|
နဂါးနီစာအုပ်အသင်းနှင့် ရှေ့ပြေးအသင်း
(၁၉၃၇ ခု၊ နိုဝင်ဘာလတွင်
နဂါးနီစာအုပ်အသင်းကို စတင်ဖွဲ့စည်းခဲ့ရာ
ယခုအခါ နှစ် ၇၀ တင်း တင်းပြည့်လေပြီ။
သို့ဖြစ်၍ မြန်မာလွတ်လပ်ရေးသမိုင်းဝင်
နဂါးနီစာအုပ်အသင်း ပေါ်ပေါက် လာပုံ နှင့်
နဂါးနီ ရှေ့ပြေးအသင်းအကြောင်းကို
အတွေးအမြင်က ဂုဏ်ပြုဖော်ပြ လိုက်ပါသည်။)
နဂါးနီစာအုပ်အသင်းသည်
ကိုလိုနီခေတ်က ပေါ်ပေါက်ခဲ့သော အထင်ကရ
စာအုပ်အသင်း ဖြစ်သည်။ ကျွန်တော်သည်
နဂါးနီစာအုပ်အသင်းကို များစွာစိတ်ဝင်စားသူ
ဖြစ်သည်။ ကျွန်တော်တို့ အိမ်တွင်
နဂါးနီစာအုပ်များနှင့် မြန်မာပြည်
စာအုပ်ဖြန့်ချိရေးတိုက်မှ
စာအုပ်များရှိပါသည်။ မှန်သည်။
ကျွန်တော်တို့၏ ကျေးဇူးရှင် ဖခင်ကြီးသည်
နဂါးနီစာအုပ်အသင်းဝင်တစ်ယောက် မဟုတ်ပါလော။
နဂါးနီစာအုပ်အသင်းသည်
မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုတွင်
အရေးပါသော အခန်း ကဏ္ဍ တစ်ခုအဖြစ်
ပါဝင်ခဲ့သည်။ ထိုစဉ်အခါက ကမ္ဘာတွင်
ပေါ်ပေါက်နေသော နိုင်ငံရေး၊ စီးပွားရေး၊
လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသော
စာပေနယ်များနှင့် မြန်မာ
တိုင်းရင်းသားလူငယ် တို့ကို
ဆက်သွယ်ပေးခဲ့သော စာအုပ်အသင်းဖြစ်သည်။
နဂါးနီစာအုပ်အသင်း ပေါ်ပေါက်လာခြင်းသည်
မြန်မာစာပေတွင် အလှည့်အပြောင်း တစ်ရပ်
ဖြစ်ပါသည်။
ဗမာပြည်သည် ... တို့ပြည်
ဗမာစာသည် ... တို့စာ
ဗမာစကားသည် ... တို့စကား
တို့ပြည်ကို ... ချစ်ပါ
တို့စာကို ... ချီးမြှင့်ပါ
တို့စကားကို ... လေးစားပါ
(မူရင်းသတ်ပုံ အတိုင်း)
၁၉၃၇ ခုနှစ် နိုဝင်ဘာလတွင်
နဂါးနီစာအုပ်အသင်းကို စတင်ဖွဲ့စည်းသည်။
ဗွေဆော်ဦး ထုတ်သော စာအုပ်မှာ
“သူပုန်ဆရာကြီး ဦးလွန်း”
(သခင်ကိုယ်တော်မှိုင်း) အတ္ထုပ္ပတ္တိ ဖြစ်သည်။
ရေးသားသူမှာ တက် ဘုန်းကြီး သိန်းဖေမြင့်
(နောင်သိန်းဖေမြင့်) ဖြစ်သည်။
မြို့မဆရာဟိန်က တည်းဖြတ်သည်။
ဒီးဒုတ်ဦးဘချို နှင့် မြို့မဆရာဟိန်တို့က
ဖြည့်စွက်ရေးသားသည်။ ဒုတိယစာအုပ်မှာ
ဖေဘီယန် ဦးဘခိုင်၏ “မြန်မာပြည်
