုးတိုင်း၏ မွေးရာပါအခွင့်အရေး ဖြစ်သည်။ ၎င်းတို့တွင် ကိုယ်ပိုင်ဒေသ၊ ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ ဘာသာစာပေတို့မှာ မူလကတည်းက တည်ရှိပြီးဖြစ်သည်။ ပဒေသရာဇ် စနစ်၊ နယ်ချဲ့စနစ်၊ စစ်အာဏာရှင်စနစ်နှင့် ဖောက်ပြန်သည့် အုပ်စိုးသူတို့ကြောင့်သာ တိုင်းရင်းသား လူမျိုးအသီးသီး၏ တရားအရ တည်ရှိပြီးအခွင့်အရေးတို့သည် စော်ကားဖျက်ဆီးခြင်း ခံနေရပေသည်။ ထို့ကြောင့် တိုင်းရင်းသားလူမျိုးများအနေဖြင့် မွေးရာပါ အခွင့်အရေးများကို ခုခံကာကွယ်နေသော နိုင်ငံရေး၊ လူမှုရေးလှုပ်ရှားမှုအသီးသီးသည် တရားမျှတသော လှုပ်ရှားမှုများဖြစ်သည်ဟု မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ယုံကြည်သည်။
တိုင်းရင်းသားလူမျိုးအသီးသီး၏ မွေးရာပါအခွင့်အရေးတို့အား အာမခံခြင်းသည် တိုင်းပြည်၏ ငြိမ်းချမ်းရေးအား တည်ဆောက်ခြင်းလည်းဖြစ်ပေသည်။

အမျိုးသားရေးပြဿနာနှင့် အမျိုးသားသွေးစည်းညီညွတ်မှု တည်ဆောက်ရေးအပေါ် သဘောထား

အမျိုးသားရေးပြဿနာဆိုသည်မှာ အမျိုးသားသွေးစည်းညီညွတ်မှု တည်ဆောက်ရေးဆိုင်ရာ ပြဿနာပင်ဖြစ်သည်။ ပဒေသရာဇ်ခေတ်မှစ၍ ယနေ့ထိတိုင် မြန်မာပြည် လူ့အဖွဲ့အစည်းအတွင်းရှိ တိုင်းရင်းသားလူမျိုးအသီးသီးတို့သည် လက်တွေ့တွင် အမှန်တကယ်ညီညွတ်မှု မရရှိခဲ့ကြပေ။ ထိုပြဿနာနှင့်ပတ်သက်၍ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဘောထားမှာ တိုင်းရင်းသားလူမျိုးများ၏ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံရေးပင်ဖြစ်သည်။

တပ်ပေါင်းစုနှင့်ပတ်သက်သော သဘောထား

မြန်မာပြည်နိုင်ငံရေး၏ အခြေအနေများသည် နိုင်ငံရေးအင်အားစုများအကြားတွင် လိုအပ်ချက်နှင့်ကိုက်ညီသော ဘုံလုပ်ငန်းစဉ်တစ်ရပ်ကို အနှစ်သာရအရ ဖော်ဆောင်ရန် တောင်းဆိုနေသည်ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ယူဆသည်။
ယနေ့အခြေအနေတွင် နိုင်ငံရေးအင်အားစုအသီးသီးသည် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ ပြည်ထောင်စုတည်ဆောက်ရေး စသည့်ရည်မှန်းချက်များအပေါ်တွင် အခြေခံအားဖြင့် တူညီကြသော်လည်း လက်တွေ့ပေါင်းစပ်မှု အားနည်းလျက်ရှိသည်ဟု မိမိတို့ပါတီက သုံးသပ်သည်။
ပါတီသည် နိုင်ငံရေးအင်အားစုအသီးသီး၏ ခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှုများဖြင့်သာ တိုင်းပြည်အား စစ်မှန်သည့် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ ပြည်ထောင်စုတည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ်သို့ အခိုင်အမာရောက်ရှိရန် ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်သည်။
တပြိုင်နက်တည်းမှာပင် နိုင်ငံရေးအင်အားစု အသီးသီးအနေဖြင့် လက်တွေ့လုပ်ငန်းစဉ်များတွင် အပြန်အလှန်နားလည်မှုရကာ အမျိုးသားသွေးစည်းညီညွတ်မှု ပြဿနာကိုပါ ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်ဟု ပါတီအနေဖြင့် ယုံကြည်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သော သဘောထား

