ဖွဲ့စည်းပုံစည်းမျဉ်း

နိဒါန်း

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့သည် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တိုက်ဖျက်ရေး၊ အမျိုးသားလွတ်မြောက် ရေးတိုက်ပွဲစဉ်တလျောက်လုံးတွင် သွေးစည်းညီညွတ်စွာဖြင့် တော်လှန်တိုက်ပွဲဝင်ခဲ့ကြပေသည်။ ထိုကဲ့သို့ အမျိုးသားသွေးစည်းညီ ညွတ်မှုကို အခိုင်အမာတည်ဆောက်ကာ နည်းသဏ္ဍာန်ပေါင်းစုံဖြင့် တိုက်ပွဲဝင်ခဲ့မှု အကျိုးရလဒ်အဖြစ် ၁၉၄၈ ခုနှစ်တွင် တိုင်းပြည်၏ လွတ်လပ်ရေးကို ရယူနိုင်ခဲ့ကြပေသည်။

သို့သော် လွတ်လပ်ရေးရပြီးနောက် အာဏာရအစိုးရအဆက်အဆက်သည် တိုင်းပြည်ရှိနိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာဖြေရှင်းရန် မကြိုးပမ်းခဲ့သောကြောင့် ပြည်တွင်းစစ်မီး အစပျိုးခဲ့ရပေသည်။ အမိနိုင်ငံတွင် ဒီမိုကရေစီ ရေး၊ငြိမ်းချမ်းရေးနှင့် အမျိုးသားသွေးစည်းခိုင်မာရေးတို့ကိုလည်း တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ။ ထို့အပြင် တည်ရှိနေသော နိုင်ငံရေးပြဿနာများကို အာဏာရ အစိုးရတို့က လက်နက်ဖြင့်သာ အကြမ်းဖက်ဖြေရှင်းခဲ့ကြသဖြင့် အမျိုးသားသွေးစည်းညီညွတ်မှု ပြိုကွဲခဲ့ရပြီး ပြည်တွင်းစစ်မှာလည်း ယနေ့တိုင် သက်ဆိုးရှည်နေဆဲပင်ဖြစ်သည်။ အကျိုးဆက်အဖြစ် တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဘက်ပေါင်းစုံတွင် ပျက်စီးယိုယွင်းကာ တမျိုးသားလုံး ချွတ်ခြုံကျ၍ ဆင်းရဲမွဲတေသောနိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့ရသည်။ နိုင်ငံ၏အမျိုးသားဂုဏ်သိက္ခာလည်း ကျဆင်းခဲ့ရပေသည်။

၁၉၆၂ ခုနှစ်တွင် စစ်အုပ်စုက နိုင်ငံတော်အာဏာကိုသိမ်းပိုက်ကာ စစ်အာဏာရှင်စနစ်ကို ထူထောင်ခဲ့ပြီး ကျောင်းသားထု၊ အလုပ်သမားထု၊ လယ်သမားထု၊ အသိပညာရှင်အတတ်ပညာရှင် အစရှိသည့် လူထုလူတန်းစားအလွှာ အသီးသီး၏ အကြမ်းမဖက်သော နိုင်ငံရေးကြိုးပမ်းလှုပ်ရှားမှုမှန်သမျှကို လက်နက်ဖြင့် အကြမ်းဖက်ဖြိုခွင်းခဲ့ကြသည်။ တိုင်းရင်းသားလူမျိုးစုံ ပြည်သူတစ်ရပ်လုံးသည်လည်း အကြောက်တရားအောက်တွင် စစ်အာဏာရှင်တို့၏ နည်းလမ်းပေါင်းစုံဖြင့် ဖိနှိပ်အုပ်စိုးမှုကို ခံခဲ့ကြရပေသည်။ မွေးရာပါလူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်တို့လည်း ဆုံးရှုံးခဲ့ရပေသည်။

လူမှုဒုက္ခအဝဝကို နှစ်ရှည်လများ ခါးစည်းခံစားနေကြရသော ကျောင်းသူကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ ရဟန်းရှင်လူ ပြည်သူလူထုတစ်ရပ်လုံးက စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ပြီး “၁၃၅ဝ ပြည့် ဒီမိုကရေစီအရေးတော်ပုံ” ကြီးကို ၁၉၈၈ ခုနှစ်တွင် ဆင်နွှဲခဲ့ကြသည်။ ထိုအရေးတော်ပုံကြီးအတွင်းတွင် တိုက်ပွဲဝင်ကျောင်းသားများက ဗမာနိုင်ငံလုံးဆိုင်ကျောင်း သားသမဂ္ဂများအဖွဲ့ချုပ်ကို ပြန်လည် ဖွဲ့စည်းခဲ့ကြပြီး အရေးတော်ပုံကြီးတွင် တက်ကြွစွာ ဦးဆောင်ပါဝင်ခဲ့ကြသည်။ စစ်အာဏာရှင်တို့သည် တိုင်းရင်းသား လူမျိုးစုံပြည်သူ တစ်ရပ်လုံး တက်ကြွစွာပါဝင်လှုပ်ရှားခဲ့သော “၁၃၅ဝ-ပြည့် ဒီမိုကရေစီအရေးတော်ပုံ” ကြီးကို လက်နက်ဖြင့် အကြမ်းဖက်ဖြိုခွဲနှိမ်နင်းခဲ့ကြပေသည်။

သို့ဖြစ်၍ ၁၃၅ဝ ပြည့်ဒီမိုကရေစီအရးတော်ပုံကြီး၏ တာဝန်များကို ဆက်လက်ထမ်းဆောင်ရန်နှင့် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တရားမျှတရေး၊ ငြိမ်းချမ်းရေးနှင့် တန်းတူရေးတို့ကို အပြည့်အဝအာမခံသည့် ပြည်ထောင်စုနိုင်ငံတော်သစ်ကြီး တည်ဆောက်နိုင်ရန်အတွက် ရည်ရွယ်ပြီး ဗမာနိုင်ငံလုံးဆိုင်ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ခေါင်းဆောင်များက လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီကို ထူထောင်ခဲ့ကြခြင်း ဖြစ်ပေသည်။

အခန်း (၁)

အမည်

အပိုဒ် (၁)။ အဖွဲ့အစည်းအမည်ကို

  •  မြန်မာဘာသာဖြင့် “လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ” ဟု ခေါ်တွင်စေရမည်။
  • အတိုကောက်မြန်မာဘာသာဖြင့် “လဘသ” ဟု ခေါ်တွင်စေရမည်။
  • အင်္ဂလိပ်ဘာသာဖြင့် Democratic Party for a New Society ဟု ခေါ်တွင်စေရမည်။
  • အတိုကောက်အင်္ဂလိပ်ဘာသာဖြင့် DPNS ဟု ခေါ်တွင်စေရမည်။

အပိုဒ် (၂)။ အလံ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ အလံတော်သည် အလျား ၉ ပေ၊ အနံ ၅ ပေရှိပြီး အနီရောင်အောက်ခံပေါ်တွင် အဝါရောင်ငါးထောင့်ကြယ်လေးလုံးပါရှိသည်။ ကြယ်လေးလုံးသည် အရွယ်အစားတူ အလံ၏ ဝဲမှယာသို့ တဖြောင့်တည်း ကပ်ယှဉ်ကာ တည်ရှိနေသည်။

Flag

 

အဓိပ္ပါယ်ဖွင့်ဆိုချက်

အနီရောင်အောက်ခံသည် ရဲရင့်ခြင်း၊ ပြတ်သားခြင်း အဓိပ္ပာယ်ဆောင်သည်။ တစ်ထပ်တည်းကျလျက်ရှိသော ကြယ်လေးလုံးသည် အလုပ်သမား၊ လယ်သမား၊ လူလတ်တန်းစား၊ အမျိုးသားဓနရှင်တို့အား ကိုယ်စားပြုသည်။ ကြယ်တွင်ပါရှိသော အဝါရောင်သည် ချမ်းသာခြင်း၊ ကြွယ်ဝခြင်း၊ ထွန်းလင်းတောက်ပခြင်း၊ တရားမျှတခြင်းဟူသော အဓိပ္ပာယ်ကိုဆောင်သည်။