နိုင်ငံရေး ရာဇ၀င်” ဖြစ်သည်။
ထို့နောက် နိုးကြားရေးစာအုပ်
စာတမ်းများ တရစပ် ထုတ်ဝေသည်။
ဂျိုဆေရီဇော်၊ ဆိုရှယ်လစ်ဝါဒ၊
ပြည်သူ့အာဏာနှင့် ပြင်သစ်အရေးတော်ပုံ၊
ဗမာ့အရေး၊ လူမွဲတို့၏ ထွက်ရပ်လမ်း၊
ကမ္ဘာ့သေမင်း၊ ကျွန်ုပ်နှင့်
မိုက်ကယ်ကောလင်း၊ ဂျပန်သူလျှို၊
ပန်းသာမစာဥ၊ လီနင်၊ လူ၊ လင်ကွန်း၊
ဂန္ဓာလရာဇ်၊ ဇနီးမောင်နှံ ရာသက်ပန်၊
ပဲရစ်အရေးတော်ပုံ၊ အိုင်းရစ်အရေးတော်ပုံ၊
အိုင်းရစ်အာဇာ နည်၊ ဟိုအရေးသည်အရေး၊
ကမ္ဘာစစ်နှင့်ဗမာ စသည်တို့ဖြစ်သည်။
ကိုလိုနီ အမှောင်ခေတ်က ပြည်သူ လူထုကို
အလင်းရောင်ပေးခဲ့သော စာအုပ်များပါတကား။
ထို့ပြင်
စနေနဂါးနီဂျာနယ်ကိုလည်း
အပတ်စဉ်ထုတ်ဝေခဲ့သည်။
သက်တမ်းလေးနှစ်တာ အချိန် အတွင်း
စာအုပ်စာတမ်း ခြောက်ဆယ်ကျော် ထုတ်ခဲ့သည်။
မနည်းမနောပါတကား။
နဂါးနီစာအုပ်အသင်းသည်
နောင်အခါ နဂါးနီစာအုပ်တိုက် လီမီတက်အဖြစ်
ပြောင်းလဲဖွဲ့စည်း လိုက်သည်။ ထိုအခါ
နဂါးနီမှ ဦးထွန်းအေးသည် ခွဲထွက်သွားသည်။
မြန်မာပြည်စာအုပ်ဖြန့်ချိရေးတိုက် ကိုလည်း
တည်ထောင်သည်။ နဂါးနီကဲ့သို့ပင်
နိုးကြားရေးစာအုပ်စာတမ်းများ ထုတ်ဝေသည်။
ပွဲဦးထွက်စာအုပ်မှာ သခင်ကိုယ်တော်မှိုင်း၏
သခင်ဋ္ဋီကာ ဖြစ်သည်။
ခေတ်ပညာတတ်
မျိုးချစ်လူငယ်များသည် နဂါးနီနှင့်
မြန်မာပြည် စာအုပ်ဖြန့်ချိရေး
စာအုပ် များကို သဲသဲမဲမဲ လေ့လာဖတ်ရှုကြသည်။
နဂါးနီစာအုပ်အသင်းဝင်ပေါင်း
ထောင်ချီရှိသည်။ အသင်းဝင်ရော၊ အသင်း
ဝင်
မဟုတ်သူများပါ ထွက်သမျှစာအုပ်များကို
ပြိုက်ကနဲ ကုန်အောင်
ဝယ်ယူဖတ်ရှုကြသည်။
နဂါးနီကျေးဇူးကြောင့် ပြည်သူလူထု
နိုးကြားလာသည်။ နိုင်ငံရေးအမြင်
ကျယ်လာသည်။ စာပေဗဟုသုတ တိုးတက်လာသည်
မဟုတ်ပါလော။
၁၉၃၈ - ၃၉ ခုနှစ်သည်
နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားရေး
ကြိုးပမ်းမှုများ အရှိန်အဟုန် အပြင်းထန်ဆုံး အတက်ကြွဆုံး အချိန်ကာလဖြစ်သည်။
၁၃၀၀ ပြည့်နှစ် အရေးတော်ပုံကြီးကို
အောင်အောင်မြင်မြင် စည်းစည်းလုံးလုံး
ဆောင်ရွက်နိုင်သည်မှာ
