|
ဤဆောင်းပါး(နိုင်ငံတကာရေးရာ
ဝင်္ကပါ)အကြောင်း အနည်းငယ် တင်ပြလိုပါတယ်။
ဤဆောင်းပါးမှာ
ဝါရင့်သံတမန်ဟောင်းတစ်ဦးဖြစ်သည့်
ဦးအောင်သန့်၏ ဒုတိယအကြိမ်(၂၀၀၄ ခုနှစ်)
ပြန်လည်ထုတ်ဝေသော “သံကြီးတမန်ကြီး
သံခင်းတမန်ခင်း”စာအုပ်၏ နောက်ဆက်တွဲ
ဖြည့်စွက်ချက်ဖြစ်ပါတယ်။
ဖေါ်ပြပါခေါင်းစဉ်ဖြင့်
ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊
သံတမန်ရေးရာအရာရှိများ သင်တန်း
(၂၀၀၁ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့)တွင်
အငြိမ်းစားသံအမတ်ကြီး ဦးအောင်သန့်
ကိုယ်တိုင် ပို့ချပေးခဲ့ ပါတယ်။ ထို့အပြင်
ထိုပို့ချချက်ကို
ပြန်လည်ပြုပြင်ရေးသားပြီး နိုင်ငံခြားရေး
ဝန်ကြီးဌာန၏ ‘သားကောင်းတမန်’
နှစ်လည်မဂ္ဂဇင်းတွင် ထည့်သွင်းဖေါ် ပြခဲ့သော
ဆောင်းပါးလည်း ဖြစ်ပါတယ်။
ယခု အဆိုပါဆောင်းပါးကို
တစုံတရာသော ဗဟုသုတကို
ရရှိစေခြင်းအကျိုးငှာ အပိုင်း (၂)ပိုင်း
ခွဲ၍ ပေးပို့လိုက်ပါတယ်။
အဆိုပါဆောင်းပါးအပေါ်
မိမိတို့၏ ကိုယ်ပိုင်ထင်မြင်ယူဆချက်များ
ပေးပို့မည်ဆိုလျှင် အထူး
ကျေးဇူးတင်ရှိရမည့်
ကိစ္စဖြစ်ပါကြောင်း။
နိုင်ငံတကာရေးရာ ၀င်္ကပါ
(ပထမပိုင်း)
နိုင်ငံတကာဆက်ဆံရေးဆိုသည်မှာ
ကနေ့တော့ ခုတစ်လော
ကျွန်တော့်ဦးခေါင်းထဲ
မကြာခင်ရောက်လာတဲ့ကိစ္စကလေးကို
တင်ပြချင်ပါတယ်။
နိုင်ငံအသီးသီးရဲ့
ပြည်တွင်းအရေး ဘယ်မျှအထိ ရှုပ်ထွေးပုံ၊
သုံးသပ်ရ ဆုံးဖြတ်ရ အကဲခတ်ရ ခက်ပုံ၊
တင်ကြိုဟောကိန်းထုတ်ရမလွယ်ပုံကို
ကျွန်တော်တို့ရဲ့ ရှေးမြန်မာ လူကြီးသူမ
တွေက ‘ပေါက်နှင့်ကျေး’ကဲ့သို့၊
‘ကြက်ဥအရောင်’ကဲ့သို့၊ ‘တိမ်တောင်
တိမ်လိပ်’ကဲ့သို့ စသည်ဖြင့်
ရူပကအလင်္ကာတွေနဲ့ လှလှပပ ပြောကြပါတယ်။
တိုတိုကျဉ်းကျဉ်းနဲ့ အဓိပ္ပါယ်လည်း
ထိမိလှပါတယ်။
ဒီတော့ နိုင်ငံတကာဆက်ဆံရေးရဲ့
သဘောသဘာဝကိုရော ဘယ်လိုဖော်ပြကြမလဲ။ ဘယ်လို
ရူပကအလင်္ကာ ဆင်ကြမလဲ။
ဒီမေးခွန်းရဲ့အဖြေကို
ရှာဖို့ကြိုးစားတဲ့အနေနဲ့ လက်တွေ့
သာဓကဖြစ်ရပ် တချို့ကို
သုံးသပ်ဆွေးနွေးကြပါမယ်။
(ကြီးကြီးကျယ်ကျယ် ပြောကြစို့ဆိုရင်)
Case Study Or Case Method. Or Case
Analysis
လို့ခေါ်ရမှာပေါ့။
တနည်းပြောရရင်
နိုင်ငံတကာဆက်ဆံရေး၊ သံတမန်ဆက်ဆံရေး
ပြသနာတွေရဲ့ သဘော သဘာဝဟာ ဘာလဲဆိုတဲ့
မေးခွန်းရဲ့အဖြေကို
ကျနော်တို့ခင်ဗျားတို့တစ်တွေ
ကိုယ်တွေ့လိုဖြစ်ခဲ့တဲ့ သမိုင်းဖြစ်ရပ်
အမှန်တွေထဲမှာ
Case Study Method
ဖြင့် ကျနော်တို့ ရှာကြမှာဖြစ်ပါတယ်။
ပထမ သာဓက
(မြူးနစ်နှင့် စူးအက်)
သိကြတဲ့အတိုင်းပါပဲ ၁၉၁၈ မှာ
ပထမကမ္ဘာစစ်ကြီး ပြီးတယ်။ ၁၉၁၉ မှာ
ဗာဆိုင်း စစ်ပြေငြိမ်းရေးစာချုပ်
ချုပ်တယ်။ စစ်ရှုံးနိုင်ငံဖြစ်တဲ့
ဂျာမနီဟာ စစ်မီးပြာပုံထဲက ရုန်းကန်တက်လာကြ
