|
သွေးနှင့်ချွေးဖြင့် ရင်းခဲ့ရသည့်
အာရှ၏သမိုင်းသင်ခန်းစာ
၂၀ ရာစုကို အာရှတိုက်အနေနှင့်
အဓိပ္ပာယ်ဖွင့်ဆိုရမည်ဆိုလျှင်
နယ်ချဲ့ဆန့်ကျင်ရေး အမျိုး သား
လွတ်မြောက်ရေး လှုပ်ရှားမှုများ၏
ရာစုနှစ်ဟူ၍သာ ဆိုထိုက်ပါသည်။
စင်စစ်အားဖြင့် ရာစုနှစ် အချို့
ကြာမြင့်ခဲ့သည့် အာရှမှ အမျိုးသားအသီးသီး
ပြည်သူများ၏
နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုများ ကြောင့်
ပထမဆုံးသော လွတ်မြောက်ရေးအသီးအပွင့်ကို
တွေ့မြင်ခဲ့ကြရသည်မှာ နှစ်ပေါင်း
(၁၁၀)တိုင်ကြာ ညောင်းခဲ့ပြီဖြစ်၏။
အတိအကျအားဖြင့် ၁၈၉၈ ခု ဇွန်လ (၁၂)
ရက်နေ့၊ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၏
တောင်ဘက်ရှိ က၀စ် KAWIT (ယခင် Cavite AI
Viejo) ဒေသတွင် ဖိလစ်ပိုင်လူမျိုး
ဗိုလ်ချုပ်ကြီး အီမီလီယို အဂွီနယ်လ်ဒို
(Emilio Aguinaldo) က နယ်ချဲ့ဆန့်ကျင်ရေး
ပြည်သူ့လွတ် မြောက်ရေး လှုပ်ရှားမှု၏
ပထမဆုံး အချက်ပေးသေနတ်သံကို
ပစ်ဖောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါနေ့ တွင်
ဖီလစ်ပိုင်အမျိုးသားတစ်ရပ်လုံးတို့သည်
စပိန်ကိုလိုနီတို့၏
နှစ်ပေါင်း(၃၃၃)နှစ်တိုင် ဖိနှိပ်၊
သွေးစုပ် အုပ်ချုပ်မှုအောက်မှ ပထမဆုံး
ရုံးထ အုံကြွတော်လှန်လိုက်ကြပြီ
ဖြစ်ကြောင်းကို အဂွီနယ်လ်ဒိုက အတိအလင်း
သဘောထား ထုတ်ပြန်ကြေညာလိုက်သည်။
အနောက်တိုင်း ကိုလိုနီအုပ်စိုးမှုတို့
နှစ်ဝက် ကျော်ကြာ
တုန့်ပြန်တိုက်ခိုက်ပြီးနောက် ၁၈၉၉ ခု
ဇန်န၀ါရီလတွင် ပထမဆုံး ဖီလစ်ပိုင်နိုင်ငံ၏
လွတ်လပ်ရေးကို ကြေညာပေးနိုင်ခဲ့သည်။
သို့ပြင် အာရှတိုက်
အမျိုးသားပြည်သူများထဲမှ ဖိလစ်ပိုင်
နိုင်ငံက ပထမဆုံး လွတ်လပ်ရေး၏ အရသာကို
မြည်းစမ်းခွင့်ရခဲ့သည်မှာ ၂၀၀၉ ခုနှစ်၊
ဇန်န၀ါရီလ ဆိုလျှင် နှစ်ပေါင်း (၁၁၀) တိတိ
တိုင်ခဲ့ပြီဖြစ်ပါသည်။
သို့သော် ဖိလစ်ပိုင်နိုင်ငံ၏
ပထမဆုံး အချုပ်အခြာအာဏာပိုင်ခွင့်ရှိသော
လွတ်လပ်ရေး သက်တမ်းမှာ (၂)နှစ်ခန့်သာ
ကြာညောင်းခဲ့သည်။ နောက်ပိုင်းတွင်
ကိုလိုနီအရှင်သခင်ဟောင်း စပိန် တို့၏
အရိုက်အရာကို လက်သစ်ကိုလိုနီ
အမေရိကန်တို့က လွှဲပြောင်းဆက်ခံခဲ့ပြန်သည်။
သို့ဖြင့် ဖိလစ်ပိုင်ပြည်သူများအနေနှင့်
၁၉၄၆ ခုနှစ်တိုင် ရာစုနှစ် တစ်ဝက်ကျော်မျှ
နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲကို
ဆင်နွှဲပြီး၊
အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ်
