|
စူပါ ပါဝါတို့ရဲ့ မဟာဗျူဟာအရွှေ့အပြောင်းများ
(ငွေကြေးဈေးကွက် မဟာဗျူဟာများ)
၁။ ။
အမေရိကန်ငွေကြေးဈေးကွက်နဲ့ ဘဏ်စနစ်တွေပြိုကျမယ့်
အရိပ်အယောင်များကို ၂၀၀၇ ခုနှစ်၊ နှစ်လယ်လောက်ကတည်းက သတိပြုမိခဲ့ကြတယ်လို့ ငွေးကြေးနဲ့
ဘဏ်စနစ်ကျွမ်းကျင်သူ ပညာရှင်များက
နောက်ကြောင်းပြန်ခဲ့ကြပါတယ်။ ဒါပေမယ့်
ဒီအခြေအနေဖြစ်ပေါ်မှုကို အမေရိကန် အစိုးရရော
ငွေကြေးဈေးကွက်နဲ့
ဘဏ်လုပ်ငန်းများမှာ တာဝန်ရှိကြတဲ့ လူပုဂ္ဂိုလ်နဲ့
အဖွဲ့အစည်း တွေကပါ ဖုံးဖိထားခဲ့ကြတယ်လို့ဆိုပါတယ်။
ဒါပေမယ့် ၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့မှာ
တော့ ဖုံးဖိထားလို့မဖြစ်နိုင်တော့တဲ့
ဖြစ်ရပ်တစ်ခု ပေါ်ထွက်လာခဲ့ပါတော့တယ်။ ဒါက
အမေရိကန်မှာ အကြီးဆုံး ဘဏ္ဍာရေးကုမ္ပဏီကြီး(တစ်ခု)
ဖြစ်တဲ့ Lehman Brothers Co ကြီး ပြိုလဲပြီး
ဒေဝါလီ ခံလိုက်ရတဲ့ ဖြစ်ရပ်ပါပဲ။ ဒီအဖြစ်အပျက်က
ကမ္ဘာ့ငွေကြေးဈေးကွက်ကြီးတစ်ခုလုံးကို ကပြောင်းကပြန် ဝရုန်းသုံးကား ဖြစ်သွားစေခဲ့ပါတယ်။
ဒီအဖြစ်အပျက်က ကမ္ဘာ့ ငွေကြေးဈေးကွက်နဲ့
ဒီဈေးကွက်တွေကို ကျောထောက်နောက်ခံပြုပေးနေတဲ့
ဘဏ်ကြီးများရဲ့ငွေကြေးလည်ပတ်မှုစနစ် ကိုပါ
ပြင်းပြင်းထန်ထန် ထိုးနှက်ခဲ့ပါတော့တယ်။
ကမ္ဘာ့ငွေကြေးဈေးကွက်ဆိုတာ
စတော့နဲ့ ရှယ်ယာတွေ၊
ငွေကြေးအာမခံစာချုပ်တွေကို ရောင်းဝယ်နေတဲ့ ဈေးကွက်ပါ။ ငွေကြေးဈေးကွက် ဆိုတာ
ဂလိုဘယ်အရင်းရှင်စနစ်ရဲ့ အသက်ဗူး ပါ ။
မာ့က်စ်ဝါဒီများ၊ အထူးသဖြင့် မာ့က်စ်က
အရင်းရှင်စနစ်ဖြစ်ပေါ်တိုးတက်မှု
အမြင့်ဆုံးအဆင့်ကို ရောက်လာတဲ့အခါ ငွေဟာ
အရင်းရှင်စနစ်အတွက် အရေးလည်းပါ၊
အဆုံးအဖြတ်လည်းကျတဲ့ ရောင်းကုန်ပစ္စည်း Commodity
တစ်ခုဖြစ်လာ လိမ့်မယ်လို့
ပြောခဲ့ပါ တယ်။
ဒီဖြစ်ပေါ်တိုးတက်မှုဟာ
အရင်းရှင်ကုန်ထုတ်စနစ်ရဲ့ တည်ငြိမ်မှုကို
အမြဲတမ်း ခြိမ်းခြောက် နေတဲ့
အကြောင်းရပ်ဖြစ်နေလိမ့်မယ် လို့လည်း မာ့က်စ်က
မှတ်ချက်ပေးခဲ့ဖူးပါတယ်။
၁၉၂၉/၃၀ မှာ ဒီလိုငွေကြေးဈေးကွက်
ပြိုကျမှုကြီးဖြစ်ပေါ်ခဲ့ဖူးပါပြီ။ ၁၉၂၉/၃၀ ကမ္ဘာ့
စီးပွားပျက်ကပ်ကြီးက ကမ္ဘာကြီးကို
ဒုတိယကမ္ဘာစစ်ကြီးထဲ ဆွဲသွင်းခဲ့ပါတယ်။
အခုဖြစ်ပေါ်ခဲ့တဲ့ ကမ္ဘာ့ငွေကြေး အကျပ်အတည်းဟာ
၁၉၂၉/၃၀ ငွေကြေးအကျပ်အတည်းထက် ပိုမိုနက်ရှိုင်းပြီး၊
အပြန့်ကျယ်တယ် လို့ ပညာရှင်များက ခန့်မှန်းကြပါတယ်။ ဖူကူးယားမားနဲ့
သူလိုပညာရှင်များက အခုဖြစ်ပေါ်တဲ့ Monetary Crisis
ဟာ သက်ချာဝါဒ၊ ရီဂင်ဝါဒနဲ့ အမေရိကန်ပုံစံ
အရင်းရှင်စနစ်
နိဂုံးချုပ်တာပဲလို့ ပြောလာခဲ့ကြပါတယ်။
ခေတ်မီချင်ရင်၊ ဖွံ့ဖြိုးတိုးတက်ချင်ရင် အမေရိကန်ပုံစံအရင်းရှင်စနစ် လမ်းကြောင်းကိုလိုက်၊
ရွှေရောင်ကိုယ်ကြပ်အင်္ကျီ ဝတ်ကြလို့ ဖရိုက်ဒ်မင်းက
လှုံ့ဆော်ခဲ့ဖူးပါတယ်။ Globalization ဆိုတာ
Americanization ပါပဲလို့ သူက ပြောင်ပြောင်ပဲ
ပြောခဲ့ပါတယ်။ ဒီလိုဆိုရင်
အမေရိကန်ငွေကြေးဈေးကွက် ပြိုကျမှုဟာ US- Model
Capitalism အရေးနိမ့်မှုလား ဆိုတဲ့ မေးခွန်းတွေ
ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်။ တစ်ဖက်မှာလည်း
ရုရှားနဲ့ တရုတ် ပုံစံ အရင်းရှင်စနစ်
(အစိုးရကခေါင်းဆောင်တဲ့ အရင်းရှင်စနစ်ပုံစံ) ဟာ
ကမ္ဘာကြီးအတွက် ထွက်ပေါက်လား ဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်နေပါတယ်။ တရုတ်ကတော့
သူ့စီးပွားရေး ပုံစံကို
တရုတ်မျက်နှာနဲ့ ဆိုရှယ်လစ်စနစ် (Socialism with
Chinese Characteristic) လို့ ပြောခဲ့ ဖူးပါတယ်။
ဒီအကြိမ် ငွေကြေးဈေးကွက် ပြိုကျမှုဟာ အမေရိကန်
