အခြေခံမူဝါဒ

နိဒါန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် (၁၃၅ဝ ပြည့်နှစ်) ဒီမိုကရေစီအရေးတော်ပုံကြီးက သန္ဓေတည်မွေးဖွားပေးခဲ့သော နိုင်ငံရေးပါတီတစ်ရပ်ဖြစ်ပေသည်။ ဤကြီးမြတ်၍ ဂုဏ်ပြောင်သော အရေးတော်ပုံကြီးပင်လျှင် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးနှင့် ဒီမိုကရေစီရေးတို့အတွက် အစဉ်တစိုက် တိုက်ပွဲဝင်ခဲ့သော မြန်မာပြည်လူမျိုးစုံ ပြည်သူတို့၏ တော်လှန်ရေးကြီးနှင့် သီးခြားကင်းလွတ်၍ ပေါ်ပေါက်ခဲ့ခြင်းကားမဟုတ်။ ထို့အတူ လွတ်လပ်ပြီးနောက်ပိုင်း အာဏာရအစိုးရ အဆက်ဆက်က ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားသွေးစည်းခိုင်မာရေးပြဿနာတို့ကို ပြေလည်အောင် မဖြေရှင်းနိုင်ခဲ့သောကြောင့် ဖြစ်ပေါ်ခဲ့ရသည့် ဥပဒေတွင်း လူထုတိုက်ပွဲအသီးသီး၏ အဆက်လည်းဖြစ်သည်။ အထူးသဖြင့် (၁၉၆၂) ခုနှစ်၌ မြန်မာပြည်ရှိ ဒီမိုကရေစီအခွင့်အရေးအနည်းအပါးကိုပင် ရိုက်ချိုးဖျက်ဆီးပြီး စစ်အာဏာရှင်စနစ်ကို အခိုင်အမာကိုင်စွဲခဲ့သော အာဏာသိမ်း စစ်အုပ်စုအား ဆန့်ကျင်ပုန်ကန်ခဲ့ကြသည့် ၁၉၆၂ ခုနှစ် ဇူလိုင် (၇) ရက်၊ (၁၉၆၇)၊ (၁၉၆၉)၊ (၁၉၇၄)၊ (၁၉၇၅)၊ (၁၉၇၆)၊ (၁၉၈၇) စသည့် နှစ်များတွင် ဖြစ်ပွားခဲ့သော ဥပဒေတွင်း ကျောင်းသားထု၊ အလုပ်သမားထုနှင့် ပြည်သူလူထုတို့၏ တိုက်ပွဲအသီးသီးနှင့်လည်း တဆက်တည်းဖြစ်သည်။ ထို့ကြောင့်ပင် မြန်မာပြည်ဒီမိုကရေစီအရေးတော်ပုံကြီး၏ အဆင့်ဆင့် ဖြစ်ပေါ်တိုးတက်မှုအရ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် မြန်မာပြည်လူမျိုးစုံပြည်သူတို့ ဆင်နွှဲခဲ့သော၊ ဆင်နွှဲလျက်ရှိ သော ဒီမိုကရေစီအရေးတော်ပုံကြီး၏ တာဝန်များကို ဆက်ခံထမ်းရွက်ရန် စုစည်းခဲ့သည့် မျိုးဆက်သစ်နိုင်ငံရေးပါတီတစ်ရပ် ဖြစ်ပေသည်။

အခြေခံနိုင်ငံရေးအယူအဆနှင့် တန်ဘိုးထားမှုများ
(လွတ်လပ်မှု၊ တန်းတူမှု၊ သွေးစည်းညီညွတ်မှုနှင့် ဒီမိုကရေစီ)

လွတ်လပ်မှု၊ တန်းတူမှုနှင့် သွေးစည်းညီညွတ်မှုတို့သည် ဒီမိုကရေစီလူ့အဖွဲ့အစည်း၏ အခြေခံအုတ်မြစ်များ ဖြစ်သည်။ တပြိုင်နက်တည်းတွင်ပင် ဒီမိုကရေစီလူ့အဖွဲ့အစည်းတစ်ရပ်သည်သာလျှင် လွတ်လပ်မှု၊ တန်းတူမှုနှင့် သွေးစည်း ညီညွတ်မှုတို့အား လက်တွေ့တွင် အာမခံနိုင်လိမ့်မည်။ လူသားတို့၏ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ တန်းတူမှုနှင့် ငြိမ်းချမ်းသည့်ဘဝတို့အား ဖော်ဆောင်နိုင်လိမ့်မည်ဟု မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ယုံကြည် သည်။

