မြန်မာ့ဒီမိုကရေစီခရီးကြမ်းတွင် ပြည်ပထွက်၍ နိုင်ငံရေးလှုပ်ရှားမှုများပြုလုပ်ခဲ့ပြီးနောက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်တစ်ယောက် ၂၀၁၃ ခုနှစ် ပြည်တော်ပြန်လာခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ပြန်လည်မှတ်ပုံတင်ခဲ့သည်။ သို့သော်လည်း ၎င်းကိုယ်တိုင်ကမူ ယနေ့တိုင် ရွေးကောက်ပွဲမဝင်နိုင်သေး။ အခြေခံဥပဒေအရ ကန့်သတ်ခံထားရဆဲဖြစ်သည်။ ပြည်တော်ပြန်နိုင်ငံရေးသမားများ၏ ပြည်တွင်းနိုင်ငံရေးလှုပ်ရှားနေရမှု အခက်အခဲ၊ အခြေခံဥပဒေပြင်ဆင်ရေး အကျပ်အတည်း၊ လာမည့်ရွေးကောက်ပွဲအခြေအနေနှင့် ပြည်တွင်းပါတီနိုင်ငံရေး အားပြိုင်မှုများအကြောင်း The Voice Journal က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်သည်။
The Voice Journal –
အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားရောက်နေတဲ့
နိုင်ငံရေးလှုပ်ရှားသူတွေပေါ့။ တချို့ ပြန်လာလို့ မရဘူး။ အခုခေတ်ထိကို
ပြန်လာလို့မရဘူး။ တချို့ကျ ပြန်လာကြတယ်။ ဒါပေမဲ့ နိုင်ငံသားဖြစ်ခွင့်
မရပြန်ဘူး။ တချို့ကျ အခြေခံ ဥပဒေပုဒ်မ ၁၂၀ ပြည်သူ့လွှတ်တော်၊ အမျိုးသား
လွှတ်တော်မှာ ကိုယ်စားလှယ်အဖြစ် အရွေးခံခွင့် မရှိဘူး။ တစ်ဆက်ထဲ ၁၀ နှစ်နေမှ
အရွေးခံခွင့်ရှိ တယ်ဆိုလို့ပေါ့။ ဆိုတော့ ဒီလူတွေရဲ့ ဒီလိုအခက်အခဲတွေက
ဘာ့ကြောင့် မပြေလည်သေးတာလဲ။ အခုက ပြည်သူက တင်မြှောက်ထားတဲ့ အရပ်သားအစိုးရ
မဟုတ်လား။ ဒါတွေပြေလည်ဖို့ ဒီအချိန်ဟာ အကောင်းဆုံးအချိန်လား။
မဟုတ်သေးဘူးလား။ အဲဒါ နည်းနည်းရှင်းပြပေးပါ။
UAMZ – ကျွန်တော်တို့
ပြန်လာတာက လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေနဲ့ ပြန်လာတာလို့ ပြောလို့
ရတယ်ပေါ့နော်။ ကျွန်တော်တို့ ပြန်လာဖြစ်ခဲ့တဲ့အကြောင်းရင်းက
သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်ပေါ့။ အဲဒီတုန်းက ဦးအောင်မင်းတို့ ဦးဆောင်ပြီး
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေတဲ့ အချိန်ပေါ့။ ဟိုဘက်မှာ
တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကို လာတွေ့ရင်း ကျွန်တော်တို့နဲ့လည်း
စကားပြောဖြစ်ကြတာပေါ့။ ကျွန်တော်တို့လည်း သူတို့နဲ့ တစ်နှစ်၊ ၂ နှစ်လောက်
စကားပြောဖြစ်တယ်။ အဓိကတော့ ကျွန်တော်တို့ကို ပြန်လာဖို့ ခေါ်တာပေါ့။
ကျွန်တော်တို့ကလည်း ပြန်လာဖို့ ညှိကြနှိုင်းကြတာပေါ့။ နောက်ဆုံးကျ
ကျွန်တော်တို့ ပြန်လာဖို့ ဖြစ်လာတယ်။ အဓိကတော့ ကန့်သတ်ချက်ကတော့
