ပြည်သူသာအမိ ပြည်သူသာအဖ

အဖွင့်စာမျက်နှာ သမိုင်းအကျဉ်း ဖွဲ့စည်းပုံစည်းမျဉ်း တပ်ပေါင်းစုရေးရာ ဆက်သွယ်ရန်

 

 
 

နိုင်ငံတကာရေးရာ ၀င်္ကပါ
(ဒုတိယပိုင်း)

တတိယသာဓက

(တရုတ်-အိန္ဒိယစစ်နှင့် တရုတ်-ဗီယက်နမ်စစ်)

            အိန္ဒိယကို ၀င်တိုက်တဲ့ကိစ္စနဲ့ ဗီယက်နမ်ကို ၀င်တိုက်တဲ့ ကိစ္စနှစ်ရပ်ကို ယှဉ်ကြည့်ရင်လည်း အလွန်စိတ်ဝင်စားဖွယ်ရာ တွေ့ရလိမ့်မယ်။ ဒါတွေဟာ သမိုင်းမှတ်တိုင်တွေ ဖြစ်နေပါပြီ။ မေ့ချင်လို့ မရတော့ဘူး။  

မှတ်မိပါသေးတယ်

            ကျွန်တော် ယူဂိုဆလားဗီးယား (မာရှယ်တီးတိုးခေတ်က ယူဂို၊ အခုလို ခြောက်စိတ်လောက် မကွဲသေး)မှာ အမှုထမ်း နေတုန်းက တရုတ်သံရုံးက မကြာခဏ နေ့စာ၊ ညစာ၊ ရုပ်ရှင်ပွဲ စသည်ဖြင့် ကျွန်တော်တို့ သံရုံးတစ်ရုံးလုံးကို ဖိတ်တယ်။ လုပ်ရိုးလုပ်စဉ်ပါပဲ။ တစ်ခါကျတော့ ပိုပြီး ခပ်များများ၊ ခပ်စိပ်စိပ် ဖိတ်လာတယ်။ မိတ်ဆွေနိုင်ငံတွေ ဖြစ်ကြတဲ့အတိုင်း ကျွန်တော်တို့လည်း မပျက်မကွက် သွားပါတယ်။ ဖြစ်လေ့ရှိတာက ဒီလိုပွဲတွေမှာ စားသောက်ပြီး အေးအေးလူလူ ထိုင်ကြပြီဆိုရင် ဘေးနားမှာ အခန့်သင့်ရှိနေတဲ့ တရုတ်-အိန္ဒိယ နယ်နိမိတ်မြေပုံကို ဆွဲထုတ်ပြီး စပြောတော့တာပဲ။ သူတို့ဘက်က ဘယ်လိုမှန်ကြောင်း၊ တရားကြောင်း၊ ကျန်တစ်ဖက်က ဘယ်လိုမှားကြောင်း၊ မတရား ကြောင်း ထုံးစံအတိုင်း ရှင်းပြတာပေါ့။ တရုတ်မိတ်ဆွေများရဲ့ ဇွဲနပဲ၊ တာဝန်ကျေပွန်မှု၊ အခွင့်အရေး ရသမျှ အသုံးချမှု၊ ကိုယ့်နိုင်ငံအတွက် ဆောင်ရွက်မှု၊ ဒါတွေဟာ တော်တော်အတုယူဖို့ ကောင်းတယ်။ ကျွန်တော်တို့ဘက်ကတော့ ဖိတ်ကျွေးတဲ့လူရှိတိုင်း စားကောင်းကောင်းနဲ့ သွားစားရုံသက်သက် လောက် ဖြစ်နေတတ်တယ်။ သူတို့ကတော့ လာတော့မယ့် စစ်ဆင်ရေးကြီးအတွက် ကြိုတင် အဖက်ဖက်က အကွက်စေ့စေ့ ပြန်ကြားရေး၊ စိတ်ဓာတ်ရေးရာအရ ပြင်ဆင်နေတာတွေ့ရတယ်။

            ဒီလိုမကြာခဏဖိတ်လို့ သိပ်မကြာလှပါဘူး။ တရုတ်စစ်တပ်တွေ ဟိမ၀န္တာဖြတ်ပြီး အိန္ဒိယထဲ ဝင်တယ်လို့ ကြားရတာပဲ။ ကောလ်ကတ္တားမြို့ဆီ ရှေးရှုချီတက်နေတယ်လို့လည်း သတင်းတွေဖြစ် တယ်။ ဒီတော့မှ သြော်  ဒါကြောင့်ကိုးလို့ တွေးမိတယ်။ ကမ္ဘာက ၀ိုင်းပြီး အော်ဟစ်ဝေဖန် ကန့်ကွက် နေတဲ့ကြားက တော်တော်ကြီး ခရီးရောက်အောင် ၀င်သွားတယ်။ ဝေဖန်မှုတွေ၊ အရှိန်ကောင်းစမှာပဲ တရုတ်တွေဟာ သူတို့ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့နေရာ ရွေးပြီး ပြန်ဆုတ်တော့မယ်လို့ ကြေညာတယ်။ ရည်ရွယ်ချက်ပြီးမြောက်ပြီ။ ဆက်လက်ချီတက်ဖို့ မလိုတော့ဘူးလို့ ပြောတယ်။တကယ်လည်း ဆုတ်ခွာ သွားကြတယ်။ အိန္ဒိယဗိုလ်ချုပ် ၁၄ ယောက်လည်း သုံးပန်းအဖြစ် ပါသွားကြလေရဲ့။ အိန္ဒိယက တပ်စွဲ ထားတဲ့ (Admin Box) စခန်းတစ်ခုလုံးကို အငိုက်ဖမ်းခံလိုက်ရတယ်ထင်ပါရဲ့။