အရွယ်အစားသတ်မှတ်ချက်များ

– ပါတီဌာနချုပ်နှင့် အဖွဲ့အစည်းအဆင့်ဆင့်တွင်ထားရှိရန် (ရုံးသုံးအလံ)မှာ အလျား (၆)ပေ၊ အနံ (၃ ပေ ၄ လက်မ) ရှိသည်။
– လူထုစည်းရုံးရေးနယ်မြေသုံးအလံမှာ အလျား (၃) ပေ။ အနံ (၁ ပေ ၈ လက်မ) ရှိသည်။
– ယင်းအလံအရွယ်အစား၊ အချိုးအစားပေါ်လိုက်၍ လေးလုံးထပ်ကြယ်များ အရွယ်အစားကိုက်ညီစွာ ထည့်သွင်းထားသည်။

အပိုဒ် (၃)။ အထိမ်းအမှတ်တံဆိပ်

logo

အပိုဒ် (၄)။ ဆောင်ပုဒ်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဆောင်ပုဒ်မှာ “ပြည်သူသာအမိ၊ ပြည်သူသာအဖ” ဖြစ်သည်။

အပိုဒ် (၅)။ သစ္စာအဓိဋ္ဌာန်

၁။ ကျွန်ုပ်တို့သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေပါမည်။
၂။ ကျွန်ုပ်တို့သည် ပြည်သူလူထုဖက်မှ အစဉ်ရပ်တည်ကာကွယ်တိုက်ပွဲဝင်သွားပါမည်။
၃။ ကျွန်ုပ်တို့သည် ဒီမိုကရေစီတိုက်ပွဲအဆက်ဆက်တွင် ကျဆုံးသွားခဲ့သော အာဇာနည်သူရဲကောင်းအပေါင်း၏ ဂုဏ်ကျေးဇူးကို စောင့်သိရိုသေပါမည်။
၄။ ကျွန်ုပ်တို့သည် ပါတီမှပေးအပ်သောတာဝန်နှင့် ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ပါမည်။
၅။ ကျွန်ုပ်တို့သည် ငြိမ်းချမ်းသော၊ လွတ်လပ်သော၊ သာယာဝပြောသော လူ့ဘောင်ကြီးထွန်းကားလာသည်အထိ ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်သွားပါမည်။

အခန်း (၂)
ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်

အပိုဒ် (၆)။ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်

၁။ ဒီမိုကရေစီရေး
၂။၊ လူ့အခွင့်အရေး
၃။ တရားမျှတရေး
၄။ ငြိမ်းချမ်းရေး
၅။ တန်းတူရေး

အခန်း (၃)

ပါတီဝင်

အပိုဒ် (၇)။  (က) ပါတီဝင်အဖြစ် လျှောက်ထားသူသည် အသက် (၁၈) နှစ် ပြည့်ပြီးသူ ပြည်ထောင်စုမြန်မာနိုင်ငံသား ဖြစ်ရမည်။

   (ခ) ပါတီ၏ ဖွဲ့စည်းပုံစည်းမျဉ်း၊ မူဝါဒသဘောထား၊ နိုင်ငံရေးလမ်းစဉ်များအား လက်ခံယုံကြည်လျှင် ပါတီဝင်လျှောက်ထားခွင့်။ ပါတီဝင် ဖြစ်ပိုင်ခွင့်ရှိသည်။

   (ဂ) လူမျိုးမရွေး၊ ဘာသာမရွေး၊ ကျား/မ မရွေး၊ မည်သူမဆို တစ်ဦးချင်းအလိုက် ပါတီဝင်လျှောက်ထားခွင့်၊ ပါတီဝင် ဖြစ်ပိုင်ခွင့် ရှိသည်။

အပိုဒ် (၈)။ (က) ပါတီဝင်လျှောက်လွှာကိ သက်ဆိုင်ရာမြို့နယ်စည်းရုံးရေးကော်မတီသို့ တင်သွင်းရမည်။
၎င်းလျှောက်လွှာတွင် ပါတီဝင်တစ်ဦး၏ ထောက်ခံချက်ပါရှိရမည်။ သက်ဆိုင်ရာမြို့နယ်စည်းရုံးရေး ကော်မတီက လျှောက်လွှာအား သေချာစွာစီစစ်၍ လက်ခံသင့်၊ မခံသင့်ကို ဆုံးဖြတ်ရမည်။

   (ခ) ပါတီဝင်လျှောက်လွှာကို လက်ခံပါက သက်ဆိုင်ရာပါတီဌာနသို့ ပေးပို့ရမည်။ ပါတီဝင်အဖြစ်လျှောက်ထားသူနှင့် ထိုသူ၏ ပါတီဝင်လျှောက်လွှာကို သက်ဆိုင်ရာပါတီဌာနက လေ့လာစီစစ်ရမည်။ စီစစ်ပြီးပါက ပါတီဝင်လျှောက်လွှာအား မှတ်ချက်နှင့်အတူ ဗဟိုဦးဆောင်ကော်မတီသို့ တင်ပြရမည်။ ဗဟိုဦးဆောင်ကော်မတီက ပါတီဝင်အဖြစ် အသိအမှတ်ပြု လက်ခံ၊ လက်မခံကို ဆုံးဖြတ်အတည်ပြုရမည်။

အပိုဒ် (၉)။ (က) ပါတီဝင်တစ်ဦးသည် မိမိသဘောဆန္ဒအလျောက် ပါတီဝင်အဖြစ်မှ နှုတ်ထွက်လိုပါက သက်ဆိုင်ရာ မြို့နယ်စည်းရုံးရေးကော်မတီသို့ မိမိကိုယ်တိုင် နှုတ်ထွက်လွှာတင်သွင်းရမည်။

   (ခ) သက်ဆိုင်ရာ မြို့နယ်စည်းရုံးရေးကော်မတီက နှုတ်ထွက်လွှာကို လက်ခံ၍ စီစစ်ပြီး မှတ်ချက်နှင့်အတူ သက်ဆိုင်ရာ ပါတီဌာနသို့ တင်ပြရမည်။

   (ဂ) သက်ဆိုင်ရာ ပါတီဌာနက နှုတ်ထွက်လွှာနှင့်အတူ သက်ဆိုင်ရာ မြို့နယ်စည်းရုံးရေးကော်မတီ၏ မှတ်ချက်ကို လေ့လာစီစစ်ရမည်၊ လိုအပ်ပါက ဗဟိုဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ကွင်းဆင်းလေ့လာစုံစမ်းမှုများ ပြုလုပ်ရမည်။ ထို့နောက် အကြံပြုချက်နှင့်အတူ ဗဟိုဦးဆောင်ကော်မတီသို့တင်ပြရမည်။

အပိုဒ် (၆)။  ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်ဗဟိုဦးဆောင်ကော်မတီက ပါတီဝင်အဖြစ်မှ နှုတ်ထွက်ခွင့်ပြု/ မပြုကို ဆုံးဖြတ်အတည်ပြုရမည်။

အပိုဒ် (၁ဝ)။   ပါတီဝင်သက်တမ်းသည် ပါတီဝင်လျှောက်လွှာတင်သွင်းသည့်နေ့မှ စတင်သည်။

အခန်း (၄)

ပါတီဝင်များလိုက်နာဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများနှင့် အခွင့်အရေးများ

အပိုဒ် (၁၁)။ ပါတီဝင်များလိုက်နာဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများ

(က)    ပြည်ထောင်စု၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေရမည်။
(ခ)     ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးတို့အား ကာကွယ်စောင့်ရှောက်၍ ပြည်သူလူထု၏ အကျိုး စီးပွားကို ဦးထိပ်ထားရမည်။
(ဂ)   ပါတီ၏ ဖွဲ့စည်းပုံစည်းမျဉ်း၊ မူဝါဒသဘောထား၊ နိုင်ငံရေးလမ်းစဉ်၊ လုပ်ငန်းစဉ်များအား တိကျစွာ လေးစား လိုက်နာ၍ ပါတီ၏ စည်းလုံးညီညွတ်မှုကို အစဉ်ထိန်းသိမ်းစောင့်ရှောက်ရမည်။
(ဃ)    ပါတီက ပေးအပ်သော တာဝန်ဝတ္တရားများ၊ ဆုံးဖြတ်ချက်များကို ကျေပွန်စွာ လိုက်နာထမ်းဆောင်ရမည်။
(င)      ရိုးသားပွင့်လင်းရမည်၊ ပါတီအပေါ်သစ္စာရှိရမည်။ အဖြစ်မှန်များကို ပါတီအပေါ်ဖုံးကွယ်ခြင်း၊ လိမ်ညာခြင်း မပြုရ။
(စ)      အကျင့်စာရိတ္တပျက်ပြားမှုများ၊ ကိုယ်ကျိုးရှာမှုများနှင့် တကိုယ်ကောင်းဆန်မှုများကို လုံးဝ ရှောင်ကျဉ်ရမည်။
(ဆ)  ပါတီက ချမှတ်ထားသော လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် ရိုးသားတက်ကြွစွာ လုပ်ဆောင်ရမည်။ အပင်ပန်းအဆင်းရဲခံကာ ကြိုးပမ်းဆောင်ရွက်ရမည်။
(ဇ)    ပါတီအား အရေအတွက်အရ၊ အရည်အချင်းအရ မြင့်တက်လာစေရန် လုံးပမ်းဆောင်ရွက်ရမည်။ မိမိကိုယ် မိမိလည်း အရည်အချင်းမြင့်တက်လာစေရန် ဆောင်ရွက်ရမည်။ စံပြဖြစ်အောင် ကြိုးပမ်းရမည်။ အထွေထွေ ဗဟုသုတနှင့် နိုင်ငံရေးတို့တွင် တက်ကြွစွာ လေ့လာရမည်။
(ဈ)    ပါတီက သတ်မှတ်ထားသော ပါတီဝင်ကြေးနှင့် လစဉ်ကြေးတို့ကို ပုံမှန်ပေးဆောင်ရမည်။

