ပြည်သူသာအမိ ပြည်သူသာအဖ

အဖွင့်စာမျက်နှာ သမိုင်းအကျဉ်း ဖွဲ့စည်းပုံစည်းမျဉ်း တပ်ပေါင်းစုရေးရာ ဆက်သွယ်ရန်

 

 
 

အေအိုအေ

            ၁၉၅၁ ခုနှစ် အာဏာရဆိုရှယ်လစ်ပါတီမှ ကျွန်တော်တို့နှုတ်ထွက်ပြီး အတိုက်အခံ ဗမာပြည် အလုပ်သမား လယ်သမားပါတီ(ဆိုရှယ်နီ) ဖွဲ့စည်းစဉ်က လွှတ်တော်အမတ် (၁၅) ဦးခန့် ပါဝင်ခဲ့ပါ သည်။ ၁၉၄၇ ခုနှစ်က တိုင်းပြုပြည်ပြုလွှတ်တော်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့သော လွှတ်တော် သည် ၁၉၅၁ ခုနှစ်တွင် (၄) နှစ်သက်တမ်း ကျော်သွားခဲ့ပြီဖြစ်သည်။ သို့သော် ရွေးကောက်ပွဲသစ်များ ပြုလုပ်နိုင်သည့်အခြေအနေမရှိ။ တိုင်းပြည်အစိတ်အပိုင်း အတော်များများကို အရောင်အသွေး အမျိုးမျိုးရှိသော လက်နက်ကိုင်ပုန်ကန်သူများက သိမ်းပိုက်ထားကြသည်။ ထို့ကြောင့် တိုင်းပြုပြည်ပြု လွှတ်တော်ကို ယာယီပါလီမန်လွှတ်တော်အဖြစ် အသက်ဆက်ခဲ့ရသည်။ ထို့ကြောင့် အတိုက်အခံ ပါတီတွင် လွှတ်တော်အမတ် (၁၅) ဦးခန့် ပါဝင်ခဲ့ရခြင်းဖြစ်သည်။ အမတ်အရေအတွက်ကိုတော့ အတိအကျမမှတ်မိတော့။ ယင်းလွှတ်တော်အမတ်များသာမရှိလျှင် အတိုက်အခံအဖြစ် ကျွန်တော်တို့ အရှည်သဖြင့် ရပ်တည်၍ရမည်မဟုတ်ပါ။ အတိုက်အခံအဖြစ် ရေရှည်ရပ်တည်နိုင်ရန် လွတ်လပ်သော သတင်းစာ၊ လွတ်လပ်စွာ စည်းရုံးခွင့်၊ လှုပ်ရှားခွင့်၊ ရေးသားခွင့်၊ ဟောပြောခွင့်များ ပြည့်စုံမှဖြစ်မည်။ ထို့အပြင် လွတ်လပ်သော တရားစီရင်ရေးစနစ်လည်း ရှိရဦးမည်။

            ကျွန်တော်တို့ အတိုက်အခံအဖြစ် စတင်ရပ်တည်ရသည့်အချိန်တွင် လွတ်လပ်သောသတင်း စာများ ရှိသည်။ တိုင်းပြည်ထောင့်အသီးသီးတွင် တကယ်ဖြစ်ပျက်နေသည့် ဖြစ်ရပ်မှန်များကို တိတိ ကျကျ ဖော်ထုတ်တင်ပြနိုင်သည့် အခြေအနေမျိုးတော့ မရှိသေးပါ။ သတင်းထောက်များက ရေးသား ပေးပို့ကြသော်လည်း အစိုးရငြိုငြင်မှာစိုး၍ အတိုက်အခံများ၏ သဘောထားကို တိတိပပ မဖော်ပြလို သော သတင်းစာများရှိကြသည်။ သတင်းစာတိုက်ပိုင်ရှင်များ၊ အယ်ဒီတာများ၏ သဘောထားက လည်း ရှိသေးသည်။ ထို့ကြောင့် အတိုက်အခံများသည် သတင်းစာတစ်ခုတည်းကို အားကိုးလို့မရပါ။ လွှတ်တော်အတွင်းမှ ဖိနှိပ်ချုပ်ချယ်မှုများကို ခုခံတွန်းလှန်ဖွင့်ချမှုများဖြင့် ပေါင်းစပ်ခုခံကြရသည်။ ဂျာနယ်များရှိသော်လည်း အရေအတွက်နည်းပါးပြီး စောင်ရေကလည်း နည်းသည်။ ထို့အပြင် ဂျာနယ်တိုက်ထောင်ရန် မခက်သော်လည်း အရှည်တည်တံ့အောင် လုပ်ဖို့ခက်သည်။