ထူထောင်နိုင်ရန် လုံးပမ်းတိုက်ခိုက်ခဲ့ကြရ
သည်။ ဖိလစ်ပိုင်နိုင်ငံက စတင်ပစ်ဖောက်
အချက်ပေးလိုက်သော လွတ်လပ်ရေးတိုက်ပွဲ
မီးကျည်၏ ထိန်ညီးတောက်ပစွာ လမ်းပြခဲ့သော
အလင်းရောင်အောက်တွင် အခြားသော
အာရှညီအကိုများက လည်း
ဆက်လက်လိုက်ပါလျှောက်လှမ်းခဲ့ကြသည်။
သို့ဖြင့် ဒုတိယကမ္ဘာစစ်၏
နှောင်းပိုင်းအချိန်မှစပြီး
အာရှနိုင်ငံအများစု
အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ်
လွတ်လပ်ရေး ရလာခဲ့ကြသည်။
-
၁၉၂၄ ခုနှစ်တွင် မွန်ဂိုလီးယား၊
ပြည်သူ့သမ္မတနိုင်ငံကို
တရားဝင်ထူထောင်နိုင်ခဲ့သည်။
-
၁၉၄၅ ခုနှစ်တွင် ကိုရီးယား၊ ဗီယက်နမ်၊
အင်ဒိုနီးရှားတို့
လွတ်လပ်ရေးရခဲ့ကြသည်။
-
၁၉၄၆ ခုနှစ်တွင် ဖိလစ်ပိုင်တို့
လွတ်လပ်သော
အချုပ်အခြာအာဏာပိုင်နိုင်ငံ
ဖြစ်လာခဲ့သည်။
-
၁၉၄၇ ခုနှစ်တွင် အိန္ဒိယနှင့်
ပါကစ္စတန်နိုင်ငံတို့ လွတ်လပ်ရေး
ကြေညာနိုင်ခဲ့သည်။
-
၁၉၄၈ ခုနှစ်တွင် မြန်မာ၊
သီရိလင်္ကာနှင့် မလေးရှားတို့
အချုပ်အခြာအာဏာပိုင် လွတ်လပ်သော
နိုင်ငံများ ဖြစ်လာခဲ့သည်။
-
၁၉၄၉ ခုနှစ်တွင်
တရုတ်ပြည်သူ့သမ္မတနိုင်ငံကို
ထူထောင်နိုင်ခဲ့ကြသည်။
ထို့နောက် ၁၉၉၇ ခုမှာ
ဟောင်ကောင်ကျွန်း၊ ၁၉၉၉ ခုတွင်
မကာအိုနယ်မြေတို့ကို ပြည်လည်
လွှဲပြောင်းရယူနိုင်ခဲ့သည်။ ထို့ကြောင့်
လွတ်လပ်သော အာရှကုန်းမြေကြီး
ထူထောင်နိုင်ရေးအတွက် နယ်ချဲ့ဆန့်ကျင်ရေး၊
အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုများကို
နှစ်ပေါင်း (၁၀၀) တိုင် လုံးပမ်း
တိုက်ခိုက်ခဲ့ကြရသည်။
အာရှနိုင်ငံများစွာတို့
လွတ်လပ်ရေးရခဲ့ကြသည်မှာ ရာစုနှစ်ဝက်ခန့်
ကြာညောင်း ခဲ့ပြီဖြစ်သော်လည်း
အာရှတိုက်တစ်တိုက်လုံး
ကိုလိုနီထမ်းပိုးအောက်မှာ
လွတ်လွတ်ကျွတ်ကျွတ်
ရုန်းထွက်နိုင်ခဲ့ကြသည်မှာ
ဆယ်စုနှစ်တစ်ခုမျှသာ ရှိပါသေးသည်။
အာရှနိုင်ငံများအနေနှင့် ထိုသို့ အမျိုး
သားလွတ်လပ်ရေးနှင့်
အချုပ်အခြာအာဏာပိုင်မှုကို
ပြန်လည်ရယူနိုင်ခဲ့သည့်တိုင်
အနောက်တိုင်း၏ အတွေးအခေါ်၊ နိုင်ငံရေး၊
စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအရ
လွှမ်းမိုးကြီးစိုးထားမှု အသွင် သဏ္ဌာန်
အမျိုးမျိုးတို့အောက်မှ ရုန်းထွက်နိုင်ရန်
ဆက်လက်ကြိုးပမ်း အားထုတ်နေရဆဲပင်ဖြစ်သည်။
တစ်ချိန်တည်းမှာပင်
ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်တွင်
အမျိုးသားအကျိုးစီးပွား ထိန်းသိမ်းကာကွယ်
ရင်း၊