တို့ဗမာအစည်းအရုံးနှင့်
နဂါးနီ၏ ကျေးဇူးကြောင့် ဟုဆိုလျှင် မှားမည်
မဟုတ်ပေ။
ထိုအချိန်က အာရှတွင်
ဂျပန်ဖက်ဆစ်တို့၏ အမြောက်သံများ
ကြားနေရသည်။ မကြာမီ ဒုတိ ယ ကမ္ဘာစစ်မီး
အာရှသို့ ကူးစက်လာသည်။
မြန်မာနိုင်ငံသို့လည်း ပြန့်နှံ့လာသည်။
အင်္ဂလိပ်နယ်ချဲ့ တို့ ထွက်ပြေး သွားသည်။
ဂျပန်ဖက်ဆစ်တို့သည် ရက်စက်ကြမ်းကြုတ်စွာ
စိုးမိုးအုပ်ချုပ်သည်။ သုံးနှစ်ကြာပါတကား။
နဂါးနီလည်း
ငုပ်လျှိုးပျောက်ကွယ်သွားလေသည်။
သို့သော် နဂါးနီ၏
သြဇာအရှိန်အ၀ါကား ကျဆင်းမသွားပေ။
တလူလူမြင့်တက်နေသည်။ နဂါးနီ တိုက်ထုတ်
နိုးကြားရေးစာအုပ်စာတမ်းများကို
လက်စွဲပြု၍ နိုင်ငံရေးသင်တန်းများပေးသည်။
၁၉၄၅ ခုနှစ်၊ မတ်လတွင် ဂျပန်ဖက်ဆစ်တို့ကို
တော်လှန်သည်။ အောင်မြင်သည်။
စစ်ကြီးပြီးနောက်
အင်္ဂလိပ်နယ်ချဲ့တို့ ပြန်လည်ဝင်ရောက်လာသည်။
စက္ကူဖြူစီမံကိန်းဖြင့် အုပ်ချုပ်မည်ဟု
ကြေညာသည်။ ပြည်သူလူထုတစ်ရပ်လုံး
မခံမရပ်နိုင်ဖြစ်ကာ အုံကြွလာသည်။ ဖဆပလ
အဖွဲ့ချုပ်က ဦးစီးပြီး ပြင်းပြင်းထန်ထန်
ဆန့်ကျင်ကန့်ကွက်သည်။
အထွေထွေသပိတ်ကြီး မှောက်သည်။ အင်္ဂလိပ်
အုပ်ချုပ်ရေးယန္တယားတစ်ခုလုံး
ရပ်ဆိုင်းသွားသည်။ နဂါးနီတန်ခိုးနှင့်
အမျိုးဂုဏ်တက်စေသည် မဟုတ်ပါလော။
နဂါးနီစာအုပ်အသင်းသည်
ခေတ်စမ်းစာပေ လှုပ်ရှားမှုနှင့် မတူပါ။
ဆက်နွယ်မှုလည်း မရှိပါ။ ခေတ်စမ်းက
နဂါးနီထက်စောသည်။ သို့သော်
နောက်ပိုင်းတွင် ခေတ်ပြိုင်ဖြစ်လာသည်။
နဂါးနီက ခေတ်စမ်းထက် သြဇာအရှိန်အဝါ
ပိုမိုကြီးမားသည်။ ပြည်သူလူထုနှင့်
ပိုမိုရင်းနှီးသည်။ ခေတ်စမ်းကို
ဦးဖေမောင်တင်က ဦးဆောင်သည်။ နဂါးနီကို
မှိုင်းသခင်များက ဦးစီးသည်။ နဂါးနီက
အမျိုးသား နိုင်ငံရေးကို ဦးထိပ်ထားသည်။
မျိုးချစ်စာဆိုကြီး
သခင်ကိုယ်တော်မှိုင်းကို
ဝန်းရံပြီး
နယ်ချဲ့ဆန့်ကျင် သည်။ ခေတ်စမ်းက
ဦးဖေမောင်တင်ကို ဗဟိုပြုပြီး
လှုပ်ရှားသည်။ လူချင်းလည်း ကွဲပြား၊
ရည်ရွယ်ချက်ခြင်းလည်း ခြားနားပါသည်။
နဂါးနီစာအုပ်အသင်း
မပေါ်ပေါက်မီက အမျိုးသားပညာရေးကို
