ပြည်သူသာအမိ ပြည်သူသာအဖ

အဖွင့်စာမျက်နှာ သမိုင်းအကျဉ်း ဖွဲ့စည်းပုံစည်းမျဉ်း တပ်ပေါင်းစုရေးရာ ဆက်သွယ်ရန်

 

 
 

အမွေ

            တစ်ခါက လူတစ်ယောက်ဟာ သူရဲ့သားနှစ်ယောက်ကို ပျော်ပွဲရွှင်ပွဲဆင်နွှဲရာ ပန်းခြံထဲကို ခေါ်သွားတယ်။ အဝမှာ အပေါက်စောင့်ကို သူက မေးတယ်။

“ဘယ်လောက်လဲ ခင်ဗျာ”

“တစ်ယောက် ၃ ဒေါ်လာပါ။ ဒါပေမယ့် (၆)နှစ်နဲ့ (၆)နှစ်အောက် ကလေးတွေအတွက်တော့ မပေးရ ဘူး။ အခမဲ့ပါ။

“ဟုတ်ကဲ့ ဒါဆို (၆) ဒေါ်လာယူပါ”

“ဘယ်သူ့အတွက်လဲ”

“ကျွန်တော့်အတွက်က သုံးဒေါ်လာ၊ ဟိုဘက်ကောင်လေး ဆရာဝန်က (၇) နှစ်ဆိုတော့ သုံးဒေါ်လာ။ ဒီဘက်က သားငယ်ရှေ့နေလေးကတော့ ၃ နှစ်”

“ခင်ဗျား ထီပေါက်လာတာလား”

“ဟင်အင်း၊ ဘာဖြစ်လို့လဲ”

“ခင်ဗျားက အကြီးကောင်ကို ခြောက်နှစ်လို့ ပြောလိုက်ရင်ပြီးရော၊ ဒါဆို သုံးဒေါ်လာသက်သာမှာပေါ့။ ဘယ်သူသိတာမှတ်လို့”

“ဒါတော့ ဒါပေါ့ဗျာ။ ကျွန်တော့်ကလေးတွေ ကျွန်တော်လိမ်တာကို သိမှာပေါ့။ သူတို့ကို ကျွန်တော် အဲဒီ အမွေတော့ မပေးချင်ပါဘူး”တဲ့။

            ကျွန်တော်တို့ဟာ သားသမီးတွေကို အကောင်းဆုံးသော အမွေတွေကိုလည်း ပေးချင်ကြ တယ်။

            သူတို့အတွက် စံပြဖြစ်အောင်လည်း မလုပ်ကြဘူး။

            “ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့” တဲ့။

            ကလေးတွေဟာ မိဘတွေလုပ်တာကို အတုခိုးတာပဲ။ ပတ်ဝန်းကျင်က လူတွေဟာ မကောင်း မှုနဲ့ ချမ်းသာနေရင် အဲဒါကို အားကျမှာပဲ။

            ဒီအတိုင်းပဲ ကောင်းမှုနဲ့ သင့်တင့်မျှတရုံ နေတတ်တယ်ဆိုရင်လည်း အဲဒီသဘောတရားကို လက်ခံမှာပဲ။

            သူတို့ကြီးပြင်းလာတဲ့ ဝန်းကျင်ဟာ သူတို့ကို ရောင်ပြန်ဟပ်မှာပါပဲ။

            ကျွန်တော်တို့ဟာ အမှန်တရားကို ချွင်းချက်ထားတယ်ဆိုရင် သူတို့လည်း အမှန်ကို မျက်ကွယ်ပြုမှာပဲ။

            တကယ်တော့ ဒါဟာ (domino theory) လို့ခေါ်တဲ့ သက်ရောက်မှုကို ပေးတယ်။

            မိမိက မကောင်းမှုကိုပြုရင် မိမိနဲ့ ဆက်နွှယ်သူတွေဟာ မကောင်းမှုကိုပြုဖို့ အခွင့်အလမ်း များတယ်။ ဒီလိုလုပ်ပါဆိုတာမျိုး သူတို့ကို အားပေးသလို ဖြစ်တယ်။

            အဓိကကတော့ အဲဒီ ကောင်းမှု၊ မကောင်းမှုရဲ့ သက်ရောက်မှုဟာ မိသားစုအတွင်း စတင် ဖြစ်ပေါ်တော့တာပါပဲ။

            လီလီတွန်မ်လင်က  ရေးထားဖူးတယ်။

           The best mind altering drug is the truth.