ကျွန်တော်တို့ပါတီကို ပြန်ပြီးတော့ မှတ်ပုံတင်ရမယ်။ မှတ်ပုံတင်
မရခင်စပ်ကြားမှာ ကျွန်တော်တို့ဒီမှာ ရုံးဖွင့်ပြီးတော့ တတ်နိုင်သလောက်
နိုင်ငံရေးကိစ္စတွေ လုပ်။ မှတ်ပုံတင်တရားဝင်ကျပြီဆိုရင်တော့ နိုင်ငံရေးကို
တရားဝင် ပြန်လုပ်ပေါ့။ အဲဒီအခြေခံနဲ့ ကျွန်တော်တို့ ပြန်လာတာပါ။
ကျွန်တော်တို့ ပြန်လာတဲ့အခါကျတော့လည်း မူလဆွေးနွေးချက်အတိုင်း
မှတ်ပုံတင်တွေ၊ ဘာတွေ ပြန်လုပ်ပေးတယ်။ နိုင်ငံသားလက်မှတ် ပြန်လုပ်ပေးတယ်။
ပြန်လုပ်ပေးတဲ့အတွက်လည်း အခုလိုနိုင်ငံရေးပါတီ တစ်ခုအနေနဲ့
ရပ်တည်နိုင်တာပေါ့။ အဲဒါကတော့ ဦးအောင်မင်းတို့ ငြိမ်းချမ်းရေးညှိနှိုင်း
တဲ့ ကာလ။ အဲဒီကာလမှာ ကျွန်တော်တို့ ပြန်လာခဲ့တယ်။ ပြန်လာပြီး
တစ်ပြိုင်နက်ထဲ ကျွန်တော်တို့ ဒီဘက်ရောက်မှ သတိထားမိတာက ၁၀ နှစ်
ဆက်တိုက်နေရမှာ ရွေးကောက်ပွဲဝင်ဖို့ အကျုံးဝင်သလို ဖြစ်နေတယ်။ အဲဒီတော့
မင်းတို့ပြန်တော့လာ။ ဒါပေမဲ့ ရွေးကောက်ပွဲတော့ မဝင်နဲ့ဦး။
ရွေးကောက်ပွဲနိုင်ငံရေးတော့ မဝင်နဲ့ဦးဆိုတဲ့ သဘောသက်ရောက်တာပေါ့။
အဲဒီလိုသက်ရောက်တော့ ကျွန်တော်တို့က အဲဒီတုန်းကရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ
ဦးတင်အေးနဲ့ ဆွေးနွေးတယ်။ အဲဒီတော့ သူက လိုလိုလားလားပဲ။ သူတတ်နိုင်သလောက်
လုပ်ပေးမယ်ဆိုပြီး ခင်ဗျားတို့ သဘောထားကို ပို့ပါပေါ့လေ။ ကျွန်တော်တို့
ကြိုးစားပြီး စာတွေဘာတွေ ရေးပို့တယ်။ သူကလည်း ကြိုးစားပြီးတော့
တခြားသက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေကို ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့
ဖြေလျှော့ပေးဖို့ ပြောတာဆိုတာ ရှိတယ်။ လက်တွေ့ကျ ဒီကိစ္စက Constitution နဲ့
သွားငြိနေတယ်။ ပုဒ်မ ၁၂၀ ကို ပြင်မှ ဒီကိစ္စက ပြင်လို့ ရမယ်။
ကျွန်တော်နားလည်သလောက်တော့ ပုဒ်မ ၁၂၀ က ဒီလွှတ်တော်ထဲက ၇၅ ရာခိုင်နှုန်း
အပေါင်း ၁ တွေ မလိုဘူးထင်တယ်။ အကယ်၍ လွှတ်တော်ထဲမှာ ရှိတဲ့အများစုက
ပြင်ဖို့လိုလားတယ်ဆိုရင် ပြင်သွားနိုင်တဲ့ အခြေအနေရှိတယ်ပေါ့နော်။ ဆိုတော့
ဒါက အရင်အစိုးရလက်ထက်ကပေါ့။ ပါတီမှတ်ပုံတင်ကျပြီး နောက် ကြိုးစားရတဲ့
ကာလပေါ့။ နောက်တစ်ချက်ကတော့ အခုကာလပေါ့။ ကျွန်တော် ထင်တယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တစ်စုံတစ်ရာပေါ့။ မဲအပြတ်အသတ်နဲ့ နိုင်တယ်။
အစိုးရဖွဲ့နိုင်တယ်။ လွှတ်တော်ထဲမှာလည်း NLD ရဲ့ ကိုယ်စားလှယ်တွေက
