|
ကောင်းမွေများ၍ ဆိုးမွေနည်းစေ
တိုင်းပြည်နှင့် လူမျိုးကို
ချစ်မြတ်နိုးဖို့လိုသလား။
လူရယ်လို့ဖြစ်လာလျှင် စားဝတ်နေရေး ပြေ
လည်ဖို့ ကိုယ့်မိသားစု ပျော်ပျော်ရွှင်ရွှင်
နေထိုင်နိုင်ဖို့ ကြိုးစားအလုပ်လုပ်ရမယ်။
နောင်ဘ၀မှာ ယခု ထက် ပိုပြီး
သာလွန်ကောင်းမွန်တဲ့ ဘ၀သစ်ရရှိဖို့
ကုသိုလ်ကောင်းမှုတွေ ပြုရမယ်။ ဒါဆိုရင်
ဘ၀ရဲ့ အဓိပ္ပါယ် ပြည့်စုံပြီပေါ့ဟု
သာမာန်လူအများက ယုံကြည်ကြသည်။
ထိုယုံကြည်ချက် မမှားချေ။ လူတစ် ယောက်၏
အခြေခံလိုအပ်ချက်ကို
လက်ခံယုံကြည်ခြင်းဖြစ်၍
မှားယွင်းခြင်းမရှိချေ။
သို့သော် လူ့ဘ၀၏ အဓိပ္ပါယ်သည် ထိုမျှနှင့်
ပြီးပြည့်စုံပြီဟု မဆိုအပ်ပေ။ လူသည်
တစ်ဦးချင်း သဘောဆောင်သော်လည်း
ကမ္ဘာပေါ်တွင် မိမိနှင့် မိမိ၏
ဆွေမျိုးသားချင်းတစ်စုသာ နေထိုင်နေကြခြင်း
မဟုတ်ပေ။ လူသည် အခြားသော လူများနှင့်
သတ္တ၀ါအမျိုးမျိုးတို့နှင့်
တစ်ဆက်တစ်စပ်တည်း ရောနှော
နေထိုင်လျက်ရှိသည်။ ထို့ကြောင့် လူသည်
မိမိ၏ လူ့အဖွဲ့အစည်းဝင် အချင်းချင်းနှင့်
မိတ်ဖက်သတ္တ၀ါ များနှင့် သဟဇာတဖြစ်အောင်
ကြိုးစားနေထိုင်ကြရသည်။
စိတ်တူကိုယ်တူရှိသော မျိုးနွယ်တူများ
စုပေါင်းနေထိုင်ကြခြင်းဖြင့်
တိုင်းပြည်နိုင်ငံများဟူ၍ ပေါ်ပေါက်လာခဲ့ရာ
မိမိ မှီတင်းနေထိုင်သော တိုင်းပြည်၏
အရိပ်အာဝါသသည်
ဆွေရိပ်မျိုးရိပ်ပင်ဖြစ်သည်။ မိမိ၏
အရင်းအချာဆွေမျိုး သားချင်း များကို
ချစ်တတ်လျှင် ကိုယ့်တိုင်းပြည်
ကိုယ့်လူမျိုးကို ချစ်တတ်ဖို့
မခဲယဉ်းပါချေ။
သို့သော် ထိုသို့ အသိတရားမထားတတ်လျှင်
သာမန်လူအများသည် တစ်ကိုယ်ကောင်းစိတ် ၏
စေ့ဆော်ချက်ဖြင့် တိုင်းပြည်နှင့်
လူမျိုးဆိုသည်ကို မေ့လျော့နေတတ်ကြသည်။
မည်သည့်အချိန်မျိုး တွင် သိသာသနည်းဆိုသော်
တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက်
မိမိတစ်ဦးချင်း၏ အကျိုးစီးပွား
အနည်းငယ်မျှကို အထိပါးခံရမည့်
