မန္တလေးမြို့တွင် ကျင်းပပြုလုပ်သော တောင်သူလယ်သမားဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသော တောင်သူ လယ်သမား ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စိတ်ရွှင်လန်းတက်ကြွမှုရှိကြပါစေကြောင်း မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဆုမွန်ကောင်း ပို့သအပ် ပါသည်။ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံ၏လူများစုဖြစ်သော ဒေသအသီးသီးရှိ တောင်သူလယ်သမားများ ဘ၀မြင့်မားရေး၊ လယ်ယာမြေကဏ္ဍတိုးတက်ဖွံ့ဖြိုးရေးတို့နှင့် တဆက်တစပ်တည်း သက်ဆိုင်နေပါသည်။ ခေတ်အဆက်ဆက် တောင်သူလယ်သမား တို့၏ဘ၀အခြေအနေမှာ အဖိနှိပ်ခံနင်းပြားဖြစ်နေရမှု၊ ဆင်းရဲနိမ့်ကျနေရမှု၊ မတရားသဖြင့် လယ်သိမ်းယာသိမ်းခံနေရမှုနှင့်အတူ လယ်မဲ့ယာမဲ့ဘ၀ ရောက်ရှိနေရမှု၊ လယ်ယာမြေကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမရှိဘဲ နိမ့်ကျနေရမှုများဖြင့်သာ ကြုံတွေ့နေခဲ့ကြရပါသည်။ ယင်းပြဿနာများကို ဖြေရှင်းနိုင်ရေးမှာ နိုင်ငံ၏ အရေးတကြီးကိစ္စရပ်ဖြစ်သည်ဟု မိမိတို့ပါတီအနေဖြင့် ခံယူထားပါသည်။ ယခုတွေ့ဆုံဆွေးနွေးပွဲကြီးမှ တောင်သူလယ်သမားတို့၏ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို မျှော်မှန်းကာ တောင်သူလယ်သမားများ၏ အခက်အခဲများ၊ ပြဿနာများကို တွေ့ဆုံဆွေးနွေးညှိနှိုင်းရန်ဆိုသည်မှာ ယနေ့မြန်မာနိုင်ငံတောင်သူ လယ်သမားများ၏ အခြေအနေနှင့် ကိုက်ညီသင့်လျော်သည့် ရည်ရွယ်ချက်တရပ်ဖြစ်ပါသည်။ လယ်ယာမြေဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့် သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရေးဆိုသည်မှာ ယနေ့မြန်မာနိုင်ငံတွင် တောင်သူလယ်သမားများလက်တွေ့ကြုံတွေ့နေရသည့် အခြေခံပြဿနာရပ်များ အနက် အဓိကျသည့်ပြဿနာရပ်များဖြစ်ပါသည်။ မိမိတို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီအနေဖြင့် ယင်းပြဿနာများအပေါ်တွင် လယ်ယာမြေဥပဒေ တရပ်အနေဖြင့် ဒေသအသီးသီးရှိ လယ်သမားများ၏ စီးပွားရေး၊ လူမှုရေးဘ၀များကို အာမခံချက်ရှိစေရန်နှင့် ယင်း လယ်ယာမြေဥပဒေကို လွတ်လပ်သည့် လယ်သမားသမဂ္ဂများ၊ လယ်သမားအဖွဲ့အစည်းများနှင့် လယ်သမားကိုယ်စားလှယ်များကိုယ်တိုင် ပါဝင်၍ ပြုပြင် ပြောင်းလဲသွားနိုင်ရန် လိုအပ်သည်။ ယနေ့ နေရာဒေသအသီးသီးတွင် ဖြစ်ပေါ်လျက်ရှိသော သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် လယ်သမားလှုပ်ရှားမှု များသည် ခေတ်အဆက်ဆက် အုပ်စိုးသူ အာဏာပိုင်အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များမှ မတရားသိမ်းဆည်းခဲ့သည့် လယ်သိမ်း၊ ယာသိမ်းကိစ္စများကို မီးမောင်းထိုးပြနေခြင်းဖြစ်သည်။ ယင်းပြဿနာများဖြေရှင်းရန်အတွက် သက်ဆိုင်ရာအာဏာပိုင်များ အနေဖြင့် အကြောင်းအမျိုးမျိုးဖြင့် မတရားသိမ်းဆည်းထားသော လယ်ယာမြေစာရင်းများကို အတိအကျ ထုတ်ပြန်ပေးရန်၊ သိမ်းဆည်းလယ်ယာမြေများအား ပိုင်ဆိုင်သူလယ်သမားများအား ပြန်လည်ပေးအပ်ရန်၊ခေတ်ကာလနှင့် ကိုက်ညီသည့် လျော်ကြေးငွေများအား ပြန်လည်ပေးအပ်သွားရန် လိုအပ်သည်ဟု မိမိတို့ပါတီက သဘောထားပါသည်။ ထို့ပြင် လယ်ယာမြေပြဿနာများအားဖြေရှင်းရာတွင် သာမန်သီးခြားဥပဒေပြဋ္ဌာန်းပေးရုံဖြင့် မလုံလောက်ဘဲ တောင်သူ လယ်သမားများ၏ အခြေခံရပိုင်ခွင့်အတွက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်း အခိုင်အမာပြဋ္ဌာန်းအကာအကွယ်ပေးရန် လိုအပ်သည့်အလျောက် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်သွားရေးအတွက် လယ်သမားများကိုယ်တိုင် ကြိုးပမ်းပါဝင်သွားရန် လိုအပ်လျက် ရှိနေပါသည်။ ယနေ့ တောင်သူလယ်သမားဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကြီးမှ တောင်သူလယ်သမားကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ ကိုယ်စားလှယ်အသီးသီးတို့မှ တောင်သူလယ်သမားတို့၏ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အခက်အခဲပြဿနာရပ် များကို စိတ်လက်ကြည်လင်တက်ကြွစွာဖြင့် ဆွေးနွေးအဖြေရှာ ညှိနှိုင်းသွားနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းပို့သရင်း ဤသ၀ဏ်လွှာ အား ပေးပို့အပ်ပါသည်။ ဗဟိုစည်းရုံးရေးကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ။ ရက်စွဲ – (၅)ရက်၊ မတ်လ၊ ၂၀၁၄ခုနှစ်။