            ဟိုတုန်းက ဆိုရှယ်လစ်ဝါဒနဲ့ ဆိုရှယ်လစ်နိုင်ငံတွေအပေါ်မှာ ရက်ရက်ရောရော သဘောထား တဲ့၊ သူ့ကိုယ်သူလည်း ရံဖန်ရံခါမှာ ဒီမိုကရေစီဆိုရှယ်လစ်ဝါဒီလို့ ကြေညာတတ်သူ ၀န်ကြီးချုပ် နေရူး ခေါင်းဆောင်တဲ့ အိန္ဒိယ အငိုက်မိသွားတဲ့သဘောပါပဲ။ နောက်ပိုင်းမှာ အိန္ဒိယဗိုလ်ချုပ် ၁၄ ယောက် ဟာ တရုတ်ပြည်က သုံ့ပန်းစခန်းမှာ ဘယ်လို ကောင်းကောင်းမွန်မွန် ပြုစုထားလို့၊ ဘယ်မျှလောက် ပျော်ပျော်ရွှင်ရွှင်၊ စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိကြကြောင်း၊ ရုပ်ရှင်တွေ၊ ရုပ်သေဓါတ်ပုံတွေ၊ သတင်း တွေ ကြည့်ရ၊ ဖတ်ရပါတယ်။ ဒါလည်း တရုတ်သံရုံးမှာပါပဲ။ သူတို့သံတမန်များ လုပ်ပုံကိုင်ပုံဟာ အလွန် အတုယူထိုက်ပါတယ်။  

နိုင်ငံရေးသြဇာအာဏာစက်ဝန်း (Sphere of Influence)

            ကျွန်တော့်အထင်ကတော့ အာရှ၊ အာဖရိကအုပ်စုနဲ့ ဘက်မလိုက်လှုပ်ရှားမှုများမှာ ခြေကုပ် ယူပြီး ကမ္ဘာ့ခေါင်းဆောင်၊ အာရှခေါင်းဆောင် နေရာယူထားတဲ့ အိန္ဒိယကို သင်ခန်းစာပေးတဲ့ သဘော ပါပဲ။ ဒီမှာ ‘ငါလည်းရှိသေးတယ်ဟေ့’လို့ ပြောလိုက်တာပဲပေါ့။ မဟုတ်မှလွဲရော ကမ္ဘာ့နိုင်ငံရေး၊ သြဇာ စက်ဝိုင်း (Sphere of Influence) အတွက် အားပြိုင်တာ၊ အင်အားပြတာပါပဲ။ အဲဒီအချိန်မှာ တရုတ် ပြည်သူ့သမ္မတနိုင်ငံက ကုလသမဂ္ဂမှာ ၀င်ခွင့်မရသေးဘူး။ ပိတ်ဆို့ခံထားရတဲ့အချိန်၊ မတရား ဝိုင်းပယ်ထားခံရတဲ့ အချိန်ကိုး။ မကျေနပ်စရာအမှန်ပဲ။

            အိန္ဒိယ၀န်ကြီးချုပ် နေရူးဟာ ဟိုတုန်းက ဆိုရှယ်လစ်၊ ကွန်မြူနစ်နိုင်ငံကြီးတွေရဲ့ ငြိမ်းချမ်း ရေး ကြွေးကြော်သံကို စိတ်ချခဲ့တယ်။ ဒီိနိုင်ငံကြီးတွေဟာ သူတို့ ဆင်းရဲသား ပြည်သူပြည်သားတွေရဲ့ တိုးတက်စည်ပင် သာယာဝပြောမှုနဲ့ တည်ငြိမ်အေးချမ်းမှု၊ လောကနိဗ္ဗန်ကို တည်ဆောက်ရင်း ပြည်တွင်းရေးနဲ့ပဲ မအားမလပ်နိုင်အောင် ဖြစ်နေမှာမို့၊ နယ်ချဲ့ဖို့၊ ကျူးကျော်ဖို့၊ ရန်စဖို့ အချိန်လည်းမရ၊ ရည်ရွယ်ချက်လည်းမရှိ၊ လက်တွေ့လည်း လုပ်မှာမဟုတ်ဘူးလို့ ယုံကြည်စိတ်ချနေခဲ့မိတယ်။ ဒါပေမယ့် လက်တွေ့နိုင်ငံရေးက တစ်မျိုးတစ်ဘာသာဖြစ်တာ တွေ့ရတယ်။ “ကမ္ဘာ့ခေါင်းဆောင်၊ အာရှခေါင်းဆောင်နေရာမှာ မင်းက အတင်းဝင်ပြီး နေရာမယူနဲ့၊ မင်းချည်းမဟုတ်ဘူး။ ငါလည်း ရှိသေးတယ်”လို့ အိန္ဒိယကိုပြောလိုက်တဲ့သဘောပါပဲ။ ဟုတ်လည်းဟုတ်တာပဲ။ ရုတ်တရက် လက်ငင်း အကြောင်းပြစရာတွေအနေနဲ့ကတော့ နယ်နိမိတ်ပြဿနာတို့၊ အိန္ဒိယက ဒလိုင်လာမားကို လက်ခံ ထားတာတို့ စသဖြင့် ပြစရာတွေရှိတာပေါ့။