တယ်။ ၁၉၃၈/၃၉ လောက်ကျတော့
ဟစ်တလာခေါင်းဆောင်တဲ့ ဂျာမနီဟာ အတော်
လက်မထောင် ရင်ကော့နေပြီ။
အမျိုးသားဆိုရှယ်လစ်ဝါဒဆိုတာကို
ကြွေးကြော်တယ်။ ထွက်လာခါစကတော့
အကောင်းပါပဲ။ တဖြည်းဖြည်း
အောင်မြင်လာတာနဲ့အမျှ ဟစ်တလာက ပိုပြီး
လက်ခမောင်းခတ်ပြ လာတယ်။
အင်အားကောင်းလာတာနှင့်အမျှ
ဘေးနိုင်ငံတွေကို မျက်စောင်းထိုးလာတယ်။
ချက်ကို စလိုဗေးကီးယား (ဟိုတုန်းကတော့
ဆူဒက်တာလန် ခေါ်တာပေါ့)၊ ပြီးတော့
သြစတြီးယား၊ ပိုလန် တို့ကို ရန်လုပ်လာတယ်။
ဒီအချိန်မှာ
ဗြိတိသျှဝန်ကြီးချုပ်က ချိန်ဘာလိန်(Arthur
Neville Chamberlain)
ဖြစ်တယ်။ နိုင်ငံခြားရေးဝန်ကြီးကတော့
အီဒင်(Anthony
Eden)၊
အလျဉ်းသင့်လို့ ပြောရရင် အီဒင်ဟာ
နောက်ပိုင်းမှာ ၀န်ကြီးချုပ်အဖြစ်နဲ့
မြန်မာပြည် လာဖူးတယ်။ စစ်အတွင်းက
ဆုံးသွားတဲ့ သူ့သားရဲ့ ရုပ်အလောင်းဟာလည်း
ထောက်ကြန့်စစ်သင်္ချိုင်းမှာ
မြှုပ်နှံထားတဲ့အထဲမှာ ပါတယ်ထင်တယ်။
ဥရောပမှာ ဟစ်တလာကို
ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာဟာ
အမျိုးသားရေးပြဿနာကြီး တစ်ရပ် ဖြစ်လာတယ်။
ဝန်ကြီးချုပ် ချိန်ဘာလိန်က
ချော့မြူသိမ်းသွင်းတဲ့နည်း၊
မဟာမိတ်ဖွဲ့တဲ့နည်းကို သုံးချင်တယ်။
ဒီနည်းနဲ့ အနည်းဆုံး
မိမိတို့ဘက်လှည့်နေတဲ့ ဟစ်တလာရဲ့
မြှားဦးကို ကွန်မြူနစ်
ဆိုဗီယက်ပြည်ထောင်စုဘက်
လှည့်ပေးလိုက်နိုင်မယ်လို့ သူက
တွက်ပုံရတယ်။ ချိန်ဘာလိန်ရဲ့ဝါဒကို
ချော့မြူသိမ်းသွင်းတဲ့ဝါဒ (Policy
Of Appeasement)
လို့ သမိုင်းဆရာတွေက ခေါ်ကြတယ်ဆိုတာ
အားလုံးသိကြတဲ့အတိုင်းပါပဲ။
ခက်တာက နိုင်ငံခြားရေးဝန်ကြီး
အီဒင်က ၀န်ကြီးချုပ်
ချိန်ဘာလိန်ရဲ့လမ်းစဉ်ကို သဘော မတူဘူး။
သူက ကျန်တဲ့နိုင်ငံများ (ပြင်သစ် စသည်)နဲ့
ညှိနှိုင်းတိုင်ပင်ပြီး
စည်းစည်းရုံးရုံးနဲ့ ဟစ်တလာ ကို
ရင်ဆိုင်ချင်တယ်။ ဒီတော့ ၀န်ကြီးချုပ်နဲ့
နိုင်ငံခြားရေးဝန်ကြီး ပြဒါးတလမ်း သံတလမ်း
ဖြစ်နေ တယ်။
ဝန်ကြီးချုပ်ကလည်း
အီဒင်ရဲ့အကြံဥာဏ်ကို မယူဘူး။ ဟစ်တလာနဲ့
သွားဆွေးနွေးတယ်။ မဟာမိတ်ဖွဲ့တယ်။
ဒီအတောအတွင်း အမေရိကန်သမ္မတ ရုစဗဲ့ဆီက
စိတ်တူသဘောတူ နိုင်ငံတွေ
စည်းဝေးတိုင်ပင်ပြီး ဟစ်တလာကို
ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ဆွေးနွေးဖို့
အဆိုပြုချက် ရောက်လာသေးတယ်။ ဒီအခါမှာတောင်
ခရီးလွန်နေတဲ့ နိုင်ငံခြားရေးဝန်ကြီး
အီဒင် ပြန်ရောက်လာ အောင်လည်း မစောင့်၊
တစ်နည်းနည်းနဲ့ လှမ်းတိုင်ပင်ခြင်းလည်း
မပြု၊ သမ္မတ ရုစဗဲ့ရဲ့ ကြေးနန်းပါ
အဆိုပြုချက်ကို ချိန်ဘာလိန်က
သူ့တစ်သဘောတည်းနဲ့ ပယ်ချလိုက်တယ်။
အဲဒီအခါမှာတော့ နိုင်ငံခြားရေးဝန်ကြီး
အီဒင်ဟာ ဆွေ့ဆွေ့ခုန်တော့တာပဲ။
ချိန်ဘာလိန်ကလည်း
မလျှော့ဘူး။ သူ့လမ်းစဉ်အတိုင်း