မြန်မာပြည်လူမျိုးစုံပြည်သူလူထုတစ်ရပ်လုံးနှင့် နိုင်ငံတကာပြည်သူများက လေးစားတန်ဖိုးထားသော လူထုခေါင်းဆောင် ဖြစ်သည်။ မြန်မာပြည်၏ နိုင်ငံရေးပြဿနာများအား ဖြေရှင်းရာတွင် ဦးဆောင်ပါဝင်ရမည့် ခေါင်းဆောင်တစ်ဦးအဖြစ် သဘောထားသည်။

မြန်မာ့တပ်မတော်အပေါ် သဘောထား

မြန်မာ့တပ်မတော်သည် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ အမျိုးသားလွတ်လပ်ရေးတိုက်ပွဲများမှ ပေါ်ပေါက်ခဲ့သည်။ ထိုအစဉ်အလာကိုထိန်းသိမ်းပြီး နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ရန်တာဝန်ရှိသည်။
“နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်မှ ပါဝင်ထမ်းဆောင်နိုင်ရေးကို အစဉ်တစိုက်ဦး တည်သည်” ဆိုသည့်အချက်မှာ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးလမ်းကြောင်းနှင့် သွေဖီနေသည်ဟု မိမိတို့ပါတီက သဘောထားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) အပေါ်သဘောထား

ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို ရေးဆွဲအတည်ပြုပြဋ္ဌာန်းရာတွင် တိုင်းပြည်ရှိ နိုင်ငံရေးအင်အားစုအားလုံး တန်းတူရည်တူ၊ ဒီမိုကရေစီနည်းကျ ပါဝင်နိုင်ရမည်။ ထိုဖြစ်စဉ်တွင် ပြည်သူတို့၏ လွတ်လပ်စွာ ပါဝင်ခွင့် အပြည့်အဝ ရှိရမည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) သည် ပြည်သူတို့၏ ဒီမိုကရေစီအခွင့်အရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အား အာမခံနိုင်ခြင်းမရှိချေ။ ထို့ကြောင့် အနှစ်သာရအရ ဒီမိုကရေစီရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အား အပြည့်အဝအာမခံနိုင်သော ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ဖြစ်စေရန် ပြင်ဆင်ရေးဆွဲရမည်ဟု မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ယုံကြည်သည်။

တွေ့ဆုံဆွေးနွေးရေးအပေါ်  သဘောထား

မြန်မာပြည်တွင် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးရရှိစေရန်အတွက် နိုင်ငံရေးပြဿနာများကို အဖြေရှာရာတွင် တွေ့ဆုံဆွေးနွေးမှုသည် အမျိုးသားကျေပြုန်းမှု အနည်းဆုံးနှင့်အသင့်တော်ဆုံး နည်းလမ်းတစ်ရပ်ဖြစ်သည်။
လက်ရှိအစိုးရ၊ ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားအင်အားစုများပါဝင်ပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှသာလျှင် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော လက်ရှိနိုင်ငံရေးပြဿနာအရပ်ရပ်အား ဖြေရှင်းနိုင်မည်ဖြစ်သည့်အပြင် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်ဟု ယုံကြည်သည်။
တန်းတူမှုလည်းရှိ၊ လွတ်လပ်မှုလည်းရှိပြီး အင်အားစုအားလုံးပါဝင်သော နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာရေးသည် တစ်မျိုးသားလုံးအတွက် အဓိကကျသည့် နိုင်ငံရေးလုပ်ငန်းစဉ်တစ်ရပ်အဖြစ် မိမိတို့ပါတီမှ သဘောထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပေါ် သဘောထား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ယနေ့ကာလ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါ ဝင်သော အဖွဲ့အစည်းကြီးဖြစ်သည်။

