|
နိုင်ငံရေးသမားနှင့် စာရေးဆရာ
(၁)
နိုင်ငံရေးသမားနှင့် စာရေးဆရာကို မနှိုင်းယှဉ်မီ
နိုင်ငံရေးသမားဆိုတာဘာလဲ၊ စာရေးဆရာဆိုတာ ဘာလဲကို
ရှင်းပြဖို့ လိုပေလိမ့်မည်။
နိုင်ငံရေးဆိုတာဘာလဲ။
နိုင်ငံရေးဆိုသည်မှာ စီးပွားရေးတောင်းဆိုချက်ကို
လူထုအင်အားဖြင့် လှုပ်ရှားမှုပြုခြင်းပင် ဖြစ်သည်။
စာပေဆိုတာဘာလဲ။
စာပေဆိုသည်မှာ လူ့ဘ၀အကြောင်းအရာကို စာဖတ်သူ
ရသပေါ်အောင် ဖွဲ့နွဲ့ထားသော အရေးအသားဖြစ်သည်။
နိုင်ငံရေးဆောင်ရွက်သူသည်
နိုင်ငံရေးသမားဖြစ်သည်။ စာပေရေးသားသူသည် စာရေးဆရာ
ဖြစ်သည်။ ဤသို့ အကြမ်းဖျင်းသိရသည်။ သည့်ထက်
တင်းပြည့်ကျပ်ပြည့် အဓိပ္ပာယ်ဖြင့်ဆိုရလျှင်
နိုင်ငံရေးကို မိမိဘ၀၌ မြှုပ်နှံကာ
နိုင်ငံရေးတစ်ခုတည်းကိုသာ ဆောင်ရွက်သူကို
နိုင်ငံရေးသမားဟု ခေါ်သင့်ပေသည်။ စာပေကို မိမိဘ၀၌
မြှုပ်နှံကာ စာပေတစ်ခုတည်းကိုသာ ရေးသားသူကို စာရေး
ဆရာဟု ခေါ်သင့်ပေသည်။
ယင်းအဓိပ္ပာယ်ဖွင့်ဆိုချက်အတိုင်း
အတိအကျ သတ်မှတ်ရန်မဟုတ်ပေ။ နိုင်ငံရေး သက်သက်၊
စာပေသက်သက် ဆောင်ရွက်သူများရှိသလို
ရောနှောဆောင်ရွက်ကြသူများလည်း ရှိပေ သည်။ လောက၌
သတ်သတ်ဟူ၍ မရှိနိုင်ပေ။ သို့သော် ယင်းအင်အား
အများဆုံးရှိသူကို တိုင်းတာ၍
ခေါ်ဝေါ်မှတ်ယူကြခြင်းသာလျှင် ဖြစ်ပေသည်။
ဤနေရာ၌ နိုင်ငံရေးသမားသက်သက်၊
စာရေးဆရာသက်သက်ဟူ၍ နှိုင်းယှဉ်လိုခြင်း မဟုတ်ဘဲ
နိုင်ငံရေးသမားနှင့် စာရေးဆရာလုပ်ငန်း
နှစ်ရပ်ကိုသာ နှိုင်းယှဉ်လိုခြင်းဖြစ်၍ ရှေ့ဆက်
ကြပေအံ့။
(၂)
နိုင်ငံရေးနှင့် စာပေ မည်သည့်နေရာ၌
တူကြသလဲ။
နိုင်ငံရေးသည်
စီးပွားရေးတောင်းဆိုချက်နှင့် သက်ဆိုင်သလို
စာပေသည် လူ့ဘ၀နှင့် သက်ဆိုင်သည်။ ဟော...တူကြပေပြီ။
စီးပွားရေးဆိုသည်မှာ စားဝတ်နေရေးပင်
မဟုတ်လော။ လူ့ဘ၀ဆိုသည်မှာလည်း စားဝတ်
နေရေးပင်မဟုတ်လော။ နိုင်ငံရေးဝေါဟာရအားဖြင့်
သိပ္ပံကျကျ စီးပွားရေးဟုခေါ်ကြသည်။ စာအုပ် သံပါပါ၊
တက္ကသိုလ်ဟန်ပါပါဖြင့် ခေါ်လျှင် ဘောဂဗေဒဟုလည်း
တနည်းခေါ်နိုင်သေးသည်။ လူ့ဘ၀ဟု
စာဆန်ဆန်ခေါ်လျှင်လည်း ရသည်။ ကဗျာဆရာတို့က ဘ၀ဟု
လှလှကလေး ခေါ်ကြပေ သည်။
စီးပွားရေးနှင့် လူ့ဘ၀ အနှစ်သာရချင်း