အိမ်အပေါင်ခံငွေချေးလုပ်ငန်းတွေ
အဆမတန်ကြီးထွားလာပြီး၊
ဈေးကွက်ပေါက်ကွဲမှုကြီး ဖြစ်လာခဲ့တာပါ။
အမေရိကန်နိုင်ငံရေး သမားတွေနဲ့ စီးပွားရေးသမားတွေ
လက်ဝါးရိုက်ပြီး
အိမ်ပေါင်ခံငွေကြေးဈေးကွက်ကြီးကို
အထိန်းအကွပ်မဲ့ ကြိုးလွှတ်ထား ရာကနေ
ခုလိုအကျိုးဆက်ကြီး ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။
အခုလို အိမ်ပေါင်ခံငွေကြေးဈေးကွက်ကို အထိန်းအချုပ်မရှိ လွှတ်ထားတော့
အိုးသစ် အိမ်သစ်တွေ အများကြီး ဆောက်လုပ်လာခဲ့ကြတယ်။
၂၀၀၆ ထဲရောက်တော့ ဝယ်အားထက် ရောင်းအားက
ပိုလာပါတော့တယ်။ အဲဒီအချိန်မှာ အမေရိကန်ဟာ
အာဖဂန်နဲ့ အီရတ်စစ်ပွဲ စစ်အသုံး စရိတ်တွေကြောင့်
ဘတ်ဂျက်မှာလိုငွေပြမှု အရမ်းကြီးလာပါတယ်။
ပြည်ပချေးငွေကလည်း ၁၀
ထရီလီယံလောက် ရှိနေခဲ့ပါတယ်။ နိုင်ငံရဲ့
ငွေပေးငွေယူမှုရှင်းတမ်းမှာ လိုငွေပြနေတာကြောင့်
အတိုးနှုန်းတွေကို မြှင့်လိုက်ရပါတယ်။
ချေးငွေအတိုးနှုန်း မြင့်လာတော့ ငွေတိုးမကိုက်ဖြစ်လာရပြန်ပါ တယ်။
ဒီအခြေအနေကြောင့် ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေက
ရင်းနှီးမြှုပ်နှံထားတဲ့ အရင်းအနှီးတွေ ကို
ပြန်ရုပ်ပြီး ရေကြည်ရာမြက်နုရာ ထွက်ခွာခဲ့ကြပြန်ပါတယ်။ ဒီလိုနဲ့
ပြည်တွင်းရင်းနှီးမြှုပ်နှံမှုတွေ
ကျဆင်းလာခဲ့ပြန်ပါတယ်။ ဈေးကွက်ထဲမှာ ပိုလျှံနေတဲ့
အိမ်ရာတွေဟာ ရောင်းမထွက်တော့ပါဘူး။ အပေါင်ဆုံးတဲ့
အိမ်တွေ သန်းနဲ့ချီပြီးရှိလာခဲ့ပါတယ်။
အိမ်ရာမြေဈေးကွက်စပြိုတော့ အိမ်ပေါင်ခံ ချေးငွေလုပ်ငန်းကပါ လိုက်ပါပြိုလဲခဲ့ရပါတယ်။ အိမ်ပေါင်ခံချေးငွေလုပ်ငန်း ပြိုကျတော့ ရင်းနှီး မြှုပ်နှံထားတဲ့ ဘဏ္ဍာရေးလုပ်ငန်းကြီးတွေ
၂၀၀၈ နှစ်ဦးလောက်ကစပြီး အခြေယိုင်လာခဲ့ရပါတော့ တယ်။
Bear Stem ဘဏ္ဍာရေးကုမ္ပဏီ အခြေယိုင်သွားလို့ J.P.
Morgan ကုမ္ပဏီက ဝယ်လိုက်ရပါ တယ်။ A.I.G
အာမခံကုမ္ပဏီကို အစိုးရက အရေးပေါ်ချေးငွေ ၈၅
ဘီလီယံပေးပြီး ပြိုလဲမယ့် အန္တရာယ်ကို ကာကွယ်ခဲ့ရပါတယ်။ Lehman Brothers
ကုမ္ပဏီ ဒေဝါလီခံလိုက်ရတာဟာ ကမ္ဘာ့ ဘဏ္ဍာရေးဈေးကွက်ကို
အကြီးအကျယ်ဂယက်ရိုက် သွားခဲ့ပါတယ်။ အကြီးဆုံး
Stock and Share Market ဖြစ်တဲ့ Dow Jones နဲ့
NYSE ဈေးကွက်တွေ ထိုးကျသွားခဲ့ရပါတယ်။
ဒါရဲ့အကျိုးဆက်က ဥရောပနဲ့ အာရှပစိဖိတ်ငွေကြေးဈေးကွက်တွေပါ ဆက်ပြီးပြိုလဲသွားခဲ့ရပါတယ်။
ဒီအထဲမှာ ဒီအကျပ်အတည်းဒဏ်ကို ပြင်းပြင်းထန်ထန် အရိုက်ခံလိုက်ရတာကတော့
ဥရောပနိုင်ငံများပဲ ဖြစ်ပါတယ်။ ဒီနိုင်ငံတွေဟာ
အမေရိကန်နဲ့ များပြားလှတဲ့ ငွေကြေးနဲ့ ကုန်သွယ်မှုဆက်ဆံရေးများ ရှိခဲ့တာကြောင့်လည်း
ဖြစ်ပါတယ်။
မျက်မှောက်ငွေကြေးဈေးကွက်ပြိုကျမှုကို
ကျားကန်ပေးဖို့ အမေရိကန်ဒေါ်လာဘီလျံ ၇၀၀၊
ဥရောပသမဂ္ဂက ယူရို ဘီလျံ ၅၀၀၊ တရုတ်ကဒေါ်လာဘီလျံ ၆၀၀
နီးပါး၊ ရုရှားက ဘီလျံ ၁၅၀၊ အိန္ဒိယက ၎
ဘီလျံသုံးစွဲဖို့ လျာထား ထားကြပါတယ်။
ဒီငွေကြေးများနဲ့ လဲပြိုသွားတဲ့ ကုမ္ပဏီများကို
ကျားကန်ပေးဖို့၊ အလုပ်အကိုင်အသစ်များ
ဖန်တီးပေးဖို့ ရည်မှန်းထားကြပါတယ်။
ဒီငွေကြေး ဈေးကွက်များပြိုကျမှုဟာ အရှေ့အလယ်ပိုင်း၊
အာရှနဲ့ ပစိဖိတ်ဒေသများကိုပါ စတင် ဂယက်ရိုက်
ခတ်လာနေပြီဖြစ်ပါတယ်။
ဒါကြောင့် ကမ္ဘာ့စီးပွားရေးရဲ့၈၅ ရာခိုင်နှုန်းကို
ကိုယ်စားပြုထားတဲ့ G7 နဲ့ G20
အဖွဲ့ဝင်နိုင်ငံများရဲ့
အစည်းအဝေးများ ခေါ်ဆိုတွေ့ဆုံကြပြီး၊
ငွေကြေးဈေးကွက်များ ပုံမှန် လည်ပတ်နိုင်မယ့်
ကုထုံးများရှာဖွေညှိနှိုင်းခဲ့ကြပါတယ်။
၂။ ။ အမေရိကန်သမ္မတဘုရှ်ဟာ
သူ့ဒုတိယသမ္မတသက်တမ်းအတွင်းမှာ အရှုံးကြီး