ပြည်နယ်ပေါင်းစုပြည်ထောင်စု တည်ဆောက်ရေးအပေါ်  သဘောထား

မြန်မာပြည်လူ့အဖွဲ့အစည်း၏ နိုင်ငံရေးပြဿနာများပြေလည်ပြီး စစ်မှန်သောငြိမ်းချမ်းရေးရရှိရန်အတွက် တိုင်းရင်းသားလူမျိုးများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသော ပြည်နယ်ပေါင်းစုပြည်ထောင်စုကို တည်ဆောက်ကြရမည်ဖြစ်သည်။

အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ်  သဘောထား

လက်ရှိအစိုးရ၏ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများနှင့် ပြုလုပ်နေသော အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အားလုံးလက်ခံနိုင်သည့် မူဝါဒသဘောထားနှင့် အကောင်အထည်ဖော်မှုများ လိုအပ်လျက်ရှိသည်။ တိကျသော အချိန်ဇယားသတ်မှတ်မှု ရှိသင့်သည်။ အစိုးရ၏ လက်ရှိဆောင်ရွက်နေမှုများတွင် အားလုံးပါဝင်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေး ပွဲနှင့် ပတ်သက်၍ ခိုင်မာသည့် မူဝါဒသဘောထားများ ထင်ထင်ရှားရှား မတွေ့မြင်ရသေးချေ။
နိုင်ငံရေးပြဿနာများအား နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာမှသာလျှင် စစ်မှန်သည့်ငြိမ်းချမ်းရေးအား တည်ဆောက်နိုင်မည်ဖြစ်သည်။ ယနေ့တိုင်းပြည်၏ လိုအပ်ချက်သည် နိုင်ငံရေးအင်အားစုအားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးပွဲ စကားဝိုင်းမှတဆင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး သဘောတူညီမှုများ (National Accord) ရရှိရေးဖြစ်သည်ဟု မိမိတို့ ပါတီမှ သဘောထားသည်။

လယ်ယာမြေ သိမ်းဆည်းမှုများနှင့်ပတ်သက်သော သဘောထား

မြန်မာပြည်လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများဖြစ်ပြီး လယ်ယာအသက်မွေးဝမ်းကြောင်းလုပ်ငန်းအပေါ်တွင် မှီခိုရပ်တည်နေကြရသည်။ ထိုပြည်သူတို့၏ ဘဝ တိုးတက်ပြောင်းလဲမှုမရှိပါက တိုင်းပြည်သည်လည်း ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်သို့ ရောက်ရှိမည်မဟုတ်ချေ။ ဆယ်စုနှစ်နှင့်ချီ၍ စစ်တပ်၊ စစ်အစိုးရ၊ ၎င်းတို့နှင့်နီးစပ်သော စီးပွါးရေးလုပ်ငန်းရှင်ကြီးများက ကျေးလက်နေပြည်သူတို့၏ လယ်ယာမြေအမြောက်အများကို သိမ်းယူမှုများ တိုင်းပြည်အနှံ့ ဖြစ်ပေါ်ခဲ့၊ ဖြစ်ပေါ်နေဆဲ ဖြစ်သည်။ ကျေးလက်နေပြည်သူများ၏ လူမှုဘဝရပ်တည်ရှင်သန်ရေး၊ လယ်ယာမြေအခြေပြု စီးပွါးရေးဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အား ထည့်သွင်းစဉ်းစားခဲ့ပုံမရချေ။ ယနေ့အခြေအနေတွင် လယ်ယာမြေပြန်လည်ရရှိရေး ကြိုးပမ်းအားထုတ်မှုများ တိုင်းပြည်အနှံ့ တွင် ဖြစ်ပေါ်လျှက်ရှိသည်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ၎င်း လယ်ယာမြေပြန်လည်ရရှိရေး ကြိုးပမ်းအားထုတ်မှုများအား အခြေခံအားဖြင့် ထောက်ခံသည်။ တိုင်းပြည်အတွက် မရှိမဖြစ်ပြုလုပ်ရမည့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ ပြုလုပ်ရန် လိုအပ်ပါကလည်း ဒေသခံ ပြည်သူများနှင့် ညှိနှိုင်းခြင်း၊ ခေတ်ကာလနှင့်လျော်ညီသော သင့်တော်သည့် လျော်ကြေးများပေးဆောင်ခြင်း၊ ဒေသခံပြည်သူတို့၏ ရေရှည်ဘဝရပ်တည်နိုင်ရေးအတွက် ဖန်တီးပေးခြင်းတို့ကို မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများအားလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်ဟု မိမိတို့ပါတီက သဘောထားသည်။

