ဆက်သွယ်ရန် အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society
|
By DPNS INFORMATION, on October 14th, 2014 ယနေ့ ၂၀၁၄ခုနှစ်၊ အောက်တိုဘာလ၊ (၁၄) ရက်နေ့သည် မိမိတို့ပါတီ၏သက်တမ်း (၂၆) နှစ်တင်းတင်း ပြည့်သောနေ့ ဖြစ်သည်။ ပါတီသက်တမ်း (၂၆) နှစ်တာအတွင်း နယ်မြေဒေသအသီးသီးတွင် သဏ္ဍာန်အမျိုးမျိုးနှင့် လူမျိုးစုံမြန်မာ ပြည်သူတို့၏အကျိုးစီးပွားကို မျက်နှာမူပြီး ပါတီ၏အလံတော်ကို ဦးလည်မသုန် သယ်ဆောင်ထမ်းရွက်ခဲ့ကြသော ပါတီ ၀င်ရဲဘော်မျိုးဆက်အသီးသီးကို ပါတီမှ အထူး အလေးအမြတ်ပြု တန်ဖိုးထားပါကြောင်း ဦးစွာ ဖေါ်ပြအပ်ပါသည်။ ယနေ့ကာလသည် ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် (၁) နှစ်ခန့်သာ လိုတော့သည့်ကာလ ဖြစ်သည်။ သို့သော် ယနေ့အချိန်အထိ မြန်မာနိုင်ငံလူဦးရေ၏ (၇၀) ရာခိုင်နှုန်းရှိသည့် တောင်သူလယ်သမားများ၏ ဘ၀အခြေအနေမှာ မလုံမခြုံ ဖြစ်နေရဆဲဖြစ်သည်။ယနေ့အထိ မြေသိမ်းယာသိမ်းခံနေကြရပြီး သိမ်းဆည်းခံလယ် ယာမြေ ပြန်လည်ရရှိရေးကိစ္စမှာ ဖြေရှင်း၍မရသည့်ပြဿနာသဖွယ် ခက်ခဲမြဲ ခက်ခဲလျက် ရှိနေဆဲဖြစ်သည်။ ထိုနည်းတူ အလုပ်သမားများသည်လည်း အခြေခံရပိုင်ခွင့်များပင် ပြည့်မီအောင်မရရှိနိုင်ကြသေးပဲ အကြပ် အတည်းအမျိုးမျိုးနှင့် ကြုံတွေ့နေရဆဲဖြစ်သည်။ မြို့နေအခြေခံလူထု၏ နေ့စဉ်ရှာဖွေစားသောက်မှုဘ၀အခြေအနေများသည်လည်း ကြမ်းတန်းနေဆဲ၊ ဆင်းရဲ ချမ်းသာ ကွာဟမှု၏ နောက်ဆက်တွဲဆိုးကျိုးများကို ကုန်းရုန်းပြီး ခါးဆည်းခံနေကြရဆဲဖြစ်သည်။ ကျောင်းသားလူငယ်များသည်လည်း ကျောင်းသားထု၏ကံကြမ္မာကို အာမခံနိုင်သည့် အမျိုးသားပညာရေး မူဝါဒတရပ် အခိုင်အမာချမှတ်နိုင်ရေးအတွက် ရုန်းကန်လှုပ်ရှားနေကြရဆဲဖြစ်သည်။ တရားဥပဒေစိုးမိုးရေးနှင့် လွတ်လပ်သည့်တရားရေးမဏ္ဍိုင်တရပ်ထွန်းကားရေးသည်လည်း ချို့ယွင်းအားနည်း နေဆဲဖြစ်သည်။ ခိုင်မာသည့်အပစ်အခတ်ရပ်စဲရေးနှင့် စစ်မှန်သည့်ငြိမ်းချမ်းရေးကိုတည်ဆောက်ရန် ကြိုးပမ်းနေကြသည်ဆို သော်လည်း ဆက်လက်ညှိနှိုင်းရန်ကျန်ရှိနေဆဲ၊ အခက်အခဲများကို ကျော်ဖြတ်ရန် အားယူနေရဆဲဖြစ်သည်။ ချုပ်၍ဆိုရလျင် ယနေ့ကာလဒီမိုကရေစီအပြောင်းအလဲဆိုသည်များသည် လူမျိုးစုံမြန်မာပြည်သူအများစုကြီး အဖို့ ပြောပလောက်အောင် သက်ရောက်မှုမရှိသေးသလို ဖြစ်နေသည်ဟု မိတို့ပါတီက ရှုမြင်ပါသည်။ ဤကဲ့သို့သောအနေအထားသည် ကျေနပ်လက်ခံစရာကောင်းသည့် အနေအထားတရပ် မဟုတ်ကြောင်း မိမိတို့ပါတီက အလေးအနက် ခံယူပါသည်။ ဤကဲ့သို့သောအနေအထားမှ မြန်နိုင်သမျှအမြန်ဆုံး ရုန်းထွက်ကြရပါလိမ့်မည်။ တစ်ရက်စော၍ ရုန်းထွက်နိုင်လျင် ပြည်သူလူထုအဖို့ တစ်ရက်သက်သာမည့်ကိစ္စဖြစ်သည့်အတွက် ဤတာ ၀န်သည် တမျိုးသားလုံးဆိုင်ရာ ယနေ့ကာလ နိုင်ငံရေးတာဝန်ဖြစ်သည်ဟု မိမိတို့ပါတီက ယုံကြည်ပါသည်။ ထို့အတွက် နိုင်ငံရေးအင်အားစုအသီးသီးအနေဖြင့် တိုင်းပြည်နှင့်ပြည်သူလူထုအကျိုးကို တည့်တည့်ဖြောင့် ဖြောင့် မျက်နှာမူပြီး လက်တွဲကြိုးပမ်းအဖြေရှာကြရမည် ဖြစ်ပါသည်။ နိုင်ငံရေးအင်အားစုအသီးသီးအနေဖြင့်- ၁။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အပြည့်အဝအာမခံနိုင်ရေး ၂။ ခိုင်မာသည့် အပစ်အခတ်ရပ်စဲရေးနှင့် စစ်မှန်သည့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရေး ၃။အမျိုးသားများ၏တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အ၀အာမခံနိုင်သော ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးနှင့် ၄။အစဉ်ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အစည်းတရပ်တည်ဆောက်နိုင်ရေး