အတူတူပင် မဟုတ်ပေလော။
စီးပွားရေးအကြောင်းပြောလျှင်
လူ့ဘ၀ပါရမည်။ လူ့ဘ၀အကြောင်းပြောလျှင် လူတွေ၏
စီးပွားရေး ပါရမည်။ မပါ၍မဖြစ်။ လူ့ဘ၀သည်
စီးပွားရေးတောင်းဆိုချက်ဖြင့် လှုပ်ရှားနေသော ဘဝ
ဖြစ်သည်။ ငြိမ်သက်နေသော ဘ၀မဟုတ်ပေ။ လူ့ဘ၀၏
အသက်သည်ပင်လျှင် စီးပွားရေးတောင်းဆို ချက်
ဖြစ်ပေသည်။ စီးပွားရေးတောင်းဆိုချက်မရှိလျှင်
လူ့ဘ၀သည် သေနေခြင်းပင်။
လူ့ဘ၀သည် မည်သို့ရှိသလဲ။ လူ့ဘ၀သည်
လူတန်းစားများဖြင့် ပိုင်းခြားစိတ်ဖြာလျက် ရှိပေ
သည်။ စီးပွားရေးတောင်းဆိုချက်သည် လူတန်းစားက
တောင်းဆိုသော စီးပွားရေးတောင်းဆိုချက် သာလျှင်
ဖြစ်ပေသည်။ နိုင်ငံရေးသည်ပင်လျှင်
လူတန်းစားနိုင်ငံရေး ဖြစ်ပေသည်။ လူတန်းစားမှ
ကင်းသော နိုင်ငံရေးဟူသည် မရှိနိုင်ပေ။
(၃)
နိုင်ငံရေးသည်
စီးပွားရေးတောင်းဆိုချက်၊ စာပေသည်
လူ့ဘ၀ကိုရေးသားခြင်း။
စီးပွားရေးကို မည်သို့တောင်းဆိုသလဲ၊
လူထုအင်အားဖြင့် လှုပ်ရှားကာတောင်းဆိုသည်။ ဟော...
နိုင်ငံရေး၌ လူထုအင်အားကို တွေ့ရှိရပေပြီ။
လူ့ဘ၀ကို မည်သို့ရေးသားသလဲ၊
စာဖတ်သူရသပေါ်အောင် ဖွဲ့နွဲ့သည်။ ဟော... စာပေ၌
စာဖတ်သူကို တွေ့ ရှိရပေပြီ။
နိုင်ငံရေး၌ လူထုအင်အား၊ စာပေ၌
စာဖတ်သူ အတူတူပင်ဖြစ်သည်။ စကားလုံးအခေါ် ကွဲ
သော်လည်း အနှစ်သာရအားဖြင့် အတူတူပင်ဖြစ်ပေသည်။
စာဖတ်သူ၊ စာဖတ်ပရိသတ်သည် လူထု ဖြစ်သည်။ တနည်း
အသေးစိတ် အတိအကျဆိုရလျှင် စာဖတ်သူသည်
လူထုအစိတ်အပိုင်းတစ်ရပ် ဖြစ်ပေသည်။
နိုင်ငံရေးသမားသည် လူထုမပါဘဲ
မရပ်တည်နိုင်၊ စာရေးဆရာသည် စာဖတ်သူမပါဘဲ မရပ်
တည်နိုင်။ နိုင်ငံရေးသမားနှင့် စာရေးနှစ်ဦးစလုံး
လူထု၌ အမြစ်တွယ်လျှက်ရှိသည်။
လူထု၌ အခြေမစိုက်သော နိုင်ငံရေးသည်
ကျဆုံးမည်ဖြစ်၍ စာဖတ်သူလူထု၌ အခြေမစိုက် သော
စာပေသည်လည်း တိမ်ကောရမည်သာ ဖြစ်ပေသည်မဟုတ်လော။
(၄)
စာရေးဆရာ၏လုပ်ငန်း အဘယ်နည်း။
စာရေးဆရာသည် အနုပညာလုပ်ငန်းကို
ဆောင်ရွက်သည်။ သူသည် လူ့ဘ၀ကို ထိတွေ့ ခံစား
ရှုမြင်သုံးသပ်၍ အလှပညာဖြင့် ဖွဲ့နွဲ့သည်။ သူ၏
အတတ်ပညာသည်ကား သူ၏ စာဖတ် ပရိသတ် (၀ါ) လူထုစိတ်၌
စွဲလမ်းကပ်ငြိအောင်၊ နှစ်သက်ယုံကြည်အောင်၊
