ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society

June 2021
M T W T F S S
 123456
78910111213
14151617181920
21222324252627
282930  

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ နိုင်ငံရေးအမြင်သုံးသပ်ချက် (၁ / ၂၀၂၀)

နေရာတိုင်း၊ လူတိုင်းရောဂါပျောက်မှ ကပ်ရောဂါပျောက်နိုင်ပါလိမ့်မည်

Commentary-about-COVID-19

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ နိုင်ငံရေးအမြင်သုံးသပ်ချက် (၁ / ၂၀၂၀)

အမြင်သဘောထား –
ဒီဇင်ဘာလတွင် တရုတ်နိုင်ငံ၊ ဟွာဘေးပြည်နယ်၊ ဝူဟန်မြို့ရှိ ရောဂါပိုးအမည်မသိ အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုမှ စတင် ကူးစက် ခဲ့သော အသက်ရှူလမ်းကြောင်းရောဂါပိုးသည် ယနေ့ နိုင်ငံပေါင်း ၁၀၀ ကျော်အထိ လျှင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး လူပေါင်း ၃၀၀,၀၀၀ ခန့်မျှ ကူးစက်ခံထားရပြီ ဖြစ်သည်။ ရောဂါကြောင့် သေဆုံးသူပေါင်း ၈,၀၀၀ ခန့် ရှိပြီဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO မှ ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါအဖြစ် ၂၀၂၀၊ မတ်လ ၁၁ ရက်နေ့တွင် ကြေညာသတ်မှတ်ထားပြီ ဖြစ်သည်။
Covid -19 ရောဂါနှင့်ပတ်သက်၍ ယနေ့ပြည်ထောင်စုအစိုးရ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် ရောဂါပိုး ကြိုတင်ကာကွယ်ခြင်း၊ ကုသကြပ်မတ်ခြင်းများနှင့် အသိပညာပေးလုပ်ငန်းများအပါအဝင် ဗဟိုအဆင့် စီမံခန့်ခွဲရေးကော်မတီများ ဖွဲ့စည်း ဆောင်ရွက်လျက်ရှိသည်ကိုလည်း တွေ့မြင်သိရှိရပါသည်။ ရောဂါပိုးနှင့် နှီးနွှယ်သည့် ကောလာဟလများ အင်တာနက်လူမှုကွန်ရက်စာ မျက်နှာများတွင် ပေါ်ပေါက်သဖြင့် သတင်းအမှားများကို ဖြေရှင်းသည့် အစိုးရကြေညာချက်များကိုလည်း တွေ့ရပါသည်။
ထိုလုပ်ဆောင်ချက်များသည် မိမိတို့တိုင်းပြည်အတွင်းရှိ ပြည်သူလူထု၏ လူမှုစီးပွားဘဝအခြေအနေ၊ ကျန်းမာရေးအသိပညာနှင့် ကျန်း မာရေးစောင့်ရှောက်မှုအဆင့်အတန်းအရ ရောဂါပိုးကူးစက်ပျံ့ပွားနှုန်းကို တားဆီးထိန်းချုပ်နိုင်ရန် မလုံလောက်နိုင်ဟု မိမိတို့အနေဖြင့် ယူဆသည်။

ရောဂါပိုးအတည်ပြုရန် (သို့) ဓာတ်ခွဲအဖြေရရှိရန် အချိန်ကြာမြင့်ရန် မသင့်-
အစိုးရ၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် Covid- 19 ရောဂါပိုး ဓါတ်ခွဲအဖြေရှာနိုင်သည်မှာ ရန်ကုန်ရှိ ဗဟိုအမျိုးသားဓါတ်ခွဲခန်း တစ်ခုသာရှိသည်ဟု သိရသည်။ လူဦးရေ ၅၄ သန်းကျော်နေထိုင်ပြီး ဧရိယာစတုရန်းမိုင်ပေါင်း ၂၆၁,၂၂၈ ခန့် ကျယ်ဝန်းသည့်အတွက် အကယ်၍ ရန်ကုန်တိုင်းဒေသကြီးနှင့် ကွာဝေးသောဒေသတွင် ရောဂါကူးစက်ဖြစ်ပွားပါက ဓာတ်ခွဲအတည်ပြုရန် ပို့ဆောင်နေချိန်တွင် အခြားကူးစက်ပြန့်ပွားမှုများ ရာထောင်ချီ ဖြစ်နိုင်ချေရှိသည်။ ဥပမာအားဖြင့် အီတလီနှင့် စပိန်နိုင်ငံကဲ့သို့သော ဖွံဖြိုးပြီးနိုင်ငံများပင်လျှင် နေ့စဉ် ရောဂါပိုးအသစ်တွေ့ရှိသူ ထောင်ကျော်ခန့် တိုးလာသည်ကို မြင်တွေ့နိုင်သည်။ ထို့အတွက် အခြားသော တိုင်းနှင့်ပြည်နယ်အသီး သီးတွင်လည်း ဓာတ်ခွဲအဖြေထုတ်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းရန် မဖြစ်မနေ လိုအပ်သည်ဟု ထောက်ပြ အကြံပြုလိုပါသည်။