            ထို့ကြောင့် တစ်စုံတစ်ခုသော ပြဿနာပေါ်ပေါက်လာသည့်နှင့် သတင်းစာများတွင် ထည့် သွင်းဖေါ်ပြပေးရန် ဝါရင့်သတင်းထောက်များ၊ အယ်ဒီတာများထံ ချဉ်းကပ်ရသည်။ အချို့သတင်းစာ များက “စောင်းပေး”ဖေါ်ပြကြပြီး အချို့က မထင်မရှား “ပုဒ်တို”အဖြစ် ဖေါ်ပြကြသည်။ လုံးဝ ထည့်သွင်းဖေါ်ပြခြင်းမပြုသော သတင်းစာများလည်း ရှိတတ်သည်။ ထို့ကြောင့် စာနယ်ဇင်း သက်သက်ကိုချည်း အားကိုး၍မရဘဲ ပါလီမန်တွင် နည်းမျိုးစုံဖွင့်ချမှုများဖြင့် ပေါင်းစပ်ရသည်။

            ပါလီမန်တွင် ဖွင့်ချဖို့လုပ်ရသည်မှာလည်း လွယ်ကူလှသည်တော့မဟုတ်။ အတိုက်အခံ ဘက်မှ တင်သွင်းသောအဆိုကို လွှတ်တော်အဆိုရွေးချယ်ရေးကော်မတီ (select committee) တွင် အာဏာရပါတီက လူများစုဖြစ်၍ ပါရန် ခဲယဉ်းလှသည်။ ထို့အပြင် အဆိုတင်ရာတွင် ရွေးချယ်ခြင်းမခံရ ပါက အသုံးစရိတ်ဖြတ်တောက်ရေးအဆိုကို (cut motion) သွင်းရသည်။ ဖြတ်တောက်ရေးအဆိုက သက်ဆိုင်ရာဝန်ကြီးက သူ၏ ဝန်ကြီးဌာနအတွက် တစ်နှစ်တာအသုံးစရိတ် တောင်းခံသည်ကို ငွေဖြတ်တောက်သည့် အဆိုဖြစ်သည်။ ဥပမာ ခရိုင်တစ်ခုတွင် ရဲတို့၏ လုပ်ကိုင်ဆောင်ရွက်ပုံကို မကျေနပ်၍ ပြည်ထဲရေးဝန်ကြီး၏ တောင်းခံငွေမှ ကျပ် ၁၀၀ သို့မဟုတ် ကျပ် ၁၀ ဖြတ်တောက်ရန် အဆိုသွင်းခြင်း ဖြစ်သည်။ ယင်းငွေဖြတ်တောက်အဆိုကို လွှတ်တော်ကလက်ခံလျှင် ပြည်ထဲရေး ဝန်ကြီးက အဆိုရှင်ကျေနပ်အောင် ရှင်းပြရသည်။ ရှင်းပြပြီး ဝန်ကြီးက ငွေဖြတ်တောက်အဆိုကို ရုတ်သိမ်းဖို့ပြောရသည်။ ဝန်ကြီးအတိုက်အခံက အမြဲရှုံးသည်။ အသံဖြင့် မဲခွဲလျှင်လည်း ရှုံးစမြဲဖြစ် သည်။ ထို့ကြောင့် ပါလီမန်ဒီမိုကရေစီဟုဆိုသော်လည်း ပါလီမန်တွင် မဲအပြတ်အသတ်သာလွန်သည့် အာဏာရအစိုးရက အနိုင်ကျင့်လျှင် လွှတ်တော်တွင်း “အများစု အာဏာရှင်စနစ်” (Dictatorship of Majority) ဟု ခေါ်ကြသည်။ ထို့ကြောင့် ဒီမိုကရေစီမဏ္ဍိုင်များရှိစေကာမူ လွှတ်တော်တွင်း အများစု မဲဖြင့် အာဏာရှင်ဆန်ဆန် ကျင့်သုံးမှုလည်း ရှိတတ်သည်။

            အထက်တွင် ရွေးကောက်ပွဲပြုလုပ်နိုင်သည့် အခြေအနေမရှိ၍ တိုင်းပြုပြည်ပြုလွှတ်တော်ကို ယာယီ ပါလီမန်လွှတ်တော်အဖြစ် အသက်ဆက်ခဲ့ရသည်ကို ဖေါ်ပြခဲ့သည်။ အခြေအနေက ဤသို့ ရှိသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရန် ၁၉၄၇ ခုနှစ်၊ ဧပြီလတွင် တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲ ပြုလုပ်သည်။ ၁၉၅၁ ခုနှစ်၊ ဧပြီလတွင် (၄) နှစ်သက်တမ်းပြည့်သည်။ ၁၉၅၂-၅၂ ခုနှစ်နှောင်းပိုင်းတွင်မှ ရွေးကောက်ပွဲကို အသုတ်ခွဲ၍ ကျင်းပခဲ့ရသည်။

            ဤသည်တို့ကတော့  လွတ်လပ်ရေးရပြီးစခေတ်တွင် အတိုက်အခံဟူ၍ စတင်ဖြစ်ပေါ်လာရ ပုံကို မျိုးဆက်သစ်များသိရှိနိုင်ကြစေရန် အကြမ်းဖျင်းဖေါ်ပြခြင်းဖြစ်သည်။

