ပြည်သူသာအမိ ပြည်သူသာအဖ

အဖွင့်စာမျက်နှာ သမိုင်းအကျဉ်း ဖွဲ့စည်းပုံစည်းမျဉ်း တပ်ပေါင်းစုရေးရာ ဆက်သွယ်ရန်

 

 
 

            လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ မြန်မာဘာသာ ၀ဘ်ဆိုဒ် စာမျက်နှာ (www.dpnsburmese.org) ကို ယနေ့ စတင်ဖွင့်လှစ်လိုက်ပါပြီ။

            ယခုကဲ့သို့ဖွင့်လှစ်နိုင်ရန် အဆင့် (၂) ဆင့်ထား၍ ပြင်ဆင်လုပ်ဆောင်ခဲ့ကြရခြင်း ဖြစ်ပါသည်။

            ယခု အဆင့်သည် ပထမအဆင့် ရုပ်လုံးဖော်သည့် အဆင့်မျှသာဖြစ်ပါသည်။ ဒုတိယအဆင့်တွင် ကျွန်တော်တို့ပါတီ၏ မြန်မာဘာသာဝဘ်ဆိုဒ်ကို စိတ်ကူးမှုဘက်က သော်လည်းကောင်း၊ ဖေါ်ပြမည့် အကြောင်းအရာ၊ အချက်အလက်များဘက်ကသော်လည်း ကောင်း၊ အတတ်ပညာဘက်ကသော်လည်းကောင်း ယခုအဆင့်ထက် သာလွန်ကောင်းမွန် လာစေရန်၊ အသွေးအရောင်စုံလင် တောက်ပလာစေရန် တဆင့်ပြီးတဆင့် မြှင့်တင်သွား နိုင်ရန် မျှော်မှန်းထားပါသည်။

            ကျွန်တော်တို့တွင် ကွန်ပြူတာ၊ အင်တာနက်နှင့်ပတ်သက်သော အတတ်ပညာ အားနည်းပါသည်။ သို့အတွက် လိုအပ်သည်ထက် အချိန်ပိုယူခဲ့ရခြင်းဖြစ်ပါသည်။

 

ထမ်းဆောင်မည့်လုပ်ငန်းတာဝန်

            ကျွန်တော်တို့ပါတီ မြန်မာဘာသာဝဘ်ဆိုဒ်သည် အောက်ပါလုပ်ငန်းတာဝန်များကို တိကျကျေပွန်စွာ ထမ်းဆောင်သွားမည်ဖြစ်ပါသည်။  

            - စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးနှင့် ပါတီစုံဒီမိုကရေစီစနစ် တည်ဆောက်ရေး ဦးတည်ချက်လမ်းကြောင်းကို ရှင်းလင်းစွာညွှန်ပြရန်၊

            - ဂိုဏ်းခွဲမှု၊ လှည့်စားမှုနှင့် သွေးကွဲစေမှုများကို ဖွင့်ချဝေဖန်တိုက်ခိုက်ပြီး ညီညွတ် ရေး လမ်းကြောင်းကို ညွှန်ပြနိုင်ရန်၊

            - ပါတီ၏ မူဝါဒသဘောထားနှင့် လုပ်ငန်းစဉ်များကို တင်ပြရန်

            - အမှန်တရား၊ ယုံကြည်မှုနှင့် လက်တွေ့လုပ်ငန်းနည်းနာများကို ဝါဒဖြန့်ချိ သွားရန်၊  

            စစ်အာဏာရှင်စနစ်၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တယားနှင့် ယင်းတို့ကို ဗြောင် အတိအလင်းဖြစ်စေ၊ အသွင်ယူဖုံးကွယ်၍ဖြစ်စေ နည်းသဏ္ဌာန် တမျိုးမျိုးဖြင့်ဖြစ်စေ၊ အလုပ်အကျွေးပြုနေသူများ၊ အဖွဲ့အစည်းများ၊ အသင်းအပင်းများကို တိုက်ခိုက်ဖွင့်ချ သွားမည်ဖြစ်သည်။

