|
ယုံကြည်ခြင်းဖြင့် ဆက်သည့်မျိုးဆက်
သို့တပြီးကား
သင်သေသွားသော် သင်ဖွားသောမြေ
သင်တို့မြေသည် အခြေတိုးမြင့်
ကျန်ကောင်းသင့်၏။
ကျွန်မ တစ်နေရာရာသို့
ခရီးထွက်ချိန် သဘာဝပတ်ဝန်းကျင်
မြင်ကွင်းကျယ်ကျယ်ကို မြင်ရပြီ ဆိုလျှင်
ဆရာကြီးဇော်ဂျီ၏ ထိုကဗျာလေးကို ကျွန်မ
သတိတရ စိတ်ထဲက ရေရွတ်မိသည်။
ရန်ကုန်မြို့ကြီးမှာ
မြင့်မားသည့် အဆောက်အအုံတွေ၊
ကုန်ထုတ်စက်ရုံတွေ၊
လျှပ်စစ်ဓါတ် အားပေး စက်ရုံတွေကို
မြင်နေကျပါ။ ဒါပေမယ့် ခရီးထွက်ဖြစ်တဲ့အခါ
သဘာဝသယံဇာတတွေကို မြင်ရ တော့မှ ထိုကဗျာက
ရင်ထဲမှာ ပေါ်လာတတ်ခြင်းဖြစ်၏။
ထိုကဗျာသည် လူ့ယဉ်ကျေးမှု
အဆင့်ဆင့်မြင့်မား တိုးတက်ရေးမှာ
ကျွန်မတို့ တစ်ဦးတစ် ယောက်ချင်း ထားရမည့်
အသိစိတ်တစ်ခုကနေ ဖွင့်ပြပေးလိုက်ခြင်းဟု
ခံစားရပါသည်။
မျိုးဆက်တစ်ခုကနေ
နောက်မျိုးဆက်တစ်ခုဆီကို
လက်ဆင့်ကမ်းပေးရသည့် အမွေအနှစ် များတွင်
လူသားယဉ်ကျေးမှုလည်းပါသည်။
‘မျိုးဆက်တိုင်းဟာ
ပစ္စုပ္ပန်ထက်ပိုကောင်းတဲ့ အနာဂတ်ကို
ဖန်တီးဖို့ တာဝန်ရှိပါတယ်’
ထိုစကားကို ကျွန်မ နှစ်သက်သဘောကျစွာ ခဏခဏ ရေရွတ်မိသည်။
ကျွန်မတို့၏ရှေ့က
မျိုးဆက်တွေ ထားရစ်ခဲ့သည့်
အမွေအနှစ်အားလုံး စာပေ၊ နည်းပညာ၊ သယံဇာတ၊
ကိုယ်ကျင့်တရား၊ ဘာသာတရား အားလုံးကို
ကျွန်မတို့ ပိုကောင်းအောင်
ကြိုးစားကြည့် ဖူးပြီလားဟု
ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ကြည့်မိသည်။
ကျွန်မတို့ ဘာလိုနေသေးသလဲ....