၎ မျိုးနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ပြည်တွင်းအာဘော်ပိုင်းက ဝေဖန်ယူဆခဲ့ကြပါတယ်။ ပထမအရှုံးကတော့
ဘယ်လိုခေတ်မီလက်နက်မျိုးမှ သုံးစွဲခြင်းမရှိတဲ့ ၉/၁၁ တိုက်ခိုက်မှုကြီးကို ခံလိုက်ရတဲ့ အရှုံးပါ။
ဒီအရှုံးဟာ စူပါပါဝါဆိုတဲ့ အမေရိကန်ရဲ့ပုံရိပ်ကို
အကြီးအကျယ် ထိပါးရိုက်ခတ်စေတဲ့ အရှုံးပါ။
ဒီအရှုံးကြောင့် အမေရိကန်ဟာ ဆောက်တည်ရာမရဖြစ်ပြီး
ဒုတိယအရှုံးဖြစ်လာမယ့် အီရတ်စစ်ပွဲကို ကမူးရှူးထိုး
ဆင်နွှဲခဲ့ပါတယ်။ အာဖဂန်နဲ့ အီရတ်စစ်ပွဲများအတွက်
ဒေါ်လာဘီလျံထောင်ချီ ကုန်ကျခံ ခဲ့ရပြီး
နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာ
အမေရိကန်နိုင်ငံရဲ့ ကောင်းမြတ်တဲ့ပုံရိပ်ကို
ဆုံးရှုံးစေခဲ့ ပါတယ်။
ဖျက်အားပြင်းလက်နက်တွေရှိလို့ တိုက်ရပါတယ်ဆိုတဲ့
အကြောင်းပြချက်ကို သက်သေ မပြနိုင်ခဲ့တာကြောင့်
အိမ်ဖြူတော်ကဆင်းခါနီးမှာ ဒီအကြောင်းပြချက်ဟာ
မမှန်ပါဘူး၊ I am sorry လို့ ဘုရှ်က
ဝန်ခံခဲ့ရပါတယ်။ တတိယအရှုံးကတော့ အဆုံးအဖြတ်မကျတဲ့
စစ်ပွဲတွေနဲ့ နပန်းလုံး နေချိန်မှာ ကတ်ထရီနာ
မုန်တိုင်းဒဏ်ကို ခံလိုက်ရတာပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သမ္မတရွေးချယ်ပွဲမှာ ရီပတ်ဘလီကင်
သမ္မတလောင်းကို အမေရိကန်ပြည်သူတွေက
ငြင်းပယ်ခဲ့တာမှာ ကတ်ထရီနာ မုန်တိုင်းက
အရေးပါတဲ့ အကြောင်းအချက်တစ်ခုဖြစ်ပါတယ်။ အမေရိကန်အစိုးရဟာ
ဒီမုန်တိုင်းကြီး အတွင်း အမေရိကန်မဲဆန္ဒရှင်ပြည်သူများရဲ့အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုကို
လုံလုံလောက်လောက် အကာအကွယ်မပေးနိုင် ဖြစ်ခဲ့ရပါတယ်။
စတုတ္တအရှုံးကတော့ ၂၀၀၆ ခုနှစ်လယ်လောက်ကတည်းက
စတင်ဖြစ်ပေါ်လာနေခဲ့တဲ့
အမေရိကန်ငွေကြေးဈေးကွက်ပြိုကျမှုကို
ကြုံတွေ့လိုက်ရတာပဲဖြစ်ပါတယ်။
ဒီငွေကြေးဈေးကွက်ပြိုကျမှုဟာ
အမေရိကန်နိုင်ငံတစ်နိုင်ငံတည်းနဲ့သာ ဆိုင်တာမဟုတ်ပါ ဘူး။
Global Economic Network ထဲမှာ ချိတ်ဆက်မိနေကြတဲ့၊
အထူးသဖြင့် ခေတ်မီဖွံ့ဖြိုးပြီး
ဖွံ့ဖြိုးဆဲနိုင်ငံအများစုကြီးရဲ့
ပစ္စက္ခစီးပွားရေးဘဝကိုပါ
အကြီးအကျယ် ရိုက်ခတ်လာနေတာ ဖြစ်ပါ တယ်။
ဒီရိုက်ခတ်မှုဟာ ကမ္ဘာ့နိုင်ငံအသီးသီးက
တာဝန်ရှိတဲ့ခေါင်းဆောင်များရဲ့
နိုင်ငံရေးအရ တည်တံ့မှုကိုပါ
ခြိမ်းခြောက်လာမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးဆိုတာ စီးပွားရေး ကို
စုစည်းဖေါ်ပြတာဖြစ်တယ် လို့ဆိုကြတာကြောင့်ပါ။
(၃/၁၁/၂၀၀၈) ထုတ်တဲ့ IHT မှာ
သမိုင်း ပညာရှင်စာရင်းပေါက်သူ ၁၀၉ ဦးနဲ့
တွေ့ဆုံပြီး ဘုရှ်နဲ့ ဟိုစဉ်က သမ္မတများကို
နှိုင်းယှဉ်လေ့လာတဲ့ စစ်တမ်းတစ်ခုကို ဖေါ်ပြခဲ့ပါတယ်။
အဲဒီစစ်တမ်းမှာ ပညာရှင် ၆၀ ရာခိုင်နှုန်းက ဘုရှ်ဟာ
အညံ့ဆုံး သမ္မတပဲလို့ မှတ်ချက်ပေးကြပါတယ်။ ပညာရှင် ၉၀
ရာခိုင်နှုန်းက ဘုရှ်လက်ထက်မှာ (အမေရိကန် ဟာ
အရာရာဆုံးရှုံးခဲ့ရတယ်) လို့မှတ်ချက်ပေးခဲ့ကြပါတယ်။
အမေရိကန်နိုင်ငံ ခုလို အထီးကျန်ဖြစ်ခဲ့ ရတာဟာ
ဘုရှ်ကြောင့်ပါပဲလို့ ဆိုခဲ့ကြပါတယ်။
၂၀၂၅ ကမ္ဘာရဲ့လားရာ၊
အသွင်ပြောင်းလာနေတဲ့ ကမ္ဘာတစ်ခု Trend 2025: A
Transformed World ဆိုတဲ့ စစ်တမ်းကို
အမေရိကန်ထောက်လှမ်းရေးအဖွဲ့အစည်းက
ပူးတွဲ ထုတ်ပြန်ခဲ့ပါတယ်။ လာမယ့်၂၀၂၅ ခုနှစ်မှာ
ကမ္ဘာကြီး ဟာ အမေရိကန်ကိုယ်စားပြုတဲ့
ဝန်ရိုး တစ်ခုတည်း ကမ္ဘာအဖြစ်ကနေ တရုတ်၊ အိန္ဒိယနဲ့
ဥရောပသမဂ္ဂတို့ ကိုယ်စားပြုတဲ့ ဝန်ရိုးစုံကမ္ဘာ အဖြစ်သို့ ကူးပြောင်းသွားမယ်လို့ ဆိုပါတယ်။
ကမ္ဘာကြီးဟာရိက္ခာရှားပြီး၊ လက်နက်ပေါတဲ့