            အလားတူပင် မူမဲ့သော အလျော့ပေးစေ့စပ်မှု မှန်သမျှကိုလည်း ပြတ်သားစွာ ဆန့်ကျင်သွားမည်ဖြစ်ပါသည်။ အပေးအယူအလျော့အတင်းဆိုင်ရာ ကိစ္စများသည် တန်းတူ ရည်တူရှိ သော၊ ဒီမိုကရေစီရှိသော စားပွဲဝိုင်းပေါ်၌သာ ပြုလုပ်ကြရမည်ဟု ခိုင်မာစွာ ယုံ ကြည်ပါသည်။ ထိုသို့ အပေးအယူ အလျော့အတင်းဆိုင်ရာ ကိစ္စများ ပြုလုပ်ကြရာတွင် လူမျိုးစုံ ပြည်သူများ၏ လက်ငင်းနှင့် ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းရေးကိုသာ တည့်မတ် စွာ ဦးတည်ချက် ထားရှိရပါမည်။

            ယင်းသို့ လူမျိုးစုံပြည်သူများ၏ အကျိုးစီးပွားဖြစ်ထွန်းရေးကို မှန်ကန်တည့်မတ်စွာ ဦးတည်ချက်ထားနိုင်မည်ဆိုလျှင် မည်သူမျှ၊ မည်သည့်အင်အားစုမျှ နစ်နာစရာအကြောင်း မရှိနိုင်ပါ။

            ပါတီ၏ မြန်မာဘာသာဝဘ်ဆိုဒ်သည် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးနှင့် ပါတီစုံဒီမိုကရေစီစနစ် တည်ဆောက်ရေး ရည်မှန်းချက်အတွက် လူမျိုးစုံပြည်သူများ၊ ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစုများအကြားတွင် တန်းတူရေး၊ ညီညွတ်ရေး၊ ငြိမ်းချမ်း ရေး၊ အတူတကွ ပူးပေါင်းဆောင်ရွက်လာနိုင်ရေးကို လက်ငင်း အကျိုးရှိစေမည့် ရေးသား အကြံပြုချက်များ၊ ဆောင်းပါးများ၊ ဝေဖန်ချက်များ၊ လက်တွေ့လုပ်ငန်းနည်းနာများကို အဓိက ဖေါ်ထုတ်တင်ပြသွားမည်ဖြစ်ပါသည်။

            သို့ပါ၍ ပါတီတွင်းပါတီပမှ မည်သူမဆို အထက်ဖေါ်ပြပါ ဦးတည်ချက်များနှင့် အညီ ရေးသားပေးပို့လာမည့် ဆောင်းပါးများ၊ ဝေဖန်ချက်များ၊ သဘောထားအမြင်များကို ကျွန်တော်တို့ပါတီ ၀ဘ်ဆိုဒ်စာမျက်နှာတွင် ထည့်သွင်းဖေါ်ပြသွားမည်ဖြစ်ပါသည်။ ရေးသားပေးပို့ကြပါရန် ဖိတ်ခေါ်ပါသည်။            

           

ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်

            ပထမဦးစွာ ပါတီ၏ အင်္ဂလိပ်ဘာသာ ၀ဘ်ဆိုဒ်စာမျက်နှာ(dpns.org)ကို ၂၀၀၂ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့ မှ စတင်၍ ယနေ့အချိန်အထိ  အတတ်ပညာ၊ ငွေကြေး၊ လုပ်အား မိမိကိုယ်ပိုင်စိုက်ထုတ်၍ အားသွန်ခွန်စိုက် ဆောင်ရွက်ပေးခဲ့သော အမေရိကန်ပြည်ထောင်စုတွင် နေထိုင်လျက်ရှိသည့် ကိုမိုးဇော်အောင်နှင့် ဇနီး အားရီတို့ကို ပါတီဗဟိုကော်မတီက အထူးကျေးဇူးတင်ရှိပါသည်။ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