ရသခံစားအောင် ရေးသားရသော အတတ်ပညာဖြစ်သည်။
စာဖတ်ပရိသတ်က သူ၏စာပေကို နှစ်သက်ခံစားခြင်း
ရှိသလောက် သူ၏ စာပေအင်အားသည် ကြီးမားလာပေသည်။
သူ၏အနုပညာသည် အောင်မြင် သည်ဟု ဆိုရပေမည်။
နိုင်ငံရေးသမား၏ လုပ်ငန်းကား
အဘယ်နည်း။
နိုင်ငံရေးသမားသည်
လူထုလှုပ်ရှားမှုလုပ်ငန်းကို ဆောင်ရွက်သည်။ သူသည်
လူတန်းစား တို့ဖြင့် ပြွမ်းသော လူ့ဘ၀ကို
တိုးဝှေ့လေ့လာဝေဖန်ကာ နိုင်ငံရေး ဘောဂဗေဒပညာ၊
နိုင်ငံရေး အဘိဓမ္မာတို့ဖြင့် ဆောင်ရွက်သည်။
နိုင်ငံရေးအာဏာရအောင် အားထုတ်သည်။ သူ၏တစ်နည်းဆိုရ
သော သူ့ပါတီ၏ နိုင်ငံရေးဝါဒ၊ လမ်းစဉ်များကို လူထုက
လက်ခံနှစ်သက်၊ ယုံကြည်တက်ကြွလာ အောင်
ပြောဟောလှုပ်ရှား ဆောင်ရွက်ရသည်။ သူ၏အတတ်ပညာကား
သူ့နိုင်ငံရေးပါတီ၏ ၀ါဒ၊ လမ်းစဉ်ကို လူထုက
နှစ်သက်လက်ခံ၊ ယုံကြည်တက်ကြွလာအောင် ပြုလုပ်သော
အတတ်ပညာ ဖြစ်သည်။ လူထုက ယင်းနိုင်ငံရေးဝါဒ၊
လမ်းစဉ်ကို နှစ်သက်လက်ခံခြင်းရှိသလောက် သူ၏
နိုင်ငံရေး အင်အားသည် ကြီးမားလာပေသည်။ သူ၏နောက်ပါ၌
လူထုရှိမှ အောင်မြင်သည်ဟု ဆိုရပေမည်။
နိုင်ငံရေးသမားသည်
လူထုနှင့်ညှိနှိုင်း၍ နိုင်ငံရေးလှုပ်ရှားမှုကို
ဆောင်ရွက်ရသည်။ စာရေး ဆရာသည်လည်း
စာဖတ်ပရိသတ်(လူထုအစိတ်ပိုင်းတစ်ရပ်)နှင့်
ညှိနှိုင်း၍ ရေးသားရသည်။ လူထု၏ ဆန္ဒနှင့် ညှိ၍
မဆောင်ရွက်လျှင် ယင်းနိုင်ငံရေးသမားသည် ကျဆုံးသလို
စာဖတ်ပရိသတ်၏ ဆန္ဒနှင့် ညှိ၍မရေးသားသော
စာရေးဆရာသည်လည်း ကျဆုံးရမည်ဖြစ်ပေသည်။
နိုင်ငံရေးသမားတို့မည်သည် လူထု၏ရှေ့မှ
ကျော်တက်နေ၍လည်းမရ၊ နောက်ကျန်ရစ်နေ ၍လည်းမရ၊
လူထုနှင့်တစ်သားတည်း တစ်ပြေးတည်း နေရပေမည်။
လူထု၏ဆန္ဒအရသာလျှင် နိုင်ငံရေးသမားက လူထုကိုယ်စား
စေပါးဆောင်ရွက်ခြင်းဖြစ်ပေသည်။ နိုင်ငံရေးသမားက
သက်သက်၊ လူထုကသက်သက် မဟုတ်ရပေ။ စာရေးဆရာသည်လည်း
ထို့အတူပင်ဖြစ်သည်။ စာရေးဆရာသည် လူထု၏ခံစားမှုကို
ထင်ဟပ်ဖော်ပြရပေမည်။ သူ၏စာပေသည် လူထုခံစားမှု
ဝေဒနာကို ထင်ဟပ်ရပေမည်။ စာရေးသူ၏ခံစားမှုနှင့်
စာဖတ်ပရိသတ်၏ ခံစားမှုသည် ကိုက်ညီရပေ မည်။
စာရေးဆရာသည် ရောမမြို့ကြီး မီးလောင်နေစဉ်
တယောထိုးပြရန် မဟုတ်ပေ။