အပိုဒ် (၁၂)။ ပါတီဝင်များ၏ အခွင့်အရေးများ

(က)     ပါတီဝင်တိုင်းသည် ပါတီအတွင်းတွင် ရွေးကောက်ခွင့်နှင့် အရွေးခံပိုင်ခွင့်ရှိသည်။
(ခ)   ပါတီတွင်းဆွေးနွေးပွဲများ၊ သက်ဆိုင်ရာအစည်းအဝေးများတွင် စည်ရုံးရေးဘောင်အတွင်းမှ ပါတီ၏ ဖွဲ့စည်းပုံ စည်းမျဉ်း၊ မူဝါဒသဘောထားများ၊ နိုင်ငံရေးပြဿနာများ၊ လက်တွေ့ဆောင်ရွက်မှုနှင့်ပတ်သက်သော ပြဿနာ များတွင် လွတ်လပ်စွာ ပါဝင်ဆွေးနွေးနိုင်ခွင့်ရှိသည်။
(ဂ)      ပါတီ၏ ဦးဆောင်မှုအဆင့်ဆင့် (သို့မဟုတ်) မည်သည့်တာဝန်ခံကိုမဆို အပြုသဘောဆောင်၍ ဝေဖန်ဆွေးနွေးနိုင်ခွင့် ရှိသည်။
(ဃ)   ပါတီက မိမိအား အရေးယူရန် ဆောင်ရွက်သည့်အခါတွင် ပြန်လည်ဖြေရှင်းပိုင်ခွင့်ရှိသည်။ အရေးယူရန် ဆုံးဖြတ်ချက်ချသည့်အခါ ကိုယ်တိုင်တက်ရောက်ခွင့်ရှိသည်။ ဤဖွဲ့စည်းပုံစည်းမျဉ်းနှင့်အညီ ညီလာခံအထိ အယူခံပိုင်ခွင့်ရှိသည်။
(င)   ပါတီ၏ ဆုံးဖြတ်ချက်နှင့် ကွဲလွဲနေသော မိမိ၏ထင်မြင်ယူဆချက်အား သိမ်းဆည်းထားနိုင်ခွင့်ရှိသည်။ ယင်း ထင်မြင်ယူဆချက်ကို ဗဟိုစည်းရုံးရေးကော်မတီနှင့် ညီလာခံအထိ တင်ပြနိုင်ခွင့်ရှိသည်။ သို့သော် ပါတီ၏ ဆုံးဖြတ်ချက်အား တက်ကြွစွာ လိုက်နာအကောင်အထည်ဖော်ရမည်။

အခန်း (၅)။
ပါတီ၏ ဦးဆောင်မှုအဆင့်ဆင့်နှင့် ဒီမိုကရေစီကျင့်သုံးမှုစနစ်

အပိုဒ် (၁၃)။ ဦးဆောင်မှုအဆင့်ဆင့်

(၁) နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ
(၂) ဗဟိုစည်းရုံးရေးကော်မတီ
(၃) ဗဟိုဦးဆောင်ကော်မတီ
(၄) တိုင်းဒေသကြီး/ ပြည်နယ်စည်းရုံးရေးကော်မတီ
(၅) ခရိုင်စည်းရုံးရေးကော်မတီ
(၆) မြို့နယ်စည်းရုံးရေးကော်မတီ

အပိုဒ် (၁၄)။   ရွေးချယ်တင်မြှောက်ခြင်း

(က) အဆင့်ဆင့်ဦးဆောင်မှုကို ဒီမိုကရေစီကျင့်စဉ်အရ အများစု၏ ဆန္ဒနှင့်အညီ ရွေးချယ်တင်မြှောက်ရမည်။
(ခ) လျှို့ဝှက်မဲပေးစနစ်ကိုသာ ကျင့်သုံးရမည်။

အပိုဒ် (၁၅)။   ဒီမိုကရေစီကျင့်သုံးမှုစနစ်

(က) ဒီမိုကရေစီဗဟိုချုပ်ကိုင်မှုစနစ်ကို ကျင့်သုံးသည်။ ၎င်းစနစ်အရ ပါတီကို ဖွဲ့စည်းတည်ဆောက်သည်။
ဒီမိုကရေစီအခြေခံပေါ်တွင် တည်ဆောက်ထားသော ဗဟိုချုပ်ကိုင်မှုဖြစ်ပြီး ဗဟိုချုပ်ကိုင်မှုအောက်တွင် ကျင့်သုံးသော ဒီမိုကရေစီဖြစ် သည်။
(ခ) ဒီမိုကရေစီဗဟိုချုပ်ကိုင်မှုအရ
     – အနည်းစုက အများစုကို နာခံရမည်။
     – ပါတီဝင်တစ်ဦးချင်းသည် ပါတီတစ်ရပ်လုံးကို နာခံရမည်။
     – အောက်ခြေအဆင့်ပါတီအဖွဲ့အစည်းသည် အထက်အဆင့်ပါတီအဖွဲ့အစည်းကို နာခံရမည်။
     – ပါတီတစ်ရပ်လုံးသည် ဗဟိုကော်မတီကို နာခံရမည်။
     – အများစုသည် အနည်းစု၏ ဆန္ဒကို လေးစားရမည်။
     – အထက်အဖွဲ့အစည်းသည် အောက်ခြေ၏ တင်ပြမှုအား လေးစားရမည်။
(ဂ) ပါတီ၏ အဆင့်ဆင့်ခေါင်းဆောင်များ၊ ပါတီဝင်များသည် ပါတီ၏ စည်းမျဉ်းစည်းကမ်းများကို တပြေးညီ တိကျစွာ လိုက်နာရမည်။

အပိုဒ် (၁၆)။   အစီရင်ခံခြင်း

(က)   မိမိတို့ တာဝန်ယူလုပ်ဆောင်သောလုပ်ငန်းများ၊ အခြေအနေများနှင့်ပတ်သက်၍ အောက်အဆင့်ပါတီအဖွဲ့အစည်းများသည် အထက်အဆင့် ပါတီအဖွဲ့အစည်းများသို့ စနစ်တကျ ပုံမှန်အစီရင်ခံရမည်။
(ခ)      အထက်အဆင့်မှ လိုအပ်သလို ဆုံးဖြတ်ချက်များ၊ ညွှန်ကြားချက်များပေးရမည်။ အထက်အောက် အပြန်အလှန် အစီရင်ခံမှုရှိရမည်။ အထက်အဆင့်အဖွဲ့အစည်းသည် လုပ်ငန်းနှင့်အခြေအနေများကို အောက်အဆင့်သို့ အစီရင်ခံ ပေးပို့ရမည်။ အထက်အဆင့်အဖွဲ့အစည်းသည် အောက်အဆင့်အဖွဲ့အစည်းအား ဆုံးဖြတ်ချက်များ၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်စေရန် ကြပ်မတ်ပေးရမည်။
(ဂ)       အထက်အဖွဲ့အစည်းနှင့် ခေါင်းဆောင်များသည် အောက်အဆင့်အဖွဲ့အစည်းနှင့် အဖွဲ့ဝင်ထု၏ အခြေအနေများကို မပြတ်လေ့လာသုံးသပ်ရမည်။ ၎င်းတို့ အခက်အခဲပြဿနာများအား အချိန်မီ ဖြေရှင်းဆောင်ရွက်ပေးရမည်။ အပြန်လှန် လေးစားမှုရှိရမည်။