အသိပညာပေးဟောပြောပွဲများသည် ရောဂါပိုးကူးစက်ပြန့်ပွားမှုကို အားပေးမှုဖြစ်စေနိုင်-
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန Covid 19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲများ၊ လက်ကမ်းစာစောင် ဝေငှခြင်း
များ ပြုလုပ်လျက်ရှိသည်ကို သတင်းထုတ်ပြန်ချက်များအရ သိမြင်ရပါသည်။ ထိုလုပ်ဆောင်မှုများသည် ပြည်သူလူထုအတွက် ကျန်းမာ
ရေးအသိနှင့် ရောဂါပိုးအကြောင်းနားလည်မှု တိုးပွါးရန် အထောက်အကူ ပြုစေနိုင်ပါသည်။ SARS-CoV-2 ခေါ် COVID-19 ရောဂါပိုးသည် အလွန်လျင်မြန်စွာ ကူးစက်နိုင်ပြီး ရောဂါပိုးရှိသူနှင့် လက်ဆွဲနှုတ်ဆက်ခြင်းမှပင် ကူးစက်ခံရသည့် အဖြစ်အပျက်များ၊ သာဓကများ ရှိနေပါ သည်။ ထို့ကြောင့် အသိပညာပေးဟောပြောပွဲများကို လူစုလူဝေးဖြင့် ပြုလုပ်ခြင်းသည် အလွန်အန္တရာယ်များသည်ဟု မိမိတို့ ယူဆသည်။ ဟောပြောပွဲများအစား ကျေးရွာ၊ ရပ်ကွက်နှင့် လမ်း၏ အချက်အချာနေရာများတွင် ကြီးမားရှင်းလင်းပြတ်သားသော အသိပေးဆိုင်းဘုတ်များ ထောင်ခြင်း၊ LED ဘုတ်များထောင်ခြင်း၊ အများသုံး သယ်ယူပို့ဆောင်ရေးယာဉ်လိုင်းများတွင် စတစ်ကာများကပ်ခြင်း၊ တီဗီလိုင်းများ၊ ရေဒီယို လိုင်းများ၊ လူမှုကွန်ရက်စာမျက်နှာများတွင် အသိပညာပေးခြင်းများကို ပိုမိုအားဖြည့်ဆောင်ရွက်သင့်သည်ဟု ယူဆသည်။

အကြောက်တရားကို အကြောက်တရားဖြင့် မကိုင်တွယ်အပ် –
ရောဂါပိုးနှင့်ပတ်သက်သည့် ကောလာဟလများ ထွက်ရှိသည့်အတွက် သတင်းမှားများ ဖန်တီးခြင်းကို အရေးယူဆောင်ရွက်ရန် လိုအပ်
ပါသည်။ ပြည်သူလူထုကို ကောလာဟလများ မဖြန့်ရန်၊ သတင်းအမှားများကို မယုံရန်နှင့် စိုးရိမ်ကြောက်လန့်မှု မဖြစ်ရန် အစိုးရက ထုတ်ပြန် ကြေညာသည်ကို တွေ့ရသည်။ ရောဂါပိုးနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များကို အစိုးရ၏ တရားဝင်စာမျက်နှာများတွင် နေ့စဉ် တင်ပြပေးနေ သည်ကိုလည်း မြင်တွေ့ရပါသည်။ သတင်းမှားဖြန့်လျှင် ဥပဒေအရ အရေးယူမည်ဟုလည်း ဖတ်ရှုရသည်။ သို့သော် အစိုးရပိုင်းအနေဖြင့် အဆင်သင့်ဖြစ်မှုအဆင့်အတန်းနှင့် ရောဂါပိုးကို ကိုင်တွယ်ဖြေရှင်းနိုင်မှုအဆင့်အတန်း မည်ကဲ့သို့ရှိသည်ကို တိကျသေချာသော သတင်း အချက်အလက်များကို ထုတ်ပြန်ပေးနိုင်မှသာလျှင် ကောလာဟလကိစ္စရပ်များကို ဖြေရှင်းနိုင်လိမ့်မည်ဟု ယူဆသည်။ မိမိတို့တိုင်းပြည်၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်သည် လိုအပ်ချက်များစွာရှိနေပြီး ထိုလိုအပ်ချက်များကြောင့်ပင် ပြည်သူလူထုဘက်က စိုးရိမ်ပူပန်မှုများ ရှိနေသည်ဟု မိမိတို့ပါတီက ယူဆသည်။ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပိုမိုအားကောင်းစေရန် ပြုလုပ်ဆောင်ရွက်ခြင်းသည်သာ လူထု၏ စိုးရိမ်မှုကို လျော့ကျစေနိုင်မည်ဖြစ်ပြီး အရေးယူမှုများ (သို့) ပြစ်ဒဏ်များ သတ်မှတ်ထုတ်ပြန်ခြင်းက လူထု၏ ပူးပေါင်းပါဝင်မှုကို အတားအဆီး ဖြစ်စေနိုင်လိမ့်မည်ဟု ယူဆပါသည်။ “Early Warning, Early Response” အင်တာနက်လူမှုကွန်ရက်များကြားမှ သတင်းတု သတင်းမှားတို့ကို ထိန်းချုပ်ရန်ခက်ခဲသော အခြေအနေအား ယနေ့ခေတ်တွင် အင်အားကြီးနိုင်ငံများပါ ရင်ဆိုင်နေရသည်။ ထိုအခြေအနေ ကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာနသည် အချိန်နှင့်အမျှ အဆင်သင့်ဖြစ်စေရန် ပြင်ဆင်ထားရမည်ဖြစ်ပြီး လိုအပ် ပါက အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာကျန်းမာရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သင့်သည်၊ အရံစေတနာ့ဝန်ထမ်း အင်အားများကိုလည်း နှိုးဆော် စုစည်းထားသင့်သည်ဟု မိမိတို့ပါတီအနေဖြင့် ထောက်ပြ တိုက်တွန်းအပ်ပါသည်။

