ပြည်သူသာအမိ ပြည်သူသာအဖ

အဖွင့်စာမျက်နှာ သမိုင်းအကျဉ်း ဖွဲ့စည်းပုံစည်းမျဉ်း တပ်ပေါင်းစုရေးရာ ဆက်သွယ်ရန်

 

 
 

တန်ရဲ့လား

            တစ်နေ့က စာသင်ခန်းထဲတွင် ဆရာဒေါက်တာရဲမြင့်ကျော်(စာရေးဆရာ လင်္ကာရည်ကျော်)က ကျွန်တော်တို့ကို ပြောသွားသည်။ စာမတတ်လို့ကတော့ ခြောက်လထပ်နေလိုက်၊ တန်ပါတယ်တဲ့။ လူ့အသက်ပေါင်းများစွာကို စိတ်ချယုံကြည်စွာ အပ်နှံနိုင်ဖို့ အရည်အချင်းပြည့်မီရေးအတွက် နောက် ထပ် ခြောက်လ၊ တစ်နှစ် ဘာပဲဖြစ်ဖြစ် လူ့အသက်တွေထက်စာလျှင်တော့ တန်ပါသည်တဲ့။ “တန်ရဲ့လား” ဆိုသည့်စကားက ကျွန်တော့်အတွက် တွေးစရာ ဖြစ်လာသည်။

            ကျွန်တော့်သူငယ်ချင်းတစ်ချို့ကတော့ ဆန့်ကျင်ဘက်ပင်။ ဘာပဲဖြစ်ဖြစ် စာမေးပွဲအောင် သွားဖို့ အရေးကြီးသည်။ နောက်ထပ် ထပ်နေရလို့ကတော့ မတန်ဘူးတဲ့။ တန်တယ်ဆိုတဲ့ စကားလုံး က ကျွန်တော့်ဦးနှောက်ကို လာဆွနေသည်။

            ဤနေရာတွင် တန်သည်ဆိုသည့် စကားလုံးသည် အတူတူပဲဖြစ်လိမ့်မည်။ ကျွန်တော့် သူငယ်ချင်းအချို့နှင့် ကျွန်တော်တို့ ဈေးတန်တယ်ဆိုသည့်အသုံးအပေါ် နားလည်မှုလွဲမှားခြင်း မဟုတ် တန်ရာ။ ကျွန်တော်က ဈေးတန်တယ်ဆိုသည်ကို သင့်လျော်သော ဈေးနှုန်းဟု ယူဆ၍ ပြောခြင်းဖြစ် သော်လည်း သူတို့က(စစ်ကိုင်းဘက်က သူငယ်ချင်းတွေ) ဈေးကြီးသည် ယူဆခြင်းဟူ၍ ကွဲပြားကြ သည်မဟုတ်လား။ ခုတော့ အတူတူပဲ ဖြစ်ပါလိမ့်မည်။

            သို့အတွက်ဆိုလျှင် ဘာ့ကြောင့် ဤမျှ ခြားနားနေရသနည်း။ ဆရာ ဆက်ပြောသွားသော စကားတစ်ခွန်းကြောင့်ပင် ကျွန်တော်တို့ ဆက်စပ်၍ရသွားသည်။ “မင်းတို့တွေ မရင့်ကျက်ကြသေးဘူး။ ဆရာဝန်တစ်ယောက်ဖြစ်ဖို့ အသက်အရွယ်နဲ့ အထိုက်အလျောက်လည်း မင်းတို့ မရင့်ကျက်ကြဘူး။ မင်းတို့ဟာ ငါတို့တုန်းကလို အခက်အခဲတွေနဲ့ ရင်မဆိုင်ခဲ့ရလို့နဲ့တူတယ်”။

            ကျွန်တော်တို့မမွေးခင် အချိန်လေးအတွင်းမှာ ဆရာဝန်ဖြစ်လာသူ ဆရာနှင့် ထိုအချိန် လွန်မှ မွေးဖွားလာကြသူ ကျွန်တော်တို့၏ မျိုးဆက်ကွားခြားချက် ဤမျှ များပြားနေပြီလားဟု ကျွန်တော် တွေးမိသည်။

            မည်သည့်အရာပင်ဖြစ်စေ တစ်ခုခုဖြစ်လာစေရန်အတွက် ပြုလုပ်မှုတစ်ခု၊ အပြုခံရသူနှင့် အားပေးသော အခြေအနေ သုံးခုစလုံးညီညွတ်မှသာ ဖြစ်ပေါ်နိုင်သည်။ ကျွန်တော်တို့၏ ရင့်ကျက်မှု တွေ အားပျော့သွားရသော အကြောင်းအရင်းကကော။