အပိုဒ် (၁၇)။ (က) ပါတီ၏ ဦးဆောင်မှုအဆင့်ဆင့်အဖွဲ့အစည်းများသည် ကော်မတီစနစ်ကို အာမခံရမည်။ စုပေါင်းခေါင်းဆောင်မှု၊ တစ်ဦးချင်းတာဝန်ယူမှု “မူ”ကို ကျင့်သုံးရမည်။
        (ခ) စည်းကမ်းလည်းရှိ၊ လွတ်လပ်မှုလည်းရှိ၊ ဗဟိုချုပ်ကိုင်မှုလည်းရှိ၊ ဒီမိုကရေစီလည်းရှိသော အဖွဲ့အစည်း တည်ဆောက်မှုမျိုး ဖြစ်ရမည်။

အခန်း (၆)
နိုင်ငံလုံးဆိုင်ရာပါတီညီလာခံ

အပိုဒ် (၁၈)။ နိုင်ငံလုံးဆိုင်ရာပါတီညီလာခံ

(က) နိုင်ငံလုံးဆိုင်ရာပါတီညီလာခံသည် ပါတီ၏ အမြင့်ဆုံးအာဏာပိုင်ဖြစ်သည်။
(ခ) နိုင်ငံလုံးဆိုင်ရာပါတီညီလာခံအား (၅)နှစ်လျှင် တစ်ကြိမ်ခေါ်ယူကျင်းပသွားရမည်။ အကယ်၍ သတ်မှတ်ထားချက်အတိုင်း ကျင်းပနိုင်ခြင်းမရှိပါက ဗဟိုစည်းရုံးရေးကော်မတီဝင်အများစု၏ ဆုံးဖြတ်ချက်ဖြင့် ကာလသတ်မှတ်၍ ရွှေ့ဆိုင်းနိုင်သည်။
(ဂ) နိုင်ငံလုံးဆိုင်ရာပါတီညီလာခံကို ဗဟိုဦးဆောင်ကော်မတီက ခေါ်ယူရမည်။
(ဃ) နိုင်ငံလုံးဆိုင်ရာပါတီညီလာခံတက်ရောက်ရန် ကိုယ်စားလှယ်ဦးရေကို မြို့နယ်အလိုက် ပါတီဝင် အရေအတွက်ပေါ်အခြေခံ၍ ဗဟိုဦးဆောင်ကော်မတီက သတ်မှတ်ရမည်။ ကိုယ်စားလှယ်ဦးရေသတ်မှတ်ချက်ကို ဗဟိုစည်းရုံးရေးကော်မတီ၏ အတည်ပြုချက်ရယူရမည်။
(င) နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံတက်ရောက်ခွင့်ရှိသူ ကိုယ်စားလှယ်ဦးရေ၏ (၇၅)ရာခိုင်နှုန်း တက်ရောက်မှသာ ညီလာခံ အထမြောက်သည်။
(စ) နိုင်ငံလုံးဆိုင်ရာပါတီညီလာခံကျင်းပရေးအတွက် ညီလာခံကျင်းပရေးကော်မရှင်ကို သင့်လျော်သည့်ဦးရေဖြင့် ဗဟိုဦးဆောင်ကော်မတီက ဖွဲ့စည်းတာဝန်ပေးအပ်ရမည်။
(ဆ) နိုင်ငံလုံးဆိုင်ရာညီလာခံကျင်းပရေးကော်မရှင်သည် ဤဖွဲ့စည်းပုံစည်းမျဉ်းအရ ရေးဆွဲထားသော ညီလာခံကျင်းပရေး လုပ်ထုံးလုပ်နည်း စည်းမျဉ်းများနှင့်အညီ ညီလာခံကိုယ်စားလှယ်ရွေးချယ်ခြင်း၊ ညီလာခံကျင်းပခြင်း၊ ရွေးကောက်တင်မြှောက်ခြင်းစသော ညီလာခံလုပ်ငန်းများကို အောင်မြင်ပြီးမြောက်သည်အထိ တာဝန်ယူ ဆောင်ရွက်ရမည်။

အပိုဒ် (၁၉)။   နိုင်ငံလုံးဆိုင်ရာပါတီညီလာခံ၏ လုပ်ပိုင်ခွင့်အာဏာများ

ဤဖွဲ့စည်းပုံစည်းမျဉ်းဥပဒေတွင် အခြားပြဋ္ဌာန်းထားချက်မရှိလျှင် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံ၏ လုပ်ပိုင်ခွင့်အာဏာကို ကန့်သတ်တားမြစ်ခြင်း မရှိစေရ။

အပိုဒ် (၂ဝ)။   နိုင်ငံလုံးဆိုင်ရာပါတီညီလာခံကိုယ်စားလှယ်

(က) ညီလာခံကိုယ်စားလှယ်များကို မြို့နယ်အလိုက် ပါတီဝင်များ၏ ဆန္ဒနှင့်အညီ ရွေးချယ်ရမည်။
(ခ) ညီလာခံကိုယ်စားလှယ်၏ သက်တမ်းမှာ ညီလာခံပြီးဆုံးချိန်အထိ ဖြစ်သည်။
(ဂ) ညီလာခံကိုယ်စားလှယ်များသာ ဗဟိုစည်းရုံးရေးကော်မတီဝင်အဖြစ် ရွေးချယ်ခံပိုင်ခွင့်ရှိသည်။ ဆုံးဖြတ်ချက်များတွင် မဲပေးပိုင်ခွင့်ရှိသည်။
(ဃ) ညီလာခံကိုယ်စားလှယ်တစ်ဦးသည် ခိုင်လုံသော အကြောင်းတစုံတရာကြောင့် ညီလာခံသို့ တက်ရောက်နိုင်ခြင်းမရှိပါက ညီလာခံကျင်းပရေးကော်မရှင်ထံသို့ အချိန်မီသတင်းပို့ရမည်။ ၎င်းကိုယ်စားလှယ်သည် ဆန္ဒရှိပါက ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်အဖြစ် အဝေးရောက် အရွေးချယ်ခံလိုကြောင်း ညီလာခံသို့ ဆန္ဒပြုနိုင်သည်။ ညီလာခံကရွေးချယ်ထားသော အလှည့်ကျသဘာပတိအဖွဲ့ဝင်အများစု ဆန္ဒဖြင့် အတည်ပြုချက်ရယူရမည်။ သို့သော် ၎င်းညီလာခံကိုယ်စားလှယ်သည် ဆုံးဖြတ်ချက်များ၊ ရွေးကောက်တင်မြှောက်မှုများတွင် အဝေး ရောက်မဲပေးပိုင်ခွင့် မရှိစေရ။
(င) ညီလာခံကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်းမခံရသော လက်ရှိသက်တမ်းမှ ဗဟိုစည်းရုံးရေး ကော်မတီဝင်များသည် ညီလာခံသို့ တက်ရောက်ခွင့်၊ ပြောဆိုဆွေးနွေးခွင့် ရှိစေရမည်။
(စ) ပါတီ၏ စည်းမျဉ်းဥပဒေများ၊ စည်းကမ်းချက်များချိုးဖောက်ခြင်း၊ ပြစ်မှုတစုံတရာ ကျူးလွန်ခြင်းများရှိပါက ညီလာခံကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းရမည်။

အခန်း (၇)
ဗဟိုစည်းရုံးရေးကော်မတီ

အပိုဒ် (၂၁)။ ဗဟိုစည်းရုံးရေးကော်မတီသည် ညီလာခံတစ်ခုနှင့်တစ်ခုအကြားတွင် အမြင့်ဆုံးအာဏာပိုင်အဖွဲ့ဖြစ်သည်။ ဗဟိုစည်းရုံးရေးကော်မတီ၏ သက်တမ်းသည် ညီလာခံ၏ သက်တမ်းအတိုင်းဖြစ်သည်။

အပိုဒ် (၂၂)။ ဗဟိုစည်ရုံးရေးကော်မတီဝင်အရေအတွက်ကို ညီလာခံက သတ်မှတ်ရမည်။

အပိုဒ် (၂၃)။ ဗဟိုစည်းရုံးရေးကော်မတီကို ညီလာခံက ရွေးချယ်တင်မြှောက်လိုက်သော ဗဟိုစည်းရုံးရေး ကော်မတီဝင်များဖြင့် ဖွဲ့စည်းရမည်။