အများစုဖြစ်တယ်။ ဒါ ကျွန်တော့် မိတ်ဆွေတွေ အများစု။ ဒီကာလမှာလည်း
ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးလိမ့်မယ်လို့ ထင်ခဲ့တယ်။ သို့သော်လည်း
အခုချိန်ထိ မကြားမိသေးဘူး။ ဆိုတဲ့အခါကျတော့ ကျွန်တော်တို့ကို ဒီအတိုင်းပဲ
ဆက်နေဆိုတဲ့ သဘောမျိုးဖြစ်နေတယ်။ ကျွန်တော် ပြောချင်တာကတော့ တစ်အချက်က
ကျွန်တော်တို့တွေက နိုင်ငံခြားကို ထွက်သားပြီး စီးပွားရေး
လုပ်နေတာလည်းမဟုတ်ဘူး။ နောက် ကိုယ်ကျိုးအတွက် ဆောင်ရွက်နေကြတဲ့
ပုဂ္ဂိုလ်တစ်ယောက်မှ မပါဘူး။ ကျွန်တော်တို့ အခြေအနေအကြောင်းကြောင်းကြောင့်
နယ်စပ်ကို ရောက်သွားတယ်။ တောထဲတောင်ထဲကို ရောက်သွားတယ်။ ကျွန်တော်တို့
တတ်နိုင်သမျှ ကိုယ့်နိုင်ငံရေးကို ပြန်မလာတဲ့အချိန်ကနေ ကနေ့အချိန်အထိ
ကျွန်တော်တို့ တစ်ရက်မှ မပြတ်သေးဘူး။ ကျွန်တော် အဲဒါကို အဓိကထားပြီး
ပြောချင်တယ်။ ဆိုလိုချင်တာက ကော်မရှင်ဥပဒေမှာပါတဲ့ တချို့ကိစ္စတွေက
ခြွင်းချက်ရှိသင့်တယ်လို့ ထင်တယ်။
ဥပမာပေါ့ဗျာ
တချို့ရွေးကောက်ခံထားရတဲ့ အစိုးရထဲက ပုဂ္ဂိုလ်တွေတောင်မှ ကျွန်တော်တို့
ကြားတာက အပြင်မှာ အကြာကြီးနေပြီးမှ ပြန်လာတဲ့ ပုဂ္ဂိုလ်တွေရှိကြတယ်။ အဲဒါက
အစိုးရလည်း ခြွင်းချက် ရှိတယ်။ ဒါကို အစိုးရကလွှတ်တာ သို့မဟုတ် ပညာတော်သင်
ဒီလိုခြွင်းချက်တွေရှိတယ်။ ကျွန်တော်တို့က နှစ်သုံးဆယ်လုံးလုံး
မြန်မာပြည်နိုင်ငံရေးကို တစ်ရက်မှ မပြတ်ဘဲ လုပ်လာပြီး ကနေ့
အပြောင်းအလဲကာလကျတော့မှ မင်းတို့ ဒီအထဲမှာ မပါနဲ့ဦးလို့ အပြောခံရတာက
ကျွန်တော်တို့အတွက် မကောင်းဘူးလို့ ယူဆတယ်။ ဒီနေ့ ဒီအချိန်ကာလမျိုးမှာ
ဒါမျိုးကိစ္စတွေကို စဉ်းစားသင့်တယ်လို့ ယူဆတယ်။ ဒီနေ့ဒီအချိန်မှာ ဒီကိစ္စကို
ကျွန်တော် ဦးစားပေးပြောချင်ပါတယ်။
The Voice Journal –
ဒီလိုကန့်သတ်ခံရတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေကို
ချဉ်းကပ်ပြီး ပြောဆိုခဲ့ဖူးတာများရှိလား။
UAMZ – ကျွန်တော့်
မိတ်ဆွေတချို့ကို ပြောဖူးပါတယ်။ ဆွေးနွေးဖူးပါတယ်။ NLD ကပေါ့။ ဒါပေမဲ့
လက်တွေ့တော့ ဖြစ်မလာသေးဘူး။ အခုအချိန်ထိလည်း ကျွန်တော်တို့ ပြောတော့
ပြောနေတာပဲ။ သူတို့ကလည်း ကျွန်တော်နားလည်သလောက် သူတို့ ပြောချင်တိုင်း
ပြောလို့မရဘူးလေ။ သူတို့ပါတီရဲ့မူတို့ ပါတီရဲ့မူဝါဒတို့ အဲဒီကိစ္စတွေနဲ့
ညိကောင်းညိနိုင်တာပေါ့။ အဲဒီကိစ္စတွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေက
သူတို့ပြောချင်တာကို လွတ်လွတ်လပ်လပ်ပြောနိုင်ဖို့ ခက်ခဲနေပုံရတယ်။ ဒါ