အခြေခံသော စာအုပ်အသင်း တစ်သင်း
ရှိခဲ့ဖူးပါသည်။ “မြန်မာစာပေ စင်ကြယ်ရေး
အဘွဲ့” ဟု ခေါ်သည်။ ၁၉၃၆ တွင် ပေါ်ပေါက် သည်။
ဥက္ကဌ သခင်ကိုယ်တော်မှိုင်း၊ အတွင်းရေးမှူး
အမျိုးသားမောင်သိန်းမောင်တို့ ဖြစ်သည်။
နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်လပ်ရေး
တို့ကို ရည်ရွယ်သည်။
ကမ္ဘာတွင် တိုးတက်နေသော
တိုင်းပြည်များကို ကြည့်ပါ။ တက်လူ
လူငယ်များက ရှေ့ဆောင် ရှေ့ရွက်
လုပ်နေကြသည်ကို တွေ့ရသည်။ ထိုလူငယ်များသည်
အဘယ်ကြောင့် ရှေ့ဆောင်ရှေ့ရွက် လုပ်နိုင်ကြသနည်း။ ပညာအခြေခံရှိသောကြောင့် ဖြစ်သည်။
ပညာရေးကား နိမ့်ကျလွန်းလှပါတကား။
ကျောင်းသင် ခန်းစာများမှာ အချိန်ကုန်
လူပင်ပန်း အကျိုးမရှိ၊ သာဓကမှာ
မြန်မာရာဇ၀င်ဖြစ်သည်။ မြန်မာရာဇဝင်ဆရာတို့
ရေးသားသော မြန်မာရာဇဝင်များကို မသင်ရ။
စစ်နိုင်သူ နိုင်ငံခြားသား မျက်နှာ ဖြူတို့
တောရမ်းမယ်ဖွဲ့ ရေးသားထားသော
မြန်မာရာဇဝင်စာအုပ်များကိုသာ
ပြဌါန်းထားသည်။ မြန်မာတို့
ဝံသာနုစိတ်ဓာတ်
နိမ့်ကျပြီး ကျွှန်တွင်းမှ
မလွတ်မြောက်နိုင်အောင်ဖြစ်၏။ ကျွှန်တွင်းမှ
လွတ်မြောက်နိုင်ရန် နည်းလမ်းမှာ
ပညာရေးဖွဲ့ဖြိုးမှ ဖြစ်မည်။ ထို့ကြောင့်
ခေတ်နောက်ကျပြီး နိမ့်ကျ နေသော
ကျောင်းသုံးစာအုပ်များကို
ပြန်လည်ဆန်းစစ်ရမည်။
ပြုပြင်ပြောင်းလဲရမည်ဟု ဆိုသည်။
ရည်ရွယ်ချက် မြင့်မားလှပါတကား။
မြန်မာစာပေ စင်ကြယ်ရေးအဖွဲ့၏
ကြွေးကြော်သံမှာ တို့ဗမာအစည်းအရုံးက
စွဲကိုင်ခဲ့သော ကြွေးကြော်သံပင်ဖြစ်သည်။
ဗမာပြည်သည် ... တို့ပြည်
ဗမာစာသည် ... တို့စာ
ဗမာစကားသည် ... တို့စကား
တို့ပြည်ကို ... ချစ်ပါ
တို့စာကို ... ချီးမြှင့်ပါ
တို့စကားကို ... လေးစားပါ
(မူရင်းသတ်ပုံ အတိုင်း)
မြန်မာစာပေစင်ကြယ်ရေးအဘွဲ့
ဖွဲ့စည်းရသည့် အကြောင်းရင်းများကိုလည်း
ထုတ်ပြန် ကြေညာသည်။ အနှစ်ချုပ်မှာ -
(က) ကျောင်းသင်ခန်းစာအဖြစ်
အသုံးပြုထားသော စာအုပ်စာတမ်းများကို
စင်ကြယ်အောင် ဆန်းစစ်ရန်၊
(ခ) နိုင်ငံခြားသားတို့