အနေအထားမျိုး ကြုံရချိန်များတွင်
ဖုံးမနိုင်ဖိမရ ပေါ်လာလေ့ရှိသည်။
ကိုယ့်တိုင်းကိုယ့်ပြည်
ကိုယ့်လူမျိုးဆိုသော အသိကို
တိုင်းတစ်ပါးသို့ ရောက်နေချိန်တွင် ပို၍
နှလုံးသွင်းမိတတ်ကြသည်။ “နီးတကျက်ကျက်
ဝေးတသက်သက်” ဟူသော စကားအတိုင်းပင် ကိုယ့်
တိုင်းပြည်မှ အဝေးသို့ ရောက်နေသူများသည်
အိမ်လွမ်းစိတ် ပိုဖြစ်ပေါ်တတ်ကြသည်။
နိုင်ငံရပ်ခြား တိုင်းတစ်ပါးတွင်
ဘယ်နိုင်ငံကလဲ၊ ဘာလူမျိုးလဲဟူသော
မေးခွန်းနှင့် မကြာခဏ ကြုံကြရမည် ဖြစ်
သည်။ ထိုအခါ မိမိ ဘာလူမျိုးလဲဆိုသည့်
အမှတ်အသား(identity)ကို မပြောမဖြစ်
ပြောကြလေသည်။ ယင်းသည် ကိုယ့်လူမျိုး
ဂုဏ်သိက္ခာကျဆင်းမည်စိုးသော
စိတ်ကလေးကြောင့် ဖြစ်ရကား အမျိုးသား
သံယောဇဉ်၏ ကောင်းသော ရလဒ်တစ်ခုဟု
ဆိုနိုင်ပေသည်။
အချို့ကမူ မိမိလူမျိုးအမှတ်အသားကို
ပြောလိုက်လျှင် အထင်အမြင်သေးခံရမည် စိုး၍
လှီးလွှဲ ပြောဆိုတတ်ကြသည်။ ယင်းသည်
ကိုယ့်အကျိုး ထိခိုက်မည်စိုးသောကြောင့်
ဖြစ်ရကား ကောင်းသော နမူနာ မဖြစ်နိုင်ချေ။
လူမျိုး၏ ဂုဏ်သတင်း(reputation) ဟူသည်
နေ့ချင်းညချင်း ဖြစ်ပေါ်လာခြင်းမဟုတ်ပေ။
နှစ်ကာလများစွာ အစိုင်အခဲဖြစ်ပြီးမှ
အထင်သေးစရာ အထင်ကြီးစရာ ထုနှင့်ထည်နှင့်
ပေါ်ထွက်လာ ခြင်းဖြစ်သည်။ မိမိတစ်ဦးတည်း
တစ်ယောက်ထဲ၏ လုပ်ရပ်ကြောင့်
လူမျိုး၏ဂုဏ်သတင်း ကောင်းခြင်း ဆိုးခြင်း
မဖြစ်နိုင်သော်လည်း ယနေ့မျက်မှောက်ကာလ
လူအများက ဖန်တီးခဲ့သော ဂုဏ်သတင်း သည်
နောက်မျိုးဆက်များအတွက်
ကောင်းမွေသော်လည်းကောင်း၊
ဆိုးမွေသော်လည်းကောင်း ဖြစ် ပေမည်။
သို့ဖြစ်ရာ မျက်မှောက်ခေတ်ကို
ကိုယ်စားပြုသူများအနေဖြင့်
ကောင်းမွေများများ ထားနိုင်ခဲ့ ကြဖို့
တာဝန်ရှိကြောင်း အလေးအနက် ခံယူအပ်ကြသည်။
သို့မဟုတ်ပါက နောင်လာနောက်သားများ က
ကျွန်ုပ်တို့၏ အုတ်ဂူကို တံတွေးနှင့်
ထွေးကြလိမ့်မည်။
အတွေးအမြင်စာစဉ် (၁၈၂) မေ၊ ၂၀၀၇
|