            အလားတူပဲ၊ အင်ဒိုချိုင်းနား(လော၊ ကမ္ဘောဒီးယား) စသည်မှာ ဝင်ရှုပ်ရမလားဆိုပြီး ဗီယက်နမ်ကိုလည်း သင်ခန်းစာပေးဖို့ ရည်ရွယ်ချက်နဲ့ ၀င်တိုက်ခဲ့ဖူးသေးတယ်။ ဒါလည်း သတ္တုချ ကြည့်ရင် (Sphere of Influence) ကိစ္စပါပဲ။ ဗီယက်နမ်မှာကြတော့ သိပ်ပြီး ရှောရှောရှူရှူမရှိလှဘူး။ ကမ္ဘာ့အမြင်မှာတော့ သင်ခန်းစာပေးဖို့သွားတဲ့ တပ်တွေကို ဗီယက်နမ်ကတောင် ပြန်ပြီး သင်ခန်းစာ ပေးလိုက်သေးတယ်လို့ အကဲခတ်သမားတွေက ဆိုကြတယ်။ အားလုံးမှတ်မိမှာပါ။

            နယ်စပ်ဖြတ်ကျော်ပြီး လူနေအိမ်ခြေထူထပ်တဲ့၊ စိတ်ဓါတ်ပြင်းထန်တဲ့၊ စစ်ရေးအရ ကာကွယ် ခုခံဖို့လည်း အသင့်ဖြစ်နေတဲ့၊ ထုသားပေသားရပြီးသားဖြစ်တဲ့ ဗီယက်နမ်ထဲဝင်တော့ တစ်လက်မပြီး တစ်လက်မ၊ တတိတိတရွေ့ရွေ့သာ ချီတက်နိုင်ခဲ့တယ်။ တော်တော်နဲ့ ပန်းတိုင်မရောက်ခဲ့ဘူး။ ဟိမ၀န္တာ ဖြတ်ပြီး နယ်မြေအခြေအနေ ခက်ခဲသော်လည်း လူနေအိမ်ခြေပါးတဲ့၊ ကာကွယ်ရေးပြင်ဆင်မှု လျော့ရဲ တဲ့၊ အငိုက်မိခံရတဲ့ နေရူးရဲ့ အိန္ဒိယကို စောစောပိုင်းက ၀င်တိုက်ရတာနဲ့ မတူခဲ့ဘူး။ ဒီကိစ္စမှာလည်း အိန္ဒိယထဲ ၀င်တုန်းကလိုပဲ ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့နေရာရွေးပြီး ကိုယ့်ဆန္ဒနဲ့ကိုယ်(Voluntarily) ပြန်ဆုတ်မယ်ဆိုပြီး တပ်တွေဆုတ်သွားတယ်။

            ဆိုလိုချင်တာက ကိစ္စနှစ်ရပ်လုံးမှာ ဘယ်သူက ဘယ်သူ့ကို ၀င်တိုက်တယ်ဆိုတာ အငြင်း မပွားဘူး။ သင်ခန်းစာပေးဖို့ ၀င်တယ်ဆိုတာလည်း ဘယ်သူမှမငြင်းဘူး။ ကာယံကံရှင်ကိုယ်တိုင်က ပြောခဲ့တာပါ။ လုပ်ပုံကိုင်ပုံအရလည်း ထင်ရှားပါတယ်။ ဒါပေမယ့် ဧရာမနိုင်ငံကြီးက နိုင်ငံငယ်လေး တစ်ခုကို ၀င်သွားရာမှာတော့ ရည်ရွယ်တဲ့အတိုင်း သင်ခန်းစာမပေးခဲ့နိုင်ဘဲ သင်ခန်းစာအပေးခံလိုက် ရတယ်လို့ အများက ယူဆတယ်။ ဒါကြောင့် တစ်ကမ္ဘာလုံး အံ့သြရတယ်။ ဒီနိုင်ငံကြီးကပဲ အခြား နိုင်ငံကြီးတစ်ခုထဲ ၀င်တိုက်တာကျတော့ အထိုက်အလျောက် သင်ခန်းစာပေးနိုင်ခဲ့တယ်လို့ အများက ယူဆကြတယ်။ ဒါလည်း တစ်မျိုးအံ့သြကြရပြန်တယ်။ ကာယကံရှင်နိုင်ငံတွေနဲ့ လူမျိုးရဲ့ စိတ်ဓာတ်၊ စည်းကမ်း၊ နယ်မြေအနေအထား၊ စစ်ရေး၊ နိုင်ငံရေးအရ အသင့်ရှိမှု၊ မရှိမှု၊ အငိုက်ခံရမှု၊ မခံရမှု စတာတွေကြောင့် ရလဒ်မှာမတူဘူး။