အပိုဒ် (၂၄)။ ဗဟိုစည်းရုံးရေးကော်မတီအစည်းအဝေးတွင် အများစု၏ သဘောတူညီချက်ဖြင့် ပါတီ၏ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ များ၊ အထွေထွေအတွင်းရေးမှူး၊ အတွင်းရေးမှူးများနှင့် ဗဟိုဦးဆောင်ကော်မတီဝင်များကို ဗဟိုစည်းရုံးရေး ကော်မတီဝင်များထဲမှ ရွေးချယ်ရမည်။

အပိုဒ် (၂၅)။
   (က)    ဗဟိုစည်းရုံးရေးကော်မတီ ပုံမှန်အစည်းအဝေးကို (၃) လလျှင် တစ်ကြိမ် ခေါ်ယူကျင်းပရမည်။
 (ခ)  ပါတီဦးဆောင်ကော်မတီက အဆိုပြုလျှင်သော်လည်းကောင်း၊ ဗဟိုစည်းရုံးရေးကော်မတီဝင် သုံးပုံတစ်ပုံက တောင်းဆိုလျှင်သော်လည်းကောင်း ဗဟိုစည်းရုံးရေးကော်မတီ အရေးပေါ်အစည်းအဝေးအား ခေါ်ယူကျင်းပရမည်။
  (ဂ)   ပါတီဥက္ကဋ္ဌ သို့မဟုတ် ဒုတိယဥက္ကဋ္ဌ၏ တရားဝင်ခွင့်ပြချုက်မရဘဲ ဗဟိုစည်းရုံးရေးကော်မတီအစည်းအဝေးအား တက်ရောက်ရန် မပျက်ကွက်စေရ။
 (ဃ)  ဗဟိုစည်းရုံးရေးကော်မတီဝင်ဦးရေ ထက်ဝက်ကျော်တက်ရောက်ပါက ဗဟိုစည်းရုံးရေးကော်မတီ အစည်းအဝေး အထမြောက်သည်။

အပိုဒ် (၂၆)။ ဗဟိုစည်းရုံးရေးကော်မတီသည် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံက ချမှတ်သောလမ်းစဉ်၊ လုပ်ငန်းစဉ်နှင့် ဆုံးဖြတ်ချက်များကို တာဝန်ခံရမည်။ ဗဟိုစည်းရုံးရေးကော်မတီသည် ပါတီကို ကိုယ်စားပြုသည်။

အပိုဒ် (၂၇)။
   (က) ဗဟိုစည်ရုံးရေးကော်မတီဝင်တစ်ဦးသည် အခန်း (၅) အပိုဒ် (၁၅) အား ချိုးဖောက်ခြင်း၊ အပိုဒ် (၁၆) အား ဟန့်တားနှောက်ယှက်ဖျက်ဆီးခြင်း၊ ပေးအပ်သောတာဝန်များကို ကျေပွန်စွာမထမ်းဆောင်ခြင်း၊ အကြောင်းပြချက်မခိုင်လုံဘဲ ဗဟိုစည်းရုံးရေးကော်မတီ အစည်းအဝေးတက်ရောက်ရန် သုံးကြိမ်ဆက်တိုက် ပျက်ကွက်ခြင်း စသည်တို့အား ဖောက်ဖျက်ကျူးလွန်ပါက ၎င်းဗဟိုစည်းရုံးရေးကော်မတီဝင်အား တာဝန်မှ ရပ်ဆိုင်းနိုင်သည်။
   (ခ) ဗဟိုစည်းရုံးရေးကော်မတီဝင် (၇၅) ရာခိုင်နှုန်းကျော် တက်ရောက်သော ဗဟိုစည်းရုံးရေးကော်မတီ အစည်းအဝေးက ဗဟိုစည်းရုံးရေးကော်မတီဝင်တစ်ဦးအား တာဝန်မှရပ်ဆိုင်းရန် လိုအပ်သည်ဟု ဆုံးဖြတ်ပါက တာဝန်မှ ရပ်ဆိုင်းနိုင်သည်။

အပိုဒ် (၂၈)။ ဗဟိုစည်းရုံးရေးကော်မတီဝင်တစ်ဦးသည် မိမိဆန္ဒအလျောက် ဗဟိုစည်းရုံးရေးကော်မတီဝင်အဖြစ်မှ နှုတ်ထွက် လိုကြောင်း တင်ပြလာပါက ဗဟိုစည်းရုံးရေးကော်မတီအစည်းအဝေးက ဆုံးဖြတ်ပေးရမည်။ အနီးကပ်ဆုံး ပါတီညီလာခံတွင် အတည်ပြုချက် ရယူရမည်။

အပိုဒ် (၂၉)။ ဗဟိုစည်းရုံးရေးကော်မတီဝင်နေရာ လစ်လပ်ပါက ဗဟိုစည်းရုံရေးကော်မတီအစည်းအဝေး၏ ဆုံးဖြတ်ချက်ဖြင့် အသစ် ဖြည့်စွက်နိုင်သည်။ ယင်းသို့ဆောင်ရွက်ခြင်းကို အနီးကပ်ဆုံး ပါတီညီလာခံတွင် အတည်ပြုချက် ရယူရမည်။

အပိုဒ် (၃ဝ)။ ဗဟိုစည်းရုံးရေးကော်မတီသည် လိုအပ်သည့် ကော်မတီများနှင့် ပါတီအဖွဲ့အစည်းများကို ဖွဲ့စည်းတာဝန်ပေးအပ်ရမည်။ တာဝန်မှ ပြန်လည်ရုပ်သိမ်းနိုင်သည်။

အပိုဒ် (၃၁)။ ပါတီ၏ မူဝါဒသဘောထားများ၊ နိုင်ငံရေးလုပ်ငန်းစဉ်များ၊ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများအား ရေးဆွဲရန်၊ ပြင်ဆင်ဖြည့်စွက်ရန်လိုအပ်ပါက ဗဟိုစည်းရုံးရေးကော်မတီအစည်းအဝေးက ရေးဆွဲပြင်ဆင် ဖြည့်စွက်နိုင်သည်။ ယင်းရေးဆွဲချက်၊ ပြင်ဆင်ဖြည့်စွက်ချက်များကို အနီးကပ်ဆုံး ညီလာခံသို့ တင်သွင်းအတည်ပြုချက်ရယူရမည်။

အပိုဒ် (၃၂)။ ဗဟိုစည်းရုံးရေးကော်မတီသည် မိမိ၏သက်တမ်းကုန်ဆုံးခါနီးတွင် လုပ်ငန်း၊ ငွေကြေး၊ စာရင်းဇယား၊ ရုပ်ဝတ္ထု ပစ္စည်းများအား နောက်တက်လာမည့် ဗဟိုစည်းရုံးရေးကော်မတီအသစ်အား လွှဲပြောင်းပေးအပ်နိုင်ရန် ညီလာခံမတိုင်မီအတွင်း အပြီးသတ် ပြင်ဆင်၍ ဗဟိုစည်းရုံးရေးကော်မတီအသစ်သို့ လုပ်ထုံးလုပ်နည်းနှင့်အညီ လွှဲပြောင်းပေးအပ်ရမည်။

အခန်း (၈)
ဗဟိုဦးဆောင်ကော်မတီ

အပိုဒ် (၃၃)။   ဗဟိုဦးဆောင်ကော်မတီအား ဗဟိုစည်းရုံးရေးကော်မတီအစည်းအဝေးက ရွေးချယ်တာဝန်ပေးအပ်သည့် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများ။ အထွေထွေအတွင်းရေးမှူး၊ အတွင်းရေးမှူးများနှင့် ဗဟိုဦးဆောင်ကော်မတီဝင် တို့ဖြင့် ဖွဲ့စည်းရမည်။ ဗဟိုဦးဆောင်ကော်မတီဝင်ဦးရေသည် ဗဟိုစည်းရုံးရေးကော်မတီဝင်ဦးရေ၏ ထက်ဝက်ထက် မကျော်စေရ။

အပိုဒ် (၃၄)။  ဗဟိုစည်ရုံးရေးကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူး၊ အတွင်းရေးမှူးများသည် ဗဟိုဦးဆောင် ကော်မတီ၏ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူး၊ အတွင်းရေးမှူးများ ဖြစ်ကြသည်။

အပိုဒ် (၃၅)။  ဗဟိုဦးဆောင်ကော်မတီသည် ဗဟိုစည်းရုံးရေးကော်မတီအစည်းအဝေးများ မကျင်းပနိုင်သည့်အခြေအနေတွင် ဗဟိုစည်းရုံးရေး ကော်မတီကိုယ်စား ပါတီ၏ အမြင့်ဆုံးအာဏာပိုင်အဖွဲ့ ဖြစ်သည်။