ကမ္ဘာကြီး ဖြစ်လာပါမယ်တဲ့။
အမေရိကန်ဒေါ်လာဟာ ကမ္ဘာသုံးငွေကြေးအဖြစ်မှလျှောကျလာပြီး
အများသုံး ငွေကြေးစနစ်ထဲမှ
ငွေးကြေးစနစ်တစ်မျိုးသာ ဖြစ်လာပါမယ်တဲ့။
အမေရိကန်ဟာ ကမ္ဘာ့စီးပွားရေး၊
စစ်ရေးဦးဆောင်နိုင်ငံအဖြစ် ဆက်လက် တည်ရှိနေမှာဖြစ်ပေမယ့် စူပါ ပါဝါနိုင်ငံအဖြစ်ကို
စွန့်လွှတ် ရနိုင်ဖွယ်ရှိပါတယ်တဲ့။ လာမယ့်နှစ် ၂၀
အတွင်းမှာ တရုတ်နိုင်ငံဟာ ခေတ်အမီဆုံး၊
အဖွံ့ဖြိုးဆုံး နိုင်ငံကြီးဖြစ်လာပါမယ်တဲ့။
အိန္ဒိယနဲ့ ဂျပန်တို့ဟာလည်း တရုတ်ကို အမီလိုက်လာနိုင်ပါလိမ့်မယ်တဲ့။
ရုရှားကိုတော့ စောင့်ကြည့်ရပါမယ်တဲ့။ ဘရာဇီး၊
တူရကီ၊ အင်ဒိုနီးရှား၊ အီရန်တို့ဟာ
တဖြည်းဖြည်း ကြွယ်ဝလာကြပါမယ်တဲ့။ ရေနံစွမ်းအင်အစား၊ အခြား အစားထိုးလောင်စာများနဲ့
အစားထိုးလာပါလိမ့် မယ်တဲ့။ ငွေကြေးနဲ့ ဥစ္စာဓနများဟာ
အာရှနဲ့ပစိဖိတ်ကို ရွေ့ရွေ့လာနေပါပြီလို့
(၂၀/၁၁/၂၀၀၈)
မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြခဲ့ပါတယ်။
ဒီအခြေအနေများဟာ မကြာခင်က ရွေးကောက် တင်မြှောက်ခံရတဲ့ အမေရိကန်သမ္မတက ရင်ဆိုင်ရမှာဖြစ်ပါတယ်။
နောင် ၁၇ နှစ်အကြာမှာ ဘာဖြစ် မလဲဆိုတာထက်
အခုတွေ့ကြုံနေရတဲ့
ငွေကြေးဈေးကွက်ပြိုကျမှုကို ဘယ်လိုကိုင်တွယ်မလဲ
ဆိုတာက ဘားရက်အိုဘားမားအတွက် ဒီကနေ့နဲ့ မနက်ဖြန်
ပြဿနာ ဖြစ်နေပါပြီ။
၃။ ။ အမေရိကန်မှာ အခုလို
ငွေကြေးဈေးကွက်ပြိုကျခဲ့ရတာနဲ့ ပတ်သက်ပြီး
ပြည်တွင်းပြည်ပ အာဘော်ပိုင်းက
အမေရိကန်ဗဟိုဘဏ်ဥက္ကဌအဖြစ် နှစ်ပေါင်း ၃၀ ကြာ
တာဝန်ထမ်းဆောင်ခဲ့တဲ့ (ဘဏ်နဲ့
ငွေကြေးလုပ်ငန်းဂုရုကြီးဖြစ်သူ) အလန်
ဂရင်းစပန်းမှာ တာဝန်ရှိတယ်လို့ ပြောဆိုဝေဖန်
လာခဲ့ကြပါတယ်။ ဂရင်းစပန်းဟာ မပြေးသော်လည်း
ကန်ရာရှိနေသူဖြစ်ပါတယ်။
ဂရင်းစပန်းဟာ ငွေကြေးပြဿနာများနဲ့
ပတ်သက်ပြီး အမေရိကန်အထက်/အောက် လွှတ်တော်
ကြားနာပွဲများမှာ လာရောက်ထွက်ဆိုတင်ပြခဲ့တာ အနှစ်
၂၀ နီးပါး ရှိခဲ့ပါပြီ။ အသက် ၈၂ ရှိပြီဖြစ်တဲ့
မစ္စတာ ဂရင်းစပန်းအတွက် ဒီအကြိမ် ကြားနာပွဲဟာ အတော်
ကသိကအောင့်ဖြစ်ခဲ့ရပါ တယ်။ ဖြစ်သမျှဘေးဒဏ်
ငဝက်ခံဆိုတာမျိုး ဖြစ်ခဲ့ရပါတယ်။ ဒီပြဿနာဟာ
စင်စစ် အရင်းရှင် ကုန်ထုတ်စနစ်ရဲ့မွေးရာပါ
ဗီဇလက္ခဏာဖြစ်တယ် ဆိုတာကို အားလုံး
သိကြပြီးသားချည်းပါ။ ဒီကြားနာပွဲဆိုတာဟာ
ထမင်းရည်ပူလာလို့ လျှာလွှဲ ကြတာသာဖြစ်ပါတယ်။
ဒါပေမယ့် ဂရင်းစပန်းဟာ အောက်လွှတ်တော်ဥက္ကဌ ဟင်နရီ
ဝက်စ္စမန်းရဲ့ ကျည်းကြပ်တဲ့ မေးခွန်းများကို ခုလို
ဖြေကြားပေးသွားခဲ့ပါတယ်။
(သူ့မှာ ဗဟိုဘဏ်ဥက္ကဌတာဝန်မရှိတာ
သုံးနှစ်ရှိခဲ့ပါပြီ) သူက သူဟာ -
- လွတ်လပ်တဲ့
ဈေးကွက်စီးပွားရေးစနစ်ရဲ့ စွမ်းအားကို
အယုံကြည်လွန်သွားကြောင်း။
- အပေါင်နဲ့ချေးငှားတဲ့ စနစ်ဟာ
မိမိကိုယ်ကိုယ် ဖျက်ဆီးနိုင်စွမ်းရှိကြောင်း
ကြိုတင်ခန့်မှန်း တွက်ချက်ရန် ပျက်ကွက်ခဲ့ကြောင်း။
- နှစ် ၁၀၀ မှာ တစ်ခါလောက်ပေါ်တတ်တဲ့
ငွေကြေးဆူနာမီလှိုင်းတွေကြောင့် ဖြစ်ပေါ် လာတဲ့
ငွေကြေးဈေးကွက် ပြိုကျမှုကို တွေ့သိရတဲ့အခါ
ဒီအခြေအနေကို တုန်တုန်လှုပ်လှုပ်နဲ့
အသိအမှတ်ပြုခဲ့ရကြောင်း။
- လွတ်လပ်တဲ့ ဈေးကွက်အင်အားစုများက
(ခုလိုအကျပ်အတည်းတွေကို) ကာကွယ်နိုင် မယ်လို့
ယုံကြည်ခဲ့တာ မှားယွင်းကြောင်း။
- တာဝန်မဲ့၊ အထိန်းအကွပ်မဲ့
ငွေကြေးချေးငှားမှုများကို တားမြစ်ရန် ဗဟိုဘဏ်မှာ
အခွင့်အာဏာရှိပါလျက်နဲ့ ဒီတာဝန်ကို ထမ်းဆောင်ရန်
ပျက်ကွက်ခဲ့ကြောင်း။
- ဒေဝါလီခံရသည်အထိ အန္တရာယ်ကြီးတဲ့
ချေးငှားမှုများကို သက်ဆိုင်ရာ
ငွေကြေးအဖွဲ့အစည်းများက သူတို့ဘာသာသူတို့