            အိန္ဒိယမှာတောင် သင်ခန်းစာပေးနိုင်ခဲ့သည်ဆိုငြားလည်း ရင့်ကျက်တဲ့ နိုင်ငံကြီးတနိုင်ငံ ဖြစ်တဲ့ အိန္ဒိယက အဆိုးထဲကအကောင်း သင်ခန်းစာရအောင် ထုတ်ယူနိုင်စွမ်းခဲ့တာကြောင့် ယနေ့ အိန္ဒိယဟာ ထိုစဉ်က အိန္ဒိယနဲ့တော့ မတူတော့ဘူးဆိုတာ အားလုံးသိတဲ့အတိုင်းပဲ။ အလစ်မခံတော့ ဘူး။ အငိုက်မမိတော့ဘူး။ 

စတုတ္ထ သာဓက

အမေရိကန်-ဗီယက်နမ်စစ်၊ အမေရိကန်-အီရတ်စစ်(ပါရှန်ကွေ့) 

             သင်တန်းသားအားလုံး ပူပူနွေးနွေး သတိရနေမယ့် လက်တွေ့ဖြစ်ရပ်နှစ်ခု ရှိသေးတယ်။ အဲဒါကတော့ မဟာအင်အားကြီးနိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုကိုယ်တိုင် ဆင်နွှဲခဲ့တဲ့ စစ်ပွဲ နှစ်ခုပဲ။ တစ်ခုက ဗီယက်နမ်စစ်၊ ကျန်တစ်ခုကတော့ ပါရှန်ကွေ့စစ်ပွဲဖြစ်တယ်။

            ဧရာမ မဟာအင်အားကြီးနိုင်ငံတစ်ခုက နိုင်ငံငယ်လေးနှစ်ခုနဲ့ တိုက်တဲ့ စစ်ပွဲအသီးသီး ဖြစ်ကြတယ်။ အဓိကဇာတ်ဆောင်နိုင်ငံတွေကိုကြည့်ရင် တူသယောင်ရှိသော်လည်း ဗီယက်နမ်မှာ အမေရိကန်တပ်တွေဟာ ထမီမနိုင်၊ ပ၀ါမနိုင်ဆိုသလို အသက်ဖက်နဲ့ထုပ်ပြီး ပြန်ပြေးကြရတယ်။ ဆေးဂုံ(ယခု ဟိုချီမင်းမြို့)ရှိ အမေရိကန်သံရုံးပေါ်က ထွက်မယ့် ရဟတ်ယာဉ်ကို အပြေးအလွှား၊ သက်စွန့်ဆံဖျား ဟီးလေးခိုပြီး တွယ်တက်ပြေးကြရတယ်။ လိုရင်းကတော့ မဟာအင်အားကြီးနိုင်ငံက နိုင်ငံကလေးကို သွားစမ်းလိုက်တာ မဟာအရှက်တော် ကွဲခဲ့တယ်ဆိုပါတော့။

            ပါရှန်ကွေ့မှာတော့ အီရတ်က ကြုံးဝါးတယ်။ အမေရိကန်စစ်သားတွေ သူတို့သွေးအိုင်ထဲမှာ သူတို့ ရေကူးနေရစေမယ်၊ ပက်လက်မျောစေရမယ်။ ဒီလို ကြုံးဝါးနေတဲ့အချိန်မှာ အီရတ်ခေါင်းဆောင် များဟာ ဗီယက်နမ်မှာ အမေရိကန်တို့ မရှုမလှဖြစ်ခဲ့ရပုံကို သတိရကောင်းရနေပါလိမ့်မယ်။ ဒို့ကို လာစမ်းဝံ့ရင် စမ်းစမ်း။ ဗီယက်နမ်မှာထက် ဆိုးဝါးသွားစေရမယ်လို့ အောက်မေ့ခဲ့ပုံရတယ်။ လက်တွေ့ မှာ အီရတ်တို့ အလူးအလဲ ခံလိုက်ရတယ်။ သူတို့ရဲ့ သောင်းချီရှိတဲ့ တပ်သားတွေကသာ အလွယ်တကူ လက်နက်မချခဲ့ရင် အမေရိကန်သွေးချောင်းမစီးဘဲ အီရတ်တွေ သွေးချောင်းစီးမှာ သေချာတယ်။ ခုလည်း သွေးချောင်းစီးတာပါပဲ။