စသည့် ရည်မှန်းချက်များကို အပြည့် အ၀ ဖေါ်ဆောင်ပေးကြရပါလိမ့်မည်။ ထိုသို့ဆောင်ရွက်နိုင်ဖို့အတွက် အစိုးရ၊ တပ်မတော်၊ လွှတ်တော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အင်အားစုများအပါအ၀င် နိုင်ငံရေးအင်အားစုအားလုံး ပါဝင်သည့် တန်းတူရည်တူ တွေ့ဆုံဆွေးနွေးအဖြေရှာသည့် ပြည်ထောင်စုညီလာခံတရပ်ကို ကနဦးခြေလှမ်းတလှမ်းအဖြစ် မလွဲမသွေ ခေါ်ယူဆောင်ရွက်ကြရန် လိုအပ်သည် ဟု မိမိတို့ပါတီက အခိုင်အမာ ယုံကြည်ပါသည်။ ထိုသို့ဆောင်ရွက်နိုင်ရေးအတွက်လည်း အင်အားစုအသီးသီး အနေဖြင့် ဝိုင်းဝန်းကြိုးပမ်းကြပါရန် မိမိတို့ပါတီက အလေးအနက် တိုက်တွန်းအပ်ပါသည်။ ထိုဖြစ်စဉ်သည် အခက်အခဲများ၊ စိန်ခေါ်ချက်များ မြောက်မြားစွာရှိကောင်းရှိနိုင်ပါသည်။ မည်မျှပင် ခက်ခဲစေကာမူ မိမိတို့ပါတီအနေဖြင့် အခြားသော အင်အားစုများနှင့်အတူ၊ လူမျိုးစုံမြန်မာပြည်သူ တို့နှင့်အတူ ကျရာအခန်းမှ အတက်ကြွဆုံးလက်တွဲထမ်းရွက်သွားရန် အခိုင်အမာသန္နိဋ္ဌာန်ချမှတ်ထားပါကြောင်း (၂၆) နှစ်ပြည့် ပါတီတည်ထောင်ခြင်းနေ့အထိမ်းအမှတ် နိုင်ငံရေးဆွေးနွေးပွဲတွင် မိမိတို့ပါတီ၏သဘောထားကို အလေး အနက် တင်ပြအပ်ပါသည်။ ဗဟိုစည်းရုံးရေးကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်) ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်။
By DPNS INFORMATION, on August 14th, 2014 ၂၀၁၄ခုနှစ်၊ သြဂုတ်လ (၈)ရက်နေ့တွင် ရှစ်လေးလုံးဒီမိုကရေစီလူထုအရေးတော်ပုံကြီး (၂၆) နှစ်ပြည့်ပြီ ဖြစ်သည်။ အရေးတော်ပုံကြီးအတွင်း အသက်ပေးခဲ့ကြသော ရဟန်းရှင်လူ ကျောင်းသားပြည်သူအပေါင်းနှင့် အရေးတော်ပုံကြီး၏ သမိုင်းရေးတာဝန်များကို ဆက်လက်ထမ်းရွက်ရင်း ၂၆ နှစ်တာအတွင်းတွင် သဏ္ဍာန်အမျိုးမျိုးနှင့် ရင်းနှီးပေးဆပ်ခဲ့သူအပေါင်းကို မိမိတို့ပါတီက လှိုက်လှိုက်လှဲလှဲ ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။ ပြီးခဲ့သည့်နှစ် ရှစ်လေးလုံးငွေရတုလူထုစုဆုံပွဲကြီးတွင် နိုင်ငံရေးအင်အားစုများ၊ လူထုအခြေပြုအဖွဲ့အစည်းများနှင့် ရဟန်း ရှင်လူပြည်သူများက အောက်ပါ ရှစ်လေးလုံးငွေရတုဆုံးဖြတ်ချက် (၃) ရပ်ကို အခိုင်အမာ ချမှတ်ခဲ့ကြပါသည်။ ၁။ ကျွန်ုပ်တို့သည် ကိုယ့်ကြမ္မာကိုယ်ပြဋ္ဌာန်းပိုင်ခွင့်ရှိ၍ တန်းတူညီမျှမှုရှိသော ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ်ကိုလိုအပ်သည်ဟု အလေးအနက်ခံယူသည်။ ၂။၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ကျွန်ုပ်တို့လိုလားသော ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် သစ်ကို ဖေါ်ဆောင်ပေးနိုင်ခြင်း မရှိပေ။ သို့ဖြစ်ပါ၍ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြခံဥပဒေ ပြင်ဆင်ပြောင်းလဲရန်၊ (သို့မဟုတ်) ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲရန်လိုအပ်သည်ဟု အလေးအနက်ခံယူသည်။ ၃။ ထိုသို့ဖေါ်ဆောင်နိုင်ရေးအတွက် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်သော အမျိုးသား အင်အားစုအားလုံးပါဝင်သည့် ညီလာခံတစ်ရပ်ကို ကျင်းပရန် လိုအပ်သည်ဟု အလေးအနက်ခံယူသည်။ မိမိတို့ပါတီအနေဖြင့် ဤ ဆုံးဖြတ်ချက် (၃) ရပ်ကို အပြည့်အ၀ သဘောတူပါသည်။ ဤဆုံးဖြတ်ချက် (၃) ရပ်ကို အပြည့်အ၀ အကောင်အထည်ဖေါ်နိုင်ရေးသည် မြန်မာနိုင်ငံတွင် ယနေ့ ရင်ဆိုင် ကြုံတွေ့ နေရသော ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်ရေးနှင့် တိုက်ရိုက်အချိုးကျသည်ဟု မိမိတို့ပါတီက