ကျွန်တော့်အပြင်က အမြင်ပေါ့ဗျာ။ ပါတီလိုင်း ရှိနေတာကိုး။ ပါတီက ပြောဆိုမှ
ပြောရမယ်။ အဲဒီအခြေအနေ ဖြစ်နေတယ်လို့ ကျွန်တော်ထင်တယ်။
The Voice
Journal – ဒီဘက် NLD အစိုးရလက်ထက်မှာရော ပြည်ပရောက်
နိုင်ငံရေးအင်အားစုတွေကို ပြန်လာဖို့ ဖိတ်ခေါ်တာမျိုးရှိပြီလား။
ပြန်ဝင်လာတဲ့ သူတွေရော ရှိလား။ အစ်ကိုတို့နဲ့ AAPP က ကိုဘိုကြည်တို့ဆိုလည်း
၂၀၁၃ လောက်က ပြန်ဝင်လာတာဆိုတော့ အခုရော ဒါမျိုးရှိလား။
UAMZ – သူ
(ကိုဘိုကြည်) တို့ ဗီဇာကိစ္စတွေတောင် နည်းနည်းခက်ခဲလာတဲ့ သဘောရှိတယ်။
ဟိုတုန်းက အစိုးရကိုယ်၌ကိုက တိုင်းပြည်ကို ပြန်ဖွင့်မယ်။ သူတို့
ဒီမိုကရေစီလမ်းကြောင်းကို သွားမယ်ဆိုပြီး အကုန်လုံးပါအောင် ပြန်စုတဲ့
အပိုင်းဖြစ်မှာပေါ့။ အဲဒီ ကာလအစိုးရက သူရဲ့အခြေခံအကျဆုံးလိုအပ်ချက်က
တရားဝင်မှုဖြစ်တယ်။ ဒါက အရမ်းလိုတယ်။ သူတို့ သွားမယ့်
ဒီမိုကရေစီလမ်းကြောင်းအတွက် Legitimacy ဖြစ်ရေး အကုန်လုံးပါအောင်ခေါ်တဲ့
သဘောပေါ့။ အခုအစိုးရလက်ထက်ကျတော့ လူထုက အများစုထောက်ခံတယ်ဆိုပြီး
Legitimacy သိပ်မလိုတော့ဘူးလို့ ယူဆနေပုံရတယ်။ ကျွန်တော် မြင်တာကတော့
အပြင်က လူတွေ၊ အထူးသဖြင့် နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးနဲ့ ဆက်နွှယ်နေတဲ့
သူတွေကို ပြန်ပြီးတော့ ခေါ်တာ ကျွန်တော်တော့ မကြားမိဘူး။ မလိုအပ်ဘူးလို့
သူတို့ ယူဆကောင်း ယူဆနေပုံရတယ်။ ကျွန်တော်တော့ အဲ့ဒီလိုပဲထင်တယ်။
The Voice Journal – ဒါဆိုရင် NLD သည် အရင်က အာဏာရှင်စနစ်ကို
တော်လှန်ခဲ့တယ်။ သူချည်းပဲတော့ မဟုတ်ဘူး။ တခြား
နိုင်ငံရေးအသိုင်းအဝိုင်းတွေ ပြည်ပရောက် နိုင်ငံရေးသမားတွေ၊ မဟာမိတ်တွေရဲ့
အားနဲ့ပေါ့။ အခု အစိုးရဖြစ်တဲ့အခါကျ သူနဲ့လက်တွဲဖော်တွေက နိုင်ငံရေးမှာ
ကောင်းကောင်း လှုပ်ရှားခွင့် မရဘူးဆိုရင် ဒါဖြစ်သင့်ရဲ့လားပေါ့။
UAMZ
– ကျွန်တော်မြင်တဲ့ အခင်းအကျင်းကတော့ ဖြစ်သင့်တဲ့ အခင်းအကျင်းမဟုတ်ဘူး။
အထူးသဖြင့် နိုင်ငံရေးသမားတွေနဲ့ ပတ်သက်ရင် နည်းနည်း ဆန့်ကျင်တဲ့ Attitude
ရှိပုံရတယ်။ ကျွန်တော်တို့က နိုင်ငံရေးသမား များများမွေးထုတ်ဖို့ လိုတယ်။
နိုင်ငံရေးပါတီကောင်းတွေ များများပေါ်ဖို့လိုတယ်။ အဲဒီလို
အခြေအနေမျိုးဖြစ်နိုင်တဲ့ ပတ်ဝန်းကျင်ကောင်းဖြစ်ဖို့
လက်ရှိအုပ်ချုပ်နေသူတွေက ဖန်တီပေးရမှာ ဖြစ်တယ်လို့ ကျွန်တော်က ယူဆတယ်။
အဲ့ဒီလိုအခြေ အနေမျိုးမရှိဘူးဆိုရင် ဒါက ဖြစ်သင့်တဲ့ ကိစ္စမဟုတ်ဘူးလို့