            ထို့အပြင် ယခုလို မြန်မာဘာသာဝဘက်ဆိုဒ်စာမျက်နှာ (Hosting) လုပ်နိုင်ရေး အတွက် အားတက်သရော ငွေကြေးစိုက်ထုတ် ၀ယ်ယူပေးခဲ့ကြသော နော်ဝေနိုင်ငံမှ ပါတီ ခေါင်းဆောင်များ၊ ပါတီဝင် ရဲဘော်များ၊  ပါတီဝဘ်ဆိုဒ်ဖြစ်မြောက်ရေးအတွက် အားတက် သရော အကြံပေးခဲ့ကြသည့် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေကြသော ပါတီ ခေါင်းဆောင်များ၊ ပါတီဝင် ရဲဘော်များ၊ ယခုကဲ့သို့ ရုပ်လုံးဖော်နိုင်ရန် အဖက်ဖက်က ဝိုင်းဝန်း၍ အကြံကောင်းဉာဏ်ကောင်းများ ပေးပို့ခဲ့ကြသော ပြည်တွင်းပြည်ပမှ ရဲဘော် များ၊ မိတ်ဆွေများကို အထူးကျေးဇူတင်ရှိပါသည်။

            ယခုကဲ့သို့ မြန်မာဘာသာဝဘ်ဆိုဒ်စာမျက်နှာ ရုပ်လုံးဖော်နိုင်ရေးအတွက် ကျွန်တော်တို့ ဖြစ်စေချင်သည့် စိတ်ကူးစိတ်သန်းများကို စိတ်ရှည်လက်ရှည် ဖန်တီး ဆောင်ရွက်ပေးသော ပြည်သူ့ကာကွယ်ရေးတပ်(PDF) မှ ညီငယ် မောင်ကျော်မင်းထိုက် အား အထူးကျေးဇူးတင်ဂုဏ်ပြုအပ်ပါသည်။

 

လေးစားစွာ ဖိတ်ခေါ်အပ်ပါသည် 

            လာမည့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလ (၁၄ )ရက်နေ့ဆိုလျှင် ကျွန်တော်တို့ ပါတီ ဖွဲ့စည်းတည်ထောင်ခဲ့တာ အနှစ် (၂၀) ပြည့်ပါတော့မည်။ ယခု ကျွန်တော်တို့ လက်လှမ်းမီသလောက် ပါတီ၏ဖြတ်သန်းမှု သမိုင်းအကျဉ်းကို ပြုစုတင်ပြထားပါသည်။ လိုအပ်ချက်တွေ ပါရှိနေပါလိမ့်ဦးမည်။ ယခုထက် ပိုမိုပြည့်စုံသော ပါတီ၏အနှစ် (၂၀) ဖြတ်သန်းခဲ့မှုသမိုင်းကို ပြည့်စုံစွာပြုစုနိုင်ရန် ကျွန်တော်တို့ ကြိုးစားနေပါသည်။ သို့အတွက် လိုအပ်သော စာရွက်စာတမ်း၊ အချက်အလက်၊ အထောက်အထားများ၊ ဓါတ်ပုံမှတ်တမ်း မှတ်ရာများကို ပြည်တွင်းပြည်ပသို့ ရောက်ရှိနေကြသော  ပါတီခေါင်းဆောင်များ၊ ပါတီဝင် ရဲဘော်များက ပါတီဌာနချုပ်သို့ ပေးပို့ကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။  

 

လေးစားမှုဖြင့်


(ခင်မောင်တင့်)
အထွေထွေအတွင်းရေးမှူး
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
၂၀၀၇ ခုနှစ်၊ သြဂုတ်လ (၃၁) ရက်

 
 
 
 


လတ်တလော လုပ်ငန်းစဉ်နှင့် အထွေထွေ နိုင်ငံရေးသဘောထား

 

အလုပ်သမား၊ လယ်သမားကဏ္ဍ

 

အမျိုးသမီးနှင့် လူငယ်ကဏ္ဍ

 

 

 
 

 

Copyright © 2007 Democratic Party for a New Society. All Rights Reserved.