လေးနက်စွာ ယုံကြည်ပါသည်။ သို့အတွက် တိုင်းရင်းသားအင်အားစုများအပါအ၀င် နိုင်ငံရေးအင်အားစုအသီးသီးနှင့်လည်းကောင်း၊ လူထုအခြေပြုအဖွဲ့ အစည်းများနှင့်လည်းကောင်း၊ လူမျိုးစုံ မြန်မာပြည်သူများနှင့်လည်းကောင်း ဆုံးဖြတ်ချက်များအပြည့်အ၀ အကောင်အထည်ဖေါ်နိုင် ရေးလုပ်ငန်းစဉ်များတွင် မိမိတို့ပါတီက တက်ကြွစွာ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုလျက် ဤသ၀ဏ်လွှာကို ပေး ပို့အပ်ပါသည်။ ဗဟိုစည်းရုံးရေးကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဋ္ဌာနချုပ်) ၂၀၁၄ခုနှစ်၊ သြဂုတ်လ (၈)ရက်နေ့။
By DPNS INFORMATION, on August 12th, 2014 ၁။ ကရင့် အမျိုးသားခေါင်းဆောင် စောဘဦးကြီးနှင့် ဗိုလ်ချုပ်စိုင်းကေတို့ ကျဆုံးခဲ့သည့် အထွဋ်အမြတ်နေ့အား ကရင့်အာဇာနည်နေ့ အဖြစ် နှစ်စဉ် ဂုဏ်ပြု၊ကျင်းပခဲ့ကြသည်မှာ (၆၄) ကြိမ် တိုင်ခဲ့ပြီ ဖြစ်ပါသည်။ ကရင်အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲတလျောက်တွင် အသက်၊ သွေး၊ ချွေးများ ရင်းနှီးပေးဆပ်ခဲ့ကြသော ကရင့်အာဇာနည် အပေါင်းအား မိမိတို့ လေးစား၊တန်ဘိုးထားမှု အပြည့်ဖြင့် ဦးညွှတ်၊ ဂုဏ်ပြုလိုက်ပါသည်။ ၂။ အမျိုးသားပြည်သူတရပ်၏ လွတ်မြောက်ရေးသမိုင်းစဉ်တွင် အမျိုးသားဂုဏ်သိက္ခာနှင့် တန်းတူခွင့်၊လွတ်လပ်ခွင့်များကို ကိုယ်စား ပြုနိုင်သည့် သူရဲကောင်း အာဇာနည်တို့အား တန်ဘိုးထား၊မြတ်နိုးခြင်း အောက်မေ့၊အထိမ်းအမှတ်ပြုခြင်းတို့မှာ သမိုင်းတန်ဘိုးအရ အရေးပါသည်ဟု မိမိတို့ နားလည်၊ခံယူမိပါသည်။ ၃။ မျက်မှောက်ကာလတိုင်အောင်လည်း ကရင့်အာဇာနည် စောဘဦးကြီး အလေးထား ညွှန်ပြခဲ့သည့် မူ(၄)ချက်အား မမေ့လျော့၊ မသွေဖည်ဘဲ ငြိမ်းချမ်းရေး၊ တန်းတူသောဖက်ဒရယ်ပြည်ထောင်စုစစ်စစ်တရပ်ရရှိရေးတို့ကို ကရင်အမျိုးသားပြည်သူတို့က ဂုဏ် သိက္ခာရှိစွာ ကြိုးပမ်း၊အားထုတ်နေကြဆဲဖြစ်သည် ဟူ၍ မိမိတို့ သုံးသပ်မိပါသည်။ ၄။ ဆက်လက်၍ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီထွန်းကားရေး၊ တန်းတူသော ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေး၊ တမျိုးသားလုံး ဆိုင်ရာ နိုင်ငံရေး တွေ့ဆုံ၊ဆွေးနွေး အဖြေရှာပွဲကြီး ဖြစ်မြောက် အောင်မြင်ရေး စသည့် သမိုင်းတာဝန်များကို ကရင်အမျိုးသား ပြည်သူတို့၏ မိတ်ဆွေကောင်း၊အင်အားစုတရပ်အဖြစ် လက်တွဲဆောင်ရွက်သွားရန် လေးလေးနက်နက် ရည်သန်လျက် ဤဂုဏ်ပြု သဝဏ်လွှာအား ပေးပို့လိုက်ပါသည်။ ဗဟိုစည်းရုံးရေးကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်) ၂၀၁၄ ခုနှစ်၊ ဩဂုတ်လ၊ ၁၂ ရက်။
By DPNS INFORMATION, on August 8th, 2014 ၂၀၁၄ခုနှစ်၊ သြဂုတ်လ (၈)ရက်နေ့တွင် ရှစ်လေးလုံးဒီမိုကရေစီလူထုအရေးတော်ပုံကြီး (၂၆) နှစ်ပြည့်ပြီ ဖြစ်သည်။ အရေးတော်ပုံကြီးအတွင်း အသက်ပေးခဲ့ကြသော ရဟန်းရှင်လူ ကျောင်းသားပြည်သူအပေါင်းနှင့် အရေးတော်ပုံကြီး၏ သမိုင်းရေးတာဝန်များကို ဆက်လက်ထမ်းရွက်ရင်း ၂၆ နှစ်တာအတွင်းတွင် သဏ္ဍာန်အမျိုးမျိုးနှင့် ရင်းနှီးပေးဆပ်ခဲ့သူအပေါင်းကို မိမိတို့ပါတီက လှိုက်လှိုက်လှဲလှဲ ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။ ပြီးခဲ့သည့်နှစ် ရှစ်လေးလုံးငွေ ရတုလူထုစုဆုံပွဲကြီးတွင် နိုင်ငံရေးအင်အားစု များ၊ လူထုအခြေပြုအဖွဲ့ အစည်းများနှင့် ရဟန်း ရှင်လူပြည်သူများက အောက်ပါ ရှစ်လေးလုံးငွေရတုဆုံးဖြတ်ချက် (၃) ရပ်ကို အခိုင်အမာ ချမှတ်ခဲ့ကြပါသည်။ ၁။ ကျွန်ုပ်တို့သည် ကိုယ့်ကြမ္မာကိုယ်ပြဋ္ဌာန်းပိုင်ခွင့်ရှိ၍ တန်းတူညီမျှမှုရှိသော ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ်ကိုလိုအပ်သည်ဟု အလေးအနက်ခံယူသည်။ ၂။၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ကျွန်ုပ်တို့လိုလားသော ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် သစ်ကို ဖေါ်ဆောင်ပေးနိုင်ခြင်း မရှိပေ။ သို့ဖြစ်ပါ၍ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရန်၊ (သို့မဟုတ်) ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲရန်လိုအပ်သည်ဟု အလေးအနက်ခံယူသည်။ ၃။ ထိုသို့ဖေါ်ဆောင်နိုင်ရေးအတွက် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်သော အမျိုးသား အင်အားစုအားလုံးပါဝင်သည့် ညီလာခံတစ်ရပ်ကို ကျင်းပရန် လိုအပ်သည်ဟု အလေးအနက်ခံယူသည်။ မိမိတို့ပါတီအနေဖြင့် ဤ ဆုံးဖြတ်ချက် (၃) ရပ်ကို အပြည့်အ၀ သဘောတူပါသည်။ ဤဆုံးဖြတ်ချက် (၃) ရပ်ကို အပြည့်အ၀ အကောင်အထည်ဖေါ်နိုင်ရေးသည် မြန်မာနိုင်ငံတွင် ယနေ့ ရင်ဆိုင် ကြုံတွေ့ နေရသော ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်ရေးနှင့် တိုက်ရိုက်အချိုးကျသည်ဟု မိမိတို့ပါတီက လေးနက်စွာ ယုံကြည်ပါသည်။ သို့အတွက် တိုင်းရင်းသားအင်အားစုများအပါအ၀င် နိုင်ငံရေးအင်အားစုအသီးသီးနှင့်လည်းကောင်း၊ လူထုအခြေပြုအဖွဲ့ အစည်းများနှင့်လည်းကောင်း၊ လူမျိုးစုံ မြန်မာပြည်သူများနှင့်လည်းကောင်း ဆုံးဖြတ်ချက်များအပြည့်အ၀ အကောင်အထည်ဖေါ်နိုင် ရေးလုပ်ငန်းစဉ်များတွင် မိမိတို့ပါတီက တက်ကြွစွာ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုလျက် ဤသ၀ဏ်လွှာကို ပေး ပို့အပ်ပါသည်။ ဗဟိုစည်းရုံးရေးကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဋ္ဌာနချုပ်) ၂၀၁၄ခုနှစ်၊ သြဂုတ်လ (၈)ရက်နေ့။
By DPNS INFORMATION, on July 7th, 2014 ၁။ ယနေ့သည် မြန်မာ့ ဒီမိုကရေစီရေးတိုက်ပွဲသမိုင်းတွင် ဖုံးကွယ်၊ မေ့ချန်ရစ်၍ မရနိုင်သော သမိုင်းဝင် ၇ – ဇူလိုင် အရေးတော်ပုံ၏ (၅၂) နှစ် မြောက် နှစ်ပတ်လည်နေ့ဖြစ်သည်။ ၂။ လွန်ခဲ့သော (၅၂) နှစ်က ဤဇူလိုင် (၇) ရက်နေ့တွင် မြန်မာပြည်ကျောင်းသားထုသည် ပြည်သူတရပ်လုံး၏ ဒီမိုကရေစီဆိတ်သုဉ်းမှု၊ ဒီမိုကရေစီပညာရေးစံနစ် အနိုင်ကျင့်ဖျက်ဆီးခံရမှု၊ ကျောင်းသားထုအခွင့်အရေးအလုံးစုံ ဖျက်ဆီးရုတ်သိမ်းခံရမှုတို့အား ဆန့်ကျင်လျက် အာဏာ သိမ်းစစ်အုပ်စု၏ အရေခြုံ မျက်နှာဖုံးအား ရဲရင့်ဂုဏ်ပြောင်စွာ တိုက်ပွဲဝင် ချွတ်ခွာ ပြသနိုင်ခဲ့ပေသည်။ တိုက်ပွဲဝင် ကျောင်းသားထု သွေးမြေကျ၊ ကျဆုံးခဲ့ကြရသည့်ပြင် ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ ကျောင်းသားသမဂ္ဂအဆောက်အဦအား လည်း ဖောက်ခွဲဖြိုချခံရသည်အထိ စစ်အစိုးရ၏ လက်တုန့်ပြန်ဖိနှိပ်မှုကို ခံခဲ့ကြရသည့် ကမ္ဘာသိ သမိုင်းဝင် နေ့တနေ့လည်း ဖြစ်ပေသည်။ ၃။ ယနေ့ကာလတွင်လည်း ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီနှင့်တကွ မြန်မာတပြည်လုံးရှိ ဗကသများအသီးသီးသည် မိမိတို့၏ တရားဝင်တည်ရှိမှုကိုအသိအမှတ်ပြုရန် တိုက်ပွဲဝင်နေကြရဆဲဖြစ်သကဲ့သို့ ဗကသ မူ(၅)ချက်ကို အခိုင်အမာကိုင်စွဲလျက် အဖိနှိပ်ခံမြန်မာပြည်သူ တရပ်လုံးနှင့်အတူ သိမ်းဆည်းခံလယ်မြေများပြန်လည်ရရှိရေး၊ အလုပ်သမားအခွင့်အရေးကာကွယ်ရေး၊ ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေး၊ ဒီမိုကရေစီ ပညာရေးစံနစ် ထွန်းကားလာရေး၊ ငြိမ်းချမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေး စသည့်တာဝန်များကို ကျားကုတ်ကျားခဲ ထမ်း