ကျွန်တော် ထင်တယ်။
The Voice Journal – အခုတော့ နိုင်ငံရေးပါတီ
အသစ်တွေ အများကြီးပေါ်နေတယ်။ တချို့လည်း ပြန်ကွဲ၊ ပြီးတော့ ပြန်ပေါင်းပေါ့။
ချင်းတို့၊ မွန်တို့မှာလည်း ဒီလိုပါတီတွေရှိတယ်။ သုံးပါတီကို
တစ်ခုထဲပေါင်း လိုက်တာမျိုးပေါ့။ ဒါကို ဘယ်လိုရှုမြင်လဲဗျ။
UAMZ –
ပထမဆုံးပြောရရင် ဒါက လူမှုလက်တွေ့နဲ့ ဆိုင်တယ်။ ကျွန်တော်တို့
ကြိုက်သည်ဖြစ်စေ၊ မကြိုက် သည်ဖြစ်စေ ငြင်းလို့ကို မရဘူး။ လက်တွေ့အခြေအနေ က
အဲဒီအတိုင်းကိုဖြစ်နေတာ။ နိုင်ငံရေးပါတီတွေ များတာနဲ့ ပတ်သက်ပြီးပြောရရင်
ကျွန်တော်တို့ဆီမှာ တိုင်းရင်းသားလူမျိုးတွေက များတယ်။ များတဲ့အတွက်
Identity ပေါ့။ လူမျိုးရေးကို အခြေခံတဲ့ နိုင်ငံရေးပါတီတွေများ တယ်။ ဥပမာ –
လူမျိုးတစ်မျိုးမှာကို ပါတီတွေ နှစ်ခု၊ သုံးခုရှိတတ်တယ်။ အဲ့ဒီအခြေခံနဲ့
ပါတီတွေ များတာလို့ ကျွန်တော်ကထင်တယ်။ နောက် မူဝါဒကို အခြေခံတဲ့
နိုင်ငံရေးပါတီ၊ လူပုဂ္ဂိုလ်ကို အခြေခံတဲ့ နိုင်ငံရေးပါတီ၊
ပြည်ထောင်စုတစ်ခုလုံးကို အခြေခံတဲ့ နိုင်ငံရေးပါတီကတော့ အရမ်းမများဘူးလို့
ကျွန်တော် ထင်တယ်။ NLD ရှိတယ်။ ကြံ့ခိုင်ရေးရှိမယ်။ တခြား ပါတီ လေး
ငါးဆယ်။ အများဆုံးရှိ ၃၀ လောက်ပေါ့။ နိုင်ငံရေးပါတီတွေက
များခြင်းနည်းခြင်းကတော့ ကျွန်တော့်အတွက် သိပ်ပြဿနာမရှိဘူး။ ရေရှည်မှာ
လူထုက စစ်ချသွားမှာ။ တဖြည်းဖြည်းနဲ့တော့ နိုင်ငံရေးပါတီတွေက
နည်းသွားလိမ့်မယ်လို့ ကျွန်တော် ယူဆတယ်။ တိုင်းပြည်ရဲ့ အနေအထား၊
လူ့အဖွဲ့အစည်းရဲ့ အနေအထားကိုက များနိုင်တဲ့ အနေအထားရှိတယ်။ ဘာလို့ဆို
ခုနကျွန်တော်ပြောသလို လူမျိုးတွေက များတာကိုး။ ဒါ့ကြောင့် လူမျိုးအပေါ်
အခြေခံတဲ့ ပါတီတွေက ထွက်ပေါ်လာမှာ အမှန်ပဲ။ ရေရှည်မှာတော့ တဖြည်းဖြည်း
စစ်ချသွားမှာပါ။
The Voice Journal – လူ့ဘောင်သစ် ဒီမိုကရက်
တစ်ပါတီက ၂၀၁၃ မှာ ပြည်တော်ပြန်၊ ၂၀၁၄ မှာ ပါတီမှတ်ပုံတင်ကျတယ်။
ဦးအောင်မိုးဇော် ကိုယ်တိုင်ကလည်း ရွေးကောက်ပွဲလည်း မဝင်ရဘူးဆိုတော့
ဘယ်လိုတွန်းအားကြောင့် ပါတီပြန်ထောင်တာလဲ။
UAMZ – အဓိကတော့
ကျွန်တော်တို့က နိုင်ငံ လုပ်ချင်တာလေ။ ကျွန်တော်တို့ တိုင်းပြည်ကို
ကျွန်တော်တို့ ယုံကြည်တဲ့ ယုံကြည်မှုနဲ့ အလုပ်အကျွေးပြုချင်တာ။
နိုင်ငံရေးသမားတစ်ယောက်ဖြစ်ဖို့က ရွေးကောက်ပွဲဝင်မှ ဖြစ်တာ မဟုတ်ပါဘူး။
အမတ်ဖြစ်မှ မဟုတ်ပါဘုး။ နိုင်ငံရေးသမားတစ်ယောက်အနေနဲ့၊ နိုင်ငံရေးပါတီ