အရေးပေါ် ကျန်းမာရေးအသုံးစရိတ် မြှင့်ရန် မဖြစ်မနေ ဆောင်ရွက်သင့် –
ယနေ့ ကမ္ဘာတစ်ဝှမ်းလုံးတွင် Covid 19 ရောဂါကို ခုခံကာကွယ်နေကြသည့်အထဲတွင် ကျန်းမာရေးဝန်ထမ်းများသည် တာဝန်အကြီး ဆုံးနှင့် အန္တရာယ်အများဆုံး ဖြစ်ကြသည်။ မိမိတို့နိုင်ငံက ကျန်းမာရေးဝန်ထမ်းများသည်လည်း အလားတူအခြေအနေမျိုးကို အချိန်မရွေး
ရင်ဆိုင်ရနိုင်သည်။ မြန်မာနိုင်ငံရှိ လက်ထောက်ဆရာဝန်များနှင့် အခြားကျန်းမာရေးဝန်ထမ်းများသည် မိသားစုစားဝတ်နေရေးအတွက် လုံ လောက်သည့် အခြေအနေမရှိဘဲ ခက်ခဲစွာရုန်းကန်နေကြရသည်ဟု သိရပါသည်။ ယခုအခြေအနေတွင် အနီးကပ် ပြုစုစောင့်ရှောက်ရမှု အလိုက် ကျန်းမာရေးဝန်ထမ်းများအား တန်ဖိုးထားဂုဏ်ပြုမှုများ၊ ကျန်းမာရေးဝန်ထမ်းများ၏ လူမှုစီးပွားဘဝနှင့် စိတ်ခွန်အား ကြံ့ခိုင်လာစေ ရေးအတွက် အလေးထား ဆောင်ရွက်ပေးသည့် အစီအစဉ်များ ရှိသင့်ကြောင်း မိမိတို့ ပါတီက အကြံပြု တိုက်တွန်းအပ်ပါသည်။

သာတူညီမျှနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည်သာ –
Covid-19 ရောဂါသည် တစ်ကမ္ဘာလုံးတွင် နိုင်ငံပေါင်း ၁၄၀ ကျော် ကူးစက်ပြန့်ပွားခဲ့ပြီးဖြစ်ကာ လူမျိုး၊ ဘာသာ၊ ကျား-မ အသား အရောင်မရွေး ကူးစက်ခံရနိုင်သည်။ မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးများနှင့် စုပေါင်းဖွဲ့စည်းထားသည့်နိုင်ငံ ဖြစ်သည့်အတွက် ရောဂါ ခုခံကာကွယ်တားဆီးရေးသည်လည်း တန်းတူခွင့် အခွင့်အရေးတစ်ရပ်အဖြစ် အရေးတကြီး ထည့်သွင်းစီမံခန့်ခွဲနိုင်ရမည် ဖြစ်သည်။ ထို့ အတွက် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားလျက် အင်တာနက်ဖြတ်တောက်ခံထားရသည့် ရခိုင်နှင့် ချင်းပြည်နယ်ဒေသအချို့ အပါအဝင် အခြားသော တိုင်းရင်းသားဒေသများသည်လည်း ရောဂါပိုးဆိုင်ရာ သတင်းအချက်အလက်၊ ရောဂါဓာတ်ခွဲအဖြေရှာခွင့်နှင့် ကုသကာကွယ် ခွင့်တို့ တန်းတူခံစားခွင့်ရှိရေးမှာ အရေးကြီးသည်ဟု မိမိတို့ပါတီက သုံးသပ်သည်။
ထို့ပြင် တစ်နေ့လုပ်မှ တစ်နေ့စားနိုင်သည့် မိသားစုကို ဦးဆောင်ဦးရွက် ရုန်းကန်ရသူများအဖို့ (၁၄) ရက်တာ သီးခြားခွဲနေရလျှင် မိသား စုအတွက် ကူညီထောက်ပံ့ပေးသည့် အစီအစဉ်များ ထားရှိသင့်ကြောင်းကိုလည်း တိုက်တွန်းလိုပါသည်။ အစိုးရအနေဖြင့် COVID-19 ကြောင့် စီးပွားရေးအရ သက်ရောက်နိုင်မှုများအပေါ် ကုစားနိုင်ရန်အတွက် ရန်ပုံငွေ မတည်ရာ၌ လူမှုဖူလုံရေးရန်ပုံငွေမှ ထုတ်ယူသုံးစွဲခြင်းမျိုး မပြုလုပ်သင့်ကြောင်းလည်း ထောက်ပြလိုသည်။ COVID-19 အတွက် သီးခြား အရေးပေါ်ရန်ပုံငွေစာရင်း ထားရှိရာတွင် ကပ်ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်ကြရသူများအတွက် အစီအမံများပါ ရှိသင့်ကြောင်း အကြံပြုတိုက်တွန်းအပ်ပါသည်။
ဤအခြေအနေမျိုးအောက်၌ မိမိတို့တိုင်းပြည်တွင်းရှိ နိုင်ငံသားများအတွက်သာမက ကမ္ဘာတစ်ဝှမ်းလုံးရှိ လူသားများ၏ လုံခြုံကျန်းမာ မှုအတွက် သတင်းအချက်အလက်များ အဟန့်အတားမရှိ စီးဆင်းနိုင်ခွင့်သည် အလွန်အရေးပါပါသည်။ ကမ္ဘာ့အနာဖြစ်သဖြင့် တစ်ကမ္ဘာ
လုံးတွင် ရောဂါကင်းစင်မှ ကပ်ရောဂါ အမှန်တတကယ် ပပျောက်ပါလိမ့်မည်။
နိုင်ငံတကာရှိ လုံခြုံရေးတပ်ဖွဲ့များသည် မိမိပြည်သူတို့အပေါ် ကျရောက်သည့် သဘာဝဘေးအန္တရာယ်ကို ကာကွယ်ခြင်းမှာ အဓိက ကျသည့် တာဝန်တစ်ရပ် ဖြစ်ပါသည်။ မိမိတို့နိုင်ငံတွင်လည်း ပြည်တွင်းစစ်ကို သည်းသည်းသန်သန် တိုက်ခိုက်နေခြင်းထက် လူမျိုးပေါင်းစုံ ပြည်သူများ၏ ကျန်းမာရေးနှင့် ဘဝလုံခြုံရေးတို့အတွက် ဦးစားပေး အစီအမံများကို ချက်ချင်းဆောင်ရွက်မှုကသာ အမျိုးသားလုံခြုံရေးတာ ဝန်ကို အမှန်တကယ် ထမ်းဆောင်ရာရောက်မည် ဖြစ်သည်။ ထိုကြောင့် အစိုးရနှင့် တပ်မတော်တို့အနေဖြင့် မိမိတို့ တိုင်းပြည်အတွင်း Covid-19 ရောဂါ ခုခံတားဆီးရေးများ ဆောင်ရွက်ရာတွင် ယနေ့ ဖြစ်ပွားနေသည့် တိုက်ပွဲများကို ယာယီအားဖြင့်ဖြစ်စေ ချက်ချင်း အပစ် အခတ်ရပ်စဲသင့်ပြီး ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းကို လူမျိုးစုံတိုင်းရင်းသားပြည်သူများနှင့်အတူ၊ နိုင်ငံတကာအသိုက်အဝန်းနှင့်အတူ လက်တွဲ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း တိုက်တွန်းအပ်ပါသည်။ ။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၂၀ ခုနှစ်၊ မတ်လ (၂၀) ရက်။

https://drive.google.com/file/d/1ywb1pps_iqrtX8aXCh-uRYZx2FHtnvKd/view?usp=sharing