လယ်ယာမြေ ပိုင်ဆိုင်မှုအပေါ် သဘောထား

လယ်ယာမြေပြဿနာသည် တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးကြီးသော ပြဿနာတစ်ရပ်ဖြစ်သည်။ လယ်လုပ်သူ လယ်ပိုင်ရေးအတွက် ဆောက်ရွက်ရမည်ဖြစ်သည်။ သင့်တင့်သော လယ်ယာမြေပိုင်ဆိုင်မှုကို ခွင့်ပြုမည်ဖြစ်သော်လည်း မြေရှင်ကြီးစနစ် မထွန်းကားစေရန် ဥပဒေများ ပြဋ္ဌာန်းကာကွယ်ရန် လိုအပ်သည်။ လယ်ယာမြေပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရမည်ဟု မိမိတို့ပါတီက သဘောထားသည်။

အလုပ်သမားလှုပ်ရှားမှုများနှင့်ပတ်သက်သော သဘောထား

အလုပ်သမားများသည် တိုင်းပြည်တွင် အဓိကကျသော လူတန်းစားတစ်ရပ်ဖြစ်သည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၏ အဓိကမောင်းနှင်အားလည်း ဖြစ်သည်။ အလုပ်သမားများ၏ လူမှုစီးပွား ဘဝလုံခြုံရေးနှင့် သာယာရေးအတွက် အာမခံမှု မရှိသေးသရွေ့ ဒီမိုကရေစီဖြစ်ပေါ်ပြောင်းလဲမှုများ စစ်မှန်စွာ ဖြစ်ပေါ်နေသည်ဟု မိမိတို့ပါတီက လက်မခံပေ။ ထို့အတွက် အလုပ်သမားများ၏ အခြေခံရပိုင်ခွင့်များကို ကာကွယ်ပေးသည့် ဥပဒေများ၊ နည်းဥပဒေများနှင့် အကောင်အထည်ဖေါ်မည့် နိုင်ငံတော်ယန္တယားများ၊ အလုပ်သမားသမဂ္ဂများ အခိုင်အမာပေါ်ထွန်းလာရန် လိုအပ်သည်။
ထိုသို့သော လိုအပ်ချက်များကြောင့် တိုင်းပြည်အနှံ့တွင် အလုပ်သမားများ၏ အခွင့်အရေးဆိုင်ရာ တောင်းဆိုမှုများ တိုက်ပွဲများ ဖြစ်ပေါ်နေရခြင်းဖြစ်သည်။ အလုပ်သမားများ၏ တရားမျှတသော တောင်းဆိုမှုများ တိုက်ပွဲများကို မိမိတို့ပါတီက အခြေခံအားဖြင့် ထောက်ခံသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပေါ် သဘောထား

တိုင်းပြည်၏ အမျိုးသားစီးပွားရေး၊ ပြန်လည်ထူထောင်ရေးနှင့် အစဉ်ဖွံ့ဖြိုးတိုးတက်သော နိုင်ငံသစ်တည်ဆောက်ရေးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ လိုအပ်ချက်တစ်ရပ်ဖြစ်သည်။ ထို့ကြောင့် အမျိုးသားစီးပွားရေးကို အထောက်အကူပြုစေမည့် အပြန် အလှန်အကျိုးစီးပွားအပေါ်အခြေခံသော နိုင်ငံခြားရင်နှီးမြှုပ်နှံမှုကို လက်ခံမည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအပေါ် သဘောထား

သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် ဖြစ်ပေါ်နေသော အကျိုးဆက်များသည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ရှင်သန်မှုနှင့် ဂေဟစနစ်ကို အန္တရာယ်ပြုလျက်ရှိနေပေသည်။ သဘာဝအရင်းအမြစ်များကို ထုတ်ယူသုံးစွဲရာတွင် ဒေသခံပြည်သူလူထု၏ သဘောဆန္ဒအပေါ်တွင်လည်းကောင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များနှင့် တက်ကြွလှုပ်ရှားသူများ၏ အမြင်သဘော ထားများအပေါ်တွင်လည်းကောင်း၊ နိုင်ငံတကာစံချိန်စံညွှန်းများအပေါ်တွင်လည်းကောင်း အခြေခံရမည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်သွားရန် လိုအပ်သည်။

အကြမ်းဖက်ဝါဒနှင့်ပတ်သက်သော သဘောထား

အကြမ်းဖက်ဝါဒ၊ အကြမ်းဖက်မှုနှင့် အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေးလှုပ်ရှားမှုများ ကမ္ဘာအနှံ့တွင် တည်ရှိနေကြသည်။ တပြိုင်နက်တည်းမှာ ကမ္ဘာ့နေရာအသီးသီးတွင် အုပ်စိုးသူအစိုးရတို့၏ဖိနှိပ်မှုကြောင့် အမျိုးသားအသီးသီးတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူရေးနှင့် ဒီမိုကရေစီအခွင့်အရေးတို့ ဆုံးရှုံးနေကြရပေသည်။ ထိုဆုံးရှုံးနေသော အခွင့်အရေးများရရှိရေးအတွက် အဖိနှိပ်ခံတို့ ဘက်က ခုခံစစ်ပွဲများကို ဆင်နွဲနေကြရသည်။ ထို့အတွက် အဖိနှိပ်ခံတို့၏ ခုခံစစ်ပွဲများနှင့် အကြမ်းဖက်ဝါဒအား မရောထွေးသင့်ပေ။
မိမိတို့ပါတီအနေဖြင့် အကြမ်းဖက်ဝါဒကိုဆန့်ကျင်ပြီး ခုခံစစ်ပွဲများအား ထောက်ခံသည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအပေါ် သဘောထား

မူးယစ်ဆေးဝါးပြဿနာသည် အရေးတကြီးတိုက်ဖျက်ရန်လိုအပ်သည့် ပြဿနာကြီးတစ်ရပ်ဖြစ်သည်။ စစ်တမ်းများအရ မြန်မာနိုင်ငံသည် ဘိန်းအများဆုံးထွက်ရှိသည့် နိုင်ငံများအနက် နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာတွင် နာမည်ဆိုးနှင့် ကျော်ကြားလျက်ရှိသည်။
ပါတီအနေဖြင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ စိုက်ပျိုးမှု၊ ထုတ်လုပ်ဖြန့်ချိမှု၊ သုံးစွဲမှုများကို ဆန့်ကျင်တိုက်ဖျက်သွားမည် ဖြစ်သည်။