ရှောင်နိုင်လိမ့်မယ်လို့ ထင်မြင်မိမှားကြောင်း။
- ဘဏ်လုပ်ငန်းများ၊ ဘဏ်အရာရှိများက
ပြန်မရတဲ့ ငွေကြေးချေးငှားမှုများကို ကာကွယ် ရန်
ပျက်ကွက်ကြောင်း၊ ဒါဟာ ဈေးကွက်ယှဉ်ပြိုင်မှု၊
လွတ်လပ်မှုနဲ့ လွတ်လပ်တဲ့ ဈေးကွက် ဒေါက်တိုင်
ကျိုးကျသွားခြင်းဖြစ်ကြောင်း။
- အိမ်ခြံမြေအပေါင်ခံမှုများဟာ
တင်းကျပ်တဲ့ စည်းကမ်းများကို မလိုက်နာခြင်း၊
တတ်နိုင် သည်ထက် ပိုမိုချေးငှားခြင်းကို
ခွင့်ပြုခဲ့ခြင်းဟာ မှားယွင်းကြောင်း။
- လှည့်စားမှုပါသော
ချေးငှားခြင်းများကို တားဆီးရန် ဗဟိုဘဏ်မှာ
အခွင့်အာဏာ ရှိပေမယ့် ဒီအခွင့်အာဏာကို တိတိကျကျ
မကျင့်သုံးတာဟာ မှားကြောင်း ဂရင်းစပန်းက
ထွက်ဆိုသွားခဲ့ရပါတယ်။
၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ
တရားဝင် သမ္မတတာဝန်ထမ်းဆောင်ရမယ့်
ဘားရက်အိုဘားမားအနေနဲ့ စီးပွားရေးမှာ
ပထမဆုံးဖြေရှင်းရမယ့် ပြဿနာကတော့ ငွေကြေး
ဈေးကွက်ပြိုကျမှု ပြဿနာပဲ ဖြစ်ပါတယ်။ ဘုရှ်ရဲ့
နောက်ဆုံးနေ့ရက်များမှာ သူက ပြိုကျသွားတဲ့
ဘဏ်များအပြင် ထုတ်လုပ်မှုကျပြီး အရှုံးပေါ်နေတဲ့
ဂျီအမ်စီနဲ့ ခရိုက်စလာတို့လို ကားကုမ္ပဏီကြီး
များကို ငွေကြေး ကျောထောက်နောက်ခံပြုပေးဖို့
ဒေါ်လာဘီလျံ ၇၀၀ သုံးစွဲဖို့ ဆုံးဖြတ်ထားခဲ့ပါ တယ်။
ပြင်သစ်ကလည်း ပြည်တွင်းဘဏ်များကို
ကျောထောက်နောက်ခံပြုပေးဖို့ အရေးပေါ် ရန်ပုံငွေ
ယူရို ၃၆၀ ဘီလျံ သုံးစွဲပါမယ်။ ပြိုလဲဖို့
အန္တရာယ်ကြုံနေရတဲ့ ဘဏ်များကို အစိုးရက ဝယ်ပါမယ်။
ဥရောပအတွက် သီးခြားရန်ပုံငွေတစ်ရပ်
ထူထောင်သွားဖို့ ငွေကြေးပေါ်လစီအသစ်များ
ချမှတ်သွားဖို့ ကမ္ဘာ့ငွေကြေးကွန်ဖရင့်တစ်ခု
ခေါ်ဆိုသွားဖို့ ပြင်သစ်က အကြံပြုထားခဲ့တယ်။
အမေရိကန်ငွေကြေးဈေးကွက် ပြိုကွဲမှုဟာ
နှစ် ၅၀ အတွင်းမှာ အဆိုးရွားဆုံးပါပဲ။ လက်ငင်းမှာ
အလုပ်လက်မဲ့ ၅ သိန်းလောက် ရှိပါတယ်။ ရှေ့မှာ
သန်းချီတဲ့ အလုပ်လက်မဲ့များ ရှိလာ နိုင်ပါတယ်။
အမေရိကန်စီးပွားရေးဟာ ထုတ်လုပ်ရေးရော၊ စားသုံးမှုပါ
ကျဆင်းလာနေတာ ဖြစ်ပါ တယ်။ ၁၆ နှစ်အတွင်းမှာ
အလုပ်လက်မဲ့နှုန်းဟာ အမြင့်ဆုံးကို ရောက်နေပါတယ်။ ၁
ဒသမ ၂ သန်း လောက် ရှိနိုင်တယ်လို့လည်း
ခန့်မှန်းထားပါတယ်။ လူ ၂ ဒသမ ၅ သန်းကို
အလုပ်အကိုင်သစ် ပေး နိုင်တဲ့
လုပ်ခင်းကိုင်ခင်းများ ဖန်တီးပေးဖို့
ရည်မှန်းထားပါတယ်။ ၂၀၀၉ မှာ အလုပ်လက်မဲ့ ၇ ဒသမ ၆
ရာခိုင်နှုန်း တိုးလာဖို့ရှိပါတယ်။ ဒါကြောင့်
သမ္မတသစ် ဘားရက်အိုဘားမားက (၁၇) ဦးပါတဲ့
စီးပွားရေး အကြံပေးကောင်စီကို
ဖွဲ့စည်းထားခဲ့ပါတယ်။ နယူးယောက်ဗဟိုဘဏ်ဥက္ကဌ
တင်မိုသီ ဂိုက်နာကို ဘဏ္ဍာရေးဝန်ကြီးအဖြစ်
ခန့်အပ်ခဲ့ပါတယ်။ ဥရောပရဲ့ အကြီးဆုံး
စီးပွားရေးကို ကိုယ်စား ပြုတဲ့
ဂျာမနီစီးပွားရေးဟာလည်း လွန်ခဲ့တဲ့ ၁၅
နှစ်အတွင်းမှာ အနိမ့်ဆုံးကျဆင်းမှုကို ကြုံတွေ့နေရ
ပါတယ်။ ကမ္ဘာ့ ဒုတိယ
စီးပွားရေးအကြီးဆုံးနိုင်ငံဖြစ်တဲ့
ဂျပန်နိုင်ငံဟာလည်း ၂၀၀၈ ခုနှစ်အတွင်းမှာ
စီးပွားရေးကျဆင်းမှု အဆိုးဆုံးအခြေအနေကို
ကြုံတွေ့နေခဲ့ရပါတယ်။ ဂျပန်နိုင်ငံဟာ ၂၀၀၈ ခုနှစ်
အတွင်း ပို့ကုန် ၇၂ ဒသမ ၆ ဘီလျံဖိုးရှိပြီး၊
သွင်းကုန်တန်ဖိုး ၇၂၈ ဘီလျံဒေါ်လာ ရှိတာကြောင့်
လိုငွေ ဒေါ်လာ ၆၆၆ သန်းရှိနေခဲ့ပါတယ်။ OECD
အဖွဲ့ဝင်နိုင်ငံ ၃၀ ကျော်ဟာ ချမ်းသာတဲ့
နိုင်ငံများ ဖြစ်ပါတယ်။ အခုဖြစ်ပေါ်နေတဲ့
ငွေကြေးဈေးကွက်ပြိုကွဲမှုနဲ့
စီးပွားရေးကန့်သတ်မှုဟာ ဒီ OECD
အဖွဲ့ဝင်နိုင်ငံများအတွင်းမှာ ဖြစ်ပေါ်နေတာပါ။
ကမ္ဘာ့အရင်းရှင်စနစ်ဆိုတာဟာ တကယ်တော့ သူတို့ ပါပဲ။