‘ပိုကောင်းတဲ့အနာဂတ်’ဆိုတာကို
ဘယ်ပေတံနှင့် တိုင်းမလဲ။
‘တိုးတက်မှု’နှင့်
တိုင်းတာကြပါသည်။
တိုးတက်မှုဆိုသည်ကို
အဓိပ္ပာယ်ဖွင့်သည့်အခါ မြင်ကွင်းကျယ်ဖြင့်
မြင်တတ်ဖို့လည်း အရေးကြီးပါသည်။
လူသားသည် ယဉ်ကျေးမှုအဆင့်ဆင့်
မြင့်တင်တိုးတက်လာဖို့ ခရီးရှည်ကြီးကို
လျှောက်လှမ်း ခဲ့ရသည်။ ၀ီလ်ဒူး ရန့်တ်က
လူသားအထွတ်အထိပ် ဆယ်ခု Ten Peaks of Human
Progression အက်ဆေးတွင် ပြောပြထားသည်မှာ
စိတ်ဝင်စားစရာကောင်းပါသည်။
Speech (စကားပြောခြင်း) Fire (မီးကို
တွေ့ရှိအသုံးခ်ျခင်း) Conquer on animal
(တိရစ္ဆာန်များအပေါ် အောင်နိုင်ခြင်း) Agriculture (စိုက်ပျိုးရေး) Social Organizations
(လူမှုအဖွဲ့အစည်းများ) Morality (ကိုယ်ကျင့်တရား) Tools (လက်နက်ကိရိယာ) Science (သိပ္ပံပညာ) Education (ပညာရေး) Writing and Printing
(စာရေးခြင်းနှင့် ပုံနှိပ်ခြင်း) ဟု
ပြောပါသည်။ (၂၀၀ရ ဧပြီလထုတ်
ကဗျာမဂ္ဂဇင်းတွင် လူသား၏ အထွတ်အထိပ်ဆယ်ခု
အက်ဆေးကို ရေးဖြစ်ခဲ့ပါ သည်။)
ကျွန်မတို့က
မြန်မာလူမျိုးတွေဖြစ်သဖြင့်
မြန်မာ၏တိုးတက်မှုတွေကိုချည်း
သီးသန့်ထပ်ခွဲ မျှော်လင့်ကြည့်ချင်ပါသေးသည်။
ကျွန်မတို့ ဘယ်လောက်ထိ
ခရီးရှည်ရောက်ခဲ့ပြီလဲ။ အကြောင်းကြောင်းအရ
နောက်ပြန်ဆုတ် ရတဲ့ ခြေလှမ်းတွေရော
ဘယ်လောက်များများ ဘယ်နှစ်ကြိမ်တိုင်အောင်
ရှိခဲ့ပြီးပြီလဲ။
မညှာမတာပြောရရင်တော့
ကျွန်မတို့ အကြိမ်ကြိမ်
နေရာတော်တော်များများမှာ
ဆုတ်ယုတ်ခဲ့ ကြဖူးပါသည်။
အရှေ့တောင်အာရှရဲ့
သန့်ရှင်းတဲ့မြို့တော် ဖြစ်ခဲ့ဖူးတာနဲ့ပဲ
ဟိုတုန်းက ရန်ကုန်အပေါ် ကျွန်မ တို့
ကျေနပ်နေတာနဲ့ပဲ ပြီးမလား။
ဟိုတုန်းက တက္ကသိုလ်ရဲ့ဂုဏ်ရောင်ထွန်းမှု
ခံ့ညားမှုကို ကျွန်မတို့ နောက်တစ်ကြိမ်ပြန်ရဖို့
မကြိုးစားနိုင်ကြတော့ဘူးလား။
ဆရာကြီးဦးဖေမောင်တင် ပြောခဲ့ဖူးသော
စကားတစ်ခွန်းရှိသည်ဟု ကြားဖူးပါသည်။
‘ဆရာ့ထက် တပည့်က တော်ရမယ်’
သြော်
လေးစားဖို့ကောင်းလိုက်သည့် စကားပါလား။
ဆရာ့ထက် တပည့်ကတော်မှ
ပညာရေးထွန်းကားမှာပေါ့။ မိဘထက်
သားသမီးတော်မှ မျိုးဆက်မြင့်မား ထွန်းကားမှာပေါ့။ စီးပွားရေးပဲဖြစ်ဖြစ်
တီထွင်ကြံဆမှုပဲဖြစ်ဖြစ်
ကျန်းမာရေးပဲဖြစ်ဖြစ် နောက်မျိုးဆက်က
အရင်မျိုးဆက်ထက် တော်ကိုတော်နေမှ