အပိုဒ် (၃၆)။ ဗဟိုဦးဆောင်ကော်မတီသည် ဗဟိုစည်းရုံးရေးကော်မတီအစည်းအဝေးက အပ်နှင်းသောအခွင့်အာဏာများနှင့် ပါတီ၏ လုပ်ငန်းများကို ဦးစီးအကောင်အထည်ဖော်ရမည်။

အပိုဒ် (၃၇)။   ဗဟိုဦးဆောင်ကော်မတီအစည်းအဝေးကို လစဉ် ပုံမှန်ကျင်းပရမည်။ လိုအပ်ပါက ဗဟိုဦးဆောင်ကော်မတီဝင် သုံးပုံတစ်ပုံ၏ ဆန္ဒအရ အစည်းအဝေးများခေါ်ယူနိုင်သည်။

အပိုဒ် (၃၈)။   ဗဟိုဦးဆောင်ကော်မတီသည် ပါတီစည်းရုံးရေးမှူးများကို လိုအပ်သလို ခန့်အပ်တာဝန်ပေးရမည်။

အပိုဒ် (၃၉)။   ဗဟိုဦးဆောင်ကော်မတီသည် ဗဟိုစည်းရုံးရေးကော်မတီအစည်းအဝေးများတွင် လုပ်ငန်းအစီရင်ခံစာများ တင်သွင်းရမည်။

အပိုဒ် (၄ဝ)။   ဗဟိုဦးဆောင်ကော်မတီသည် လိုအပ်သည့် လုပ်ငန်းဌာနများကို ဖွဲ့စည်းတာဝန်ပေးအပ်ရမည်။ တာဝန်မှ ပြန်လည်ရုပ်သိမ်းနိုင်သည်။

အပိုဒ် (၄၁)။   ဗဟိုဦးဆောင်ကော်မတီသည် သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ပြည်နယ် စည်းရုံးရေးကော်မတီများ ဖွဲ့စည်း တာဝန်ပေးအပ်ရမည်။ ဗဟိုစည်းရုံးရေးကော်မတီအစည်းအဝေးတွင် အတည်ပြုချက် ရယူရမည်။

အပိုဒ် (၄၂)။   ဗဟိုဦးဆောင်ကော်မတီဝင်တစ်ဦးသည် ပုဒ်မ (၂၇) ပုဒ်မခွဲ (က)နှင့် (ခ)ပါ သတ်မှတ်ချက်များအပြင်၊ ဗဟို ဦးဆောင်ကော်မတီ အစည်းအဝေးအား အကြောင်းပြချက် မခိုင်လုံဘဲ သုံးကြိမ်ဆက်တိုက် တက်ရောက်ရန် ပျက်ကွက်ခြင်း၊ ဗဟိုဦးဆောင်ကော်မတီဝင်တစ်ဦး ထမ်းဆောင်ရမည့် လုပ်ငန်းတာဝန်များအား ထမ်းဆောင်ရန် ပျက်ကွက်ခြင်းများဖြစ်ပါက ဗဟိုဦးဆောင်ကော်မတီအစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ဗဟိုစည်းရုံးရေး ကော်မတီသို့တင်ပြ၍ ဗဟိုစည်းရုံးရေးကော်မတီ ဆုံးဖြတ်ချက်ဖြင့် ၎င်းအား ဗဟိုဦးဆောင်ကော်မတီဝင်အဖြစ်မှ ရပ်ဆိုင်းနိုင်သည်။

အပိုဒ် (၄၃)။   ဥက္ကဋ္ဌ

(က)   ဥက္ကဋ္ဌသည် ပါတီ၏ အမြင့်ဆုံးနှင့် တာဝန်အရှိဆုံး ခေါင်းဆောင်ဖြစ်သည်။
(ခ)    ဗဟိုစည်းရုံးရေးကော်မတီနှင့် ဗဟိုဦးဆောင်ကော်မတီ၏ လုပ်ငန်းများအား တာဝန်ယူ ဦးစီးကွပ်ကဲရမည်။
(ဂ)    ပါတီ၏ ဖွဲ့စည်းပုံစည်းမျဉ်း၊ နိုင်ငံရေးလမ်းစဉ်နှင့် လုပ်ငန်းစဉ်များအား ထိန်းသိမ်းပေးရမည်။
(ဃ)  ဗဟိုစည်းရုံးရေးကော်မတီအစည်းအဝေးနှင့် ဗဟိုဦးဆောင်ကော်မတီအစည်းအဝေးတို့တွင် သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်ရမည်။

အပိုဒ် (၄၄)။   ဒုတိယဥက္ကဋ္ဌများ

(က)   ဒုတိယဥက္ကဋ္ဌများသည် ပါတီ၏ ဒုတိယအဆင့်အမြင့်ဆုံးနှင့် ဒုတိယတာဝန်အရှိဆုံး ပုဂ္ဂိုလ်များဖြစ်သည်။
(ခ)    ဒုတိယဥက္ကဋ္ဌများသည် ဥက္ကဋ္ဌနှင့်ပူးတွဲ၍ ဥက္ကဋ္ဌတာဝန်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရမည်။ ဗဟိုဦးဆောင်ကော်မတီ၏ နိုင်ငံရေးလုပ်ငန်းဆောင်တာများနှင့်ပတ်သက်၍ အဆင်သင့်ဖြစ်စေပြီး ဥက္ကဋ္ဌအား အချိန်မီတင် သွင်းရမည်။ ဥက္ကဋ္ဌနှင့် ညှိနှိုင်းရမည်။
(ဂ)    အကြောင်းအမျိုးမျိုးကြောင့် ဥက္ကဋ္ဌသည် လုပ်ငန်းတာဝန်များကို မထမ်းဆောင်နိုင်သည့်ကာလများတွင် ဒုတိယ ဥက္ကဋ္ဌများအနက် အမှတ်စဉ်အလိုက် ဒုတိယဥက္ကဋ္ဌတစ်ဦးသည် ဥက္ကဋ္ဌတာဝန်ကို ယာယီထမ်းဆောင်ရမည်။ ဥက္ကဋ္ဌက တာဝန်များကို ထမ်းဆောင်နိုင်သည့်အချိန်တွင် ပြန်လည်လွှဲပြောင်းပေးရမည်။

အပိုဒ် (၄၅)။   အထွေထွေအတွင်းရေးမှူး

     (က) အထွေထွေအတွင်းရေးမှူးသည် ပါတီတစ်ရပ်လုံး၏ လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရေးအတွက် အနီးကပ် ကြီးကြပ်စီမံ ဆောင်ရွက်ရမည်။ ပါတီဌာနချုပ်ရုံးအား ကြီးကြပ်ကွပ်ကဲရမည်။

     (ခ) အထွေထွေအတွင်းရေးမှူးသည် ဗဟိုစည်းရုံးရေးကော်မတီနှင့် ဗဟိုဦးဆောင်ကော်မတီတို့၏ ဆုံးဖြတ်ချက်၊ လုပ်ငန်းလမ်းညွှန်ချက်များကို လက်မှတ်ရေးထိုး ထုတ်ပြန်ရမည်။

     (ဂ) တာဝန်မှရပ်ဆိုင်းခြင်း၊ အရေးယူခြင်းများ ပြလုပ်ရန်လိုအပ်ပါက အထွေထွေအတွင်းရေးမှူးသည် ဗဟိုဦးဆောင်ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် ပါတီဖွဲ့စည်းပုံစည်းမျဉ်းနှင့်အညီ အရေးယူဆောင်ရွက်ရမည်။ ၎င်းဆုံး ဖြတ်ချက်ကို ဗဟိုစည်းရုံးရေးကော်မတီသို့ တင်ပြရမည်။

     (ဃ) ဥက္ကဋ္ဌ၏ ညွှန်ကြားချက်ဖြင့် အထွေထွေအတွင်းရေးမှူးသည် ဗဟိုစည်းရုံးရေးကော်မတီအစည်းအဝေးနှင့် ဗဟို ဦးဆောင်ကော်မတီအစည်းအဝေးများကို ခေါ်ယူရမည်။

     (င) ဗဟိုစည်းရုံးရေးကော်မတီအစည်းအဝေးနှင့် ဗဟိုဦးဆောင်ကော်မတီအစည်းအဝေးတို့တွင် အထွေထွေအတွင်းရေးမှူးသည် အကျိုးဆောင်အဖြစ် ဆောင်ရွက်ရမည်။