မြူးနစ်မှာ ဟစ်တလာနဲ့ စာချုပ်
လက်မှတ်ထိုးဖြစ်အောင် ထိုးလိုက်တယ်။
လက်မှတ်ထိုးပြီး လန်ဒန်ပြန်ရောက်လို့
ဒေါင်းနင်းလမ်း နေအိမ်အဝင်မှာ
(ငြိမ်းချမ်းရေးရချင်တာ တစ်ခုပဲသိတဲ့)
လူထုက ကြိုဆိုတယ်။ ချိန်ဘာလိန်ကလည်း
သူ့လက်ထဲမှာ ကိုင်ထားတဲ့ စာရွက်တစ်ရွက်ကို
တဖျပ်ဖျပ် လှုပ်ပြရင်း “ဂုဏ်သရေရှိတဲ့
ငြိမ်းချမ်းရေး (Peace
With Honour)
ကို ကျုပ် သယ်ဆောင်လာခဲ့ပြီ”လို့
ခပ်ကြွားကြွား ကြေညာတယ်။ ဂုဏ်သရေ ရှိမရှိ
အမှန်ကိုတော့ ကျောချခံရမှ သိကြတော့တာပဲ။
ဖြစ်ချင်တော့ မကြာပါလေဘူး။
ဟစ်တလာက မြူးနစ်စာချုပ်ကို ဘေးချိတ်ပြီး
ဆူဒက် တာလန်ကို စစ်တပ်နဲ့
ဝင်သိမ်းတော့တာပဲ။ နောက်တော့ သြစတြီးယား၊
ပိုလန် စသည်ဖြင့် ဆက်တိုက်
ကျူးကျော်သိမ်းပိုက်တယ်။ ဟစ်တလာက စပြီး
စာချုပ်ချုပ်ကတည်းက လိုအပ်တဲ့ အခြေခံ
ရိုးသား ဖြောင့်မတ်မှု(Good
Faith)
မရှိခဲ့ဘူး။ ဒီတင် ဒုတိယကမ္ဘာာစစ်မီးကြီး
တဟုန်းဟုန်း ထတောက်တော့ တာပဲ။
လူကြမ်းကို ပိုကြမ်းပြရမယ်
မူလကတည်းက ဒေါသူပုန်ထနေတဲ့
နိုင်ငံခြားရေးဝန်ကြီး အီဒင်က ဘာလုပ်သလဲ။
ချိန်ဘာလိန်ရဲ့ လုပ်နည်းလုပ်ဟန်ကို
ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်။
နိုင်ငံခြားရေးဝန်ကြီးရာထူးက
နှုတ်ထွက်ပစ်လိုက်တယ်။ ပြီးတော့
သူ့စိတ်ထဲမှာ တေးမှတ်ထားလိုက်တယ်။
ဟစ်တလာလို လူကြမ်း ကို
ချိန်ဘာလိန်လုပ်သလို သွားပြီး
အပျော့ဆွဲလို့ ဘယ်မှာရပါ့မလဲ၊ ဟစ်တလာက
အင်အားကိုပဲ နားလည်တယ်။ ဒီတော့
သူနားလည်တဲ့ အင်အားနဲ့ပဲ သူ့ကို
ပြန်ပြီးရင်ဆိုင်ရမယ်။ လူကြမ်းကို ကိုယ်က
ပိုကြမ်းပြရမယ်။ ဒီသင်ခန်းစာကို
သူ့ဦးခေါင်းထဲမှာ သံမှိုနှက်သလို
စွဲမှတ်ထားလိုက်တယ်။
နောက်ထပ် ၁၅ နှစ်လောက်အကြာ
၁၉၅၆ မှာတော့ အီဂျစ်သမ္မတ နာဆာက စူးအက်
တူးမြောင်းကို ပြည်သူပိုင် လုပ်ပါလေရော။
ဖြစ်ချင်တော့ အဲဒီအချိန်မှာ အီဒင်က
ဗြိတိသျှဝန်ကြီးချုပ် ဖြစ်နေတယ်။
မြူးနစ်ကိစ္စမှာ ဟစ်တလာနဲ့ ရင်ဆိုင်ရတုန်းက
နိုင်ငံခြားရေးဝန်ကြီးအဖြစ်နဲ့ သူရခဲ့တဲ့
သင်ခန်းစာကို သူ ပြေးသတိရတယ်။ နာဆာကို
ဟစ်တလာကဲ့သို့သော အာဏာရှင်ဖြစ်တယ်လို့
သမုတ်တယ်။ စွပ်စွဲတယ်။ ဟစ်တလာလို
လူစားပဲလို့ အကဲဖြတ်တယ်။ ဒါပေမယ့် အီဒင်ဟာ
ဒုတိယ ကမ္ဘာစစ်ကြီးအပြီးမှာ
လွတ်လပ်ရေးရလာတဲ့ အာရှ-အာဖရိကအုပ်စုဝင်
နိုင်ငံတွေရဲ့ အင်အားကို ထည့်မတွက်မိဘူး။
ဒုတိယကမ္ဘာစစ်ကြီးပြီးလို့မှ မကြာသေးခင်
ကိုရီးယားစစ်ပွဲနွှဲခဲ့ရလို့ အမေရိကန်
ကလည်း စစ်ကို ငြီးငွေ့နေပြီ။ ဒါကိုလည်း
အီဒင် မတွက်မိဘူး။
မဟာမိတ်အချင်းချင်းအနေဖြင့်
အမေရိကန်ရဲ့ထောက်ခံမှုကို အလိုအလျောက်
ရမှာပဲရယ်လို့လည်း လွဲမှားစွာ
တွက်ပုံရတယ်။
မြူးနစ်တုန်းက ချိန်ဘာလိန်