လူ့ယဉ်ကျေးမှု မြင့်မားတိုးတက်လာမှာ ပါလားဟု
ကျွန်မ သဘောပေါက်လာမိသည်။
ထို့ကြောင့်
ကိုယ့်နောက်မျိုးဆက် လူငယ်တွေကို
ကိုယ့်ထက်တော်စေချင်သည်မှာ လူသား အားလုံး၏
မှန်ကန်သော
စိတ်ဓါတ်ဖြစ်ပါလိမ့်မည်။
ထို့အတူ ကိုယ့်ထက်တော်ရမည့်
နောက်မျိုးဆက်အတွက် ကျွန်မတို့ လက်ဆင့်ကမ်းထားရစ် ခဲ့မည့် အမွေအနှစ်မှာ အသုံးတည့်မည့်၊
တန်ဖိုးကြီးမားသည့် အမွေအနှစ်ဖြစ်ဖို့လည်း
လိုသည်မဟုတ် လား။
စိုက်ပျိုးလို့ဖြစ်ထွန်းမည့် မြေတွေ
ထားခဲ့ရမည်။ မြေဆီလွှာခန်းခြောက်သည့် မြေတွေကို
ထားခဲ့လို့မရ။
စိမ်းမှောင်အုပ်ဆိုင်းသော
သစ်တောတွေကို ထားခဲ့ရမည်။ အပြောင်ရှင်း
လွင်တီးခေါင်ကြီးကို ထားခဲ့လို့မရ။
မြန်မာလူမျိုး၏သိက္ခာကို
တည်ကြည်လေးစားဖွယ်ရာအဖြစ်
ချန်ထားရစ်ခဲ့ရမည်။ ပျင်းရိသူ များအဖြစ်၊
အိပ်ပျော်သူများအဖြစ်၊ ငါတကော
ကောသူများအဖြစ် ချန်ထားရစ်ခဲ့လို့မရ။
လူ့ယဉ်ကျေးမှုသမိုင်းမှာ
တစ်ချိန်က ထွန်းကားခဲ့ပြီးမှ ယခုအခါ
ပျောက်ဆုံးသွားသော တိုင်းပြည်တို့လို
နမူနာတွေလည်း ရှိနေသည်။
ဆရာကြီးဇော်ဂျီက
တွေးတောပူပန်ခဲ့ဖူးဟန်ရှိပါသည်။ ဇော်ဂျီ၏
တို့တိုင်းပြည်ကဗျာကို ကျွန်မတို့
အလယ်တန်း မှာတုန်းက ပြဋ္ဌာန်းကဗျာအဖြစ်
သင်ခဲ့ရသည်။
ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေ၀ယ် စေတီစပါး များလည်းများ၏ များပါလေလည်း တမွဲမွဲနှင့် ဆင်းရဲကာသာ ကာလကြာလျှင်
ယာစကာမျိုး တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျက် မစားလေရ ၀မ်းမဝ၍ ဆွမ်းမျှမတင်နိုင်
ရှိမည်တည်း။
ထလော့မြန်မာ အိုမြန်မာတို့ တို့ရွာတို့မြေ တို့ရွာမြေ၀ယ် ရေချိုသောက်ရန်
မြစ်ချောင်းကန်နှင့် သီးနှံချိုပျား များလည်းများ၏ များပါလေလည်း တမွဲမွဲနှင့် ဆင်းရဲကာသာ ကာလကြာလျှင် မြင်သာမြင်ရ မစားရ၍ တောက ပြိတ္တာဖြစ်မည်တည်း။
ထလော့မြန်မာ မြန်မာထလော့ အားမပျော့နှင့် မလျှော့လုံ့လ သူကစ၍ ငါကအားလုံး လက်ရုံးမြားမြောင်
ဉာဏ်မြားမြောင်နှင့် စွမ်းဆောင်ကြလေ ဆောင်ကြလေလော့ ဤမြေဤရွာ ဘယ်သူ့ရွာလဲ ဤယာစပါး ဘယ်သူ့စပါးလဲ ထားလော့တာဝန်
ပွန်လော့လုပ်ငန်း ဉာဏ်ရှေ့ပန်း၍ တ၀မ်းတစိတ်
ညီစေသတည်း။
ကိုလိုနီလက်အောက်ခံဘဝ
မြန်မာတို့ကို ဆရာကြီးက
တပ်လှန့်နှိုးဆော်သည့်
ကဗျာတစ်ပုဒ် ဖြစ်ပါသည်။ ၁၉၃၅ ခုနှစ်