ဆောင်နေကြသည်ကို မိမိတို့ပါတီက အလေးအနက် ဂုဏ်ယူတန်ဖိုးထားပါသည်။ ၄။ မိမိတို့ပါတီသည်လည်း ဒီမိုကရေစီရေး၊ ဒီမိုကရေစီပညာရေးစံနစ် ရှင်သန်ရေး၊ ငြိမ်းချမ်းရေး၊ တန်းတူသော ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေး၊ ၂၀၀၈ ဖွဲ့ည်းပုံအခြေခံဥပဒေကို လူထုဆန္ဒနှင့်အညီ ပြုပြင်ရေးဆွဲနိုင်ရေး စသည့်တာဝန်များကို ညီနောင် ကျောင်းသားရဲဘော် များနှင့်အတူ၊ လူမျိုးစုံ မြန်မာပြည်သူတို့နှင့်အတူ အခိုင်အမာ လက်တွဲထမ်းရွက်သွားမည်ဖြစ်ကြောင်းဖော်ပြရင်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ပါသည်။ ဗဟိုစည်းရုံးရေးကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်) ၂၀၁၄ခုနှစ် ဇူလိုင်လ (၇) ရက်။
By DPNS INFORMATION, on June 27th, 2014 ( ၂၆-၆-၂၀၁၄) ရက်နေ့ ည ၉း၁၅ နာရီခန့်တွင် ဗိုလ်ချုပ်ကြီးတာမလာဘော ဆုံးပါးကွယ်လွန်သွားကြောင်း ကြားသိ ရသည့်အတွက် မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ကရင်အမျိုးသားထုနှင့်ထပ်တူ၊ ကရင်အမျိုးသားအစည်းအရုံးနှင့် ထပ်တူ၊ အဖိုး၏မိသားစုနှင့်ထပ်တူ အထူး နှမြောတသ ကြေကွဲဝမ်းနည်း ဖြစ်ကြရပါသည်။ ဗိုလ်ချုပ်ကြီးတာမလာဘော၏ တသက်တာသည် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ အမျိုး သားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အ၀အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုကြီးတည်ဆောက်ရေး စသည့် တိုက်ပွဲ စဉ်များနှင့် အတိပြီးသော တသက်တာ ဖြစ်ပါသည်။ ဗိုလ်ချုပ်ကြီးတာမလာဘော ဆုံးပါးသွားခြင်းသည် ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်အမျိုးသားထုအတွက် ကြီးမား သော ဆုံးရှုံးမှုကြီးဖြစ်ရုံသာမက တော်လှန်ရေးအင်အားစုများ၏ တပ်ပေါင်းစုလုပ်ငန်းများနှင့် ဒီမိုကရေစီရေး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက်ပါ အဖိုးမဖြတ်နိုင်သော ဆုံးရှုံးမှုကြီးတရပ်ဖြစ်သည်ဟု မိမိတို့ပါတီက အလေးအနက် ယုံကြည်ပါသည်။ တော်လှန်ရေးဒေသများနှင့် ထိုင်းမြန်မာနယ်စပ်အခြေစိုက် နှစ်ကာလများအတွင်း မိမိတို့ပါတီအလံတော်အား ဆက်လက် လွှင့်တင်လှုပ်ရှားခဲ့ကြရသည့် အလွန်ခက်ခဲကြမ်းတမ်းသော ဖြတ်သန်းမှုကြီးအတွင်းတွင် အဖိုး ဗိုလ်ချုပ်ကြီးတာမလာဘောနှင့်တကွ ကရင်အမျိုးသားနိုင်ငံရေးခေါင်းဆောင်ကြီးများ၏ အဖက်ဖက်မှ ဖေးမ၀န်းရံ လက်တွဲဆောင်ရွက်ခဲ့မှုများ၊ အပြန်အလှန် တန်ဖိုးထား မှုအပြည့်ဖြင့် ပူးပေါင်းလှုပ်ရှားခဲ့ရမှုများကို မိမိတို့ပါတီက အစဉ်အမြဲ အောက်မေ့ ဂုဏ်ယူနေမည် ဖြစ်ပါသည်။ မိမိတို့ပါတီအနေဖြင့် အဖိုး ဗိုလ်ချုပ်ကြီးတာမလာဘော၏ စံနမူနာကောင်းများကို ခံယူပြီး အဖိနှိပ်ခံပြည်သူများ လွတ် မြောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ အပြည့်အ၀အာမခံနိုင်ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အ၀အာမခံသည့် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးတို့အတွက် လူမျိုးပေါင်းစုံပြည်သူလူထုကြီး နှင့်အတူ တက်ကြွစွာ သယ်ပိုးထမ်းရွက်သွားမည်ဖြစ်ကြောင်း လေးနက်တည်ကြည်စွာ ကတိသစ္စာပြုရင်း ဤ၀မ်းနည်းသ၀ဏ်လွှာ ကို ပေးပို့အပ်ပါသည်။ ဗဟိုစည်းရုံးရေးကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဋ္ဌာနချုပ်) ၂၀၁၄ ခုနှစ်၊ ဇွန်လ (၂၇) ရက်