ပျော့ခဲ့၊ ညံ့ခဲ့၊ ဒူးထောက်ခဲ့လို့
ဥရောပတစ်ခုလုံး ဟစ်တလာရဲ့ ကျော့ကွင်းထဲ
အမိခံခဲ့ရတာကို သတိရနေတယ်။ ဒီတော့
စူးအက်တူးမြောင်းကို ၀ံ့ဝံ့စားစား
ပြည်သူပိုင် လုပ်တဲ့ လူရမ်းကား၊
အီဂျစ်အာဏာရှင် နာဆာကို
ခပ်ကြမ်းကြမ်းကိုင်မှာပဲဆိုပြီး
အင်္ဂလိပ်နဲ့ ပြင်သစ်၊ လေတပ်၊ ရေတပ်တွေက
အီဂျစ်ကို ဆိုင်းမဆင့်ဗုံမဆင့် တရကြမ်း
ဗုံးကြဲတိုက်ခိုက်တော့တာပဲ။ ဒီမှာ
ကုလသမဂ္ဂကလည်း ပြဿနာကို အကြမ်းဖက်ပြီး
စစ်ရေးအရ ဖြေရှင်းရပါ့မလားဆိုပြီး
ဘ၀င်မကျ၊ စစ်စိတ်ကုန်နေတဲ့
အိုင်ဆင်ဟောင်ဝါ ခေါင်းဆောင်တဲ့
အမေရိကန်ပြည်ထောင်စုကလည်း အင်္ဂလိပ်၊
ပြင်သစ်တို့ လုပ်ရပ်ကို မထောက်ခံ၊
ဆိုဗီယက် ပြည်ထောင်စုကလည်း
အနောက်နိုင်ငံတွေကို သိက္ခာ ချဖို့
အကွက်ကောင်းချောင်းနေတဲ့ စစ်အေးကာလမျိုး
ဖြစ်နေ၊ အာရှ-အာဖရိကအုပ်စုကလည်း
ဘန်ဒွန်းညီလာခံပြီးခါစ၊ ကမ္ဘာမှာ သူတို့အသံ
ကျယ်လောင်လာခါစ ဖြစ်တယ်။ အင်္ဂလိပ်နဲ့
ပြင်သစ် ကိုလိုနီပါဝါ
နယ်ချဲ့လက်ဟောင်းကြီးတွေက
အီဂျစ်လိုနိုင်ငံကို နိုင်ထက်စီးနင်း
လုပ်ရသလားဆိုပြီး ဒေါသူပုန်ထကြတယ်။
ရလဒ်ကတော့ အားလုံးသိတဲ့အတိုင်း အင်္ဂလိပ်နဲ့
ပြင်သစ် အရေးနိမ့်သွားတယ်။
ဒုတိယကမ္ဘာစစ်အပြီးမှာ အင်္ဂလန်ဟာ
ထိပ်တန်းနိုင်ငံကနေ ဒုတိယတန်းကို
လျော့ကျသွားပြီ။ စူးအက်
အရေးအခင်းအပြီးမှာတော့ တတိယတန်းလောက်
ရောက်သွားပြီလို့ အကဲခတ်သမားတွေက ရှုတ်ချ
ပြောဆိုကြတယ်။ စူးအက်မှာ အင်္ဂလန်
အရှက်ရခဲ့တယ်။ ပြင်သစ်ကတော့ ၁၉၅၄
ဒိန်ဘင်ဖူး(ဗီယက်နမ်)မှာ
မဟာအရှက်ကွဲခဲ့ပြီးဆိုတော့ သိပ်မထူးလှဘူး။
ဒီတော့ မြူးနစ်(၁၉၃၈/၃၉)က
ပေးခဲ့တဲ့ သင်ခန်းစာကို စူးအက်(၁၉၅၆)မှာ
သုံးခဲ့တဲ့ ဝန်ကြီးချုပ် အီိဒင်ဟာ
စူးအက်ပြဿနာပြီးလို့ ဘာကြာလိုက်သလဲ။ ၂/၃
လအတွင်း ၁၉၅၆ ခရစ္စမတ်လောက်မှာ
အသားဝါရောဂါဖြစ်၊ ဆီးရောဂါရ၊ နဂိုက
အခံရှိတဲ့ သည်းခြေရောဂါ ပြန်ထ၊ ပြီးတော့
အပြင်းဖျားတော့တာပဲ။ သူ့အစိုးရအဖွဲ့လည်း
ပြုတ်၊ သူလည်းပြုတ်၊ နောက်တော့
အနားယူဖို့ဆိုပြီး သင်္ဘောနဲ့ နယူးဇီလန်ဘက်
ထွက်သွားခဲ့တယ်။ သူ့ရဲ့
နိုင်ငံရေးဘ၀ဟာလည်း ဒီခရီးနဲ့ပဲ
တစ်ခန်းရပ်၊ တစ်ဇာတ်သိမ်းလိုက်ရတယ်။
လျှော့လို့မှား၊ တင်းလို့မှား
သဘောကတော့ မြူးနစ်မှာ
ချိန်ဘာလိန်က ပျော့ခဲ့၊ ချော့ခဲ့၊
ဒူးထောက်ခဲ့မိလို့ ပြုတ်ကျရပြီး
စူးအက်မှာတော့ အီဒင်ဟာ ကြမ်းလိုက်၊
ရမ်းလိုက်၊ တင်းလိုက်မိလို့
ပြုတ်ကျရပြန်တယ်။
၁၉၅၆ လောက်က ကျနော်က
နိုင်ငံခြားရေးဝန်ကြီးဌာနမှာ
တတိယအတွင်းဝန် (ဟိုတုန်းက
လက်ထောက်ညွှန်ကြားရေးမှူး) ဖြစ်ခါစ
လတ်လတ်ဆတ်ဆတ်၊ ဘန်ဒွန်းညီလာခံခေါင်းဆောင်
နိုင်ငံ တစ်နိုင်ငံအဖြစ်
မြန်မာ့နိုင်ငံခြားရေးဝါဒကလည်း
စန်းတက်ချိန်ဆိုတော့ စူးအက်အရေးနဲ့
ပတ်သက်ပြီး စိတ်လှုပ်ရှားစရာကလေးတွေ