            စစ်ပွဲနှစ်ပွဲစလုံးမှာ နိုင်ငံငယ်လေးနှစ်နိုင်ငံက မဟာအင်အားကြီးနိုင်ငံတစ်နိုင်ငံနဲ့ ယှဉ်ပြိုင်ရ တဲ့ စစ်ပွဲဖြစ်တာတော့ မှန်ပါရဲ့။ မတူတာတွေက အများကြီး၊ ဗီယက်နမ်တို့ တိုက်ရတာက လွတ်လပ် ရေးစစ်၊ အမျိုးသားကာကွယ်ရေးစစ်၊ ကျူးကျော်သူကို ခုခံမောင်းထုတ်တဲ့ စစ်။ အမေရိကန်က ကျူးကျော်သူ။ ပါရှန်ကွေ့မှာက အီရတ်က ကျူးကျော်သူ၊ အမေရိကန်က နိုင်ငံငယ်လေးတစ်ခုရဲ့ ဘက်က လွတ်လပ်ရေးချန်ပီယံ။ ဗီယက်နမ်မှာ စစ်တိုက်တယ်ဆိုတာက ရှုပ်ထွေးနက်ရှိုင်းတဲ့ တောတောင်လျှိုမြောင်တွေအကြားမှာ ပွေးသတ္တ၀ါ တွေလို လှုပ်ရှားတိုက်ခိုက်ရတာ။ ပါရှန်ကွေ့မှာက မြေပြန့်လွင်တီးခေါင်တွေ များတယ်။ အမေရိကန်အကြိုက် တိုက်ရတာဖြစ်တယ်။ သူတို့အဖို့ စက်ပစ် ကွင်းမှာ လေ့ကျင့်ရသလို ဖြစ်ခဲ့တယ်။ လက်နက်ဆန်းတွေကို အခွင့်ရတုန်း စမ်းလိုက်တဲ့သဘော လည်း ပါမယ်။ စစ်မြေပြင် နယ်မြေအနေအထားက ဗီယက်နမ်မှာနဲ့ မတူဘူး။ အီရတ်စစ်သား ထောင်သောင်းမပြောနဲ့၊ မြေမှတွားသွားတဲ့ မြွေသတ္တ၀ါ တောင်ပုန်းအောင်းစရာ ခပ်ရှားရှား။ ကုလ သမဂ္ဂကလည်း အီရတ်ကိစ္စမှာ အမေရိကန်ဘက်က ဖြစ်တယ်။ ဗီယက်နမ်ကိစ္စတုန်းကတော့ အမေရိကန်က ကုလသမဂ္ဂ အရောက်မခံရဲဘူး။ ဗီယက်နမ်စစ်ပြဿနာကို ကုလသမဂ္ဂထဲ ဆွဲသွင်းဖို့ ကြိုးစားတဲ့သူကတော့ အမေရိကန်ရဲ့ ရန်သူနံပါတ်တစ် ဖြစ်မှာပဲ။ ဖြစ်လည်းဖြစ်ခဲ့တယ်။ အီရတ်မှာ အမေရိကန်က Moral High Ground ပေါ်မှာရပ်တည်တယ်။ ဗီယက်နမ်မှာကတော့ ဘာ  Moral မှ အမေရိကန်ဘက်က အကြောင်းပြစရာမရှိခဲ့ဘူး။

            ဒီတော့ ကျွန်တော်တို့ ဆွေးနွေးခဲ့တဲ့ လက်တွေ့သာဓက(၄)ခု၊ သမိုင်းဖြစ်ရပ်မှန် (၉)ခုတို့က ဘာကို ညွှန်ပြနေသလဲ။ ဒီလက်တွေ့ပြဿနာ(၉)ခုကို အခုလို တခုစီရော၊ ယှဉ်တွဲပြီးတော့ရော၊ ခွဲခြမ်းစိတ်ဖြာ (Analysis) လုပ်ကြည့်လိုက်တော့ ဘာတွေတွေ့ရသလဲ။ ကျွန်တော်တို့ ကြိုးစားပြီး ကောက်ချက်ချကြည့်ကြရအောင်။ ဒါမှ ဇာတ်ရည်လည်မယ်။            

ကောက်ချက် ၁၊

            နိုင်ငံတကာဆက်ဆံရေး၊ သံတမန်ဆက်ဆံရေး၊ ကမ္ဘာ့ရေးရာတွေဟာ ဘယ်ဟာနဲ့ ဘယ်ဟာ မှ လှေနံဓါးထစ် နှိုင်းယှဉ်လို့မရဘူး။ သင်္ချာနည်းနဲ့ပြောရရင် သုံးနားညီ၊ သုံးထောင့်တူ တြိဂံနှစ်ခု ထပ်သလို ထပ်တူကျတဲ့ (Congruent)ဖြစ်တဲ့ နိုင်ငံတကာပြဿနာရယ်လို့ ကမ္ဘာ့သမိုင်းမှာ မရှိဘူး။ ပုံသေယှဉ်ကြည့်ပြီး Analogy ဆွဲလို့မရဘူး။            

ကောက်ချက် ၂၊

            သင်္ချာနည်းနဲ့ပဲ နောက်တစ်မျိုးပြောရရင် ကမ္ဘာ့ပြဿနာတွေကို ညွှန်ပြတဲ့ ညီမျှခြင်း(Equation)တစ်ခု ဆွဲမယ်ဆိုရင် ဒီ အီကွေးရှင်းထဲမှာပါတဲ့ ကိန်း(Factors)တွေအားလုံးဟာ အမြဲ ပြောင်းနေတဲ့ ကိန်းတွေ(Variables)ချည်းပဲ ဖြစ်တာတွေ့ရမယ်။ ကိန်းသေမပါဘူး။ ကိန်းရှင်တွေ ချည်းပဲဖြစ်မယ်။ ဒါကြောင့် ပုံဖမ်းရခက်တယ်။ ဟောကိန်းထုတ်ရခက်တယ်။ ဟိုတုန်းက ဟိုလိုလုပ် ခဲ့လို့၊ ခုလည်းပဲ ဟိုလိုလုပ်မှပဲဆိုပြီး လိုက်လုပ်ရင် မှားဖို့များတယ်။ ဟိုတုန်းက ဟိုလိုအဖြေထွက်လို့ ခုလည်း ဟိုတုန်းကလို လိုက်လုပ်ရင်၊ ဟိုလို အဖြေမျိုး ထွက်မယ်လို့ တွက်ဆလို့မရဘူး။            