သူတို့အကျပ်အတည်းဆိုတာ Capitalism in General ရဲ့
အကျပ်အတည်းပဲလို့ ပညာရှင် များက
သဘောထားမှတ်ယူခဲ့ကြပါတယ်။
၎။ ။ အိုဘားမားခေါင်းဆောင်တဲ့
အစိုးရအဖွဲ့မှာ ဘယ်သူတွေများ ပါဝင်လာကြမလဲဆိုတာကို
ကမ္ဘာကြီးနဲ့ အမေရိကန် ပြည်တွင်းက
စောင့်ကြည့်နေကြပါတယ်။ ဒီဇင်ဘာလလယ်ထဲမှာတော့
အရေးကြီးတဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို
ခန့်အပ်ပြီးခဲ့ပါပြီ။ နိုင်ငံခြားရေးဝန်ကြီးက
ဟီလာရီ ကလင်တန်ပါ။ ကာကွယ်ရေးဝန်ကြီးကတော့
ရောဘတ်ဂိတ်ပါပဲ။ စီအိုင်အေ အကြီးအကဲနဲ့
အမျိုးသားထောက်လှမ်းရေးအဖွဲ့ အကြီးအကဲများကို
(ယခုဆောင်းပါးရေးနေချိန်အထိ) မခန့်အပ် သေးပါဘူး။
အမေရိကန်နိုင်ငံကို တစ်ခေတ်ဆန်းစေမယ် ဆိုတဲ့
အိုဘားမားရဲ့ရွေးကောက်ပွဲကတိ
အကောင်အထည်ဖြစ်/မဖြစ်ဆိုတာ၊ သူခန့်အပ်မယ့်
အစိုးရအဖွဲ့ဝင်များပေါ် တည်မှာပါ။တရုတ်နိုင်ငံ
သံအမတ်ကြီးအဖြစ် ဘယ်သူ့ကိုများ
ခန့်အပ်စေလွှတ်မှာလဲဆိုတာဟာ အိုဘားမားအတွက် အတိမ်း
အစောင်းမခံတဲ့ ကိစ္စပါပဲ။ အိုဘားမားနဲ့
သူ့အကြံပေးများဟာ ဒီကိစ္စကို အချိန်ယူ ဆောင်ရွက်ကြရ
ပါလိမ့်မယ်။
တရုတ်နိုင်ငံဟာ အရေးပါတဲ့
မေဂျာပါဝါနိုင်ငံပါ။ တရုတ်ပြည်ဟာ
ကမ္ဘာ့နိုင်ငံရေးရဲ့ အညှာ ဖြစ်သည်ထက် ဖြစ်လာနေတာပါ။
တရုတ်ပြည်ဟာ အမေရိကန်အတွက် အလွန့်အလွန် အရေးကြီးပါ
တယ်။ မရှိမဖြစ်တဲ့ အဖက်အစပ်ပါ။ လက်ရှိအခြေအနေမှာ
အမေရိကန်ဟာ ဘယ်တုန်းကထက်မဆို တရုတ်ပြည်ကို
ပိုလိုအပ်နေတာပါ။ အမေရိကန်ရဲ့ တဖြည်းဖြည်း
ဆိုးရွားလာနေတဲ့ ငွေကြေးစနစ် အကျပ်အတည်းကို
အကူအညီရဖို့ကိစ္စမှာ တရုတ်ပြည်ဟာ အချက်အချာကျတဲ့
နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ
သွားရောက်တာဝန်ထမ်းဆောင်မယ့် သံအမတ်အကြီးဆိုသူဟာ
(တရုတ်ပြည်ရဲ့ အကျိုးစီးပွားဆိုတာဟာ)
အမေရိကန်အကျိုးစီးပွားနဲ့ တပေါင်းတစည်းဖြစ်တယ်
ဆိုတာကို (သေသေချာချာသိတဲ့သူမျိုး) ဖြစ်ဖို့
လိုပါမယ်။ တရုတ်-အမေရိကန် ဆက်ဆံရေးပြဿနာ ကို
ဖြေရှင်းနိုင်တဲ့သူ ဆိုတာ အားလုံးထက်
ခေါင်းတစ်လုံးမြင့်တဲ့သူ ဖြစ်ရမှာပါ။ တရုတ်-အမေရိ
ကန် ဆက်ဆံရေး ပြေပြေပြစ်ပြစ်မဖြစ်ခဲ့ရင် ဒါဟာ
အမေရိကန်အကျိုးကို ထိခိုက်စေမှာဖြစ်ပါတယ်။
အမေရိကန်အနေနဲ့ လက်ရှိစီးပွားရေး
တုန့်ဆိုင်းမှုကနေ ကျော်လွန်ဖို့ဆိုရင် ငွေကြေး
တစ်စုံတစ်ရာ သုံးစွဲဖို့ လိုတယ်ဆိုတာ အများစုက
သဘောတူကြပါတယ်။ စီးပွားရေးတုန့်ဆိုင်း မှုကနေ
စီးပွားရေးကျဆင်းမှုအဖြစ် ပြောင်းမသွားစေဖို့
အာမခံချက် ရှိရပါလိမ့်မယ်။ အမေရိကန်
နိုင်ငံရေးဘဝထဲမှာရှိတဲ့
လက်ဝဲလက်ျာ(အမေရိကန်ပုံစံ) ဘောဂဗေဒပညာရှင်အားလုံးက
(လက်ရှိ ငွေကြေးဈေးကွက်ပြိုကွဲမှုအတွက်)
ကြီးမားတဲ့ ငွေကြေးအင်အားနဲ့ ကျောထောက်နောက်ခံ
ပြုပေးမှ ဖြစ်မယ်ဆိုတာကို သဘောတူကြပါတယ်။
လက်ငင်းမှာ ကုန်သွယ်မှု အရှုံးပေါ်နေတာနဲ့ပတ်သက်ပြီး
သိပ်ကြောင့်ကျနေစရာမလိုပါဘူး။ ကုန်သွယ်မှုလိုငွေ
(အရှုံးပေါ်နေတဲ့ငွေဟာ GDP ရဲ့၇ ရာခိုင်နှုန်း
သို့မဟုတ် ၁၁ ရာခိုင်နှုန်း (၁ ဒသမ ၅) ထရီလီယံ)
ခန့် ရှိမယ်လို့ ခန့်မှန်းရပါတယ်။
နိုင်ငံတစ်နိုင်ငံက အမေရိကန်တင်ရှိနေတဲ့
အကြွေးကို ဝယ်ယူဖို့ လိုပါမယ်။ ဒီအလုပ်ကို
လုပ်နိုင်တဲ့နိုင်ငံနဲ့ အရန် ငွေကြေးရှိတဲ့
နိုင်ငံဟာ တရုတ်နိုင်ငံပါပဲ။ ဂျပန်ကိုကျော်ပြီး
အမေရိကန်ရဲ့ အကြီးဆုံး မြီရှင်နိုင်ငံ
ဖြစ်လာခဲ့ပါတယ်။ ဂျပန်ဟာ အမေရိကန်ရဲ့
အာမခံငွေကြေးလက်မှတ်များကိုတော့ ဘယ်တော့မှ
ဝယ်ရိုးထုံးစံမရှိခဲ့ပါဘူး။ အမေရိကန်ဘဏ္ဍာရေးဌာနဟာ
အမေရိကန် အာမခံစာချုပ် လက်ဝယ်ရှိတဲ့ လူစာရင်းကို