လွတ်လပ်မှု

လူတိုင်းလူတိုင်း ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရမှုမှ ကင်းလွတ်စေရမည်။ ငတ်မွတ်ခေါင်းပါးမှုဘေးမှ ကင်းလွတ်စေရမည်။ အသိပညာကင်းမဲ့မှုနှင့် အကြောက်တရားမျိုးစုံတို့မှလည်း လွတ်မြောက်စေရမည်။ မိမိတို့၏ ကံကြမ္မာအား မိမိတို့ဘာသာ ဆုံးဖြတ်နိုင်ခွင့် ရှိစေရမည်။ မိမိတစ်ဦးချင်းစီ၏ဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မိမိလူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များအား လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ် ဆောင်ရွက်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့် ရှိစေရမည်။
လွတ်လပ်စွာ ဆန္ဒမဲပေးပိုင်ခွင့်၊ လွတ်လပ်စွာ တွေးခေါ်ယုံကြည်ခွင့်၊ လွတ်လပ်စွာ ပြောဆိုစည်းရုံးခွင့် စသည့် အခြေခံလူမှုအခွင့်အရေးများသည် လွတ်လပ်မှု၏ အခြေခံအခြေအနေများဖြစ်ပေသည်။ သို့သော်လည်း လူတို့၏ စီးပွါးရေးဘဝနှင့် လူတန်းစားကွဲပြားခြားနားမှုများက ၎င်းလွတ်လပ်မှုအခြေအနေများအား လက်တွေ့အကောင်အထည်ဖော်ရာတွင် လူတစ်ဦးချင်းစီအား သိသာစွာ ကွဲပြားခြားနားစေသည်။ မိမိကံကြမ္မာအား မိမိဆုံးဖြတ်ခွင့်ရှိသည်ဆိုသည့် လူတစ်ဦးချင်းစီ၏ အခွင့်အရေးများအားလည်း ကြီးစွာသက်ရောက်စေသည်။
လွတ်လပ်မှုဆိုသည်မှာ စီးပွားရေးအရ ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရမှု၊ လူမျိုးရေးအရ၊ ယဉ်ကျေးမှုအရ၊ ဘာသာရေး အရ၊ လိင်အရ ဖိနှိပ်ခံရမှုတို့မှလည်းကောင်း၊ အခြားသဏ္ဌာန်ပေါင်းစုံဖြင့် ခွဲခြားဆက်ဆံခံရမှုတို့မှလည်းကောင်း လွတ်မြောက်ခြင်း ဖြစ်သည်။ ထိုသို့သောလွတ်လပ်မှုသည်သာ လူတစ်ဦးချင်းစီအတွက်လည်းကောင်း၊ လူ့အဖွဲ့အစည်းအတွက်လည်းကောင်း ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အား ဆောင်ကျဉ်းနိုင်လိမ့်မည်ဖြစ်သည်ဟု မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ က ယုံကြည်သည်။

တန်းတူမှု

လူတစ်ဦးချင်းစီ၌ တူညီသောတန်ဘိုး၊ တူညီသောဂုဏ်သိက္ခာ၊ တူညီသော အခွင့်အရေးရှိသည်။ တန်းတူညီမျှ အခွင့်အရေးသည် လူတစ်ဦးချင်းစီ၏ မိမိကြမ္မာမိမိဖန်တီးရေးနှင့် မိမိတို့လူ့အဖွဲ့အစည်း တိုးတက်ဖြစ်ထွန်းရေးတို့အား ပါဝင်ဆောင်ရွက်နိုင်ရေးတို့တွင် သော့ချက်ကျသော ကိစ္စရပ်တစ်ခုဖြစ်ပေသည်။
တန်းတူမှုဟုဆိုရာ၌ အကြွင်းမဲ့တန်းတူရေးကို ဆိုလိုခြင်းမဟုတ်သကဲ့သို့ လူသားတိုင်း တစ်ပုံစံတည်း တည်ရှိရမည်ဟု ဆိုလိုခြင်းလည်း မဟုတ်ပေ။ လွတ်လပ်စွာ ရွေးချယ်ခွင့်နှင့် လွတ်လပ်စွာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်တို့သည်လည်း တန်းတူမှု၏ အခြေခံများဖြစ်သည်။
တန်းတူမှုသည် လွတ်လပ်မှု၏ အခိုင်အမာ အခြေခံတရပ်ဖြစ်သည်။ တန်းတူမှုမရှိက လွတ်လပ်မှုမရှိနိုင်ဟု မိမိတို့က ယုံကြည်သည်။