     (စ) အထွေထွေအတွင်းရေးမှူးသည် ပါတီဌာနအသီးသီး၏လုပ်ငန်းများ ပုံမှန်လုပ်ဆောင်နိုင်ခြင်း ရှိမရှိ စိစစ်ကာ ကြပ်မတ်ပေးရမည်။

     (ဆ) အထွေထွေအတွင်းရေးမှူးသည် ဗဟိုဦးဆောင်ကော်မတီ၏ လုပ်ငန်းအစီရင်ခံစာများကို ဗဟိုစည်းရုံးရေး ကော်မတီ အစည်းအဝေးသို့ တင်သွင်းရမည်။

အပိုဒ် (၄၆)။   အတွင်းရေးမှူးများ

     (က) အတွင်းရေးမှူးများသည် အထွေထွေအတွင်းရေးမှူးနှင့် တွဲဖက်၍ အတွင်းရေးမှူးတာဝန်များကို ထမ်းဆောင်ရမည်။ အထွေထွေအတွင်းရေးမှူး၏ လုပ်ငန်းတာဝန်များကို ကူညီဆောင်ရွက်ရမည်။
     (ခ) အထွေထွေအတွင်းရေးမှူးသည် အကြောင်းအမျိုးမျိုးကြောင့် တာဝန်မထမ်းဆောင်နိုင်သည့် ကာလများတွင် အတွင်းရေးမှူးများအနက် အမှတ်စဉ်အလိုက် အတွင်းရေးမှူးတစ်ဦးသည် အထွေထွေအတွင်းရေးမှူး၏ တာဝန်များကို ယာယီ ထမ်းဆောင်ရမည်။ အထွေထွေအတွင်းရေးမှူးသည် တာဝန်များကို ပြန်လည်ထမ်းဆောင်နိုင်ပါက တာဝန်များအား ပြန်လည်လွှဲပြောင်းပေးရမည်။

အပိုဒ် (၄၇)။   ဗဟိုဦးဆောင်ကော်မတီဝင်

     (က)  ဗဟိုဦးဆောင်ကော်မတီဝင်များသည် ပါတီ၏လုပ်ငန်းစဉ်များဖော်ဆောင်နိုင်ရေး၊ ပါတီယန္တယား လည်ပတ်နိုင်ရေးအတွက် သက်ဆိုင်ရာ ပါတီအဖွဲ့အစည်းများ၊ ကော်မတီများ၊ ဌာနများအလိုက် တာဝန်ယူဆောင်ရွက်ရမည်။
     (ခ)  ပါတီ၏လုပ်ငန်းများဖော်ဆောင်ရာတွင် ပါတီ၏မူဝါဒ၊ လမ်းစဉ်၊ လုပ်ငန်းစဉ်များ၊ ဖွဲ့စည်းပုံစည်းမျဉ်းပါ ပြဋ္ဌာန်းချက်များနှင့် ကင်းလွတ်မှုမရှိစေရန် ကြပ်မတ်ကွပ်ကဲရမည်။
     (ဂ)  မိမိတာဝန်ယူထားသည့် ပါတီအဖွဲဏ္ဍအစည်းများ၊ ကော်မတီများ၊ ဌာနများအလိုက် ငွေကြေးသုံးစွဲမှုများ မှန်ကန်မှုရှိစေရန် ကြပ်မတ်ရမည်။ လိုအပ်ပါက ငွေစာရင်းများကို စစ်ဆေးရမည်။
     (ဃ)  ဌာနဆိုင်ရာလုပ်ငန်းများအတွက် သင့်လျော်သောပါတီဝင်များနှင့် ပါတီပြင်ပပုဂ္ဂိုလ်များအား ဗဟိုဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် တာဝန်ပေးအပ်နိုင်သည်။ ဌာနဝန်ထမ်းခန့်အပ်ရန်လိုအပ်ပါက ဗဟိုဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် တာဝန်ပေးခန့်အပ်နိုင်သည်။
     (င)  ဌာနဆိုင်ရာလုပ်ငန်းအစီရင်ခံစာများကို အထွေထွေအတွင်းရေးမှူးထံသို့ ပုံမှန်အားဖြင့် (၃)လလျှင်တစ်ကြိမ် ပေးပို့တင်ပြရမည်။ အရေးပေါ်လိုအပ်ချက်များရှိပါက လိုအပ်သလို ပေးပို့တင်ပြရမည်။

အခန်း (၉)
အရေးယူခြင်း

အပိုဒ် (၄၈)။  ပါတီဝင်တိုင်းသည် အခန်း(၄) ပုဒ်မ(၁၁)ပါ ပါတီဝင်များလိုက်နာဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများအား ပျက်ကွက်ခြင်း၊ ပုဒ်မ(၁၂)ပါ အခြားပါတီဝင်များ၏ အခွင့်အရေးများ ခံစားခွင့်အား ပိတ်ပင်တားဆီးခြင်း၊ အခန်း (၅) အပိုဒ် (၁၅) နှင့် အပိုဒ် (၁၆) တို့တွင် ပါဝင်သည့် တားမြစ်ချက်များအား ကျူးလွန်ဖောက်ဖျက်ပါက သို့မဟုတ် သတ်မှတ်ထားချက်များအား လိုက်နာရန် ပျက်ကွက်ပါက –
   ၁။ ဆွေးနွေးခြင်း
   ၂။ သတိပေးခြင်း
   ၃။ ပြင်းထန်စွာသတိပေးခြင်း
   ၄။ ပါတီတာဝန်အဆင့်မှ ချထားခြင်း
   ၅။ ပါတီတာဝန်များမှ ရပ်ဆိုင်းထားခြင်း
   ၆။ ပါတီဝင်ရပိုင်ခွင့်များ ရုပ်သိမ်းခြင်း
   ၇။ ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်း
   စသည့်နည်းလမ်းများ သို့မဟုတ် နည်းလမ်းတစ်ခုခုဖြင့် အရေးယူဆောင်ရွက်မည်။

အပိုဒ် (၄၉)။   ပါတီဝင်တစ်ဦးအားအရေးယူရာတွင် ပြဿနာနှင့် အခြေအနေကိုလိုက်၍ အခန်း (၅)၊ ပုဒ်မ (၁၃) ပါ ပါတီဦးဆောင်မှုအဆင့်ဆင့်အလိုက်သော်လည်းကောင်း၊ အထက်အဆင့်တစ်ခုခုက တိုက်ရိုက်အားဖြင့်သော်လည်းကောင်း အရေးယူနိုင်သည်။

အပိုဒ် (၅ဝ)။   (က) အခန်း (၉)၊ အပိုဒ် (၄၈) အရေးယူခြင်းနည်းလမ်း (၁) နှင့် (၂) တို့နှင့်ပတ်သက်၍ မြို့နယ်စည်းရုံး ရေးကော်မတီများကလည်းကောင်း၊ အရေးယူခြင်းနည်းလမ်း (၃) နှင့်ပတ်သက်၍ ခရိုင်စည်းရုံးရေးကော်မတီများကလည်းကောင်း အရေးယူဆောင်ရွက်နိုင်သည်။ ယင်းသို့ ဆောင်ရွက်ချက်ကို အထက်အဆင့် စည်းရုံးရေး ကော်မတီသို့ (၇)ရက်အတွင်း တင်ပြရမည်။ အကယ်၍ အရေးယူခြင်း နည်းလမ်း (၁) (၂) (၃) မှလွဲ၍ အရေး ယူခြင်းအား လိုအပ်သည်ဟု ယူဆပါက တိုင်းဒေသကြီး / ပြည်နယ်စည်းရုံးရေးကော်မတီသို့ အစီရင်ခံ တင်ပြရမည်။

     (ခ) အထက်ပါ အပိုဒ်ခွဲ (က) အရ တင်ပြလာပါက အရေးယူခြင်းနည်းလမ်း (၇) မှလွဲ၍ တိုင်းဒေသ ကြီး/ပြည်နယ် စည်းရုံးရေးကော်မတီများက အရေးယူဆောင်ရွက်နိုင်သည်။ ယင်းသို့ ဆောင်ရွက်ချက်ကို ဗဟိုဦးဆောင်ကော်မတီသို့ (၇)ရက်အတွင်း တင်ပြရမည်၊ အကယ်၍ အရေးယူခြင်းနည်းလမ်း (၇) အား လိုအပ်သည်ဟု ယူဆပါက ဗဟိုဦးဆောင်ကော်မတီသို့ အစီရင်ခံတင်ပြရမည်။