ဘယ်အခါမှာမဆို အသိပေးခဲ့တာချည်းပါပဲ။
အကြမ်းဖျင်းပြောရရင် ဒီလူထု ကြွေးမြီဟာ GDP
ရဲ့အနည်းဆုံး ၁၀ ရာခိုင်နှုန်း ရှိပါတယ်။
ပြည်တွင်းပြည်ပကုန်သွယ်မှုမှာ တရုတ်ပြည်ဟာ
အမေရိကန်ရဲ့ အကြီးမားဆုံး မြီရှင်ဖြစ်လာခဲ့ပါတယ်။
တရုတ်ပြည်ဟာ အမေရိကန်ဘဏ် ဖြစ်လာနေ ခဲ့ပါတယ်။
တရုတ်ပြည်က ဒီအခြေအနေအတိုင်း
ဆက်သွားပါ့မလား။ တရုတ်ပြည်က (ဒီလို) လုပ်နိုင် ခြေ
ရှိတယ်လိုတော့ ယူဆနိုင်ပါတယ်။ တရုတ်ပြည်ရဲ့
နိုင်ငံခြားအရန် ရန်ပုံငွေဟာ ၂ ထရီလီယံ လောက်
ရှိပါတယ်။ တရုတ်ပြည်နဲ့ နှိုင်းယှဉ်ရင်
အမေရိကန်ရဲ့နိုင်ငံခြားအရန် ရန်ပုံငွေ ၇၂ ဘီလီယံ
ဆိုတာဟာ မပြောပလောက်ပါဘူး။ ဒါပေမယ့်
တရုတ်အစိုးရကိုယ်တိုင်ကလည်း သူတို့စီးပွားရေး
မြန်မြန်ဆန်ဆန် ကျဆင်းလာနေတာကို ပူပင်နေပုံရပါတယ်။
ဘာကြောင့်လဲဆိုတော့ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က
တရုတ်ပြည်ရဲ့ သွင်းကုန်တင်ပို့မှုများကို
ရပ်ဆိုင်းလိုက်ကြလို့ဖြစ်ပါတယ်။ ဒါပေမယ့်
တရုတ်ပြည်က သူ့စီးပွားရေးတိုးတက်မှုနှုန်းကို ၆
ရာခိုင်နှုန်းနဲ့ ၇ ရာခိုင်နှုန်းပတ်ဝန်းကျင်
လောက်မှာ ရှိဖို့ မျှော်လင့်ဟန်တူပါတယ်။
ကုန်လွန်ခဲတဲ့ ၂၀၀၇ ခုနှစ်တုန်းကဆိုရင်
တရုတ်ပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ ၁၂
ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ပါတယ်။ တရုတ်မှာက
သူ့စီးပွားရေး ဖွံဖြိုး တိုးတက်စေဖို့အတွက်
သူတို့ကိုယ်ပိုင် ထိရောက်တဲ့
စီးပွားရေးစီမံချက်တွေ ရှိပါတယ်။
လက်ရှိငွေကြေးဈေးကွက်တွေ
တည်ငြိမ်လာစေဖို့ တရုတ်ပြည်က (လက်ရှိလုပ်လက်စ
စီမံကိန်းများအပါအဝင်) ငွေကြေး ဒေါ်လာဘီလျံ ၆၀၀
သုံးစွဲသွားမယ်လို့ မကြာခင်က ထုတ်ပြန်
ကြေညာခဲ့ပါတယ်။ ဒီငွေကြေးဟာ တရုတ်ပြည် GDP ရဲ့ ၁၅
ရာခိုင်နှုန်းလောက် ရှိပါတယ်။ ဒီ ဆောင်ရွက်ချက်ဟာ
အလုပ်အကိုင်များ အာမခံချက်ရှိစေဖို့နဲ့
အလုပ်လက်မဲ့ဖြစ်နေတဲ့ အလုပ်သမား တွေရဲ့ ဆန္ဒပြ
ကြွေးကျော်တောင်းဆိုမှုတွေကို ထိန်းသိမ်းနိုင်ဖို့
ရည်ရွယ်တာပါ။ ဒီလောက်နဲ့ (ဒေါ်လာဘီလျံ ၆၀၀) မှ
မရသေးဘူးဆိုရင် ဘီလျံဒေါ်လာတချို့
ထပ်ဆောင်းသုံးစွဲသွားမယ့်ပုံစံ ရှိပါတယ်။
လက်ရှိအခြေအနေမှာ အမေရိကန်အနေနဲ့က
သူ့ငွေကြေးစာချုပ်များကို တရုတ်က
ဆက်လက်ဝယ်ယူသွားစေချင်တဲ့ ပြင်းပြတဲ့ ဆန္ဒအာသီသ
ရှိနေပါတယ်။ ဒါမှသာ အမေရိကန်အနေနဲ့ ကုန်သွယ်ရေး
လိုငွေပြနေတာကို ထေမိနိုင်မှာဖြစ်ပြီး တစ်ဖက်ကလည်း
သူ့ကိုယ်ပိုင်စီးပွားရေး တွန်းအားပေးမှုများကို
ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
တကယ်ထိရောက်ဖို့ဆိုရင် တရုတ်/အမေရိ ကန်
နှစ်နိုင်ငံအနေနဲ့ သမိုင်းမှာ အကြီးမားဆုံးဖြစ်တဲ့
ငွေကြေးရင်းနှီးစိုက်ထုတ်မှုကြီးကို အတူ
ဆောင်ရွက်သွားကြဖို့ တရုတ်ပြည်ကို
တောင်းဆိုရပါမယ်။ တရုတ်အနေနဲ့ အမေရိကန်ကို ကူညီ
ထောက်ပံ့သင့်ပါတယ်။ ဘာကြောင့်လဲဆိုရင်
အမေရိကန်စီးပွားရေး နာလန်ထလာရေးဟာ တရုတ် ပြည်ရဲ့
အကျိုးစီးပွားလည်းဖြစ်နေလို့ပါပဲ။ နိုင်ငံတိုင်းဟာ
ကိုယ့်အမျိုးသားအကျိုးစီးပွား ဖွံ့ဖြိုးရေး ကိုသာ
ဦးစားပေးချင်ကြမှာပါ။ ဒါဟာ ဓမ္မတာတရားပါပဲ။
၂၀၀၁ ခုနှစ် စီးပွားရေးနိုဘယ်ဆုရှင်
ဘောဂဗေဒပညာရှင် စတစ်ဂလစ်က တရုတ်နဲ့
အမေရိကန်နှစ်နိုင်ငံတို့ဟာ တစ်ဦးကိုတစ်ဦး
အပြန်အလှန် မှီခိုနေကြရတာပါလို့ အများတကာက
ပြောနေကြပါတယ်။ ဒါပေမယ့် ဒီလိုပြောတာဟာ
မမှန်ပါဘူး။ တရုတ်ပြည်က သူ့စီးပွားရေး ဖွံ့ဖြိုး
တိုးတက်စေဖို့ နည်းလမ်း ၂ သွယ် နဲ့
ဆောင်ရွက်နေတာပါ။ (တစ်လမ်းက) အမေရိကန် စားသုံးသူ