ကြားခဲ့၊ မြင်ခဲ့၊ ကြုံခဲ့ရတာတွေ
အမှတ်ထင်ထင် ကျန်နေသေးတယ်။
လိုရင်းပြန်ကောက်ရရင်
မြူးနစ်(၁၉၃၈/၃၉)မှာ ဟစ်တလာကို
လျှော့ပေးမိလို့ မှားခဲ့တယ်။ နောက် ၁၅
နှစ်အကြာ စူးအက်ပြဿနာ(၁၉၅၆) ပေါ်လာတော့
မြူးနစ်ကရခဲ့တဲ့ သင်ခန်းစာကို အခြေခံပြီး
တင်းလိုက်၊ မာလိုက်မိလို့ မှားရပြန်တယ်။
နိုင်ငံတကာဆက်ဆံရေးရဲ့
သဘောသဘာဝကို ပိုထင်ရှားစေတဲ့
အခြားသာဓကတွေလည်း ရှိပါသေးတယ်။
အချိန်ကာလအားဖြင့် ကျနော်တို့နဲ့
ပိုနီးလာတော့ ပိုလို့တောင် စိတ်ဝင်စားစရာ
ကောင်းပါတယ်။
ဒုတိယ သာဓက
(ဂိုအား၊ အရှေ့တီမောနှင့် ဖော့ကလန်)
ဒီဖြစ်ရပ်သုံးခုကိုတော့
ဒီသင်တန်းသားတွေ မီလိုက်ပါလိမ့်မယ်။
ရောဂါတူ ဆေးတူ၊ ရလဒ်တခြားစီ
သိတဲ့အတိုင်း ဂိုအားနယ်က အိန္ဒိယရဲ့
အာရေဗျပင်လယ် ဘက်
အနောက်ဘက်ကမ်းရိုးတန်းမှာ ရှိတယ်။
ပေါ်တူဂီရဲ့ လက်အောက်ခံဖြစ်တယ်။ ၁၉၄၇ မှာ
အင်္ဂလိပ် လက်အောက်က
အိန္ဒိယနိုင်ငံလွတ်လပ်ရေးရတော့
ဂိုအားနယ်ဟာ ပေါ်တူဂီလက်အောက်ခံ
ကိုလိုနီအဖြစ် ဆက်ရှိနေတယ်။
အရှေ့တီမောကလည်း ဂိုအားနဲ့
ခပ်ဆင်ဆင်ပဲ။ အင်ဒိုနီးရှားရဲ့
အရှေ့ဖျားအကျဆုံး ကျွန်း တကျွန်းရဲ့
အရှေ့ဘက်အစွန်းဖြစ်တယ်။ ဒတ်ခ်ျတို့
လက်အောက်ကနေပြီး အင်ဒိုနီးရှား လွတ်လပ်ရေး
ရတဲ့အချိန်မှာ အရှေ့တီမောက
လွတ်လပ်ရေးမရသေးဘဲ ကျန်နေတယ်။ သူလည်း
ပေါ်တူဂီ လက်အောက်ခံ ကိုလိုနီတစ်ခုဖြစ်တယ်။
ဂိုအားနဲ့ အရှေ့တီမောတို့လို
အလားတူပြဿနာတစ်ခု ရှိသေးတယ်။ အဲဒါကတော့
ဖော့ကလန်ကျွန်းပြဿနာပဲ။ တောင်အတ္တလန်တိတ်
သမုဒ္ဒရာရဲ့ တောင်ဘက်အဖျား၊ အာဂျင်တီးနား
နိုင်ငံရဲ့ အရှေ့ဘက်စူးစူး
မိုင်(၃၀၀)ခန့်အကွာမှာ ရှိတယ်။
ဒီကျွန်းကတော့ အင်္ဂလိပ်လက်အောက်ခံ ဖြစ်တယ်။
ဒါကြောင့် ဟိုစဉ်အခါက ဂိုအား၊
အရှေ့တီမောနဲ့ ဖော့ကလန်ကျွန်းတို့
အသီးသီးရဲ့ ကိုလိုနီဘဝမှ
လွတ်မြောက်ရေးပြဿနာကို ကုလသမဂ္ဂမှာ
ဆွေးနွေးလျှက်ရှိကြတယ်။ ဒီအထိ အတူတူပါပဲ။
အဲဒီလောက် ဘယ်လိုကြည့်ကြည့်
အဖက်ဖက်ကတူတဲ့ ပြဿနာသုံးရပ်ကို အိန္ဒိယ၊
အင်ဒိုနီးရှားနဲ့ အာဂျင်တီးနားတို့
အသီးသီး ဖြေရှင်းဖို့ ကြိုးစားရာမှာလည်း
တစ်ပုံစံတည်းပဲ။ စစ်အင်အားနဲ့
အကြမ်းဖက်ပြီး ၀င်သိမ်းခဲ့တာချည်းပဲ။
ဘာမှမကွာခြားဘူး။ ဒီလို ရောဂါဇစ်မြစ်လည်း
တူ၊ လက္ခဏာကြန်အင်ချင်းလည်းတူ၊
ကုထုံးချင်းလည်း တူပါလျက် ထွက်လာတဲ့
ရလဒ်ကတော့ လုံးဝခြားနားနေတာဟာ
ထူးခြားချက်ပါပဲ။
ဖြစ်ပုံက
အိန္ဒိယက ဂိုအားကို
စစ်လက်နက်အင်အားနဲ့ ၀င်သိမ်းပြီး
ပေါ်တူဂီရဲ့လက်က လုယူလိုက် တယ်။ ၁၉၆၁ မှာ
ဖြစ်တယ်။ ပေါ်တူဂီကလည်း
နယ်ချဲ့သမားထဲမှာတော့
ရှေးအကျဆုံးဖြစ်သလောက်
အင်အားအချည့်နဲ့ဆုံးပဲ။ အမေရိကန် စတဲ့
အနောက်အုပ်စုကလည်း ဂိုအားကိစ္စလောက်အတွက်