     (ဂ) အခန်း (၉)။ အပိုဒ် (၄၈) အရေးယူခြင်းနည်းလမ်း (၇) အား ဆောင်ရွက်ရာတွင် ဗဟိုဦးဆောင် ကော်မတီကသာ အရေးယူဆောင်ရွက်ရမည်။ ဗဟိုဦးဆောင်ကော်မတီသည် လိုအပ်သည်ဟု ယူဆပါက (သို့တည်းမဟုတ်) စွပ်စွဲခံရသူက ကြောင်း ကျိုးဆီလျော်စွာတောင်းဆိုပါက ဗဟိုဦးဆောင်ကော်မတီအစည်း အဝေးဆုံးဖြတ်ချက်ဖြင့် အဖွဲ့ဝင် (၃) ဦးပါသော စုံစမ်း စစ်ဆေး ရေးကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေး အပ်နိုင်သည်။ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ဆုံးဖြတ်ချက်ကို ဗဟိုဦးဆောင် ကော်မတီသို့ အစီရင်ခံတင်ပြရမည်။ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံတင်ပြချက်အပေါ် အခြေခံ၍ ဗဟိုဦးဆောင် ကော်မတီက အရေးယူဆောင်ရွက်ရမည်။

အပိုဒ် (၅၁)။   အရေးယူအပြစ်ပေးခြင်းခံရသူသည် ပါတီဦးဆောင်မှုအဆင့်အဆင့်သို့ အယူခံပိုင်ခွင့်ရှိသည်။

အပိုဒ် (၅၂)။   အထက်ပါ အပိုဒ် (၅ဝ) အပိုဒ်ခွဲ (က) အရ အရေးယူခြင်းခံရသူသည် တိုင်းဒေသကြီး/ပြည်နယ်စည်းရုံရေး ကော်မတီသို့ (၆) လ အတွင်း အယူခံတင်သွင်းပိုင်ခွင့်ရှိသည်။ တိုင်းဒေသကြီး/ပြည်နယ်စည်းရုံးရေးကော်မတီ ၏ ဆုံးဖြတ်ချက်သည် အပြီးသတ် ဖြစ်စေရမည်။

အပိုဒ် (၅၃)။   အထက်ပါ အပိုဒ် (၅ဝ) အပိုဒ်ခွဲ (ခ) အရ အရေးယူခြင်းခံရသူသည် ဗဟိုဦးဆောင်ကော်မတီသို့ (၆) လ အတွင်း အယူခံတင်သွင်း ပိုင်ခွင့်ရှိသည်။
ဗဟိုဦးဆောင်ကော်မတီ၏ ဆုံးဖြတ်ချက်သည် အပြီးသတ်ဖြစ်စေရမည်။

အပိုဒ် (၅၄)။   အထက်ပါ အပိုဒ် (၅ဝ) အပိုဒ်ခွဲ (ဂ) အရ အရေးယူခြင်းခံရသူသည် ပါတီဗဟိုစည်းရုံးရေးကော်မတီသို့ (၆) လ အတွင်း အယူခံ တင်သွင်းပိုင်ခွင့်ရှိသည်။ ပါတီဗဟိုစည်းရုံးရေးကော်မတီက ယင်းအယူခံလွှာအား ပယ်ချပါက နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံသို့ ဆက်လက်တင်သွင်းပိုင်ခွင့်ရှိသည်။

အခန်း (၁ဝ)
ပါတီ၏ ဖွဲ့စည်းပုံစည်းမျဉ်း ပြင်ဆင်ခြင်း

အပိုဒ် (၅၅)။   (က) ပါတီ၏ ဖွဲ့စည်းပုံစည်းမျဉ်းကို ပြင်ဆင်၊ ဖြည့်စွက်၊ ပြောင်းလဲ အသစ်အစားထိုးရန်လိုအပ်ပါက နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံတွင် တက်ရောက်သော ညီလာခံကိုယ်စားလှယ်အများစု၏ သဘောတူညီချက်ဖြင့် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း ပြောင်းလဲခြင်း၊ အသစ်အစားထိုးခြင်းတို့ကို ပြုလုပ်ရမည်။

     (ခ) သို့သော် တိုင်းပြည်၏ နိုင်ငံရေးအခြေအနေအရ ပါတီ၏ ဖွဲ့စည်းပုံစည်းမျဉ်းကို ပြင်ဆင်၊ ဖြည့်စွက်၊ ပြောင်းလဲ၊ အသစ်အစားထိုးရန် လိုအပ်သည်ဟု ဗဟိုဦးဆောင်ကော်မတီက တင်ပြလာသည့်အပေါ် ဗဟို စည်းရုံးရေးကော်မတီက လိုအပ်သည်ဟု ဆုံးဖြတ်ပါက ဗဟိုစည်ရုံးရေးကော်မတီဝင် သုံးပုံနှစ်ပုံ၏ သဘောတူညီချက်ဖြင့် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း ပြောင်းလဲခြင်း၊ အသစ်အစားထိုးခြင်းတို့ကို ပြုလုပ်ရမည်။ ယင်းသို့ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း ပြောင်းလဲခြင်း၊ အသစ်အစားထိုးခြင်းတို့ကို အနီးကပ်ဆုံး နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံတွင် အတည်ပြုချက်ရယူရမည်။

အခန်း (၁၁)
အထွေထွေ

အပိုဒ် (၅၆)။  ပါတီ၏ တိုင်းဒေသကြီး/ပြည်နယ်စည်းရုံးရေးကော်မတီ၊ ခရိုင်စည်းရုံးရေးကော်မတီ၊ မြို့နယ် စည်းရုံးရေးကော်မတီများအတွက် ဖွဲ့စည်းမှု၊ လုပ်ငန်းတာဝန်များနှင့်ပတ်သက်၍ ဤဖွဲ့စည်းပုံစည်းမျဉ်းနှင့်အညီ လုပ်ထုံးလုပ် နည်းစည်းမျဉ်းများ ပြဋ္ဌာန်းဆောင်ရွက်ရမည်။

အပိုဒ် (၅၇)။   ပါတီစုံညီအစည်းအဝေး

     (က) ဗဟိုစည်းရုံးရေးကော်မတီသည် နိုင်ငံလုံးဆိုင်ရာညီလာခံသက်တမ်းကာလအတွင်း ပါတီစုံညီအစည်းအဝေးများကို အနည်းဆုံး (၂) နှစ်လျှင် တစ်ကြိမ် ခေါ်ယူကျင်းပနိုင်သည်။

     (ခ) ပါတီစုံညီအစည်းအဝေးသို့ အနီးကပ်ဆုံး ကျင်းပခဲ့သည့် ညီလာခံသို့ တက်ရောက်ခွင့်ရှိသူများ၊ လူထုလူတန်းစား အဖွဲ့အစည်းများမှ ပါတီဝင်ကိုယ်စားလှယ်များ၊ အခြားဖိတ်ကြားသင့်သည့် ပါတီပြင်ပမှ ပုဂ္ဂိုလ်များအား တက်ရောက်ခွင့်ပြုရမည်။

     (ဂ) ပါတီစုံညီအစည်းအဝေးတွင် ပါတီ၏ မူဝါဒသဘောထားများ၊ လမ်းစဉ်များ၊ လုပ်ငန်းစဉ်များအား သုံးသပ်ခြင်း၊ တိုင်းပြည်တွင်း ဖြစ်ပေါ်နေသော နိုင်ငံရေး စီးပွားရေး လူမှုရေးဆိုင်ရာ ကြောင်းချင်းရာများနှင့်ပတ်သက်၍ အမြင်သဘောထားများ ဆွေးနွေးဖလှယ်ခြင်း၊ ပါတီဗဟိုစည်ရုံးရေးကော်မတီသို့ တင်ပြမည့် ဝေဖန်အကြံပြုချက်များ စာတမ်းများ ပြုစုခြင်းတို့ကို ပြုလုပ်ရမည်။

     (ဃ) ပါတီစုံညီအစည်းအဝေး၏ အကြံပြုချက်များ၊ စာတမ်းများကို လာမည့် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံတွင် မှတ်တမ်းတင်ရမည်။

အပိုဒ် (၅၈)။   ပါတီ၏ မှတ်တမ်းမှတ်ရာများ၊ အချက်အလက်များကို မူရင်းအဖြစ် အတည်ပြုရမည့်ဘာသာမှာ မြန်မာဘာသာ ဖြစ်သည်။