သွေးစည်းညီညွတ်မှု

လူတိုင်းလူတိုင်းသည် တစ်ဦးတည်းရပ်တည်၍ မဖြစ်နိုင်ပေ။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်မှီခို လက်တွဲလျှက် လူတစ်ဦးချင်းစီ ဖွံ့ဖြိုးတိုးတက်လာသကဲ့သို့ပင် လူ့အဖွဲ့အစည်းသည်လည်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေခြင်းဖြစ်သည်။ လူ့အဖွဲ့အစည်းတို့၏ သမိုင်းသည် လူသားတို့ ရုန်းကန်လှုပ်ရှားခဲ့ရသော သမိုင်းပင်ဖြစ်သည်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတရေးအပါအဝင် လူ့အဖွဲ့အစည်းအဆင့်ဆင့်ဖြစ်ပေါ်တိုးတက်ရေးတို့အတွက် လူသားတို့ အတူတကွ ရုန်းကန်လှုပ်ရှားခဲ့ရသော တိုက်ပွဲများ၊ သမိုင်းများအား ယုံကြည်သည်။ အတူတကွ ရုန်းကန်လှုပ်ရှားမှုများဖြင့်သာ တနည်းအားဖြင့် သွေးစည်းညီညွတ်သော လှုပ်ရှားမှုများဖြင့်သာ လူသားတို့သည် ပိုမိုတိုးတက်ကောင်းမွန်သော လူ့အဖွဲ့အစည်းများအား ဆက်လက်တည်ဆောက်နိုင်ကြပေလိမ့်မည်။

အခြေခံနိုင်ငံရေးရပ်တည်မှု

(က) ပါတီသည် မိမိတိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာများအား ချဉ်းကပ်ရာတွင်လည်းကောင်း၊ ဒေသတွင်း ပြဿနာများနှင့် နိုင်ငံတကာရှိ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်ရေးဆိုင်ရာ ပြဿနာများအား ချဉ်းကပ်ရာတွင်လည်းကောင်း၊ လူသားတို့ ဖြတ်သန်းတိုးတက်ခဲ့ရသော လူမှုရေးလက်တွေ့ အပေါ် တွင် အခြေခံ၍ စဉ်းစားဆောင်ရွက်မည် ဖြစ်သည်။ (လူမှုရေးလက်တွေ့ဟုဆိုရာ၌ လူ့အဖွဲ့အစည်းအဆင့်ဆင့် ဖြစ်ပေါ် တိုးတက်မှု၊ လူတန်းစားတိုက်ပွဲ၊ ကုန်ထုတ်လုပ်ရေး ဖြစ်ပေါ်တိုးတက်မှု၊ နိုင်ငံရေးဘဝ၊ ဝိဇ္ဇာ-သိပ္ပံပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတို့အပါအဝင် ဖြစ်သည်။)

(ခ) ပါတီသည် “လူတစ်ဦးချင်းစီ၏ အတွေးအခေါ်၌ လူတန်းစားလက္ခဏာ ဖော်ပြချက်ရှိသည်” ဟူသော အခြေခံအား ဆုပ်ကိုင်လျက် တိုင်းပြည်အတွင်း၊ နိုင်ငံတကာလှုပ်ရှားမှုများအတွင်း အဖိနှိပ်ခံလူတန်းစားများဘက်မှ အစဉ်ရပ်တည် ကာကွယ်ဆောင်ရွက်သွားမည် ဖြစ်သည်။

(ဂ) ပါတီသည် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားသွေးစည်းညီညွတ်ရေးတို့ကို တည်ဆောက်တိုးချဲ့ကာကွယ်ရာတွင် မိမိတို့၏ လူမှုရေးလက်တွေ့ကို သော့ချက်ကျသော အဖြေရှာမှုအဖြစ် ဆုပ်ကိုင်သွားမည်။ ပါတီသည် ဒီမိုကရေစီဘောင်အတွင်း တရားမျှတမှုအား အခိုင်အမာတောင်းဆိုပြီး အလုပ်သမား၊ လယ်သမား၊ လူလတ်တန်းစား၊ အမျိုးသားဓနရှင်စသော အဖိနှိပ်ခံပြည်သူတို့၏ အခွင့်အရေးများ အပြည့်အဝရရှိရေးအတွက် အစွမ်းကုန် ဆောင်ရွက်သွားမည်။ ထို့အပြင် လူမျိုးရေးအရ၊ ယဉ်ကျေးမှုအရ၊ ဘာသာရေးအရ၊ လိင်အရ ဖိနှိပ်ခွဲခြားဆက်ဆံမှုများကို တိုက်ဖျက်သွားမည် ဖြစ်သည်။

(ဃ) မိမိတိုင်းပြည်နှင့် နိုင်ငံတကာပြဿနာများအား ဖြေရှင်းကြရာတွင်လည်း ပါတီအနေဖြင့် တိုင်းပြည်အတွင်းရှိ အဖိနှိပ်ခံ ပြည်သူတို့၏ သွေးစည်းညီညွတ်မှု၊ နိုင်ငံတကာပြည်သူတို့၏ သွေးစည်းညီညွတ်မှုဆိုင်ရာ လှုပ်ရှားမှုများဖြင့်သာ အောင်ပွဲခံနိုင်မည်ဟု ယုံကြည်သည်။