တွေရဲ့ဝယ်လိုအားတိုးမြင့်လာစေဖို့ အတွက်
ဘဏ္ဍာရေးကျောထောက်နောက်ခံပြုပေးတဲ့ နည်းပါ။
(နောက်တစ်နည်းက) တရုတ်နိုင်ငံသားတွေရဲ့ ဝယ်အားကို
တိုးမြှင့်လာစေတဲ့နည်းပါ။ နိုင်ငံသားတွေ အနေနဲ့
များများစားစား ဝယ်ယူစားသုံးလာကြမှသာ
တရုတ်ပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာရေး အတွက်
တွန်းအားဖြစ်လာစေမှာဖြစ်ပါတယ်။
တရုတ်ပြည်ဘက်မှာရွေးချယ်စရာတွေ အများကြီးပါ။
အမေရိကန်ဘက်မှာ ဒီလိုအခြေအနေမျိုး မရှိပါဘူး။
(အမေရိကန်ရဲ့ ကုန်သွယ်ရေး လိုငွေပြမှု ပြဿနာ) ကို
ပြေလည်အောင် ဖန်တီးပေးနိုင်တဲ့သူဟာ
တရုတ်ပြည်ကလွဲရင် (တခြား) မရှိဘူး ဆိုပြီး
ရေးသားဖူးပါတယ်။ The Ascent of Money ဆိုတဲ့
စာအုပ်ရေးသားသူ Niall Ferguson က စစ်အေးခေတ်
ကုန်ဆုံးသွားတဲ့အခါ နိုင်ငံသစ်တစ်နိုင်ငံ
ပေါ်ထွန်းလာပါတယ်တဲ့။ အဲဒီနိုင်ငံကို သူက
Chimerica လို့ (သူ့စာအုပ်ထဲမှာ)
နာမည်ပေးခဲ့ပါတယ်။ အဲဒီနိုင်ငံသစ်ဟာ
ကမ္ဘာ့မြေမျက်နှာ ပြင်ရဲ့၁၀ ရာခိုင်နှုန်း၊
ကမ္ဘာ့လူဦးရေ စုစုပေါင်းရဲ့ ၂၅ ရာခိုင်နှုန်း၊
(လွန်ခဲ့တဲ့ ရှစ်နှစ်လောက်ကစပြီး
ဖွံ့ဖြိုးတိုးတက်လာတဲ့) ကမ္ဘာ့စီးပွားရေးရဲ့ ၅၀
ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။ ဒါဟာ
ကမ္ဘာပေါ်မှာ တစ်ခါမှ မပေါ်ပေါက်ဖူးခဲ့တဲ့
မင်္ဂလာစုံတွဲ တစ်တွဲပါ။ ဘုရားပေးတဲ့ စုံတွဲ
ပဲလို့ ဆိုရမှာပါ။ အရှေ့ Chimerica က
သုံးစွဲပါတယ်။ အရှေ့သားတွေက
ဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်။ အနောက်သား တွေက
ငွေဖောင်းပွမှုနဲ့ အတိုးနှုန်းနိမ့်နိမ့် ကို
ခံစားခဲ့ကြရပါတယ်။
စတစ်ဂလစ်လိုပါပဲ။ နေးလ်ဖာဂူဆန်ကလည်း
တရုတ်ပြည်ဘက်မှာ ရွေးချယ်စရာတွေ
အများကြီးရှိတယ်လို့ ယုံကြည်ပါတယ်။ တရုတ်အနေနဲ့
အမေရိကန်ရဲ့ စားသုံးမှုကို ဆက်ပြီး ထိန်းသွားမှာ
သေချာပါတယ်။ အခြေအနေဟာ ဒီအတိုင်း မဖြစ်နိုင်ဘူး
ဆိုတာ သေချာပြီ ဆိုရင် တရုတ်မှာ အခြားရွေးစရာ
တစ်ခုခုရှိသေးတယ်။ အဲဒီတစ်ခုခု ဆိုတာက
တရုတ်ပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို
အားဖြည့်ပေးပါလိမ့်မယ်။ တရုတ်အစိုးရရဲ့
အသုံးစရိတ်နဲ့ သူ့နိုင်ငံသားတွေရဲ့ ကြွေးမြီကို
လျော့ချပေးပါလိမ့်မယ်။ ဒီကနေ့အတွက်
အရေးအကြီးဆုံးပြဿနာ က (လက်ရှိ ဖြစ်ပေါ်နေတဲ့
ငွေကြေးဈေးကွက် ပြိုကျမှုကြောင့်) Chimerica ဟာ
အတူလက်တွဲနေကြဦးမှာလား၊ လက်တွဲဖြုတ်ပြီး
ကိုယ့်လမ်းကိုယ် လျှောက်ကြမှာလားဆိုတာပဲ
ဖြစ်ပါတယ်လို့ Niall Ferguson က ပြောပါတယ်။
ဆက်ပြီး အတူတကွ နေကြဦးမယ်ဆိုရင်တော့
လက်ရှိအကျပ်အတည်းက ထွက်လမ်း ကို ရှာတွေ့ကြမှာပါ။
ဒီလိုမှမဟုတ်ဘဲ တကွဲတပြားဖြစ်ကြ၊
စီမံခန့်ခွဲကြမယ်ဆိုရင်တော့ နှုတ်ဆက် ပါတယ်၊
ဂလိုဘယ်လိုက်ဇေးရှင်း လို့ ဆိုကြရမှာ သေချာပါတယ်။
မကြာသေးတဲ့ နှစ်တွေအတွင်းမှာ
အရေးကြီးတဲ့ အခက်အခဲဆုံးပြဿနာကဘဂ္ဂဒက်(အီရတ်)ကို
ဘယ်လို သံတမန်မျိုး ပို့လွှတ်မှာလဲ ဆိုတဲ့
ပြဿနာဖြစ်ပါတယ်။ မကြာခင်ရောက်လာ မယ့်
ဆယ်စုနှစ်အတွင်းမှာတော့ တရုတ်ပြည်ကို
ဘယ်လိုသံတမန်မျိုး စေလွှတ်မှာလဲဆိုတာဟာ
အခက်အခဲဆုံးနဲ့ အတိမ်းအစောင်းမခံဆုံး အလုပ်ပါပဲ။
ဘာကြောင့်လဲဆိုတော့ တရုတ်-အမေရိကန် ဆက်ဆံရေးပြဿနာ
ဘယ်လိုရှိမလဲဆိုတာဟာ ကမ္ဘာ့စီးပွားရေး
တည်ငြိမ်မှုနဲ့ တိုးတက်ရေးကံကြမ္မာ ဖြစ်နေလို့ပါပဲ။
xxxxx
စံအိမ်
ညွှန်း - ပြည်တွင်းပြည်ပ စာနယ်ဇင်းများ A
Path Out of the Woods By Zakaria
(နွယ်နီမဂ္ဂဇင်း
အတွဲ ၁၉၊ အမှတ် ၅၊ မတ်၊ ၂၀၀၉၊
စာမျက်နှာ ၄၂ မှ ၄၉ ) |