ကောက်ချက် ၃၊

            ဒီလိုဖြစ်ရတာဟာ ကမ္ဘာ့ပြဿနာတစ်ရပ်ရပ်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ အခြေအနေ အရပ်ရပ်က များပြားရှုပ်ထွေးလွန်းလို့ ဖြစ်တယ်။ အချိန်အတိုင်းအတာ ကာလတစ်ခုအတွင်းမှာ ရှုပ်ထွေးရုံမက ပြောင်းလဲ နေကြသောကြောင့်လည်းဖြစ်တယ်။ Political Landscape or firmament or constellation ဟာ အမြဲမပြတ် ပြောင်းလဲရွေ့လျားနေတယ်။ တရွေ့ရွေ့တတိတိ ပြောင်းတာလည်း ရှိတယ်။ ဒိုင်းကနဲ ဒိုင်းကနဲ ရုတ်ခြည်း လျှပ်တပြက် ဥက္ကာပျံတော်လဲသလို ပြောင်းတာလည်းရှိတယ်။

            ပမာအားဖြင့် ပိုရှင်းသွားအောင် ပြန်ကောက်ရင် စစ်ကြိုခေတ်နဲ့ စစ်ပြီးခေတ် မတူဘူး။ အာရှ-အာဖရိကနိုင်ငံတွေ ကျွန်ဘ၀ရောက်နေတဲ့ခေတ်နဲ့ လွတ်လပ်တဲ့ခေတ် မတူဘူး။ စစ်အေးတိုက်ပွဲ ခေတ်နဲ့ စစ်အေးလွန်ခေတ်၊ အုပ်စုနှစ်စုဘက် တိုက်ပွဲခေတ်နဲ့ ဗဟိုချက်တစ်ခုက လွှမ်းမိုးတဲ့ခေတ် မတူဘူး။ ပြဿနာတစ်ရပ်မှာ သော့ချက်နေရာက ပါဝင်ကြတဲ့၊ ဇာတ်ဆောင်တွေဖြစ်ကြတဲ့ နိုင်ငံ့ ခေါင်းဆောင်တွေရဲ့ အဆင့်အတန်း၊ စိတ်နေစိတ်ထားနဲ့ ပြုမူကျင့်ကြံ ဆုံးဖြတ်ပုံကလည်း မတူကြဘူး။ နာဆာသည် ဟစ်တလာ မဟုတ်။ နာဆာ၏ အီဂျစ်သည် ဖာရော့ဘုရင်၏ အီဂျစ်မျိုးမဟုတ်။ ဆူဟာတို သည် နေရူးမဟုတ်၊ ဆိုကာနို မဟုတ်။ သမီးရင်းဖြစ်သူ အင်ဒီရာဂန္ဒီသည်ပင် သူ့ဖခင် နေရူးနှင့်မတူ၊ သမီးဖြစ်သူဟာ လက်တွေ့နိုင်ငံရေးသမားစစ်စစ် ဖြစ်တယ်။ နယ်ချဲ့လက်ဟောင်းချင်းတူသော်လည်း မာဂရက်သက်ချာရဲ့ အင်္ဂလန်သည် ဆလာဇာရဲ့ ပေါ်တူဂီမဟုတ်။ မာဂရက်သက်ချာသည် ချိန်ဘာလိန် မဟုတ်။ ကာယကံရှင်နိုင်ငံအသီးသီးရဲ့ စည်းလုံးညီညွတ်မှုနဲ့ စီးပွားရေး၊ လူမှုရေး၊ စိတ်ဓါတ်ရေး၊ အင်အားတွေကလည်း ကွာခြားတယ်။ ခုခေတ်စစ်ပွဲမှာ သတ္တိ၊ ဗျတ္တိနဲ့ လူအင်အားထက် လက်နက်နဲ့ နည်းပညာတွေ၊ ကြံရည်ဖန်ရည်တွေက ပိုအရေးကြီးတယ်။ ရေရှည်စစ်ရဲ့ဝန်ကို ခံနိုင်ဖို့ လိုသလောက် အချိန်ဆွဲပြီး တိုက်ခိုက်နိုင်ဖို့က နိုင်ငံရဲ့ဓနအင်အား အရေးကြီးတယ်။ ‘လူ့အခွင့်အရေး’ဆိုတာကို ဆန်ကောလောက်ကြီး ရေးပြပေမယ့် ဘယ်သူမှ ဂရုမစိုက်တဲ့ ၁၈/၁၉ ရာစု ကမ္ဘာနဲ့ ၂၀/၂၁ ရာစု  ယနေ့ကမ္ဘာက မတူဘူး။ ပြီးတော့ ပထ၀ီဝင်နိုင်ငံရေးကလည်း ရှိသေးတယ်။