နိုင်ငံရေးဦးတည်ချက်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် မြန်မာပြည်လူ့အဖွဲ့အစည်း၏ ဖြစ်ပေါ်တိုးတက်မှု ပကတိအခြေအနေ အရပ်ရပ်ကို မှန်ကန်သော သမိုင်းရေးအမြင်ဖြင့် သုံးသပ်လျက် လူမျိုးစုံပြည်သူလူထုတစ်ရပ်လုံး ယနေ့ရင်ဆိုင်နေရသည့် အမျိုးသားဖိနှိပ်မှုအပါအဝင် မတရားဖိနှိပ်မှုအပေါင်းမှ လွတ်မြောက်ပြီး၊ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာစေရန် လတ်တလောအားဖြင့် အောက်ပါ နိုင်ငံရေးဦးတည်ချက်များကို မဖြစ်မနေ အကောင်အထည်ဖော်ရမည်ဟု အခိုင်အမာ ယုံကြည်သည်။

(က)  ဒီမိုကရေစီရေး
(ခ)  လူ့အခွင့်အရေးကို အပြည့်အဝအာမခံနိုင်ရေး
(ဂ)  ငြိမ်းချမ်းရေး
(ဃ)  အမျိုးသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်သော ပြည်နယ်ပေါင်းစုပြည်ထောင်စုကြီး တည်ဆောက်ရေး
(င)  အစဉ်ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အစည်းတည်ဆောက်ရေး

မြန်မာပြည်သစ်တည်ဆောက်ရေး အမြင်သဘောထား

ပြည်သူလူထုအားကိုယ်စားပြုသော ဒီမိုကရက်တစ်အစိုးရ

အနာဂတ်မြန်မာပြည်အစိုးရသည် –

လုပ်ငန်းများဆောင်ရွက်ရာ၌ ရှင်းလင်းလွယ်ကူစွာမြင်သာနိုင်ခြင်း၊ တာဝန်ခံနိုင်မှုရှိခြင်းနှင့် ကောင်းမွန်သော အုပ်ချုပ်မှု နှင့် စီမံခြင်းတို့ဖြင့် လုပ်ကိုင်ဆောင်ရွက်ရမည်။ လာဘ်ပေးလာဘ်ယူ ခြစားမှု ကင်းရှင်းရမည်။ E-Government ဖြစ်ရေးကို ဦးတည်ကြိုးပမ်းရမည်။

လူမျိုးစုတိုင်းရင်းသားများအားလုံးတို့၏ ဆန္ဒသဘောထားများနှင့် အခွင့်အရေးများအား လေးစားရမည်။ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လွှတ်တော်အခန်းကဏ္ဍ၌ အထက်လွှတ်တော်နှင့် အောက်လွှတ်တော် ဟူ၍ လွှတ်တော်နှစ်ရပ် ထားရှိရမည်။ အောက်လွှတ်တော်ကို ပြည်သူလူထုအများစု၏ ဆန္ဒနှင့် ရွေးချယ်တင်မြှောက်ထားသော ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်ဖြစ်ပြီး၊ အထက်လွှတ်တော်ကို တိုင်းရင်းသားလူမျိုးစုများ၏ ပြည်နယ်များ အပါအဝင်ဖြစ်သော ပြည်နယ်အသီးသီးမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်။

ပြည်သူလူထု၏ တန်းတူအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး၊ ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေး၊ လူမှုရေးဆိုင်ရာ အခွင့်အရေး၊ လူထုလူတန်းစားဆိုင်ရာအခွင့်အရေး စသည့်အခွင့်အရေးများကို လေးစားလိုက်နာရမည်။ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည်။

နိုင်ငံတော်ဘဏ္ဍာနှင့် အခွန်ငွေများအား အလဟဿဆုံးရှုံးခြင်းများမှ ကာကွယ်နိုင်စေရန် မလိုအပ်သော ရာထူး၊ ဌာန၊ အစိုးရ ယန္တရားများနှင့် စီမံချက်များအား ပြုပြင်ပြောင်းလဲခြင်းကို စစ်မှန်စွာပြုလုပ်ရမည်။

တရားဥပဒေစိုးမိုးမှုကို ပြည်သူပြည်သားတိုင်း ရှင်းရှင်းလင်းလင်းသိရှိစေရန် လုပ်ဆောင်ရမည်။ တရားဥပဒေနှင့် စည်းကမ်းများသည် ဘက်စုံထောင့်စုံမှပြည့်စုံပြီး ပြည်သူများအတွက် အကာအကွယ် ဖြစ်စေရမည်။ ပြည်သူပြည်သားတိုင်းက လွတ်လပ်ပွင့်လင်းသော တရားစီရင်ရေးစနစ်နှင့်တကွ တရားရေးဆိုင်ရာ အကူအညီများအား လက်လှမ်းမီနိုင်စေရေး၊ တရားရင်ဆိုင်ရာတွင် ကုန်ကျနိုင်သည့်စရိတ်များ တတ်စွမ်းနိုင်စေရေးတို့အတွက် လုပ်ဆောင်ရမည်။