ပေါ်တူဂီဘက်ကလိုက်ပြီး စစ်ဖြစ်ဖို့
အသင့်မရှိဘူး။ အိန္ဒိယ၀န်ကြီးချုပ်
နေရူးဆိုတာကလည်း အဲဒီ အချိန်က အာရှ-အာဖရိက
ခေါင်းဆောင်အဖြစ် သြဇာကြီးတယ်။ ဒီတော့
ပေါ်တူဂီကို ဘယ်နိုင်ငံမှ မကူဘူး။
အင်္ဂလိပ်နဲ့ ပြင်သစ်တို့ကတော့
ကူညီချင်ပါတယ်ဆိုတောင် ကူညီနိုင်တဲ့အင်အား
မရှိတော့ ဘူး။ စူးအက်တူးမြောင်းရဲ့
အရှေ့ဘက်မှာ သူတို့တပ်တွေ မရှိတော့ဘူး။
ဥရောပကနေ စစ်ကူလွှတ်ဖို့ ကလည်း
စူးအက်တူးမြောင်းက သူတို့လက်ထဲမှာ
မရှိတော့ ခက်တယ်။ စူးအက်ကို အီဂျစ်က
သိမ်းပြီးတာ ငါးနှစ်လောက်ရှိပြီ။ ကမ္ဘာက
ဝိုင်းဝန်းဝေဖန်ကြတယ်။ ‘နေရူး’ဆိုတဲ့
ပုဂ္ဂိုလ်ဟာ သူ့ကိုယ် သူ
ငြိမ်းချမ်းရေးသမားဖြစ်တယ်၊ ပြဿနာအရပ်ရပ်
ငြိမ်းချမ်းစွာ ဖြေရှင်းရေးကို
လက်ခံတယ်လို့ ကမ္ဘာမှာ ရှေ့ဆုံးက
ထွက်အော်နေပြီး ဂိုအားမှာတော့ ဘယ်လို
လက်နက်အားကိုးလုပ်လိုက်တာလဲလို့ မေးကြတယ်။
အနောက်နိုင်ငံတွေက ၀ိုင်းပြီး ဝေဖန်ကြတယ်။
ဒါပေမယ့် ဝေဖန်ရုံထက်ပိုပြီး ဘာမှ
မလုပ်ကြဘူး။ ၁၉၆၂ မှာတော့ ဂိုအားကို
အိန္ဒိယနိုင်ငံထဲ
ပေါင်းစည်းထည့်သွင်းလိုက်ပြီလို့ အိန္ဒိယ
အစိုးရက အောင်မြင်စွာ ကြေညာခဲ့တယ်။
ပြောင်းလို့မရတော့တဲ့ လက်တွေ့
ပကတိဖြစ်ရပ်
(Fait
Accompli)အဖြစ်
ကမ္ဘာက လက်ခံလိုက်ရတော့တယ်။
ဂိုအားပြဿနာပြီးလို့ ၁၅
နှစ်လောက်အကြာမှာ အင်ဒိုနီးရှားက
အိန္ဒိယနည်းတူ အရှေ့တီမော ကို စစ်တပ်နဲ့
ဝင်သိမ်းတယ်။ ပြီးတော့
အင်ဒိုနီးရှားနိုင်ငံ
အုပ်ချုပ်ရေးစနစ်အောက်ပေါင်းလိုက်တယ်လို့
သမ္မတ ဆူဟာတိုက အိန္ဒိယနည်းတူ ကြေညာတယ်။
၁၉၇၆ မှာ ထင်တယ်။ အားလုံးသိတဲ့အတိုင်း
ဒီမှာတော့ အိန္ဒိယလို ကံမကောင်းရှာဘူး။
အကြီးအကျယ် ပြဿနာဖြစ်လာတော့တာပဲ။
အင်ဒိုနီးရှား ဟာ ကုလသမဂ္ဂ
စည်းမျဉ်းဘောင်အတွင်းကသာ အဖြေရှာသင့်တယ်၊
ပေါ်တူဂီနဲ့ ဆွေးနွေးသင့်တယ်၊ ဆွေးနွေးပါ၊
စစ်တပ်နဲ့ ၀င်သိမ်းတာကို အသိအမှတ်မပြုဘူး၊
ရှုတ်ချတယ် ဆိုပြီး အနောက်နိုင်ငံတွေက
အများဆုံး ၀ိုင်းအော်ကြတယ်။ ကုလသမဂ္ဂကလည်း
ဒီအတိုင်း ဆုံးဖြတ်တယ်။ ကျနော်တို့
မြန်မာနိုင်ငံ ကတောင်
အင်ဒိုနီးရှားရဲ့လုပ်ပုံကို အတိအလင်း
မကန့်ကွက်သော်လည်း မထောက်ခံနိုင်ခဲ့ဘူး။
ဒီတော့ ဘာဖြစ်သလဲ။ အရှေ့တီမောပြဿနာဟာ
အင်ဒိုနီးရှားအတွက် နှစ်ပေါင်း (၃၀)လောက်
ကျိန်စာသင့် လာသလို လင်းတနားသလိုဖြစ်ပြီး
ကမ္ဘာရဲ့ ရှုတ်ချပြစ်တင်ခံခဲ့ရတယ်။
အရှေ့တီမောကို နောက်ဆုံးမှာ
ပြန်လက်လွှတ်လိုက်သည်အထိပါပဲ။
ဒီအပိုင်းကတော့ မကြာသေးခင်ကမှ
ဖြစ်တာဆိုတော့ အားလုံး အသိပါပဲ။
ဖော့ကလန်ကျွန်းကိစ္စမှာလည်း
ဂိုအားနဲ့ အရှေ့တီမောလိုမှာပါပဲ။
အာဂျင်တီးနားက စစ်တပ်နဲ့ ၀င်သိမ်းတယ်။
လက်နက်ကြီး၊ လက်နက်ငယ်၊
စစ်အဂါင်္အစုံအလင်နဲ့ တပ်သားတစ်သောင်းလောက်