နိုင်ငံတကာအကူအညီများနှင့်ပတ်သက်သော သဘောထား

နိုင်ငံတကာအကူအညီများနှင့်ပတ်သက်၍ ပြည်သူလူထုအနေဖြင့်လည်းကောင်း၊ တိုင်းပြည်အနေဖြင့်လည်းကောင်း အမှန်တကယ်လိုအပ်လျက်ရှိသည်။
ထိုအကူအညီများသည် ပြည်သူလူထုအတွက် အကျိုးရှိ မရှိ၊ လိုအပ်နေသော နေရာများသို့ လက်တွေ့ရောက် မရောက်ကို ပြည်သူလူထုက စနစ်တကျစောင့်ကြည့်ခွင့်၊ စနစ်တကျ စုံစမ်းစစ်ဆေးခွင့် ရရှိရမည်ဖြစ်သည်။ အစိုးရအနေဖြင့်လည်းကောင်း၊ သက်ဆိုင်ရာ နိုင်ငံအသီးသီးအနေဖြင့်လည်းကောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးအနေဖြင့်လည်းကောင်း တိုင်းပြည်အတွက်ပေးအပ်သည့် အကူအညီများနှင့်ပတ်သက်၍ အများပြည်သူလေ့လာနိုင်ရန် စာရင်းဇယားများကို စနစ်တကျ ထုတ်ပြန်ပေးရမည်ဖြစ်သည်။
ပြည်သူများက နိုင်ငံတကာအကူအညီများအပေါ်တွင် မှီခိုလွန်းသည့်အခြေအနေသို့ ရောက်ရှိမသွားစေရန်နှင့် အကူအညီများအား အလွဲသုံးစားပြုလုပ်မှုများမှ ကာကွယ်နိုင်ရန်တို့အတွက် လိုအပ်သည့် ပညာပေးရေးလုပ်ငန်းများ၊ စောင့်ကြည့်လေ့လာသည့်လုပ်ငန်းများအား ပါတီအနေဖြင့် လူထုအခြေပြု လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ကြိုးပမ်းသွားမည်။

အမျိုးသမီးအခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများအပေါ် သဘောထား

အမျိုးသမီးအခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများသည် အဖိနှိပ်ခံပြည်သူတစ်ရပ်လုံး၏ လွတ်မြောက်ရေးလှုပ်ရှားမှုများနှင့် တဆက်တစပ်တည်းဖြစ်သည်။ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တန်းတူရေး တိုက်ပွဲများနှင့်လည်း တဆက်တစပ်တည်း ဖြစ်သည်။ ထို့ကြောင့် ပါတီအနေဖြင့် ၎င်းလှုပ်ရှားမှုများနှင့် လက်တွဲဆောင်ရွက်သွားမည်။
တပြိုင်နက်တည်းတွင် လူ့အဖွဲ့အစည်းအတွင်းတည်ရှိနေသော အဖကြီးစိုးမှုနှင့် မဟာဖိုဝါဒတို့ကို တိုက်ဖျက်သွားရမည်။ ထိုပြဿနာသည် လူ့အဖွဲ့အစည်းအတွင်း တည်ရှိနေသော ပြဿနာဖြစ်သောကြောင့် လူ့အဖွဲ့အစည်းအတွင်း ပါဝင်သော လူသားအားလုံး လက်ခံဖြေရှင်းရမည်ဖြစ်သည်။

HIV, AIDS နှင့်ပတ်သက်သော သဘောထား

HIV, AIDS သည် လူသားမျိုးနွယ်တစ်ရပ်လုံးအား ခြိမ်းခြောက်လျှက်ရှိသော ရောဂါဆိုးကြီးဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်ရှိအစိုးရအနေဖြင့် ကာကွယ်ရေးကဏ္ဍအသုံးစရိတ်အား အလွန်အကျွံသုံးစွဲနေသော်လည်း ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင်မူ သိသာထင်ရှားစွာ တိုးမြှင့်သုံးစွဲခြင်းမရှိချေ။ HIV, AIDS နှင့်ပတ်သက်၍ ထိရောက်သော ပညာပေးမှုနှင့် တိုက်ဖျက်မှုများ ကို ကျယ်ကျယ်ပြန့်ပြန့် မလုပ်ဆောင်ကြောင်း တွေ့ရှိရသည်။
မိမိတို့ပါတီအနေဖြင့် HIV, AIDS နှင့်ပတ်သက်၍ ပညာပေးရေး၊ တိုက်ဖျက်ရေး၊ တားဆီးရေးတို့အား လူထုနှင့်ပူးပေါင်းကာ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် လုပ်ဆောင်သွားမည်။