By DPNS INFORMATION, on June 21st, 2014 ကရင်နီပြည် အမျိုးသားထုတရပ်လုံး၏ (၁၃၉) ကြိမ်မြောက် ကရင်နီအမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားသို့ မိမိ တို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက လှိုက်လှဲဝမ်းမြောက်စွာဖြင့် ဤဂုဏ်ပြုသ၀ဏ်လွှာကို ပေးပို့လိုက်ပါသည်။ လူမျိုးတမျိုး၏ ဂုဏ်သိက္ခာနှင့် အမျိုးဂုဏ် ဇာတိဂုဏ်တို့ကို ၎င်းလူမျိုး၏ ဓလေ့ထုံးတမ်းများနှင့် စာပေ၊ဂီတအပါအ၀င် ယဉ်ကျေးမှုအရပ်ရပ်တို့ဖြင့်လည်းကောင်း၊ အမျိုးသားနေ့သမိုင်း၊ အမျိုးသားတော်လှန်ရေးနေ့သမိုင်းတို့ဖြင့်လည်းကောင်း ထိန်းသိမ်း စောင့်ရှောက် မြှင့်တင်ကြရသည်ဟု မိမိတို့ပါတီက ယုံကြည်ပါသည်။ တန်ဖိုးဖြတ်၍မရသော မိမိတို့အမျိုးသားပိုင် ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခွင့်နှင့် တစတစတိုးတက်ဖွံ့ဖြိုးလာစေရန် လွတ်လပ်စွာ တီထွင်တိုးချဲ့ခွင့်တို့ကို အမျိုးသားတိုင်း အပြည့်အ၀ ပိုင်ဆိုင်ခွင့်ရှိသည်ဟု မိမိတို့ပါတီက အလေးအနက် ယုံကြည်ပါသည်။ ထို့ကြောင့် အမျိုးသားတိုင်းအတွက် အမျိုးသားတန်းတူခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အ၀ရရှိရေးသည် အသက်တမျှ အရေးကြီးသည်ဟု မိမိတို့ပါတီက အလေးအနက် ခံယူပါသည်။ ထိုသို့ အာမခံနိုင်ဖို့ဆိုလျင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို လူမျိုးစုံမြန်မာပြည်သူများ၏ ဆန္ဒနှင့်အညီ ပြင်ဆင်ကြရန်၊ ပြင်ဆင်ခွင့်ရရှိရန် အထူး လိုအပ်ပါသည်။ လူမျိုးစုံ မြန်မာပြည်သူများ ယနေ့ရင်ဆိုင်နေကြရသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာအရပ်ရပ်ကို စနစ်တကျ ဖြေရှင်းပေးနိုင်ရန်အတွက်လည်းကောင်း၊ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ကို ဒီမိုကရေစီနှင့် တိုင်းရင်းသားတိုင်းအတွက် တန်း တူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အပြည့်အ၀အာမခံနိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်သွားသည်အထိ ပြင်ဆင်နိုင်ရန် အ တွက်လည်းကောင်း၊ စစ်မှန်သောငြိမ်းချမ်းရေးကို အခိုင်အမာတည်ဆောက်ပြီး ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည် ဆောက်နိုင်ရန်အတွက်လည်းကောင်း အင်အားစုအားလုံး ပါဝင်သည့် တန်းတူရည်တူတွေ့ဆုံဆွေးနွေးပွဲကြီး သို့မဟုတ် ပြည် ထောင်စုညီလာခံကြီးကို ကျင်းပပြုလုပ်ရန် မဖြစ်မနေလိုအပ်သည်ဟု မိမိတို့ပါတီက အခိုင်အမာ ယုံကြည်ပါသည်။ မိမိတို့ပါတီအနေဖြင့် ကရင်နီပြည် အမျိုးသားထုကြီးအပါအ၀င် လူမျိုးစုံမြန်မာပြည်သူတရပ်လုံးနှင့် ညီညွတ်သွေးစည်း စွာလက်တွဲပြီး အထက်ပါနိုင်ငံရေးတာဝန်များကို ကြိုးပမ်းထမ်းရွက်သွားမည်ဖြစ်ကြောင်း မင်္ဂလာရှိသော (၁၃၉) ကြိမ်မြောက် ကရင်နီအမျိုးသားနေ့တွင် အလေးအနက် ကတိသစ္စာ ပြုအပ်ပါသည်။ ဗဟိုစည်းရုံးရေးကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်) ၂၀၁၄ ခုနှစ်၊ ဇွန်လ (၂၁) ရက်
By DPNS INFORMATION, on June 6th, 2014 လွန်ခဲ့သော နှစ်ပေါင်း (၄၀)က ဇွန်လ ၆ရက်နေ့တွင် အလုပ်သမားလှုပ်ရှားမှုကြီး တပြည်လုံးအတိုင်းအတာနှင့် ဖြစ်ပွားခဲ့ရသည်။ ထိုလှုပ်ရှား မှုကြီးသည် လူထုဆန္ဒမပါပဲ တဖက်သတ်ရေးဆွဲပြဋ္ဌာန်းထားသည့် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အလုပ်သမားကိုယ်စားလှယ်အတုအယောင်များနှင့် မဆလတစ်ပါတီစနစ်က ဟန်ပြဖွဲ့စည်းပေးထားသည့် အလုပ်သမားကောင်စီများကို အလုပ်သမားထုတရပ်လုံးက တပြည်လုံးရှိ စက်ရုံအလုပ်ရုံတိုင်းတွင် ပြတ်ပြတ်သားသား ဆန့်ကျင်သပိတ်မှောက်ခဲ့ကြသည့် ဂုဏ်ရောင်ပြောင်သည့် လှုပ်ရှားမှုကြီးဖြစ်ပါသည်။ အလုပ်သမားထု၏ မှန်ကန်သော ထိုတိုက်ပွဲကို ကျောင်းသားထုက