            ရင့်ကျက်မှုကို အတွေ့အကြုံများ ရရှိခြင်းမှတဆင့် ဆင်ခြင်သုံးသပ်မှသာ ရရှိနိုင်သည်။ ကျွန်တော်တို့ အတွေ့အကြုံ နည်းနေ၍လား။ လမ်းစဉ်ပါတီခေတ် ဖြတ်သန်းခဲ့ရသော ဆရာတို့နှင့် စာလျှင် ကျွန်တော်တို့က ပြည့်စုံမှုရှိနေသည်။ သို့သော်လည်း ခေတ်ကာလ ကြမ်းတမ်းမှုတစ်ခုတည်း ကိုသာ တွက်ရပါမူ ကျောက်ခေတ်လူသားသည်သာ အရင့်ကျက်ဆုံး ဖြစ်သွားနိုင်သည်မဟုတ်လား။ ကျွန်တော်တို့၏ ဉာဏ်ရည်ရင့်ကျက်မှုအတွက် စာအုပ်များက ထိုခေတ်ကထက် ညံ့နေ၍လား။ ကျွန်တော့်တစ်ဦးတည်းသဘောအရသော် ဟုတ်သည်ဟုသာ ဖြေချင်သည်။ စဉ်းစားစရာဝေးသော စာအုပ်များက နည်းနေသလားလို့။ ရှိနေသည်များကလည်း ကျွန်တော်တို့လို အများစုဖြစ်သော အလယ်အလတ် လူတန်းစားတွေနှင့် မဆက်စပ်မိသော အင်တာနက်တွေ ဘာတွေ ချီးမွမ်းခန်းတွေ ဖြစ်နေသည်။ ဖြစ်ပျက်ပြီးသွားသော အခြေအနေတွေကို ပြန်သုံးသပ်ပြသော စဉ်းစားစေသော သမိုင်း စာအုပ်များ လိုနေသည်။ ဟိုးရှေးရှေးက သမိုင်းတွေအပြင် ကျွန်တော်တို့မမှီခဲ့သော ကွန်မြူနစ် ဒီမို ကရေစီ ဆိုရှယ်လစ်တွေနှင့် နောက်ဆုံး ကျွန်တော်တို့မွေးစက ဖြစ်ပွားခဲ့သော အရေးအခင်းကြီး အကြောင်းလည်း သတင်းအချက်အလက် မှန်မှန်ကန်ကန် ပြည့်ပြည့်စုံစုံနှင့် သုံးသပ်ချက်တွေ အကျယ်တ၀င့် ဖတ်ချင်သေးသည်။

            ကျွန်တော်တို့ကိုယ်တိုင်ကလည်း များစွာ အားနည်းနေခဲ့သည်။ အလွတ်ကျက် အောင်မြင် လာတာတွေက များနေသလားလို့ စဉ်းစာမိသည်။ မစဉ်းစားတော့ဘဲ တစ်ပွဲတိုးတွေနှင့် တက်လာခဲ့သူ တွေက ပိုများနေလောက်သည်။ ကျက်ပြီးရင်းကျက်နေပြီး မစဉ်းစား၊ ဆရာတွေကလည်း စဉ်းစားစေ ခြင်းထက် စာမေးပွဲအောင်မြင်ရေးကိုသာ အဓိကထား သင်နေကြသည် ထင်သည်။ တစ်ခုပိုဆိုးသွား စေတာက ရှစ်တန်းအထိသာ သမိုင်းကို သင်ယူခဲ့ရသော သိပ္ပံတွဲ သမားတွေအနေနှင့် သမိုင်းဆိုတာ မအအောင် သင်ခန်းစာယူရအောင် ဆိုတာတွေ ဘာမှမသိနိုင်တော့။ သမိုင်းကြောင်းကိုတောင် ကောင်းကောင်းသိကြတော့မည်မထင်။ အပြင်စာအုပ်တွေကလည်း ကျောင်းပညာရေးကို ထိခိုက်စေ သည်ဟူသော မိဘ၊ ဆရာနှင့် ကျောင်းသားတွေကိုယ်တိုင်ဆီမှာ စွဲကပ်နေသည်မဟုတ်လား။