ရှင်းလင်းသော တရားဥပဒေလမ်းညွှန်ချက်များနှင့်အညီ နိုင်ငံရေးပါတီများ၊ လူထုလူတန်းစားအဖွဲ့အစည်းများ၏ လှုပ်ရှားမှုကို လွတ်လပ်ခွင့်ပေးရမည်။ ခွဲခြားသတ်မှတ်ခြင်း မရှိစေရ။ တရားဥပဒေဆိုင်ရာလမ်းညွှန်ချက်များသည် ရှင်းလင်း၍ ဓမ္မဓိဋ္ဌာန်ကျရမည်။

အခြေခံလူ့အခွင့်အရေးများအား မြှင့်တင်ပေးခြင်းနှင့် ထိန်းသိမ်းကာကွယ်ခြင်းတို့ကို ဆောင်ရွက်ရမည်။ အခြေခံလူ့အခွင့်အရေးဟုဆိုရာ၌ လွတ်လပ်စွာ အဖွဲ့အစည်း ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသား ထုတ်ဝေခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၊ နိုင်ငံ၏ အုပ်ချုပ်မှု အစိတ်အပိုင်းအားလုံးတွင် ပြည်သူလူထုက ပါဝင်ဆောင်ရွက်နိုင်ခွင့်တို့ ပါဝင်ရမည်။

လူနည်းစု (ခွဲခြားအကန့်အသတ်ပြုခံနေရသူ) တို့အတွက် စေ့စပ်ညှိနှိုင်းနိုင်ခွင့်ရှိသော အခြေအနေကို ဖန်တီးပေးရ မည့်အပြင်၊ ဆင်းရဲ နွမ်းပါးသော ပြည်သူများ၏ လိုလားချက်များ ထုတ်ဖော်ပြောဆိုနိုင်ခြင်းကို အားပေးသည့် လုပ်ငန်းယန္တရားများကို ဖန်တီးပေးရမည်။

အလုပ်သမား၊ လယ်သမားတို့၏ အခွင့်အရေးများအား ထိန်းသိမ်းရမည်ဖြစ်ပြီး၊ ၎င်းတို့အား ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်း၊ ဖိနှိပ်ခြင်းနှင့် မည်သည့်ပုံစံဖြင့်ဖြစ်စေ အတင်းအဓမ္မ အလုပ်ခိုင်းစေခြင်းတို့ မရှိစေရန် ကာကွယ်ရမည်။

စစ်တပ်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများကို အရပ်ဘက်ထိန်းချုပ်မှုအောက်တွင် ထားရှိရမည်။

ကမ္ဘာ့ငြိမ်းချမ်းရေးလှုပ်ရှားမှုများ၊ ဒေသဆိုင်ရာငြိမ်းချမ်းရေးလှုပ်ရှားမှုများနှင့် ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ရမည်။

ဗဟိုဦးစီးချုပ်ကိုင်မှု လျှော့ချခြင်းနှင့် ပြည်နယ်ပေါင်းစု ပြည်ထောင်စုစနစ်
(လူမျိုးတိုင်း တန်းတူညီမျှသော အခွင့်အရေးရရှိရေး)

အစိုးရသည် ပြည်နယ်ပေါင်းစုပြည်ထောင်စုစနစ်ကို ထိန်းသိမ်းကာကွယ်ရမည့်အပြင် ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ပြည်နယ်ပေါင်းစုပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် ဒေသန္တရအုပ်ချုပ်ရေး အဆောက်အဦများကြား အာဏာခွဲဝေမှု၊ ထိန်းညှိမှုတို့ ထားရှိရမည်။

ပြည်နယ်တိုင်းသည် ပြည်ထောင်စုဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့်အညီ သက်ဆိုင်ရာပြည်နယ်အလိုက် ဥပဒေပြုပိုင်ခွင့်၊ စီမံအုပ်ချုပ်ပိုင်ခွင့်နှင့် တရားစီရင်ပိုင်ခွင့်အာဏာများ ပါဝင်ပြဋ္ဌာန်းထားသော ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲနိုင်ရမည်။

ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် တိကျသောလုပ်ပိုင်ခွင့်၊ အာဏာပိုင်ခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိစေရမည်။

ပြည်သူပိုင်နှင့် ပုဂ္ဂလိကပိုင် လုပ်ငန်းများဆက်စပ်ဆောင်ရွက်ခြင်း
(နိုင်ငံနှင့် လူမှုလူ့ဘောင်တစ်ခုလုံး၏ အကျိုးစီးပွားများ)