နိုင်ငံရေးသမားသည် လူထုကိုချဉ်းကပ်ရာ၌
လမ်းမှန်ကမ်းမှန်ဖြင့်သာ ဖြောင့်မတ် တည်ကြည်စွာ
ချဉ်းကပ်ရပေမည်။ လူထုအား လိမ်လည်လှည့်ဖျား၍
မချဉ်းကပ်ရပေ။ စာရေးဆရာ သည်လည်း ထို့အတူပင်။
စာရေးဆရာသည် စာဖတ်ပရိသတ်၏ အကြိုက်ကို အလိုလိုက်ကာ
စိတ်ကူးယဉ်စာပေ၊ ဘ၀ထွက်ပြေးမှုစာပေတို့ဖြင့်
မှိန်းယစ်အောင် ရေးသားရမည်မဟုတ်ပေ။
နိုင်ငံရေးသမားသည် အခြေအနေမှန်ကို
လူထုအား တင်ပြရပေမည်။ စာရေးဆရာသည် လည်း
တကယ်ဖြစ်ပျက်နေသောခေတ်ကို သရုပ်ဖော်ရပေမည်။
နိုင်ငံရေးသမားအား
အဆုံးဖြတ်ပေးရာသည်လည်းကောင်း၊ စာရေးဆရာအား
အဆုံးအဖြတ်ပေးရာသည်လည်းကောင်း လူထုပင်ဖြစ်သည်။
(၅)
ပြည်သူ့အကျိုးဆောင် နိုင်ငံရေးသမား၏
ရည်မှန်းချက်သည် ထာဝစဉ် ငြိမ်းချမ်းရေးပင်
ဖြစ်သည်။ ငြိမ်းချမ်းမှ ပျော်ရွှင်မည်၊ တိုးတက်မည်၊
သာယာမည်။ ပြည်သူ့အကျိုးဆောင် စာရေးဆရာ ၏
ရည်မှန်းချက်သည်လည်း ငြိမ်းချမ်းရေးပင်ဖြစ်သည်။
အနုပညာသည် ငြိမ်ချမ်းမှ အစွမ်းကုန် အလှဆုံး
ပွင့်ဖူးနိုင်ပေမည်။
နိုင်ငံရေးသမားသည်
နိုင်ငံရေးလုပ်စားလျှင် (၀ါ) ကိုယ်ကျိုးရှာလာလျှင်
ပျက်စီးလေတော့ သည်။ စာရေးဆရာသည်လည်း
ငွေကြေးအတွက်လိုက်ကာ စာရေးလာလျှင်
မှိန်လာတော့သည်။
နိုင်ငံရေးသမားသည် အာဏာရယူရေးအတွက်
နည်းအမျိုးမျိုးဖြင့် ဆောင်ရွက်သူဖြစ်ရာ
သေလျှင်မြေကြီး၊ ရှင်လျှင်ရွှေထီး လုပ်တတ်သည်။
ရက်စက်သည်။ စာရေးဆရာက နူးညံ့သိမ်မွေ့ သည်။
ဝေဒနာခံစားမှု၌ ထက်မြက်သည်။ ဆွတ်ပျံ့သည်။
တစ်စုံတရာကို စိစစ်ဝေဖန်တွေးခေါ်ပြီးမှ
လက်ခံတတ်သည်။ နိုင်ငံရေးသမားသည်
မှားလျှင်ပြင်မည်ဟူသော သဘောထားနှင့် တိုးလုပ်တတ်
သည်။ စာရေးဆရာကား အမှားနည်းရန် ကြိုးစားသည်။
သစ္စာတရားကို ရှာဖွေသည်။ အဖြူပေါ် အမည်းတင်၍
ကမ္ပည်းထိုးရသူဖြစ်ရာ သတိကြီးစွာထားသည်။
ထို့ကြောင့် တစ်ခါတရံ
နိုင်ငံရေးသမားနှင့် စာရေးဆရာသည် မသင့်မတင့်
ဖြစ်တတ်သည်။ ပဋိပက္ခဖြစ်တတ်သည်။
သို့ဖြစ်ရာ နိုင်ငံရေးသမားနှင့်
စာရေးဆရာသည် တူသည်။ မတူ။
xxxxx
ဒဂုန်တာရာ
စာပြီးနှစ် ၁၉၆၈ “စာလုံး၊ ဆေးစက်၊
စောင်းကြိုးနှင့် ကတ္တီပါကားလိပ်” မှ
အတွေးအမြင် အမှတ် (၂၀၆)၊ ၂၀၀၉ မေလ |