မဟာမိတ်ဆက်ဆံရေးဆိုင်ရာ ဆုံးဖြတ်ချက်

(က) ပါတီအနေဖြင့် နိုင်ငံရေးပါတီများ၊ အင်အားစုများ၊ လူပုဂ္ဂိုလ်များနှင့် အလုပ်တူ လက်တွဲဆောင်ရွက်သွားရန်၊ အပြန်အလှန်
ယုံကြည်မှုများ တည်ဆောက်သွားရန် ဆုံးဖြတ်သည်။
(ခ) ဖြစ်ထွန်းနေသော အခြေအနေသစ်များအောက်တွင် မိမိတို့ပါတီနှင့် အခြေခံအားဖြင့် နီးစပ်နိုင်သည့် အဖွဲ့အစည်းများ၊ အင်အားစုများ၊ လူပုဂ္ဂိုလ်များအပေါ်  မိမိတို့ပါတီ၏ သဘောထားကို အောက်ပါအတိုင်း ချမှတ်ထားကြောင်း ဆုံးဖြတ်သည်။

၁။ ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်သော သဘောထား
မြန်မာပြည်လူမျိုးစုံ ပြည်သူလူထုတစ်ရပ်လုံးနှင့် နိုင်ငံတကာပြည်သူများက လေးစားတန်ဖိုးထားသော လူထုခေါင်းဆောင် ဖြစ်သည်။ မြန်မာပြည်၏ နိုင်ငံရေးပြဿနာများအား ဖြေရှင်းရာတွင် ဦးဆောင်ပါဝင်ရမည့် ခေါင်းဆောင်တစ်ဦးအဖြစ် သဘောထားသည်။

၂။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပေါ် သဘောထား
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ယနေ့ကာလ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်သော အဖွဲ့အစည်းကြီးဖြစ်သည်။ ပြည်သူလူထုမှ တာဝန်ပေးအပ်ခြင်းခံရသော အဖွဲ့အစည်းကြီးဖြစ်သည်။

၃။ ၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း နှင့် ပတ်သက်သောသဘောထား
ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးမှ မွေးဖွားပေးခဲ့သော ကျောင်းသားခေါင်းဆောင်ဟောင်းများ၊ တက်ကြွလှုပ်ရှားသူများဖြင့် စုစည်းထားသော အင်အားစုဖြစ်သည်။ မိမိတို့ပါတီအနေဖြင့် တူညီသောလုပ်ငန်းများတွင် လက်တွဲဆောင်ရွက်နိုင်သည့် ညီနောင်အင်အားစုတစ်ခု ဖြစ်သည်။

၄။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (UNA) နှင့်ပတ်သက်သောသဘောထား
ညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (UNA) သည် တိုင်းရင်းသားလူမျိုးအသီးသီး၏ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ရုန်းကန်လှုပ်ရှားနေသည့် တိုင်းရင်းသားနိုင်ငံရေးပါတီများ စုစည်းထားသည့် နိုင်ငံရေးတပ်ပေါင်းစု ဖြစ်သည်။ မိမိတို့ပါတီ၏ မဟာမိတ်တပ်ပေါင်းစု တစ်ခုဖြစ်သည်။