            “စိတ်ကိုပြောင်းဖို့ အကောင်းဆုံး ဆေးဝါးကတော့ အမှန်တရားပါပဲ”တဲ့။

            လူတွေဟာ အမှန်တရားကို ကြောက်နေကြတယ်။ အမှန်ကို ထုတ်ဖော်ပြောဆိုမယ်၊ အမှန်အတိုင်းကို လုပ်ကိုင်မယ်ဆိုရင် ကိုယ်ကျိုးစီးပွားကို ထိခိုက်မယ်လို့ ထင်နေကြတယ်။

            “အမှန်တရားဆိုတာ ဆေးခါးကြီးပါပဲ။ လူတွေက ဒါကို လက်မခံဘူး။” လို့ ခေတ်က ယူဆကြ တယ်။ ယနေ့လည်း လက်ခံဆဲပါပဲ။

            ဒီနေရာမှာ အောင်မြင်လိုရင် ဆိုတဲ့ သီအိုရီတစ်ခု ထွက်လာတယ်။ အင်မတန် လူကြိုက်များ တယ်။ ဒါကို ကျွန်တော်တို့က ဖတ်ပြီး သဘောကျကြတယ်။

            လူတွေကို ချိုသာတဲ့စကားသာ ပြောပါ။

            အပြစ်မတင်နဲ့။

            ပြုံးပါ။

           မုန့်ခါးရည်တခွက်က ပျားရည်တစက်လောက် ယင်ကောင်တွေကို မဆွဲဆောင်နိုင်ဘူး...... စတဲ့ စတဲ့... အောင်မြင်မှုလမ်းညွှန်တွေကို လက်ခံကြတယ်။

            ဒါတွေကို အမှန်တရားကနေ လမ်းခွဲပြီး ဟန်ဆောင်ပန်ဆောင်လုပ်ရမယ့် သဘောတရား တွေလို့ ယူဆကြတယ်။

            အောင်မြင်မှုအတွက် မိမိခံယူချက်သဘောထားကို ဖုံးကွယ်ထားရမှာလား။

            ပျားရည်ဆမ်းမျက်နှာတွေရဲ့ နောက်ကွယ်က ဓားနဲ့ ထိုးလာကြတယ်။ ဒါကြောင့်လည်း ပြုံးနေရင် သတိထားဆိုတဲ့စကား ပေါ်ပေါက်လာတာပါပဲ။

            တကယ်တော့ ပြုံးနေတာ ကောင်းပါတယ်။

            သို့သော် ဟန်ဆောင်ပြုံးရင်တော့ တစ်ခုခု မကောင်းတာရှိမယ်လို့ ယူဆနိုင်တယ်။

 

နိဂုံး

            ကျွန်တော်တို့ဟာ မျိုးဆက်သစ်တွေကို အမွေပေးနေကြတယ်။

            ဘာတွေကို ပေးမှာလဲ။

            “အမှန်တရား”

            “လောကမှာ အမှန်တရားဟာ ရှားပါတယ်ဆရာ။ မဖြစ်နိုင်ပါဘူး” တဲ့။

            ဒါဆိုရင် အမှားတွေကို အမွေပေးမလား။ လိမ်တာညာတာတွေကို အမွေပေးမလား။

            ဟန်ဆောင်ပန်ဆောင်တာတွေကို အမွေပေးမလား။

            “ကျွန်တော်တို့ဟာ စံပြတွေ ဖြစ်ရမယ်။ အမှန်တရားကို ရင်ဆိုင်ဖို့ဟာ အင်မတန်မှ ခက်ခဲ တယ်။ သိက္ခာရှိရှိနဲ့ ဘဝကိုရင်ဆိုင်တယ်ဆိုတာ မြင့်မြတ်ပါတယ်။ သားသမီးတွေကို ဒါတွေ အမွေပေး ရမယ်”တဲ့။

            လောကကြီးမှာ တရားတာတွေ မတရားတာတွေရှိမှာပါပဲ။

            ဒါပေမယ့် အမှန်တရားနဲ့သာ လျှောက်လှမ်းပါလို့။

            အမှန်တွေကိုသာ အမွေပေးပါ ဟူ၍။

ဒေါက်တာခင်မောင်ညို

 ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလထုတ်“အတွေးအမြင်” အမှတ်(၁၈၆) မှ

 


လတ်တလော လုပ်ငန်းစဉ်နှင့် အထွေထွေ နိုင်ငံရေးသဘောထား

 

အလုပ်သမား၊ လယ်သမားကဏ္ဍ

 

အမျိုးသမီးနှင့် လူငယ်ကဏ္ဍ

 

 
 

 

Copyright © 2007 Democratic Party for a New Society. All Rights Reserved.