ပတ်ဝန်းကျင်လောက်မှ ရေးခဲ့ခြင်းဖြစ်သည်။
ခေတ်အဆက်ဆက်
မျိုးဆက်တွေသာပြောင်းသွားပေမယ့်
ကဗျာ၏တန်ဖိုးက ပြောင်းလဲ မသွားပါ။
ကဗျာစာဆို၏ စိတ်ဓာတ်ခွန်အားကို
ကျွန်မတို့ လိုအပ်နေဆဲဖြစ်သည်။
ကျွန်မတို့၏ရှေ့က
မျိုးဆက်တွေထားရစ်ခဲ့သည့် အမွေအနှစ်
အားလုံး စာပေ၊ နည်းပညာ၊ သယံဇာတ၊
ကိုယ်ကျင့်တရား၊ ဘာသာတရားအားလုံးကို
ကျွန်မတို့ ပိုကောင်းအောင်
ကြိုးစားကြည့်ဖူးပြီလားဟု
ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ် ကြည့်မိသည်။
ကျွန်မတို့ ဘာလိုနေသေးသလဲ။
လိုနေတာတွေတော့ အများကြီးပါ။
လိုမှန်းမသိမိမှာကိုသာ စိုးရိမ်မိပါသည်။
မျိုးဆက်တစ်ခုမှတစ်ခုသို့
လွှဲပြောင်းပေးအပ်ရမည့် ပိုင်ဆိုင်မှုနှင့်
အမွေအနှစ်များအကြောင်း
ပြောရေးဆိုခွင့်ရှိဖို့ ကျွန်မမှာ
ဘာအရည်အချင်းတွေရှိပါသလဲ။
တစ်ခါတုန်းက ကျွန်မတစ်ဦးတည်း ဟောပြောပွဲတစ်ခုတွင် ကျွန်မက
‘ဘာကြောင့် ပညာ သင်ကြရသလဲ’ ဟူသော
ခေါင်းစဉ်ဖြင့် ပညာဂုဏ် သတ္တိများအကြောင်း
ပြောပြခဲ့ဖူးသည်။ ထိုနေ့က
အမေးအဖြေ ဆွေးနွေးချိန်ရောက်သည့်အခါ
ကျွန်မအား မိန်းကလေးတစ်ယောက်က
မေးခွန်းတစ်ခု မေးသည်။
‘ဆရာမ အိမ်ထောင်မပြုတဲ့အတွက်
မျိုးဆက်ကို ချန်မထားခဲ့နိုင်ဘူးဆိုရင်
မျိုးဆက်ထိန်းသိမ်း ဖို့အတွက် တာဝန်ကျေပါ့မလား။ တစ်ခုခု လိုအပ်နေတယ်လို့ ဆရာမ
မခံစားရဘူးလား’တဲ့။
ကျွန်မ တစ်ခါမှ အဲသည်လို
မခံစားခဲ့ရဘူးပါ။
‘ကျွန်မ
အိမ်ထောင်မပြုခဲ့တဲ့အတွက် ညီမပြောတဲ့
သွေးနဲ့ဆက်တဲ့ မျိုးဆက်တော့
မရနိုင်ဘူး ပေါ့။ ဒါပေမယ့် သွေးနဲ့ဆက်တဲ့ မျိုးဆက်မကျန်ခဲ့ပေမယ့်
ယုံကြည်ချက်နဲ့ဆက်တဲ့ မျိုးဆက်တွေ
ကျန်ခဲ့ မှာပါ။ ကျွန်မလုံးဝ ယုံကြည်ပါတယ်။
ညီမကိုယ်တိုင်တောင်
ကျွန်မရဲ့မျိုးဆက်မဖြစ်ဘူးလို့ ဘယ်လိုလုပ်
သေချာနိုင်ပါ့မလဲ’
ကျွန်မမှာ သွေးသားဖြင့်
ဆက်စပ်သည့် တူ တူမတွေရှိသည်။ ကျွန်မနှင့်
ယုံကြည်ချက်ခြင်း တန်ဖိုးချင်းတူသူတွေလည်း ပါနိုင်သည်။ သွေးသားမတော်စပ်ပေမယ့်
ယုံကြည်ချက် ခံယူချက် နှလုံး သားတွေဖြင့်
ဆက်စပ်ချိတ်ဆက်ထားသည့် လူငယ်လေးတွေရှိသည်။
ပို၍ကောင်းမွန်တိုးတက်သော
စိမ်းလန်းစိုပြေသော
မြန်မာနိုင်ငံကို ဖန်တီးဖို့ လူငယ်တွေကို
ကျွန်မ မျှော်လင့်ပါသည်။
x x x x x
ဂျူး
စံပယ်ဖြူ မဂ္ဂဇင်း၊ အမှတ် (၁) ဇန်နဝါရီ၊
၂၀၀၉ စာမျက်နှာ ( ၈၆- ၈၉)
|