ကျွန်းပေါ်တက်နေရာယူတယ်။ အပြည်ပြည်ဆိုင်ရာ
ဥပဒေနဲ့ ကုလသမဂ္ဂ လုပ်ထုံးလုပ်နည်းတွေကို
ထုံးလိုချေ၊ ရေလိုနှောက်နေတဲ့
အင်္ဂလိပ်နိုင်ငံခြားရေးဌာနက
လက်ဦးမှုယူလိုက်တယ်။ ကိုလိုနီ ပြဿနာကို
အသာလေး မေ့ထားလိုက်တယ်။
လုံခြုံရေးကောင်စီကို ကပျာကယာ တင်တယ်။
ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ငြိမ်းချမ်းစွာ
ဖြေရှင်းရေးမူကြီးကို မထီမဲ့မြင်ပြုပြီး၊
ဖောက်ဖျက်ပြီး စစ်အင်အားဖြင့်
အကြမ်းဖက်လျက် ဖော့ကလန်ကျွန်းကို
သိမ်းရပါမည်လားဆိုပြီး အာဂျင်တီးနားကို
ရှုတ်ချပြစ်တင်တဲ့ ဆုံးဖြတ်ချက်ကို
လုံခြုံရေးကောင်စီမှာ ခပ်မြန်မြန်
အရယူလိုက်တယ်။ ပြီးတာနဲ့
အဲဒီဆုံးဖြတ်ချက်ကို မြဲမြဲကိုင်ပြီး
အာဂျင်တီးနား ကျူးကျော်ရေးတပ်တွေ
ရုပ်သိမ်းပေးပါ၊ ငြိမ်းချမ်းစွာ
ဆွေးနွေးပါဆိုပြီး အင်္ဂလိပ်က
ဆက်တိုက်အော်တော့တာပဲ။ ပြန်ဆုတ်မပေးရင်
လက်နက်အင်အားနဲ့
မောင်းထုတ်ရပါလိမ့်မယ်လို့လည်း
ကြုံးဝါးတယ်။ အာဂျင်တီးနား
ကျူးကျော်ရေးတပ်တွေ ဆုတ်ခွာရေး က ပထမ၊
သူပိုင်ကိုယ်ပိုင်ဆွေးနွေးတာက နောက်မှ
လို့ အင်္ဂလိပ်က တင်းလိုက်တယ်။
အာဂျင်တီးနားက
အင်္ဂလိပ်ရဲ့သံန္နိဌာန်ကို
လျှော့တွက်ပုံရတယ်။ လက်နက်ကြီး၊ လက်နက်
ငယ် အစုံအလင်နဲ့ ကျွန်းပေါ်မှာ အခိုင်အမာ
နေရာယူထားတဲ့ အာဂျင်တီးနားစစ်သည်
တစ်သောင်း လောက်ကို အင်္ဂလိပ်က မိုင်
ရှစ်ထောင်ကိုးထောင်လောက်က လာပြီး
ဘယ်လိုမောင်းထုတ်နိုင်မှာလဲ။ အဲဒီလို
တွေးပုံရတယ်။ ဒါပေမယ့် အင်္ဂလိပ်က သူ့ဘက်မှာ
ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ် ချက်
ရှိနေပြီ။ အမေရိကန်ကလည်း ဂိုအားကို
ပေယျာလကန် သဘောထားခဲ့သလို ဖော့ကလန်ကို
မထားနိုင်ဘူး။ သူ့ရဲ့ မဟာဗျူဟာ
အကျိုးပါသင့် သလောက် ပါသေးတော့
ကြားနေသလိုလိုနဲ့ အင်္ဂလိပ် ကို
ထောက်လှမ်းရေး၊ ဆက်သွယ်ရေး၊ အကူအညီတွေ
ပေးတယ်။ အမေရိကန်အဖို့ ဖော့ကလန်က
အရှေ့တီမောထက်တောင် အရေးပါသေးတယ်။ ဒီတော့
ကုလသမဂ္ဂဆုံးဖြတ်ချက်ကို လိုက်နာဖို့
အာဂျင်တီးနားကို တစ်ဖက်က နားချတယ်။
ဖိအားပေးတယ်။ နိုင်ငံအများစုကလည်း
လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်ကိုတော့
ဖီလာမပြုရဲဘူး။
ပြီးတော့ အင်္ဂလန်ဟာ
ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးအဆင့်
(လက်တွေ့အင်အားမှာ) မရှိတော့ သော်လည်း
ဒီအချိန်မှာ ၀န်ကြီးချုပ်က
သံမဏိလိပ်ပြာမယ်
(Iron
Butterfly)
လို့ နာမည်ရနေတဲ့ မာဂရက်သက်ချာ ဖြစ်တယ်။
“အင်္ဂလိပ်ကို မထီမဲ့မြင်လုပ်လို့
မရဘူးဟေ့”လို့ ကမ္ဘာကို ဒီတစ်ခါမပြနိုင်
ရင်၊ အာဂျင်တီးနားကို အလျှော့ပေး
လိုက်ရရင် အင်္ဂလန်ရဲ့သိက္ခာကို နောင်
ဘယ်သောအခါမှ အဖတ်ဆယ်လို့ရမှာမဟုတ်တော့ဘူး။
ဒီတော့ အာဂျင်တီးနားရဲ့