ဖွံ့ဖြိုးတိုးတက်အောင်မြင်ရေးအတွက်လည်း
လုံးပမ်းတိုက်ခိုက်နေရသည်။
ပြီးခဲ့သည့် အာရှစီးပွားရေး
အကျပ်အတည်းကာလ (၁၉၉၈) အတွင်း
အာရှနိုင်ငံများ ရင်ဆိုင် ကြုံတွေ့ခဲ့ရသော
အခြေအနေက အနောက်ဥရောပနှင့်
အမေရိကန်နိုင်ငံတို့၏ နိုင်ငံတကာဘဏ္ဍာရေး
နှင့် စီးပွားရေးအပေါ်
မည်မျှကြီးစိုးလွှမ်းမိုးနိုင်စွမ်းရှိသည်ကို
ရောင်ပြန်ဟပ်ပြလျှက်ရှိသည်။ ထိုစဉ်က
အမေရိကန်နိုင်ငံ ဘရက်တန်ဝုဒ်အစည်းအဝေးမှ
မွေးထုတ်ခဲ့သော ကမ္ဘာ့ဘဏ်နှင့်
ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) ကြီးတို့၏
ခြယ်လှယ်မှုအောက်တွင် အင်ဒိုနီးရှား၊
ထိုင်းနှင့် ကိုရီးယားနိုင်ငံတို့၏ ဘာဏ္ဍာ
ရေးစနစ်များ ပြိုလဲသွားခဲ့ရပြီး၊
စီးပွားရေး ဖရိုဖရဲဖြစ်ကာ
နိုင်ငံရေးမတည်ငြိမ်မှုများ
ဖြစ်ထွန်းပေါ်ပေါက်ခဲ့ ရသည်။
ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင်
အမေရိကန်စီးပွားရေး
နှာစေးချောင်းဆိုးဖြစ်လျှင် အာရှ
စီးပွားရေးမှာ အဆုတ်အအေးမိကာ
ရင်ကြပ်ပန်းနာရောဂါအဖြစ်သို့
ကူးပြောင်းသွားတော့သည်။ ယခု ၂၀၀၈
ခုနှစ်တွင် အမေရိကန်ဘဏ္ဍာရေးနှင့်
စီးပွားရေး ကပ်ဆိုက်တော့မည့် အနေအထားသို့
ရောက် လာသည်နှင့် ၎င်း၏ဒဏ်ရာဒဏ်ချက်များကို
အာရှ၊ အာဖရိက၊ လက်တင်- အမေရိကနိုင်ငံများက
မလွှဲ မရှောင်သာစွာ ခါးစည်းပြီး
ခံကြရတော့မည်။ ဤသည်မှာ ကမ္ဘာ့ဘဏ္ဍာရေးနှင့်
စီးပွားရေးအဆောက် အအုံများကို
အမေရိကန်-ဥရောပ အကျိုးစီးပွား
ကာကွယ်ထိန်းသိမ်းရေးအတွက် ပုံစံချတည်ဆောက်
ထားခဲ့ကြ၍ပင်ဖြစ်သည်။ ယင်းသို့
ဘက်လိုက်မှုရှိစွာ မမျှမတ၊
အထက်စီးရယူထားသော နိုင်ငံတကာ ဘဏ္ဍာရေးနှင့်
စီးပွားရေးအဆောက်အအုံများ၏
ဖွဲ့စည်းပုံများ၊
ပြုပြင်ပြောင်းလဲရေးအတွက် အာရှ၊ အာဖရိက၊
လက်တင်-အမေရိကနိုင်ငံများအနေနှင့်
စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်ရမည့် ခေတ်
သဘောသို့ ရောက်ရှိနေပြီဖြစ်သည်။
အမျိုးသားစီးပွားရေး၊ လွတ်လပ်စွာ
ဖွံ့ဖြိုးတိုးတက်ရေးအတွက်
နိုင်ငံတကာအဖွဲ့အစည်းပုံစံများနှင့်
ဂလိုဘယ်အရင်းအနှီးများ၏
ခြယ်လှယ်လွှမ်းမိုးမှုအောက်မှ လွတ်
မြောက်ရေးမှာ ယနေ့ အရေးတကြီးဖြေရှင်းရမည့်
ပြဿနာများအနေအထားသို့ ရောက်ရှိလာလေပြီ။
ထိုသို့ ဘဏ္ဍာရေးနှင့် စီးပွားရေးအရ
လွတ်မြောက်ရေးတိုက်ပွဲ အတွေ့အကြုံများမှ
သွေး၊ ချွေး အရင်းအနှီးပေးခဲ့ရသော
သင်ခန်းစာများကိုလည်း လေ့လာပေါင်းချုပ်