            ဖင်လန်နိုင်ငံ ရုရှကြီးအနား ကပ်နေခြင်း၊ လက်ဘနွန်နိုင်ငံ အာရပ်အစ္စရေးတိုက်ပွဲ ကြိုးဝိုင်း ထဲမှာ ကန့်လန့်ကန့်လန့်ဖြစ်နေခြင်း၊ ဆွစ်ဇာလန်နိုင်ငံဟာ သမိုင်းတလျှောက် တန်ခိုးထွားတဲ့ ဥရောပ အင်ပါယာကြီးတွေအကြား ရောက်နေခဲ့ခြင်း၊ ကိုရီးယားကျွန်းဆွယ်ဟာ တရုတ်၊ ဂျပန်နဲ့ ရုရှားတို့ အကြား ရောက်နေခြင်း၊ မွန်ဂိုလီးယားနိုင်ငံ ရုရှားနှင့် တရုတ် အညှပ်ခံနေရခြင်း၊ စင်ကာပူနိုင်ငံသည် မလေးရှားနှင့် အင်ဒိုနီးရှားအကြား မလေးပင်လယ်ကြီးထဲက ကျွန်းကလေးလို ဖြစ်နေရခြင်း၊ ကျူးဘား၊ ပနားမား၊ နိကာရာဂွါ၊ ဟေတီ၊ ဒိုမီနိကန် စသည်တို့ အမေရိကန်ကြီးရဲ့ အရိပ်အောက် ရောက်ပြီး လငပုတ်ဖမ်းခံရသလို ဖြစ်နေကြခြင်း၊ ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ နီပေါတို့ တရုတ်နဲ့ အိန္ဒိယအကြား တည်ရှိနေခြင်း၊ ဘယ်လ်ဂျီယမ်နဲ့ နယ်သာလန်တို့ ပြင်သစ်၊ ဂျာမနီနဲ့ အင်္ဂလန် ဖိုခုံလောက်ဆိုင်အတွင်း ရောက်နေခြင်း၊ အာဖဂန်နစ္စတန်နိုင်ငံ လက်ရှိတည်ရှိရာ နေရာသို့ ရောက်နေ ခြင်း စတဲ့ အခြင်းအရာတွေဟာ နိုင်ငံတကာဆက်ဆံရေး ပြဿနာအရပ်ရပ်ကို သမိုင်းတလျှောက်မှာ သြဇာပေးလျှက်ရှိတယ်။ ပထ၀ီမြေပုံကို ကတ်ကြေးနဲ့ ကိုက်ပြင်ချင်လို့လည်း မရဘူး။ ဆေးတောင်ဝှေး နဲ့ ပြဒါးရှင်လုံးလည်း ဘယ်သူမှမပိုင်ဘူး။

            အဲဒီလို အခြေအနေ၊ အချင်းအရာအရပ်ရပ်ဟာ အင်မတန် ရှုပ်ထွေးများပြားလွန်းပြီး၊ အစဉ်အမြဲလည်း ပြောင်းလဲနေခြင်းကြောင့် ကျွမ်းကျင်တဲ့ သံတမန် သို့မဟုတ် ကမ္ဘာ့နိုင်ငံရေး အကဲခတ်သမားကောင်း ဖြစ်ချင်ရင် ရှုပ်ထွေးများပြားလှတဲ့ အခြေအနေအရပ်ရပ် အစုအပေါင်း Convergence or combination or concatenation of complex circumstances or forces တွေ ကို မျက်ခြေမပြတ်အောင် ကြိုးစားအားထုတ်နေဖို့ လိုလိမ့်မယ်။ အဲဒါတွေကတော့ ကာယကံရှင်နိုင်ငံ အသီးသီးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေး၊ အတိတ်သမိုင်း ပစ္စက္ခ အခြေအနေ၊ အဓိက ဇာတ်ဆောင်နေရာမှပါတဲ့ လူပုဂ္ဂိုလ်ရေးရာတွေ၊ ပထ၀ီနိုင်ငံရေးတွေ အစုံပါပဲ။ ဒါတွေကို မလေ့လာဘဲ၊ လေ့လာသော်လည်း နားမလည်ဘဲ၊ ရုတ်ခြည်း စိတ်ကူးပေါက်သလို Intuition or emotion or impulse နဲ့ (နံကြားလက်ညှိုးထောက် ဗေဒင်တွက်)တဲ့ နည်းမျိုးနဲ့ ကောက်လုပ်မိရင် တော့ မှားမယ်။ အရှက်ကွဲမယ်။ ချောင်ပိတ်မိမယ်။ ရေစုန်မျောမယ်။ ကိုယ်က စဦးတီထွင်လုပ်ကိုင်နိုင် တယ်ရယ်လို့ မရှိဘဲ သူများလုပ်တာကို နောက်ကလိုက်လုပ်ရင်း ဆန်စင်ရာ ကျည်ပွေ့လိုက်ရင် အချိန် ကုန်မယ်။ ငါးပွက်ရာ ငါးစာချရင်း ဗျာများနေမယ်။ မရောင်ရာဆီလူးရင် မောဟိုက်နေမယ်။ ရှေ့အဖို့မှာ အပျော်တမ်း သံတမန်တွေရဲ့ အခန်းကဏ္ဍဟာ ရှေးအဆက်ဆက်ကလိုပဲ ရှိတန်သလောက် ရှိဦးမယ် ဖြစ်သော်လည်း သံတမန်တိုင်း ခေတ်အလျောက် ထိုက်သင့်သလောက် လေ့လာဖို့ တီးမိခေါက်မိရှိဖို့ ကျွမ်းကျင်ဖို့ လိုလာတယ်။ ခေတ်မီနည်းနာ နိဿယတွေဟာ ကျွမ်းကျင်ဖို့ မဆိုထားနဲ့၊ ရိပ်စား နားလည်ဖို့တောင် မလွယ်အောင် ရှုပ်ထွေးလာနေတယ်။  