ကျူးကျော်ရေးတပ်တွေ ဆုတ်ခွာပါ။ မဆုတ်ရင်
မောင်းထုတ်ရပါလိမ့်မယ်လို့ မာဂရက်သက်ချာ က
ကြုံးဝါးတယ်။ အာဂျင်တီးနားကလည်း စောစောက
ပြောခဲ့သလို တပ်ထောင်တာ ဗိုလ်ထု
တစ်သောင်းလောက်ကို လက်နက်အင်္ဂါအစုံအလင်
ပို့ပြီး လက်ဝယ်ပိုင်ပိုင်ရရှိထားတဲ့
ဖော့ကလန်ကျွန်းကို အင်္ဂလိပ်ကလာပြီး ဘာမို့
မောင်းထုတ်နိုင်စွမ်း ရှိမှာတုန်းလို့
စဉ်းစားပြီး တင်းခံခဲ့တယ်။ ပြန်ပြီး
အန်တုခဲ့တယ်။
ဆင်ကြုံကျွဲလောက်တော့ရှိသေးတဲ့ အင်္ဂလိပ်က
မာဂရက်သက်ချာခေါင်းဆောင်မှုနဲ့
ကြုံးဝါးထားတဲ့အတိုင်း
တကယ်လုပ်ပြလိုက်တယ်။ ရေတပ်၊ လေတပ်
အကူအညီနဲ့ အင်္ဂလိပ်စစ်သား
ထောက်ဂဏန်းလောက်နဲ့ပဲ သောင်းချီရှိတဲ့
အာဂျင်တီးနားတပ်တွေလက်က ဖော့ကလန်ကျွန်းကို
ပြန်သိမ်းယူခဲ့တယ်။ အာဂျင်တီးနားတပ်သား
တွေ အမြောက်အများ လက်နက်ချကြရပြီး
ကျွန်းပေါ်တင်ထားတဲ့ လက်နက်ကြီး၊
လက်နက်ငယ်တွေ လည်း အင်္ဂလိပ်အတွက်
လက်ဆောင်ဖြစ်သွားရတော့တယ်။
ဒီတော့ ဂိုအား၊ အရှေ့တီမောနဲ့
ဖော့ကလန်ကျွန်းအရေးမှာ အခြေခံ
အကြောင်းခြင်းရာတွေ တူတယ်။ ဖြေရှင်းရန်
ကြိုးစားအားထုတ်ပုံမှာလည်း တူတယ်။
ဒါပေမယ့် ရလဒ်ကတော့ လုံးဝမတူဘူး။
၁၉၆၁ က ဂိုအားမှာ အိန္ဒိယက
လွတ်လွတ်ကျွတ်ကျွတ်
အောင်ပွဲခံနိုင်ခဲ့တယ်။ အိန္ဒိယကို ဘယ်သူမှ
တရားဝင် အပြစ်မတင်ဘူး။ ကွင်းလုံးကျွတ်
လွတ်သွားတယ်။ နောင် ၁၅ နှစ်လောက်အကြာ ၁၉၇၅
မှာ အရှေ့တီမောနဲ့ပတ်သက်ပြီး
အင်ဒိုနီးရှားက အိန္ဒိယလုပ်ခဲ့သလိုပဲ
လိုက်လုပ်တော့ အောင်ပွဲ ခံတော့မလိုလိုနဲ့
အဖျားရှုးသွားတယ်။ ကမ္ဘာ့နိုင်ငံတွေရဲ့
ပြစ်တင်ဝေဖန်မှုကို နှစ်ပေါင်း ၃၀ လောက်
ခံခဲ့ရတယ်။ နောက်ဆုံးမှာလည်း အရှုံးနဲ့
ရင်ဆိုင်ခဲ့ရတယ်။ တီမောပြီးလို့ ၅
နှစ်အကြာ ၁၉၈၁/၈၂ က ဖော့ကလန်ကျွန်း
အရေးမှာတော့ အာဂျင်တီးနားဟာ
စစ်မြေပြင်မှာရော ကုလသမဂ္ဂ နိုင်ငံရေး
ကြိုးဝိုင်းမှာပါ အလဲထိုးခံခဲ့ရတယ်။
အစိုးရလည်းပြုတ်၊ တိုင်းပြည်လည်း
ပျက်သလောက်ဖြစ်ပြီး ဖွတ်မရ ဓါးမဆုံး
ဖြစ်ခဲ့တယ်။ အင်္ဂလိပ်အောက်မှ ဖော့ကလန်ရဲ့
လွတ်မြောက်ရေးလုပ်ငန်းကတော့ တစ်ခါတည်း
ရေစုန်မျောတာ ခုအထိပါပဲ။
အဲဒီပြဿနာသုံးရပ်ဟာ
ရောဂါရဲ့ဇစ်မြစ်လည်းတူ၊
လက္ခဏာကြန်အင်အရပ်ရပ်လည်း တူ၊
ဆေးဝါးကုထုံးလည်း တူပါလျက် ရလဒ်ကတော့
အဲသလို တခြားစီဖြစ်ခဲ့တယ်။ နိုင်ငံတကာ
ဆက်ဆံရေး၊ သံတမန်ဆက်ဆံရေးမှာ
ဒီလိုဖြစ်တာဟာ ထူးတော့ ထူးတယ်။
ဆန်းသလားဆိုတော့ မဆန်းဘူးလို့
ဆိုရမှာပါပဲ။
ခုလို ကျွန်တော်တို့
ခင်ဗျားတို့ မျက်စိရှေ့မှာဆိုသလို
ဖြစ်ခဲ့တဲ့ကိစ္စဟာ စေ့စေ့စပ်စပ် ကြည့်တော့
တစ်သီးတခြားစီ စိတ်ဝင်စားစရာကောင်းသလို
ပေါင်းစပ်ထားတဲ့ ပုံစံကားချပ်လည်း
စိတ်ဝင်စားဖို့ ကောင်းတာပဲ။
<ဒုတိယပိုင်းသို့ ---> |