တစ်ခုအနေနဲ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို တတ်နိုင်သလောက်
အကျိုးပြုချင်တယ်။ ဒါက တစ်ခု။ နောက်တစ်ခုက ကျွန်တော်တို့ နားလည်သလောက်
ဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာသွားတော့မယ်ဆိုရင် နိုင်ငံရေးပါတီက
အရေးကြီးတယ်။ နိုင်ငံရေးသမားတစ်ယောက် အစွန်းရောက်ရင်ပဲဖြစ်၊
နိုင်ငံရေးပါတီတစ်ခု ဖောက်ပြန်ရင်ပဲ ဖြစ်ဖြစ် တိုင်းပြည်ပြဿနာ တက်မှာပဲ။
တကယ်တမ်း ဒီမိုကရေစီခိုင်မာဖို့ဆိုရင် ကျွန်တော်တို့ တိုင်းပြည်ထဲမှာ
နိုင်ငံရေးပါတီကောင်းတွေ လိုတယ်လို့ ကျွန်တော်ထင်တယ်။ အထူးသဖြင့် မူဝါဒကို
အခြေခံတဲ့ ပါတီတွေ၊ တကယ့်ကျန်းမာတဲ့ ပါတီတွေ လိုအပ်တယ်လို့ ထင်တယ်။
ကျွန်တော်တို့ ပါတီကို ပြန်လည်တည်ဆောက်ရေးလုပ်နေတာသည်လည်း
ကျွန်တော်တို့ပါတီကို ကျန်းကျန်းမာမာ ဖြစ်ချင်တယ်။ အဲဒီလိုဖြစ်အောင်
တည်ဆောက်တာကိုက ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို ကိုယ်တတ်နိုင်တဲ့ ဘက်က
ဘယ်လိုခေါ်မလဲ အကျိုးပြုတာလို့ ယုံကြည်တယ်။ ဒါ့ကြောင့် ကျွန်တော်ဒီကိစ္စကို
တစိုက်မတ်မတ် ကြိုးစားတာပါ။ သို့သော်လည်း လက်တွေ့အလုပ်လုပ်တဲ့ အခါကျ
အခက်အခဲတွေ အများကြီးရှိတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ပါတီနိုင်ငံရေးက
ငွေရှိမှ လုပ်လို့ ရတဲ့သဘော ဖြစ်နေတယ်။ အဲဒီလို အကန့်အသတ်ကိုလည်း
ကြိတ်မှိတ်ပြီး ကျော်ရမယ်။ ကျွန်တော်တို့ပါတီလည်း ကျန်းမာ၊
တခြားပါတီတွေလည်း ကျန်းမာလာမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံက သန့်ရှင်းတဲ့
နိုင်ငံ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ပါတီထောင်တဲ့ သူ
တော်တော်များများကိုလည်း ကျွန်တော် အဲဒီလိုမျှော်လင့်တယ်။ အဲဒီလို
မဟုတ်ရင်တော့ သိပ်မကောင်းဘူးလို့ ကျွန်တော်ထင်တယ်။ ကျွန်တော် ကိုယ်တိုင်
ရွေးကောက်ပွဲဝင်လို့မရပေမယ့် ကျွန်တော်တို့ပါတီက ရဲဘော်တွေဝင်လို့ရပါတယ်။
ကိုယ်ဝင်ရမှ မဟုတ်ပါဘူး။
The Voice Journal – ဖက်ဒရယ်ဒီမိုကရေစီ သွားဖို့ ကျွန်တော်တို့နိုင်ငံရဲ့ အဓိကအခက်အခဲက ဘာဖြစ်မလဲ။
UAMZ – ကျွန်တော့်နားလည်မှုက နိုင်ငံရေးစိတ် ဆန္ဒပဲဗျ။ ယနေ့တပ်မတော်မှာ
ဒီကိစ္စနဲ့ပတ်သက်ပြီး တကယ့်ကို သွားချင်တဲ့ စိတ်ဆန္ဒရှိပြီလား။
တိုင်းပြည်ကို ယနေ့ဦးဆောင်တဲ့ ပုဂ္ဂိုလ်တွေကရော တကယ် သွားချင်လား။ ယနေ့
တိုင်းရင်းသားလူမျိုးတွေကရော တကယ်သွားချင်လား။ အဲ့ဒီသွားချင်တဲ့ စိတ်ရှိရင်
လွယ်လွယ်လေးလို့ ကျွန်တော်ထင်တယ်။ ရှည်ရှည်ဝေးဝေးတွေ