ကောက်ချက် ၄၊

            ဒီလို ရှုပ်ထွေးလှတဲ့ သဘာဝရှိတဲ့ နိုင်ငံတကာဆက်ဆံရေး၊ သံတမန်ဆက်ဆံရေး ပြဿနာ တွေကို တိုတိုကျဉ်းကျဉ်း စကားတစ်လုံးနှစ်လုံးနဲ့ လုံလောက်အောင် ဘယ်လိုပြောမလဲ၊ ဖော်ညွှန်း မလဲ။ ပြည်တွင်းရေးရဲ့ ခက်ခဲနက်နဲပုံကို ရှေးမြန်မာလူကြီးသူမတွေက ဘယ်လိုလှလှပပ ဖော်ညွှန်းခဲ့ တယ်ဆိုတာကို ခပ်စောစောကပဲ ကျွန်တော်ပြောခဲ့ပြီ။ နိုင်ငံတကာဆက်ဆံရေးနဲ့ ပတ်သက်လို့တော့ ကျွန်တော် သိပ်သတိမထားမိဘူး။ ‘စိုသော လက် မခြောက်စေဖို့’၊ ‘ရွှေလမ်းငွေလမ်းဖောက်ဖို့’၊ ‘မုန်းစကိုတိုစေ၊ ချစ်စကို ရှည်စေဖို့’ဆိုတဲ့ အဆိုအမိန့်တွေကို မြန်မာသမိုင်းစာအုပ်အမျိုးမျိုးမှာ တွေ့ရ ပါတယ်။ ရှေးက အင်းဝနဲ့ ဟံသာဝတီ(ခေတ်ကာလအလျောက်) စစ်ခင်းကြစဉ်က အင်းဝဘုရင်ရဲ့ တောင်းပန်လျှောက်ထားချက်အရ တမန်တော်တာဝန်ယူခဲ့ရတဲ့ စကြိုသူမြတ်ကတော့ နိုင်ငံအချင်းချင်း ‘မီးမသေ ရေမနောက် ဆက်ဆံကြဖို့’ ဖျောင်းဖျပြောဆိုပြီး ငြိမ်းချမ်းရေး ရယူပေးနိုင်ခဲ့တယ်။

            ကျွန်တော်တို့ ဆွေးနွေးခဲ့တဲ့ လက်တွေ့သမိုင်းဖြစ်ရပ်တွေအရ နိုင်ငံတကာရေးရာ ‘၀င်္ကပါ’လို့ ဆိုမလား။ ‘သပွတ်အူ’လို့ ပြောမလား။ ‘ပင့်ကူအိမ်’လို့ ညွှန်းမလား။ အင်္ဂလိပ်လိုတော့ Maze Or Labyrinth Or Cobweb လို့ ပြောရမှာပေါ့။ ၁၉၄၆ လောက်က ကမ္ဘာ့ရေးရာတွေကို ရှင်းပြတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အင်္ဂလိပ်ဘာသာနဲ့ မိန့်ခွန်းတစ်ခုမှာတော့ “Tangled Skein Of Geopolitics” လို့ သုံးထားတယ်။ သူသုံးထားတဲ့ “Skein”ဆိုတာကို အောက်စဖို့ဒ်ယူနီဗာဆယ်အဘိဓာန်ထဲ လှန်ကြည့်တော့ “A Quantity Of Threads Or Yarn, Wound To A Certain Length Upon A Reel And Usually Put Up In A kind Of Loose Knot”လို့ အဓိပ္ပါယ်ဖွင့်ထားတာ တွေ့ရတယ်။ ကျွန်တော်တို့ ခင်ဗျားတို့ ကလေးဘ၀က ကြားဖူးသလို ‘အမယ်ဘုတ်ရဲ့ သူ့ချည်ခင်’လို ရှုပ်တယ်လို့ ဆိုရမလား မပြောတတ်ဘူး။ ကျွန်တော့်အထင်မှာတော့ နိုင်ငံတကာဆက်ဆံရေး၊ သံတမန်ဆက်ဆံ ရေး၊ ပြဿနာတွေရဲ့ ရှုပ်ထွေးပွေလီပုံက တစ်လိမ်နှစ်လိမ်မကဘူး။ အလိမ်လိမ်၊ အလိပ်လိပ်၊ အခွေခွေ တွေ ကွင်းဆက်တွေ အများကြီးပဲ။ အင်္ဂလိပ်စကားမှာ ပြောကြသလို Wheels Within Wheels ဖြစ် တယ်။ ဒီတော့ ရှေးလူကြီးသူမတွေကို အားကျမခံ ဒီသင်တန်းသားတွေက မိမိတို့လုပ်နေရတဲ့ အပတ်တကုတ် လေ့လာလိုက်စားနေတဲ့ လုပ်ငန်းဘာသာရပ်ကို တိုတိုကျဉ်းကျဉ်း၊ လှလှပပ ဘယ်လို ရူပကအလင်္ကာဆင်ပြီး ဖော်ညွှန်းသင့် တယ်ဆိုတာကိုတော့ Home Work အဖြစ် ယူသွားပြီး လုပ်ရင်း ကိုင်ရင်း ဆက်စဉ်းစားကြပေတော့။

            ဘာပဲဖြစ်ဖြစ် ဒီလို ခက်ခဲနက်နဲ အရေးပါတဲ့ လုပ်ငန်းမျိုးလုပ်ရင်း နိုင်ငံတော်တာဝန်ထမ်းခွင့် ရတာဟာ ဒီသင်တန်းသားမျ&#