            ခေတ်က တိုးတက်မှုက အလှမ်းကွာဟနေသည်ဖြစ်ရာ မမီသည့်ပန်းကို လှမ်းမျှော်ရင်း ပင်ပန်းဆင်းရဲစွာ ရုန်းကန်နေကြရမှုများကလည်း လူသည် စီးပွားရေးသတ္တ၀ါဟုသာ ဖြစ်သွားစေ တော့သည်။ တချို့ကလည်း စားဝတ်နေရေးကြောင့် ပင်ပန်း၊ တချို့ကလည်း ဇိမ်ခံပစ္စည်းတွေအတွက် ပင်ပန်းဆိုတော့ အချိန်သည် ရှားပါးစာရင်း ၀င်လာသည်။ အချိန်ရပြန်တော့လည်း ပင်ပန်းမှုအရှိန် ကြောင့် အားစိုက်၍ဖတ်ရသော စာများထက် ပေါ့ရွှတ်ရွှတ် ဖျော်ဖြေရေးစာအုပ်တွေနှင့် အခြား ဖျော်ဖြေရေး စာအုပ်တွေဘက်သာ လှည့်ကုန်ကြတော့သည်။ ပြည့်စုံသူများကျတော့လည်း ဂိမ်းတွေ၊ ချက်တွေနှင့် အချိန်ဖြုန်းနေကြတာကိုတော့ စဉ်းစားလို့မရတော့။

            အထက်ပါ အခြေအနေများကြောင့်ပင် စဉ်းစားရာ၌  စီးပွားရေးအခြေပြု စဉ်းစားနည်းကို အသုံးပြုလာကြသည်။ ငွေရေးကြေးရေးကို ဦးတည်လုပ်ကိုင်လာကြသောအခါ တန်ရဲ့လားဆိုသည်ကို စည်းစိမ်တွေ၊ ငွေတွေနှင့်သာ တွက်ကြတော့သည်။ မိမိ၏အခြေအနေ၊ ဖြစ်ပေါ်လာမည့် အကျိုးဆက် ကို မစဉ်းစားတော့။ ပြီးတော့ End Justifies the mean ဆိုတာရဖို့ဆိုလျှင် ဘာပဲဖြစ်ဖြစ် လုပ်မည်၊ ရဖို့ အဓိကဆိုသော ၀ါဒတွေ ခေတ်စားလာတော့သည်။ ကိုယ်နှင့်မဆိုင်လျှင် အေးရာအေးကြောင်းဟုသာ နေတတ်လာကြတော့သည်။

            “တို့ခေတ်တွင်မှ ညံ့ကြတော့မှာလား၊ တို့ဗမာ၊ တို့ဗမာ မဟုတ်လေသလား” ဟုပင် တို့ဗမာ သီချင်းလေးကို ညည်းနေလိုက်ချင်တော့သည်။

            ဒါတွေက တန်ရဲ့လားဆိုတာကနေ ဆက်စပ်တွေးမိသွားတာပါ။ ဖတ်မိတဲ့သူအတွက်ကော တန်ရဲ့လားမသိပါဘူး။ အဲဒီတော့ တန်သွားအောင် တစ်ပုဒ်ထဲနှင့်ပင် တန်သည့် တို့ဗမာအစည်းအရုံး၏ တိုက်တွန်းချက်ကို ထည့်ပေးလိုက်ပါသည်။

            “တို့ဗမာအစည်းအရုံး၏တိုက်တွန်းချက်”

            လိမ္မာသည်ဆိုခြင်းမှာ သူရဲဘောနည်းခြင်း၊ ကြောက်ခြင်း၊ သွေးမရှိခြင်း၊ သတ္တိနည်းခြင်း၊ ဒူးတုန်ခြင်း၊ တကိုယ်ကောင်းဆန်ခြင်း၊ အမေနှင့်ငါ မာလျှင်ပြီးရောဆိုသော စိတ်ရှိခြင်း၊ ကိုယ့်ကိုယ် ကိုမှ ကိုယ်မှတ်တတ်ခြင်း၊ ကိုယ့်အိမ်ကိုမှ အိမ်မှတ်တတ်ခြင်း၊ ကိုယ့်အကျိုးစီးပွား တစ်ခုထဲကိုသာ ကြည့်ခြင်း၊ ရှေ့လာမည့်ဘေးကို စည်းလုံး၍ ခုခံရမှန်းမသိခြင်း ဖြစ်ပါမူ အို... အချင်းတို့၊ ငါတို့သည် မလိမ္မာလိုပါ။ မိုက်သာမိုက်လိုပါ၏၊ ငါတို့အား မိုက်ခွင့်ပြုကြပါကုန်။ ငါတို့ မိုက်ပါရစေ။

#####

ဘုန်းနေသစ်

အတွေးအမြင် စာစဉ် (၁၈၄) ဇူလိုင်၊၂၀၀၇
စာမျက်နှာ (၁၅၂- ၁၅၄)

 


လတ်တလော လုပ်ငန်းစဉ်နှင့် အထွေထွေ နိုင်ငံရေးသဘောထား

 

အလုပ်သမား၊ လယ်သမားကဏ္ဍ

 

အမျိုးသမီးနှင့် လူငယ်ကဏ္ဍ

 

 
 

 

Copyright © 2007 Democratic Party for a New Society. All Rights Reserved.