အစိုးရအနေဖြင့် –

လွတ်လပ်သောအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ ဖွံ့ဖြိုးရေးအတွက် အားပေးရမည်။ ထိုအဖွဲ့အစည်းများအနေဖြင့် လုပ်ငန်းဆိုင်ရာသင်တန်းများ ဖော်ဆောင်ခြင်း၊ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ကိုင်ခြင်း၊ စွမ်းဆောင်နိုင် ရည်မြှင့်တင်ခြင်း၊ လူမှုဖူလုံရေးလုပ်ငန်းများအကောင်အထည်ဖော်ခြင်းနှင့် ပညာရေး၊ ကျန်းမာရေးစသော အထွေထွေလုပ်ငန်းတာဝန်များကို လုပ်ဆောင်နိုင်ရေးအတွက် အားဖြည့်ပေးရမည်။

ပြည်သူလူထု၏ အကျိုးစီးပွားနှင့် အကျိုးဖြစ်ထွန်းစေရေးအတွက် ပုဂ္ဂလိကပိုင်ဆိုင်မှုအခွင့်အရေးများအား အလေးထားရမည်။

ဖွံ့ဖြိုးရေးစီမံချက်များနှင့် နိုင်ငံရေးအခန်းကဏ္ဍအသီးသီးတို့တွင် ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုကို အားပေးရမည်။

လူထုအခြေပြု လူမှုအဖွဲ့အစည်းများအား ထောက်ခံပံ့ပိုးပေးရမည့်အပြင် ယင်းအဖွဲ့အစည်းများ၏ လွတ်လပ်သော လှုပ်ရှားမှုများကိုလည်း ခွင့်ပြုရမည်။

ပြည်သူပိုင်နှင့် ပုဂ္ဂလိကပိုင်လုပ်ငန်းများ ဆက်စပ်ဆောင်ရွက်မှုများကို အားပေးရမည်ဖြစ်ပြီး အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် အခြားပုဂ္ဂလိကဆိုင်ရာအခန်းကဏ္ဍတွင် ပါဝင်နေသူများ၏ ဆောင်ရွက်မှုများကို အားပေးရမည်။

စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများ
(လူမှုလူ့ဘောင်တစ်ခုလုံး အကျိုးဖြစ်ထွန်းစေရေး)

အစိုးရအနေဖြင့် –

နိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးရမည်။

ကျိုးကြောင်းဆီလျော်မှုရှိသည့်၊ အများပြည်သူ၏အကျိုးစီးပွားကို အာမခံသည့် ပုဂ္ဂလိကလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုကို မြှင့်တင်ရမည်။

မြို့ပြနှင့်ကျေးလက်ဒေသကြား စီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်း ကွာဟမှုများကို လျော့နည်းစေရန် ပြုလုပ်ရမည်။

နိုင်ငံသားများ၏ မျှတသော စီးပွားရေးအခွင့်အလမ်းများအား ထိခိုက်စေနိုင်သည့် ဈေးနှုန်းထိန်းချုပ်ခြင်း၊ ကျိုးကြောင်းမဆီလျော်သော ကုန်သွယ်မှုလိုင်စင်များ ပြုလုပ်စေခြင်း (သို့မဟုတ်) ကန့်သတ်ခြင်းတို့အား မရှိစေရ။

ပုဂ္ဂလိကပိုင်ဆိုင်မှုအခွင့်အရေးများနှင့် မြေယာပိုင်ဆိုင်မှုဆိုင်ရာ အခွင့်အရေးများကို အာမခံရမည်။

ရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာစေရေးအတွက် သင့်လျော်သည့်ဝန်းကျင်အနေအထားကို ဖန်တီးပေးရမည်။ ယင်းသို့ ဖန်တီးရာတွင် တရားဥပဒေပိုင်းဆိုင်ရာ၊ ဘဏ်လုပ်ငန်းများဆိုင်ရာ၊ ဘဏ္ဍာရေးစနစ်ဆိုင်ရာ၊ ငွေကြေးစနစ်ဆိုင်ရာ၊ အခွန်အကောက်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကိုလည်း လုပ်ဆောင်ရမည်။

လက်ဝါးကြီးအုပ်စီးပွားရေးအခြေခံများ ပေါ်ပေါက်ခြင်း မရှိစေရေးအတွက် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရမည်။

ပြည်တွင်းတွင် ဖန်တီးအသုံးချနိုင်သော (Sustainable and Locally Produced) နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုနှင့် ပြန့်ပွားမှုများအား အားပေးရမည်။