အပြည့်အ၀ ၀န်းရံထောက်ခံခဲ့ကြသည်။ ရဟန်းရှင်လူ ပြည်သူလူထုက လည်း သဏ္ဍာန်အမျိုးမျိုးနှင့် ထောက်ခံပါဝင်ခဲ့ကြသည်။ သို့အတွက် ၁၉၇၄ ဒီဇင်ဘာတွင် ဦးသန့်လှုပ်ရှားမှု၊ ၁၉၇၅ မေ နှင့် ဇွန်လများတွင် အလုပ် သမားနှင့်ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၆ မတ်လတွင် မှိုင်းရာပြည့်လှုပ်ရှားမှု စသည်ဖြင့် လှုပ်ရှားမှုများ ဆက်တိုက်မနားတမ်း ပေါ်ပေါက်ခဲ့ရသည်။ မဆလတပါတီအာဏာရှင်စနစ်နှင့် အရပ်ဝတ်အရေခြုံ ဗိုလ်နေ၀င်းအစိုးရသည် အလုပ်သမားနှင့်ကျောင်းသားထုကဦးဆောင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြသည့် ထိုအခြေခံရပိုင်ခွင့်များရရှိရေးဆိုင်ရာ တိုက်ပွဲများကို အပြန်အလှန်လေးစားမှုဖြင့် ဆွေးနွေးညှိနှိုင်းအဖြေရှာပေးရမည့်အစား အလုပ်သမား ၂၀၀ ကျော်ကို ပစ်ခတ်သတ်ဖြတ်ပစ်ခဲ့သည်။ အလုပ်သမားကျောင်းသားများကို ထောင်ချီပြီး အညှိုးကြီးစွာ နှစ်ရှည်ထောင်ဒဏ် ချမှတ် ပစ်ခဲ့သည်။ ဇွန် – ၆ အလုပ်သမားလှုပ်ရှားမှုကြီးနှင့် ၇၄၊ ၇၅၊ ၇၆ အလုပ်သမား ကျောင်းသားလှုပ်ရှားမှုများအတွင်း ကျဆုံးသွားခဲ့ကြရသည့် အလုပ်သမား၊ ကျောင်းသားရဲဘော်များနှင့် နှစ်ရှည်အကျဉ်းကျခံ တိုက်ပွဲဝင်ခဲ့ကြသည့် ရဲဘော်အပေါင်းတို့အား နှစ် (၄၀) ပြည့် အထိမ်းအမှတ်နေ့မှာ မိမိတို့ပါတီက လှိုက်လှိုက်လှဲလှဲ ဦးညွှတ်အလေးပြုလိုက်ပါသည်။ ယနေ့ကာလအနေအထားကို လေ့လာကြည့်မည်ဆိုပါကလည်း အလုပ်သမားများ၏ အခြေခံလစာကို သတ်မှတ်ပြဋ္ဌာန်းပေးခြင်း အပါအ၀င် အလုပ်သမားထုကို ကာကွယ်စောင့်ရှောက်ပေးနိုင်သည့်ဥပဒေ၊ နည်းဥပဒေများ ပြည့်ပြည့်စုံစုံ ပြဋ္ဌာန်းပေးနိုင်ခြင်းမရှိသေးသည်ကို တွေ့နေရပါသည်။ ထို့နည်းတူ ကျောင်းသားများအတွက် လုံခြုံပြည့်စုံသည့် ပညာရေးမူဝါဒတစ်ရပ် အခိုင်အမာ ချမှတ်ပေးနိုင်မှုလည်း မရှိသေးပဲ ဖြစ်နေပါသည်။ ထို့အတွက်လည်း အလုပ်သမားအခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများ၊ ကျောင်းသားထု၏ အခြေခံအခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများ မကြာမကြာ ဖြစ်ပွား ပေါ်ပေါက်နေကြရခြင်းဖြစ်သည်ဟု မိမိတို့ပါတီက အလေးအနက် ရှုမြင်ပါသည်။ အာဏာပိုင်အဆင့်ဆင့်နှင့် တာဝန်ရှိသူတို့အနေဖြင့် အတိတ်သမိုင်းက အတွေ့အကြုံများမှ သင်္ခန်းစာ ထုတ်ယူကြရလိမ့်မည် ဖြစ်ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း (၄၀) ဆီက အဖြစ်ဆိုးမျိုးကို နောက်တစ်ကြိမ်ပြန်ပြီး မကြုံဆုံကြရအောင် သတိကြီးစွာ ထားကြရပါလိမ့်မည်။ ဆန်တောင်းသူကို ကျည်ဆံပေး၍ လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြေရှင်းနည်းမျိုးသည် ယနေ့ခေတ်ကာလတွင် မရှိသင့် မရှိအပ်သည့် ဖြေရှင်းနည်းအဆင့်ကို ရောက်ရှိသွားပြီဟု မိမိတို့ပါတီက အခိုင်အမာ ယုံကြည်ပါသည်။ မည်သို့သော အကန့်အသတ်များ၊စိန်ခေါ်ချက်များ ရှိနေစေကာမူ အလုပ်သမားများဘ၀၊လယ်သမားများဘ၀၊ ကျောင်းသားများဘ၀ လုံခြုံ အေးချမ်းပြီး အခြေခံပိုင်ခွင့်များ အပြည့်အ၀ အာမခံနိုင်မှု မရရှိသေးသရွေ့ ဇွန် – ၆ စိတ်ဓါတ်ကို မြဲမြဲခိုင်ခိုင် ကိုင်စွဲထားကြရဦးမည် ဖြစ်သည်ဟု မိမိတို့ပါတီက အလေးအနက် ခံယူထားကြောင်းတင်ပြရင်း ဤဂုဏ်ပြုသ၀ဏ်လွှာကို ပေးပို့အပ်ပါသည်။ ဗဟိုစည်းရုံးရေးက်ာမတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်) ၂၀၁၄ ခုနှစ်၊ ဇွန်လ (၆) ရက်။
By DPNS INFORMATION, on June 4th, 2014