သင်ခန်းစာထုတ်ကြရန် လိုအပ် ပါလိမ့်မည်။
အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲ၏
သင်ခန်းစာများမှ မည်သို့နည်း
(၁) ပညာတတ်များ မွေးထုတ်ရေး
အာရှတိုက်မှ
နယ်ချဲ့ဆန့်ကျင်ရေး-အမျိုးသားလွတ်မြောက်ရေး
လှုပ်ရှားမှုများကို ခေါင်းဆောင် သူ
အားလုံးနီးပါးမျှသည် ပညာတတ်များဖြစ်ကြသည်။
အိန္ဒိယမှ ဂန္ဒီ (Gandhi)၊ ပါကစ္စတန်မှ မိုဟာ
မက် အလီဂျင်းနား (Mohammad Aluminah)
နှင့် စင်ကာပူနိုင်ငံမှ လီကွမ်ယူး (Lee
Kuan Yew) တို့ သည် ဗြိတိသျှပညာရေးစနစ်က
မွေးထုတ်ပေးလိုက်သော
ရှေ့နေကြီးများဖြစ်ကြသည်။ ဖိလစ်ပိုင်
မျိုးချစ်သူရဲကောင်း ဂျိုဆေရီဇော်မှာ
ဆရာဝန်ကြီးတစ်ဦးဖြစ်၍ သူ၏ဆေးခန်းကို
မနီလာမြို့တော်တွင် ဖွင့်လှစ်ထားခဲ့သည်။
တရုတ်အမျိုးသားရေးလှုပ်ရှားမှုခေါင်းဆောင်
ဒေါက်တာ ဆွန်ယက်ဆင် (Dr. Sun Yat Sen) မှာ
ဗြိတိသျှတို့၏ ဟောင်ကောင်ဆေးတက္ကသိုလ်မှ
ဘွဲ့ရလာခဲ့သူတစ်ဦးဖြစ်သည်။ ဥက္ကဋ္ဌကြီးမော်
(Chairman Mao) သည်ပင်လျှင်
အထက်တန်းပညာများ ပြီးဆုံးအောင်
မသင်ကြားခဲ့ ရသည့်တိုင် ရာသက်ပိုင်
စွဲမြဲစွာ လေ့လာ စာရေး စာဖတ်ခဲ့သူတစ်ဦး
ဖြစ်သည်။
မြန်မာပြည်၏
နယ်ချဲ့ဆန့်ကျင်ရေး၊
အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ
ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းသည်
တက္ကသိုလ်ဘွဲ့ရ
ပညာတတ်တစ်ဦးဖြစ်ခဲ့ရုံမျှမက (တ၊က၊သ)
ဥက္ကဋ္ဌတစ်ဦးလည်း ဖြစ်သည်။
ကျောင်းသားခေါင်းဆောင်ဘ၀မှ
မျိုးချစ်လူငယ်များ၏
‘ဒို့ဗမာအစည်းအရုံး’သို့ ကူးပြောင်း ကာ
နိုင်ငံရေးခေါင်းဆောင်တစ်ဦး
ဖြစ်လာခဲ့ခြင်းဖြစ်သည်။
ချုပ်ကြည့်လျှင် ပညာရေးသည်
ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆေးဝါး၊
ယာဉ်ရထားတစ်စီး သာလျှင် ဖြစ်သည်။ ပညာရေးက
လူတို့၏ အသိအမြင်၊ မိုးကုပ်စက်ဝိုင်းကို
ချဲ့ထွက်ပေးနိုင်မည်။ ပညာ ရေးက
ခေါင်းဆောင်မှုအနုပညာမှ
တိုက်ပွဲနည်းနာများအထိ
ညွှန်ပြပေးနိုင်စွမ်းရှိသည်။ ပညာရေးက
တရားမှုနှင့် မတရားမှု၊
အမှားနှင့်အမှန်တို့ကို
ဝေဖန်ပိုင်းခြားနိုင်စွမ်း ရှိစေသည်။
ပညာတတ်မြောက်မှု ကြောင့်ပင် ကျွန်မှ
သခင်ဘ၀၊ ကိုလိုနီအဖြစ်မှ
လွတ်မြောက်မှုရလာခဲ့ကြခြင်းဖြစ်သည်။
ယနေ့ကဲ့သို့ အသိပညာများအလင်း
အလျင်နှုန်းဖြင့် ကမ္ဘာကြီးကို
လှည့်ပတ်နေသော ပညာခေတ်သမယမျိုးတွင်
အရာရာမှာ ပညာသာလျှင် အခရာဖြစ်ပါလိမ့်မည်။
(၂) လူထုအမြင်
အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ
အောင်ပွဲခံနိုင်ရေးအတွက် ‘ပညာ’နှင့်အတူ
ပူးတွဲလိုက်ပါ လာကြရမည်မှာ
‘လူထုအမြင်’သာဖြစ်သည်။
လူထုအမြင်ဆိုသည်မှာ ပြည်သူလူထု၏
ခံစားချက်၊ စဉ်းစားမှု အမြင်သဘောထားများကို
မလွဲမသွေ ရယူရေးပင်ဖြစ်သည်။ ပညာတတ်များသည်
စာအုပ် စာပေကိုသာ အလေးထားတတ်ကြပြီး
လူထုအမြင်ကို အလေးမထားတတ်ကြပေ။
သာမန်ပြည်သူလူထု များအနေနှင့်လည်း
ပညာတတ်များ အသည်းအသန်
ဆွေးနွေးငြင်းခုန်ကြလေ့ရှိသော သီဝရီ၊ သဘော
တရား အယူအဆများအပေါ် စိတ်ဝင်စားမှု
နည်းပါးလှသည်။ ဤ‘ပညာ’နှင့်
‘ပြည်သူ’ပြဿနာကို မှန်ကန်စွာ
မပြောင်းနိုင်ပါက တော်လှန်ရေးကို
အောင်ပွဲဆီသို့ ပို့ဆောင်ပေးနိုင်စရာ
အကြောင်းအချက် မပြည့်စုံနိုင်တော့ပေ။
တရုတ်ပြည်တော်လှန်ရေးကာလ ၁၉၂၁
ခုနှစ်က မော်စီတုံးသည်
တရုတ်ပြည်ကွန်မြူနစ်ပါတီ ထဲသို့
ဝင်ရောက်ခဲ့သည်။ ထိုစဉ်က
ယူနန်လယ်သမားသူပုန်ပေါက်စကို ပညာတတ်
ဗဟိုကော်မတီ အများစုက သဘောမကျကြပေ။
မော်စီတုံးကလည်း နိုင်ငံခြားပြန်
ပညာတတ်များ၏ သဘောတရား အယူအဆများကို
လက်မခံနိုင်ပေ။ ဆိုဗီယက်ပြန် ပညာတတ်
သဘောတရားဆရာများ၏ ပြည်ပမှ တင်သွင်းသော
လမ်းစဉ်လုပ်ငန်းများ၏ မှားယွင်းမှုကြောင့်
မော်စီတုံး၏ ကျင်ကန်းမန်း လယ်သမား အခြေခံ
တော်လှန်ရေးဒေသများ ဆုံးရှုံးပျက်စီးပြီး
ကမ္ဘာကျော်ခရီးရှည်ချီတက်ပွဲ (ဆုတ်ခွါမှု)
ကြီးကို ဆင်နွှဲခဲ့ရသည်။ ထိုစဉ်က
အောင်ပွဲခံခဲ့သော မော်စီတုံးလမ်းစဉ်
မော်-၀ါဒဆိုသည်မှာ အများစု ပြည်သူ
လူထုဖြစ်သော လယ်သမားများ၏ ဘ၀ပြဿနာ ခံစားမှု
လိုလားချက်များကို ဘဘောတရားဖြင့် ပေါင်း
စပ်ပုံဖော်ထားခြင်းဖြစ်သည်။ ထိုသို့
ပညာနှင့် ပြည်သူကို အနုပညာမြောက်စွာ
ပေါင်းစပ်ပေးနိုင်သဖြင့်
မော်စီတုံးအတွေးအခေါ်ဟူ၍ ဖြစ်လာပြီး
တရုတ်ပြည်တော်လှန်ရေး
အောင်ပွဲခံနိုင်ခဲ့ခြင်းဖြစ်သည်။
အာရှတိုက်၏ အတွေ့အကြုံအရ ပညာနှင့်
ပြည်သူ့ပြဿနာကို မှန်ကန်စွာ
မဖြေရှင်းနိုင်ခဲ့သဖြင့်
ကမ္ဘောဒီးယားတော်လှန်ရေး
ရှုံးနိမ့်ပြိုကွဲခဲ့ရခြင်းဖြစ်သည်။
လယ်သမားသူပုန်ခေါင်းဆောင် ခမာနီများ
အာဏာရလာချိန်မှာ ပညာတတ်များအပေါ်
အမြင်သဘောထားလွဲမှားကာ
နှိပ်ကွပ်သတ်ဖြတ်ခဲ့ကြ သဖြင့်
သန်းနှင့်ချီ၍ သေခဲ့ကြရသည်။
ခမာနီတော်လှန်ရေးလည်း
ပြိုကွဲပျက်စီးခဲ့ရသည်။ ထိုသည်မှာ အာရှ၏
သွေးနှင့်ရင်းနှီးရယူခဲ့ရသော
သင်ခန်းစာကြီး ဖြစ်ပေသည်။
(၃) ခေါင်းဆောင်မှုပြဿနာ
အာရှ၏နယ်ချဲ့ဆန့်ကျင်ရေး
အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအဆင့်
အသီးသီးတွင် ကြီးကျယ်ထင်ရှားသော
အမျိုးသားခေါင်းဆောင်ကြီးများ
နိုင်ငံအသီးသီးတွင် ပေါ်ထွန်းလာခဲ့ကြသည်။
အိန္ဒိယတွင် ဂန္ဒီ၊ ပါကစ္စတန်မှ ဂျင်းနား၊
တရုတ်ပြည်မှ မော်စီတုံး၊ အင်ဒိုနီးရှားမှ
ဆူကာနို၊ ဗီယက်နမ်မှ ဟိုချီမင်း၊
ဖိလစ်ပိုင်မှ ဂျိုဆေရီဇော်၊ မြန်မာပြည်မှ
ဗိုလ်ချုပ်အောင်ဆန်း စသည့်
အဆိုပါပုဂ္ဂိုလ်ကြီးများ
အမျိုးသားခေါင်းဆောင် ဖြစ်လာရသည့်
အဓိကအကြောင်းရင်းမှာ
မျိုးချစ်စိတ်ဓာတ်အခြေခံပေါ်တွင်
‘ပညာ’နှင့် ‘ပြည်သူ’ကို အနုပညာမြောက်စွာ
ပေါင်းစပ်နိုင်သောကြောင့်ဖြစ်သည်။
စင်ကာပူမှ
အမျိုးသားခေါင်းဆောင်ကြီး လီကွမ်ယူသည်
ကိန်းဘရစ်တက္ကသိုလ်မှ ဘွဲ့နှစ်ခုကို
ဂုဏ်ထူးဖြင့် ရယူအောင်မြင်ခဲ့သူဖြစ်၏။
ကိုရီးယားခါင်းဆောင်ကြီး ဆစ်ဂမန်းရီး (Sygman
Rhee)သည်လည်း ပရင်စတန်တက္ကသိုလ်မှ
ပါရဂူဘွဲ့ ရယူခဲ့သူတစ်ဦးပင်ဖြစ်သည်။
သူတို့သည် အဆင့်မြင့် ပညာရပ်များကို
လမ်းပေါ်မှ လူထုကြီး နားလည်အောင် ရှင်းလင်း
လှုံ့ဆော်စည်းရုံးနိုင်ခဲ့ကြသူများ
ဖြစ်ကြသည်။ ထို့အတူ မော်စီတုံးကလည်း
မာ့က်စ်ဝါဒကို တရုတ်လယ်သမားများ
နားလည်အောင်
ဘာသာပြန်ဆိုနိုင်စွမ်းရှိသူတစ်ဦး
ဖြစ်ခဲ့သည်။ အလားတူ ဗီယက်နမ်မှ ဟိုချီမင်း
(Ho Chi Min) နှင့် အင်ဒိုနီးရှားမှ
ဆူကာနိုတို့က ကိုလိုနီနယ်ချဲ့သမားဆိုသော
စကားလုံးကို ပြည်သူများနားလည်အောင်
စည်းရုံးလှုံ့ဆော်နိုင်စွမ်း ရှိခဲ့ကြသည်။
အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီး ဂန္ဒီ၏
အကြမ်းမဖက်ရေးလမ်းစဉ်ကြောင့် ပြည်သူလူထု
အနေဖြင့် လတ်တလော အကျိုးရလဒ်
မခံစားရသည့်အပြင် နယ်ချဲ့သမားတို့၏
ရိုက်နှက်၊ သတ်ဖြတ်၊
ထောင်ကျပင်ခံခဲ့ကြရသည်။ သို့သော် ဂန္ဒိ၏
စိတ်ဓာတ်ရေးရာ ကြီးကျယ်မြင့်မြတ်မှုက
ပြည်သူတစ်ရပ် လုံး၏ အသဲနှလုံးကို
သိမ်းကျုံးဆွဲဆောင် လွှမ်းမိုးနိုင်ခဲ့သည်။
ထို့ကြောင့်လည်း ဂန္ဒီ၏ ‘ဆားတိုက်ပွဲ’
နောက်သို့ အိန္ဒိယပြည်သူ သန်းငါးရာတို့
လိုက်ပါခဲ့ကြခြင်းဖြစ်သည်။
ခြုံ၍ပြောရလျှင် ‘ခေါင်းဆောင်မှု ပြဿနာ’ကို
အာရှတိုက်က ‘ပညာ’နှင့်
‘ပြည်သူ’ပေါင်းစပ်ခြင်းဖြင့်
ဖြေရှင်းခဲ့သည်။
(၄) ထက်သန်မြင့်မားသော
အမျိုးသားရေးစိတ်ဓာတ်
အာရှ၏ နယ်ချဲ့ဆန့်ကျင်ရေး၊
အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲသည်
ထက်သန်မြင့်မား သော အမျိုးသားရေးစိတ်ဓာတ်၏