ကျေးလက်ဒေသများတွင် အခြေခံအဆောက်အအုံများ ထူထောင်ရေးအား အလေးဂရုပြု လုပ်ဆောင်ရမည်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွင် အစိုးရပိုင်းက ထိန်းချုပ်ခြင်းများကို လျှော့ချခြင်း၊ အခြားစီးပွားရေးလုပ်ငန်း ဖော်ဆောင်နိုင် ရေးအတွက်လည်း လိုအပ်သောဝန်းကျင်ကို ဖန်တီးပေးခြင်းများအပါအဝင် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး၊ တိုးချဲ့ ဆောင်ရွက်နိုင်စေရေးအတွက် လိုအပ်ချက်များအား ဖြည့်ဆည်းပေးရမည်။

လုပ်သားများ၏ စွမ်းရည်ပိုင်းဆိုင်ရာ တိုးမြှင့်နိုင်ရေး ရည်ရွယ်သော လုပ်ငန်းခွင်ပိုင်းဆိုင်ရာ သင်တန်းစီမံချက်များအား နိုင်ငံတော်အခန်းကဏ္ဍနှင့် ပုဂ္ဂလိကအခန်းကဏ္ဍ ဆက်စပ်ဆောင်ရွက်မှုဖြင့် လုပ်ဆောင်ရမည်။

ဂလိုဘယ်လ်လိုက်ဇေးရှင်းဖြစ်စဉ်၏ ဆိုးကျိုးသက်ရောက်မှုများအား ကာကွယ်နိုင်စေရန်အလို့ငှာ နိုင်ငံသားတို့၏ လူမှုရေးဘဝလုံခြုံစိတ်ချနိုင်ရေးအတွက် ပံ့ပိုးခြင်း၊ အသေးစားလုပ်ငန်းများအား မြေတောင်မြှောက်ပေးခြင်းနှင့် ဥပဒေစည်းမျဉ်းများဖြင့် အကာအကွယ်ပေးခြင်းတို့ကို ပြုလုပ်ရမည်။

လူမှုတရားမျှတရေး
(လူသားဂုဏ်သိက္ခာနှင့်သက်ဆိုင်သော အခွင့်အရေးများ)

အစိုးရအနေဖြင့် –

ပြည်သူလူထုအကြား တန်းတူညီမျှမှုနှင့် အခြေခံလူမှုဘဝဖူလုံမှုတို့အား အားပေးရမည်။ အထူးသဖြင့် ကျေးလက်လူထု၏ လူနေမှုအဆင့်အတန်းကို ပိုမိုကောင်းမွန်စေရန် မြှင့်တင်ပေးရမည်။

အရှည်တည်တံ့ခိုင်မြဲမည့် တိုးတက်မှုအတွက်လည်းကောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး၊ တိုးတက်စေရေးတို့နှင့်ပတ်သက်၍လည်းကောင်း တာဝန်ခံနိုင်ရမည်။ ထို့အပြင် ဖွံ့ဖြိုးရေးစီမံကိန်းများကြောင့် သဘာဝပတ်ဝန်းကျင်အား ထိခိုက်ရမှုနှင့်ပတ်သက်၍ ဒေသဆိုင်ရာလူထု၏ အမြင်သဘောထားများအား အလေးထားရမည်။

“လူတိုင်းအတွက်ပညာရေး” ဟူသည့် သဘောထားခံယူမှုဖြင့် ပညာရေးစနစ်ကို တည်ဆောက်ရမည်။ အခြေခံပညာ အထက်တန်းအဆင့်ထိ လူတိုင်းသင်ကြားနိုင်အောင် စီမံရမည်။ ပညာရေးဆိုင်ရာအစီအစဉ်များနှင့် ပတ်သက်၍ လိုအပ်သလို ပံ့ပိုးရမည်။

“ပညာရေးသည် လူတိုင်းအတွက်ဖြစ်သည်၊ အခွင့်ထူးခံတို့အတွက်သာ မဟုတ်” ဟူသော အတွေးအမြင်ကို ပြန့်ပွားစေရမည်။ သက်ဆိုင်ရာ ကျောင်းသင်ခန်းစာဘာသာရပ်များတွင် တာဝန်သိစိတ်ဖြင့် ယှဉ်တွဲသော ရပိုင်ခွင့် အခွင့်အရေးများနှင့် လွတ်လပ်မှုတို့ကို ဖွံ့ဖြိုးစေနိုင်သည့် ပြဋ္ဌာန်းချက်များကို ထည့်သွင်းပြဋ္ဌာန်းရမည်။

လူမျိုး၊ ကိုးကွယ်သည့်ဘာသာများအား ခွဲခြားမှုမရှိစေဘဲ၊ လူမှုရေး စီးပွားရေးနောက်ခံတို့အပေါ် မူမတည်ဘဲ လူတိုင်းအား ကျန်းမာရေး စောင့်ရှောက်မှုကို ပေးရမည်။