လျှောက်ပြောနေစရာမလိုပါဘူး။ အဲဒီ စိတ်ဆန္ဒနည်းနည်း ချို့ယွင်းနေတယ်လို့
ကျွန်တော်က ထင်တယ်။ အဲဒါက အဓိကလို့ပဲ ထင်တယ်။ ဘယ်သူတွေ မရှိတာလဲတော့
ကျွန်တော်မသိဘူး။ ဒါပေမဲ့ ဘာ့ကြောင့် ဆွေးနွေးပွဲတွေ မဖြစ်တာလဲ။
ဒီလမ်းကြောင်းကြီးက ရှိပြီးသားပဲလေ။ ဘာဖြစ်လို့ သေသေချာချာ
မဆွေးနွေးကြတာလဲ။ ဘာဖြစ်လို့ တစ်ယောက်နဲ့ တစ်ယောက် သည်းမခံကြတာလဲ။
ထစ်ခနဲဆို ချမယ်နှက်မယ် ဘာလို့ဖြစ်နေတာလဲ။ ကျွန်တော်တို့တိုင်းပြည်က
အခြေအနေ အတော်ဆိုးနေပါပြီ။ ခင်ဗျားတို့လည်း သိတယ်။ ဘယ်လောက်
စိတ်မကောင်းစရာကောင်းလဲ။ ငါတို့ ဆွေးနွေးပြီး အဖြေရှာရမယ်ဆိုတာ
သိသိကြီးနဲ့။ မသိတာလည်း တစ်ယောက်မှ မရှိဘူး။ လက်တွေ့ ဘာလို့
မဖြစ်တာလဲဆိုတာက စိတ်မကောင်းစရာကောင်းတယ်။ အဓိကတော့ သက်ဆိုင်တဲ့
ပုဂ္ဂိုလ်တွေရဲ့ Political Will နိုင်ငံရေး စိတ်ဆန္ဒပါပဲ။
The Voice
Journal – ဒီနေ့မှာ NLD က အခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်မှာ ၄၅ ဦး
ကော်မတီဖွဲ့ပြီး လုပ်နေကြတယ်။ NLD ရဲ့ အခြေခံဥပဒေပြင်ဆင်ရေး ချဉ်းကပ်တဲ့
လမ်းကြောင်းနဲ့ပတ်သက်ပြီး တစ်ခုခုပြောဖို့များ ရှိမလား။ သင့်လျော်၏၊
မသင့်လျော်၏။ အကျိုးအကြောင်း အဆိုးအကောင်းပေါ့။
UAMZ – သင့်လျော်၏
မသင့်လျော်၏ ကျွန်တော် သိပ်မပြောချင်ဘူးဗျ။ ဒီကိစ္စက ဒီလက်ထက်မှာ
မအောင်မြင်ဘူးဆိုတာ သူ (ဒေါ်အောင်ဆန်းစုကြည်) ဝန်ခံသွားပြီ။ ဂျပန်မှာလေ
(Nikkei Asian နှင့် အင်တာဗျူး)။ အခု ၂၁ ရာစု ပင်လုံအဖွင့်မှာလည်း
ပြောတယ်။ ဒါက ဒီသက်တမ်းမှာ မဖြစ်တော့ဘူး။ နောက်သက်တမ်းကို
ရွေ့ကြမယ်ဆိုတဲ့သဘောပဲ။ လက်တွေ့မဖြစ်ဘူးဆိုကတည်းကိုက ဒီကိစ္စမှာ
တစ်ဖက်ဖက်က ချို့ယွင်းနေတယ်လို့ထင်တယ်။ ဘယ်ဘက်က ချို့ယွင်းနေလဲဆိုတာကတော့
အတွင်းက လူတွေက ပိုသိမှာပေါ့။ ကျွန်တော်တော့ အဲဒီလို မြင်တယ်။
နောက်တစ်ခုက အခြေခံဥပဒေဆိုတာ ကျွန်တော်တို့ တိုင်းပြည်ကို
ဘယ်လိုတည်ဆောက်မလဲ ဆိုတဲ့ ကိစ္စဗျ။ တိုင်းပြည်ကို ဘယ်လိုမြင်ချင်တာလဲ။
အဲဒီကိစ္စကို တစ်တိုင်းပြည်လုံးနဲ့ဆိုင်တယ်။ အယုတ် အလတ် အမြတ်မရွေး
လူပေါင်းစုံနဲ့ဆိုင်တဲ့ကိစ္စ။ ဒီကိစ္စတွေက ဆွေးနွေးပွဲတွေ၊ ညှိနှိုင်းပွဲတွေက
တစ်ဆင့်သွားသင့်လို့ ကျွန်တော် ထင်တယ်။ လွှတ်တော်အတွင်းက တစ်ခု။
လွှတ်တော်ပြင်ပ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ရှိတာပဲဗျာ။ အဲဒီကနေလည်း
သွားသင့်တယ်။ လူထုရဲ့ အမြင်သဘောထားတွေ ဖော်ထုတ်မှုကတစ်ဆင့် အမြင်ပေါင်းစုံ