တွန်းအားဖြင့် အောင်ပွဲဆီသို့
ရောက်ရှိခဲ့ခြင်းဖြစ်သည်။ အိန္ဒိယမှ ဂန္ဒီ၊
ဖိလစ်ပိုင်မှ ဂျိုဆေရီဇော်၊ မြန်မာပြည်မှ
ဗိုလ်ချုပ်အောင်ဆန်းတို့က
ထက်သန်မြင့်မားသော အမျိုးသား ရေး
စိတ်ဓါတ်ကို အသက်သွေးစတေးခံကာ စံပြနမူနာ
ပြသွားခဲ့ကြသည်။ အင်္ဂလန်ပြန် ဂန္ဒီသည်
ကိုလိုနီဘ၀ ကျရောက်နေသော အိန္ဒိယမှ
အဆင်းရဲဆုံး အနိမ့်ကျဆုံး
ပြည်သူများ၏ဘ၀ကို ဒိုတီ တစ်ထည်၊
မြက်ဖျာတစ်ချပ်၊
ဗိုင်းငင်ကိရိယာတစ်ခုဖြင့်
စံပြုသွားခဲ့သည်။ အိန္ဒိယလွတ်လပ်ရေးအတွက်
အင်္ဂလန်သို့ သွားရောက်ဆွေးနွေးရာတွင်
အပိုပစ္စည်းဟူ၍ ဂန္ဒီအတွက် ဆိတ်တစ်ကောင်သာ
ပါသွားခဲ့ သည်။ အလားတူ
မြန်မာလွတ်လပ်ရေးအတွက်
အင်္ဂလန်သို့သွားရာတွင် ထည်ဝါခန့်ညားစွာ
ဗိုလ်ချုပ် အောင်ဆန်း ၀တ်ဆင်ထားသော
ဂရိတ်ကုတ် (Great Coat) ကြီးမှာလည်း သူ၏
မြင်မကောင်းတော့ သည့်
ဖက်ဆစ်တော်လှန်ရေးကာလက စစ်ဝတ်စုံကြီးကို
နယူးဒေလီလေဆိပ်အတွင်း နေရူးက အတင်း
ချွတ်ခိုင်းကာ ချက်ချင်းချုပ်ပေးလိုက်သည့်
တစ်ခုတည်းသော ၀တ်စုံသာဖြစ်သည်။
စင်စစ်အားဖြင့် ထက်သန်မြင့်မားသော
မျိုးချစ်စိတ်ဓာတ်ဆိုသည်ကို
အာရှခေါင်းဆောင်များက အကြွင်းမဲ့
ကိုယ်ကျိုး စွန့်လွှတ်မှုစိတ်ဓာတ်ဖြင့်
အသက်ပေးပြသွားခဲ့ကြခြင်းသာဖြစ်သည်။
ထို့ကြောင့်လည်း ဂန္ဒီ၊ ဟိုချီမင်း၊
ဗိုလ်ချုပ်အောင်ဆန်းတို့လို
ပုဂ္ဂိုလ်များကို ပြည်သူတွေက မမေ့၊ အာရှက
မမေ့၊ ကမ္ဘာကြီးကလည်း မမေ့နိုင်ခဲ့ကြပေ။
မည်သို့ပင်ဖြစ်စေ
ယနေ့ကဲ့သို့သော
ကလိုဘယ်လိုက်ဇေးရှင်းခေတ်သမယမျိုးတွင်
အမျိုး သားရေး ပြဿနာအပေါ် မှန်ကန်စွာ
ကြည့်မြင်သဘောထားနိုင်ရေးမှာ
အရေးကြီးပါသည်။ အမျိုးသား ရေး
စိတ်ဓါတ်ဆိုသည်မှာ မီးကဲ့သို့ပင်
သုံးတတ်လျှင် အကျိုးရှိ၍ မသုံးတတ်လျှင်
အန္တရယ်အတိရှိတတ် ကြပါသည်။ အထူးသဖြင့်
အမျိုးသားရေးကို လူမျိုးရေး၊
ဘာသာရေးတို့နှင့် ဒွေးရောယှက်တင်
မပြုမိရန် ဆင်ခြင်သင့်ပါသည်။ ဂန္ဒီကို
လုပ်ကြံသတ်ဖြတ်ခဲ့သူမှာ ကျဉ်းမြောင်းသော
လူမျိုးရေးသမား၊ ဘာသာ ရေး
အယူသီးသူတစ်ဦးဖြစ်ပါသည်။ ထို့ပြင် ၁၉၅၆
ခုနှစ်တွင် သီရိလင်္ကာသမ္မတကြီး ကုမာရတွန်ဂါ
(Kumara Tunga) ၏ ဖခင်၊ ကွယ်လွန်သူ
ဝန်ကြီးချုပ် ဆော်သမွန် ဘန္ဒရာနာကား (S.Bandaranaike)
က ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ၊
ဆင်ဟားလိခ် (Sinhalene) ဘာသာစကားကို
ရုံးသုံးဘာသာ စကားအဖြစ် အသိအမှတ်ပြုရန်