ရေးသားထားသော ခေတ်သုံး
စာအုပ်စာတမ်းများကို ဘာသာပြန်ဆို
ရိုက်နှိပ် ထုတ်ဝေရန်၊
(ဂ) မြန်မာစာ မြန်မာစကားကို
နေရာမရွေး အသုံးပြုရန်၊ မလွှဲသာမှ
မျိုးကွဲဘာသာစကားကို အသုံးပြုရန်၊
ဟူ၍ဖော်ပြထားသည်။
မြန်မာစာပေ စင်ကြယ်ရေးအဘွဲ့၏
မူဝါဒလမ်းညွှန်ချက်များသည်
ခေတ်ရှေ့ပြေးနေပါ တကား။ နဂါးနီစာအုပ်အသင်း၏
လုပ်ငန်းလမ်းညွှန်ချက်များနှင့် နီးစပ်သည်။
နဂါးနီစာအုပ်အသင်း သည် ဤလမ်းညွှန်ချက်များကို ပီပီပြင်ပြင်
အကောင်အထည်ဖော်နိုင်ခဲ့သည်။ အောင်မြင်သည်။
မြန်မာစာပေ
စင်ကြယ်ရေးအဖွဲ့သည် အောင်မြင်ခဲ့သည်ကိုကား
ကောင်းစွာမသိရပေ။ ဥက္ကဌ သခင်ကိုယ်တော်မှိုင်း အတ္ထုပ္ပတ္တိကို
အမျိုးသားမောင်သိန်းမောင်က ရေးသားခြင်း၊
အသင်း၏ ရည်ရွယ် ချက်များ၊
မူဝါဒလမ်းညွှန်ချက်များ
ထုတ်ပြန်ကြေညာခြင်းနှင့် ခွေးဂဏ္ဍီ နှစ်တွဲ
ထုတ်ဝေခဲ့ခြင်း တို့ကိုသာ တွေ့ရ၏။
သုတေသနလုပ်ရန် လိုပါသေးသည်။
သို့သော်
မြန်မာစာပေစင်ကြယ်ရေးအဘွဲ့သည်
နောက်မှပေါ်ပေါက်လာသော နဂါးနီစာအုပ် အသင်း
အပေါ်တွင် များစွာ သြဇာလွှမ်းမိုးခဲ့သည်။
သာဓကအဖြစ် အနည်းငယ် တင်ပြလိုပါသည်။
မြန်မာစာပေ စင်ကြယ်ရေးအဘွဲ့သည်
စာဆိုကဝိကြီး သခင်ကိုယ်တော်မှိုင်း
အတ္ထုပ္ပတ္တိကို ခွေးဂဏ္ဍီ ပထမတွဲတွင် ဗွေဆော်ဦး ဖော်ပြခဲ့သည်။ နဂါးနီစာအုပ်အသင်းကလည်း
သခင်ကိုယ်တော်မှိုင်း အတ္ထုပ္ပတ္တိကို
ဗွေဆော်ဦး ထုတ်ဝေခဲ့ သည်။ ထို့ပြင်
မြန်မာစာပေ စင်ကြယ်ရေးအဘွဲ့၏
နိုင်ငံခြားသား တို့ ရေးသားထားသော
ခေတ်သုံးစာအုပ် စာတမ်းများကို
ဘာသာပြန်ရိုက်နှိပ်ထုတ်ဝေရန် ဟူသော
လမ်းညွှန်ချက်ကို နဂါးနီက အကောင်အထည်ဖော်ခဲ့သည် မဟုတ်ပါလော။
ထို့ကြောင့် မြန်မာစာပေ
စင်ကြယ်ရေးအဘွဲ့၏ အလံကို
နဂါးနီစာအုပ်အသင်းက လက်ဆင့် ကမ်း
သယ်ယူခဲ့သည်။ အမွေဆက်ခံခဲ့သည်ဟုဆိုလျှင်
မှားမည်မဟုတ်ပေ။ တစ်နည်းအားဖြင့်
နဂါးနီစာအုပ်အသင်း ၏ ရှေ့ပြေးအသင်းမှာ
မြန်မာစာပေ စင်ကြယ်ရေးအဘွဲ့ ဟု
ဆိုနိုင်ပါသတည်း။
.........................
မောင်မောင်အေး (စစ်ကိုင်း) |