|
သူရဲကောင်းကြီး ဒွန်ကွီးဇုတ်
စပိန်နိုင်ငံ လာမန်ချာဒေသ ရွာကလေးတစ်ရွာက
လယ်သမားလူငယ်လေးဟာ
(၁၆)ရာစု ရောက်တာတောင် (၁၄)ရာစု
သူရဲကောင်းဝါဒ သူ့မှာဖိစီးခံနေရတုန်း
ဒုက္ခရောက်တဲ့ မိန်းမချောလေးတွေကို
ကယ်တင်ချင်တယ်
ဘီလူးတစ္ဆေတွေနဲ့ တိုက်ခိုက်ချင်တယ်၊
နဂါးဂဠုန်တွေနဲ့ စစ်ခင်းချင်တယ်
ချပ်ဝတ်တန်ဆာဟောင်းနဲ့
သံချေးတက်ဓါးတစ်စင်းကို ရထားပြီ
ဆံပင်ညှပ်ဆိုင်က ခေါင်းလျှော်ဇလုံဟာ
သံခမောက်ပေါ့
မြင်းပိန်တစ်ကောင်ကို တက်စီး
စွန့်စားခန်းခရီး ထွက်ခဲ့
“သူရဲကောင်းကြီး” “သူရဲကောင်းကြီး”
လူတွေလှောင်ပြောင်ခေါ်ကြလေ
သူ့ကိုယ်သူ “သူရဲကောင်းကြီး” လို့ထင်လေ
စိတ်ကြီးဝင် ဘဝင်မြင့်လေ
အိုးတိုးအတ လယ်သူမလေးကို
“တိုဆိုဗိုမင်းသမီး ဒူဆီးနီးယား”
ဘွဲ့ပေးလက်ထပ်
လမ်းခရီးက ထမင်းဆိုင်ကို ရဲတိုက်ကြီးထင်၊
ဆိုင်ရှင်ကို လော့ဒ်မှတ်၊ သူ့ကိုယ်
သူရဲကောင်းမြှောက်ခိုင်း
မြှောက်ပါပြီ သူရဲကောင်းကြီး၊
သူရဲကောင်းကြီး ဝါးဟားဟား၊ ဝိုင်းဟားကြ၊
ပျော်လိုက်ကြ
လယ်သမား နုံတုံတုံအတတ “ ဆန်ချိုပန်ဇာ” က
နောက်တော်ပါးလိုက်လုပ်
သူရဲကောင်းကြီး ဟုတ်သထက်ဟုတ်၊ ဘယ်မလဲ
ဘီလူးတစ္ဆေ၊ ဘယ်မလဲ ဂဠုန်နဂါးတွေ
လေရဟတ်ကြီးတွေ သရဲသဘက်ထင် တိုက်ခိုက်၊
ဒလက်တံတွေက တိုက်ချလို့
မြင်းပေါ်က ဒလိမ့်ခေါက်ကွေးပြုတ်ကျ၊ ဒါမှ
သူရဲကောင်းကြီးကွ
သိုးအုပ်ကို ရန်သူ့တပ်ထင်၊ ဓါးရေးပြ၊
သိုးကျောင်းသားတွေရဲ့တုတ်စာမိ၊
ပီဘိသူရဲကောင်းကြီးလေ
သိုးသားရေအိတ်ထဲက
ဝိုင်တွေကိုသွေးဆိုးတွေထင် ဖောက်ထုတ်ပစ်
ဝိုင်တန်ဖိုးမသိ ယဉ်ကျေးမှုကောင်းမသိ
သူရဲကောင်းကြီးပ
သူရဲကောင်းကြီးဒွန်ကွီးဇုတ်ကို
မြို့စားဇနီးမောင်နှံက
အရူးဘုံမြှောက်ကြပြန်ရော
နောက်တော်ပါး “ဆန်ချိုပန်ဇာ”ကို
ဘုရင်ခံခန့်လိုက်သတဲ့၊
သူအပိုင်စားရတဲ့ရွာကလေးမှာ တရားရေးတွေ
ကမောက်ကမဖြစ်၊ ရွာလေးပျက်ပါပြီ
ဒွန်ကွီးဇုတ်နဲ့ တစ်ရွာတည်းသား “ဆန်ဆွန်ကာရက်စတို” ပေါ်လာပြီး
စီးချင်းထိုးကြ
ဒွန်ကွီးဇုတ်ရှုံးလို့ ကတိအတိုင်း
ရွာမှာကောင်းကောင်းပြန်နေတော့မှ
အဖျားရောဂါနဲ့
သေဆုံးသွား
ဒီတော့မှ လာမန်ချာဒေသ
ငြိမ်းချမ်းရေးရတော့တယ်။
။
x x x x x
မောင်အောင်ပွင့်
ပိတောက်ပွင့်သစ် စာပေအနုပညာမဂ္ဂဇင်း၊
အမှတ်၊ (၂၄) မေ၊ ၂၀၀၉
စာမျက်နှာ (၁၂၄-၁၂၅)
|