ဆုံးဖြတ်ခဲ့သည်။ ယင်း၏အကျိုးဆက်အဖြစ်
ဆယ်စုနှစ်တစ်ခုအတွင်း မှာပင် တမီးလ်ကျား
(Tamil Tiger) သူပုန်တို့၏
အမျိုးသားတော်လှန်ရေးတစ်ရပ်၊
သီရိလင်္ကာနိုင်ငံ တွင်
ပေါက်ကွဲပေါ်ထွက်လာတော့သည်။ အာရှတို့၏
အတွေ့အကြုံအရ အမျိုးသားရေးလှုပ်ရှားမှုကို
ကျဉ်းမြောင်းသော မျိုးချစ်စိတ်၊
လူမျိုးရေးစိတ်၊
ဘာသာရေးယုံကြည်မှုတို့နှင့် မရောထွေးဘဲ
သီးခြားစီ ခွဲတန့်ထားသင့်ပါသည်။
တစ်ချိန်တည်းတွင်
ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်၏
ဖြစ်ထွန်းတိုးတက်မှု ခရီးစဉ်တစ်လျှောက်တွင်
အမျိုးသားရေးပြဿနာက အတားအဆီး
အဟန့်အတားတစ်ရပ် ဖြစ်လာစေ ရန်သာမက၊
ပေါင်းကူးတံတား ဖြစ်လာစေရန်အထိ အာရှက
ဝိုင်းဝန်းကြိုးပမ်းကြရန် လိုအပ်ပါလိမ့်
မည်။
နှစ်ပေါင်း (၁၁၀)
တိုင်ခဲ့ပြီဖြစ်သော အာရှ၏
နယ်ချဲ့ဆန့်ကျင်ရေးနှင့်
အမျိုးသားလွတ်မြောက် ရေး သမိုင်းစဉ်က
အစဉ်တစိုက်၊ အလေးအနက်ပြုကာ
လေးစားလိုက်နာအပ်သော သင်ခန်းစာ (၄)ရပ်ကို
ထိုသို့ ထုတ်နှုတ်ပေါင်းချုပ်ပေးခဲ့ပြီ
ဖြစ်ပါသည်။ ၎င်းတို့မှာ -
(၁) ပညာတတ်များ
မွေးထုတ်ပါ (၂) လူထုအမြင်
စိုက်ထူပါ (၃) ခေါင်းဆောင်မှုကို
ထူထောင်ပါ (၄) အမျိုးသားရေး
အလေးဂရုပြုပါ
၂၁ ရာစုတွင်
အာရှတိုက်အနေနှင့် အမျိုးသားရေးမှသည်
ဒီမိုကရေစီရေးနှင့်
ဖွံ့ဖြိုးရေး လမ်း ကြောင်းအတိုင်း
ချီတက်လိုက်ပါကြရဦးမည် ဖြစ်ပါသည်။
ဤခရီးစဉ်တွင်လည်း အမျိုးသားလွတ် မြောက်ရေးတိုက်ပွဲက သွေး၊ ချွေး၊ အသက်များစွာ
စတေး၍ ရယူခဲ့ရသော သင်ခန်းစာများမှာ
ဆက်လက်အသုံးဝင် ရှင်သန်နေဦးမည်သာ
ဖြစ်ပါသည်။ ယခုအခါ နယ်ချဲ့ကိုလိုနီဆက်ဆံရေးတို့ ခေတ်ကုန်
တိမ်ကောသွားသည့်တိုင် ဖွံ့ဖြိုးပြီးနှင့်
ဖွံ့ဖြိုးဆဲတို့အကြား
ဈေးကွက်အရင်းအနှီးနှင့်
နည်း ပညာကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော
အကျိုးစီးပွားခွဲဝေမှုဆိုင်ရာ
တန်းတူရေးနှင့် တရားမျှတရေး တိုက်ပွဲက
ဆက်လက်တည်ရှိနေဦးမည်သာ ဖြစ်သည်။
အာရှတိုက်အနေနှင့်
ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်သမယတွင်
ပေါ်ပေါက်လာမည့် တိုက်ပွဲပုံစံသစ်များကို
သမိုင်းက အမွေပေးခဲ့သည့် သင်ခန်းစာ များကို
ဆုပ်ကိုင်ရင်း စည်းလုံးညီညွတ်စွာ
ရင်ဆိုင်နိုင်ရန် အသင့်ပြင်ထားဖို့
အထူးလိုအပ်နေချိန်ဖြစ် သည်။
Ref: Asiaweek June- 1998
x x x x x
စိုးဌေး
စံပယ်ဖြူ မဂ္ဂဇင်း၊ အမှတ် (၁) ဇန်နဝါရီ၊
၂၀၀၉ စာမျက်နှာ (၂၁၄- ၂၁၉)
|