တိုင်းရင်းသားလူမျိုးအားလုံးတို့၏ စံတန်ဘိုး၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများ၊ စာပေ၊ ဘာသာစကားတို့ကို ထိန်းသိမ်းစောင့်ရှောက်ပြီး မြှင့်တင်ပေးရမည်။

လိင်အရ မျှတမှုအား အလေးထားရမည့်အပြင် အမျိုးသမီးအခွင့်အရေးများကို အစိုးရယန္တရားအတွင်း၊ လူမှု လူ့ဘောင်အတွင်း ဖွံ့ဖြိုးစေရမည်။

မသန်စွမ်းသူများအတွက် ကူညီထောက်ပံ့မှုများအား မြှင့်တင်ပေးရမည်။ ထိုထောက်ကူမှုများသည် မိမိတစ်ဦးတည်း ရပ်တည်နေနိုင်ရန် မစွမ်းနိုင်သူများဖြစ်သည့် အသက်အရွယ်အိုမင်းကြသူများ၊ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ချို့ယွင်းနေသူများ၊ မိဘမဲ့ကလေးများနှင့် အားထားစရာ ဇနီး/ခင်ပွန်းမရှိသည့် (အရွယ်ငယ်သေးသော ကလေးများရှိသည့်) သားသည် မိခင်/ဖခင် များအတွက် ဖြစ်သည်။

အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးလွတ်လပ်သည့်ကော်မရှင်နှင့် လွတ်လပ်သော လူ့အခွင့်အရေးကော်မရှင်များ ထူထောင်ခြင်းကို အားပေးရမည်။

အကျဉ်းထောင်မူဝါဒများအား ပြန်လည်ရေးဆွဲ၍ အကျဉ်းထောင်အခြေအနေများ (အလျင်အမြန်) တိုးတက်ကောင်း မွန်လာအောင် ဆောင်ရွက်ရမည်။ အကျဉ်းထောင်အား အပြစ်ပေးဌာနတစ်ခုအဖြစ် သဘောမထားသင့်ဘဲ လူသားတန်ဘိုးများအား အလေးထားမှုနှင့်အတူ ပြုပြင်ရေးဌာနများအဖြစ် တည်ဆောက်ရမည်။

ဒုက္ခသည်များ ပြန်လည်နေရာချထားရေးနှင့် ထူထောင်ရေး လုပ်ဆောင်ရမည်။ ယင်းသို့လုပ်ဆောင်ရာတွင် လူသားချင်းစာနာ အထောက်အကူပေးသည့် နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီများအား ဖိတ်ခေါ်ရမည်။

နိုင်ငံတကာဝါဒ
(ကမ္ဘာပေါ်ရှိလူသားတိုင်း တန်ဘိုးအရ တန်းတူညီမျှသည်)

အစိုးရအနေဖြင့် –

လေးစားမှု၊ တန်းတူမှု၊ အပြန်အလှန်မှီတွယ်မှု၊ အတူတကွအကျိုးစီးပွားရှိမှုတို့အပေါ်တွင် အခြေခံ၍ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်တွင် နိုင်ငံတိုင်းနှင့် ဆက်ဆံသွားရမည်။

ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ လူမှုရေး၊ ပညာရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည်တို့နှင့် ပတ်သက်၍ နိုင်ငံတကာလှုပ်ရှားမှုများကို ထောက်ခံရမည်။ ပူးပေါင်းပါဝင်ရမည်။

ဒေသတွင်းတည်ငြိမ်ရေးအပါအဝင် နိုင်ငံတကာငြိမ်းချမ်းရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ရမည်။ နျူကလီးယား လက်နက်ဖျက်သိမ်းရေးအား တိုးတက်သောကမ္ဘာ့နိုင်ငံအသီးသီးနှင့် လက်တွဲဆောင်ရွက်သွားရမည်။ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှု၊ တရားမဝင်လက်နက်ရောင်းဝယ်မှု၊ ငွေကြေးခဝါချမှု၊ လူကုန်ကူးမှု၊ ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖယ်ရှားရေးအတွက် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရမည်။

“ကမ္ဘာ့လူသားတိုင်း တန်ဘိုးအရ တန်းတူညီမျှသည်” ဟူသည့် အမြင်သဘောထားပေါ်တွင် အခြေတည်၍ ယဉ်ကျေးမှုဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာတို့တွင် ကိုယ်ပိုင်ပြဋ္ဌာန်းသတ်မှတ်နိုင်ရေးကို အားပေးသည့် ဒေသဆိုင်ရာ၊ နိုင်ငံတကာဆိုင်ရာ အဖွဲ့အစည်းများ၊ အုပ်စုများနှင့် လက်တွဲလုပ်ဆောင်ရမည်။