ကျွန်တော်တို့စုရမယ်။ အဲဒီကတစ်ဆင့် သွားသင့်တယ်။
တကယ်တမ်းအခြေခံအကျဆုံးကတော့ အဓိကကျသူတွေက နားလည်မှုရှိဖို့ အရေးကြီးတယ်။
ဘယ်သူက အဓိကကျလဲ။ တပ်မတော်က အဓိကကျတယ်။ အာဏာရပါတီက အဓိကကျတယ်။
သူတို့နှစ်ဖွဲ့အမြင်မတူတဲ့ ပြဿနာက ခက်နေတယ်။ ဒါ့ကြောင့် ကျန်တဲ့လူတွေက
ပြောဖို့ခက်နေတယ်။ ခက်တာက ခင်ဗျားလည်း သိတဲ့အတိုင်း ဒီကာလမှာ ဆိုရင်
ဖမ်းတာဆီးတာက ပိုကြမ်းလာသလိုပဲ။ ပိုကြမ်း လာတော့ လူတွေက မပြောရဲ
မဆိုရဲသလိုဖြစ်နေတယ်။ အဲဒါက တကယ်ဖြစ်နေတာဆိုတော့ ပြောရမှာ
နည်းနည်းခက်နေတဲ့သဘော ရှိတယ်။
The Voice Journal – ရွေးကောက်ပွဲမှာ တပ်တွင်းမဲရုံတွေ အပြင်ရွှေ့ဖို့ ပြောနေကြတယ်။ အခုလုပ်မယ်ပေါ့။ ဒီအပေါ် ဘယ်လိုမြင်လဲဗျ။
UAMZ – နည်းနည်းတော့ ပွင့်လင်းမြင်သာမှုလေး ရှိလာမယ်လို့ ယူဆရတာပေါ့။
နောက်လူထုရဲ့ ယုံကြည်မှုပေါ့။ ဒီလူ (တပ်မတော်သားများ) တွေ တို့နဲ့အတူ
မဲပေးတယ်ပေါ့။ ဒါပေမယ့် အခြေခံပြောင်းလဲနိုင်တဲ့ အနှစ်သာရ မတွေ့ဘူးဗျ။
နောက်တစ်ခုက ဒီတပ်မတော်သားတွေ၊ တပ်မတော်သားမိသားစုတွေကို ကျွန်တော်တို့
မဲဆွယ်လို့မှ မရတာဗျ။ အဲဒါကျတော့ သူတို့ပိတ်ထားတာပဲလေ။ နောက်
တစ်ပြိုင်နက်ထဲ ဘာလုပ်ထားလဲဆိုရင် လွှတ်တော်ထဲမှာလည်း သူတို့အတွက် နေရာက
ရှိပြီးသား။ ၂၅ ရာခိုင်နှုန်းက ရှိပြီးသား။ နောက် မဲပေးတော့လည်း
ဝင်ပေးသေးတယ်ဆိုတော့က နည်းနည်းတော့များတယ်လို့ ကျွန်တော် ထင်တယ်။
အခြေခံအားဖြင့် ကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့ တိုင်းပြည်မှာရှိတဲ့
ဘယ်သူမဆို သမ္မတ ကအစ လယ်သမားအဆုံး နိုင်ငံသားတွေပဲလေ။
ဒီနိုင်ငံသားတွေထဲမှာမှ တမင်တကာ ဥပဒေအရ ခွဲထားတယ်ဆိုတာ အဲဒါ ရှက်စရာကြီး။
အခြေခံဥပဒေမှာပါတဲ့ နိုင်ငံသားတိုင်းဟာ တန်းတူညီမျှပဲဆိုတာ ကြီးက
မဟုတ်သလိုဖြစ်သွားတယ်။ အဲဒါ မကောင်းဘူးနော်။ အနှစ်သာရအရ ပြောင်းတာမဟုတ်ဘူး။
နည်းနည်းလေးပြောင်းလာသလိုပဲ ဖြစ်လိမ့်မယ်။ အဲဒီလောက်ပဲ ပြောလို့ရမယ်။
The Voice Journal – လာမယ့် ရွေးကောက်ပွဲ အတွက် လူ့ဘောင်သစ်ပါတီက ပြင်ဆင်ထားတာ ရှိပြီလား။
UAMZ – ကျွန်တော် ဒီလကုန်လောက်ပေါ့။ ရွေးကောက်ပွဲ Campaign Strategy
လုပ်မယ်။ အဲဒါပြီးမှပဲ ပြောလို့ရမယ်။ အခုလောလောဆယ်တော့ ဝင်ပြိုင်မယ့်
ကိုယ်စားလှယ်လောင်း ရှာနေတယ်။ ဘယ်မဲဆန္ဒနယ်တွေ ဝင်ပြိုင်ကြမလဲပေါ့
လေ့လာနေပါတယ်။
The Voice Journal – ကျေးဇူးတင်ပါတယ်။
18.11.2019 The Voice Journal