ကယန်းအမျိုးသားတော်လှန်ရေးနေ့ နှစ်(၅၀) ပြည့် ရွှေရတု အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြု သဝဏ်လွှာ ၁။ လက်နက်အားကိုး နိုင့်ထက်စီးနင်း ဖိနှိပ်၊ ရန်မူခံရခြင်းအား ရင်ဆိုင် ခုခံ၊ တော်လှန်စစ် ဆင်နွှဲခဲ့ကြသည့် ကယန်းအမျိုးသား ပြည်သူတို့၏ ဂုဏ်သိက္ခာရှိသော တော်လှန်ရေးသမိုင်းသည် နှစ် (၅၀) ရွှေရတုတိုင် မော်ကွန်းတင်နိုင်ခဲ့ပြီ ဖြစ်သည်။ ၂။ ကယန်းအမျိုးသားပြည်သူတို့၏သမိုင်းသည် နယ်ချဲ့ကိုလိုနီဆန့်ကျင်ရေး၊ အမျိုးသားတန်းတူရေးနှင့် လွတ်မြောက်ရေး၊ စစ်အာ ဏာရှင်အပြီးအပြတ်ဖျက်သိမ်းရေးနှင့် ဒီမိုကရေစီထွန်းကားရေး၊ ငြိမ်းချမ်းရေး၊ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အ၀ အာမခံသော ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးတို့၏ သမိုင်းဖြစ်ပြီး မြန်မာပြည်လူမျိုးစုံပြည်သူတို့၏ အမျိုးသားလွတ်မြောက် ရေး တိုက်ပွဲစဉ်ကြီးနှင့် တဆက်တစပ်တည်းလည်း ဖြစ်ပေသည်။ ၃။ ယနေ့ကာလအထိလည်း ကယန်းအမျိုးသားများသည် လူမျိုးစုံ ပြည်သူလူထုတရပ်လုံး၏ မပြီးပြတ်နိုင်သေးသော အမျိုးသား လွတ်မြောက်ရေးရုန်းကန်လှုပ်ရှားမှုတာဝန်များဖြစ်သည့် ၂၀၀၈ အဖွဲ့စည်းပုံအခြေခံဥပဒေကို အများပြည်သူအကျိုးစီးပွား၊ သဘော ဆန္ဒများနှင့်အညီ ပြောင်းလဲပစ်နိုင်ရေး၊ စစ်မှန်သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး၊ စစ်အာဏာရှင်စနစ်အား အပြီးတိုင်ချုပ်ငြိမ်း စေရေး စသည့်တာဝန်များကို ကျရာအခန်းမှ ကျားကုတ်ကျားခဲ ထမ်းရွက်နေကြသည်ကို မိမိတို့ပါတီက လှိုက်လှဲတန်ဖိုးထားစွာ လေးစားဂုဏ်ပြုပါသည်။ ၄။ မိမိတို့ပါတီသည် ဤ အမျိုးသားရေးတာဝန်များကို ကယန်းအမျိုးသားများအပါအဝင် အဖိနှိပ်ခံ မြန်မာပြည်သူလူထုကြီးနှင့်အတူ မိတ်ဆွေကောင်းအင်အားစုတရပ်အဖြစ် ပါဝင် ထမ်းရွက်သွားကြမည် ဖြစ်ပါကြောင်း အလေးအနက် အဓိဋ္ဌာန်ပြုလျက် ဤဂုဏ်ပြု သဝဏ်လွှာကို ပေးပို့အပ်ပါသည်။ ဗဟိုစည်းရုံးရေးကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်) ၂၀၁၄ ခုနှစ် ၊ ဇွန်လ ၊ (၄) ရက် ။
By DPNS INFORMATION, on May 27th, 2014 ၁။ ယနေ့သည် စစ်အာဏာစိုးမိုးမှု ဆန့်ကျင်သော လူမျိုးစုံမြန်မာ့ပြည်သူလူထုကြီးက ရွေးကောက်ပွဲကို တိုက်ပွဲမျက်နှာစာတခုကဲ့သို့ လက်ခံ၊ ရင်ဆိုင်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား တခဲနက် ထောက်ခံ၊ မဲပေး ရွေးချယ်ခဲ့သော (၂၄) နှစ်ပြည့် အခါ သမယ ဖြစ်သည်။ ၂။ လွန်ခဲ့သော (၂၄)နှစ်၊ ၁၉၉၀ ပြည့်က ရွေးချယ်တင်မြှောက်ခံ ပြည်သူ့ကိုယ်စားလှယ်များသည် ထိုကာလက ပြည်သူအများ လွှဲအပ်၊ တာဝန်ပေးခဲ့သော စစ်အာဏာစိုးမိုးမှု ဆန့်ကျင်ရေး၊ ငြိမ်းချမ်း၊ ညီညွတ်သော ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုတရပ် ထူထောင်နိုင်ရေးတို့အတွက် ပြည်သူ့ သဘောထားဆန္ဒမပါဘဲ အတည်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်နိုင်ရန် တာဝန်သိသိ ဆက်လက် အားထုတ်၊ ကြိုးပမ်းနေကြသည်ကို အထင်အရှားတွေ့နိုင်ပေသည်။ ၃။ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ထွန်းကားရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသား သွေးစည်း ညီညွတ်ရေး၊ လွတ်လပ် တန်းတူသော ဖက်ဒရယ်ပြည်ထောင်စုတရပ် ထူထောင်နိုင်ရေး တို့အတွက် ၁၉၉၀ ရွေးချယ်တင်မြှောက်ခံ ပြည်သူ့ကိုယ်စားလှယ်တော်ကြီးများနှင့်အတူ မဟာမိတ်ကောင်းအဖြစ် လက်တွဲ၊ ကြိုးပမ်း ဆောင်ရွက်သွားကြရန် ကတိ၊ ဓိဋ္ဌာန်ပြုလျက် ဤ ဂုဏ်ပြု သဝဏ်လွှာအား ပေးပို့အပ်ပါသည်။ ၂၀၁၄ ခုနှစ်၊ မေလ၊ ၂၇ ရက်။ ဗဟိုစည်းရုံးရေးကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
|