            ယင်းခေတ်က အမျိုးအမည်များပြားလှသော အင်အားစုများ၏ လက်နက်ကိုင်တိုက်ပွဲများမှာ ဗွေဆော်ဦး ၁၉၄၇ ခုနှစ်ဝန်းကျင်ကတည်းက လက်နက်ကိုင်တိုက်ပွဲဆင်နွှဲခဲ့သည့် သခင်စိုးဦးဆောင် သည့် ကွန်မြူနစ်ပါတီ (ဗမာပြည်) ခေါ် အလံနီကွန်မြူနစ်ပါတီ၊ သခင်သန်းထွန်း ဦးဆောင်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ၊ ဗိုလ်မှူး ဘိုးကွန်းဦးဆောင်သည့် ပြည်သူ့ရဲဘော်(ဖြူ)၊ ၁၉၄၉ ခုနှစ်တွင်း၌ ကေအင်ဒီအို(Karen National Defence Organisation) အခု KNU ( Karen National Union) ကရင်အမျိုးသားအစည်းအရုံး၊ ရခိုင်ဘက်တွင် အထက်ဖေါ်ပြပါ လက်နက်ကိုင်တိုက်ပွဲများအပြင် မူဂျာဟစ်များ၊ အမ်အင်ဒီအို( Mon National Defence Organisation ) မွန်အမျိုးသားများ၊ ထို့နောက် ပအို့၊ ရှမ်း စသည်ဖြင့် တသီတတန်းကြီး လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲကြသည်။ အစိုးရဘက်တွင် တပ်မတော်(သေနတ်ကိုင်တပ်ရင်း ၆ ရင်းခန့်)၊ ပြည်ထောင်စုစစ်ရဲ၊ စစ်ဝန်ထမ်း (လဲဗီ)၊ ငြိမ်းချမ်းရေး ပြောက်ကျား ကျောင်းသားတပ်များ ပါဝင်တိုက်ခိုက်ခဲ့သည်။ ပြည်ထောင်စုစစ်ရဲ၊ အရံစစ်ရဲ၊ စစ်ဝန် ထမ်းနှင့် ငြိမ်းချမ်ရေးပြောက်ကျားတပ်များကို ဆိုရှယ်လစ်ပါတီဦးဆောင်မှုအောက်ရှိ (ဘီတီယူစီ) အလုပ်သမားအစည်းအရုံး (ဗမာနိုင်ငံ)၊ ဗတလစ(ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား အစည်းအရုံး)၊ စပကသ(စီးပွားရေးကုန်သွယ်ရေးအဖွဲ့) စသည်တို့မှ အများအပြား ပါဝင်ဖွဲ့စည်းခဲ့ ကြသည်။ ပြည်သူ့ရဲဘော်များလည်း ပါသည်။ ရဲဘော်ဖြူတော်လှန်တော့ သူတို့ပါသွားသည်။ နောက် ပိုင်းတွင် ယင်းတပ်အားလုံးသည် ဗမာ့တပ်မတော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ အစိုးရတပ်များ သည် လက်နက်သူပုန်များကို တိုက်ခိုက်ရှင်းလင်းရင်း ကျေးလက်များနှင့် မြို့နယ်အချို့မှ  ဥပဒေတွင်း အတိုက်အခံအင်အားစုများကို ရှင်းလင်းလေ့ရှိကြသည်။ ဖဆပလ ကလည်း မိမိတို့၏ အားနည်းချက် များကို ဖုံးကွယ်ရန် “မြေပေါ်မြေအောက်”ဟု တံဆိပ်တပ်ပြီး နှိပ်ကွပ်ကြသည်။ ၁၉၅၁-၅၂ ခုနှစ် ပါလီမန် ရွေးကောက်ပွဲများကို အသုတ်ခွဲ၍ကျင်းပသောအခါ မြေပေါ်-မြေအောက်ပေါင်းသည်ဟူသော စွပ်စွဲချက်များဖြင့် ဥပဒေတွင်း အတိုက်အခံများကို နှိပ်ကွပ်မှု ပိုပြင်းထန်လာပါတော့သည်။ မင်းလှ လေးလောင်းပြိုင်လူသတ်မှု၊ မြိတ်က လူသတ်မှု၊ ဤသည်တို့ကတော့ လွတ်လပ်ရေးရရှိပြီးစ ပါလီမန်ဒီမိုကရေစီကျင့်သုံးမှု စတင်ယိမ်းယိုင်လာခြင်းပင် ဖြစ်သည်။

            ပုဒ်မ(၅)၊ ပုဒ်မ(၁၇) (က) (ခ) မတရားသင်းဖြင့် ဆက်သွယ်သည်ကို အရေးယူသည့် ဥပဒေ အပြင် အခြားဥပဒေအမျိုးမျိုးဖြင့် ဖဆပလအစိုးရ နှိပ်ကွပ်လာသဖြင့် အတိုက်အခံများ ဥပဒေတွင်း ရပ်တည်နိုင်သည့် ဘောင်သည် တဖြည်းဖြည်း ကျဉ်းမြောင်းသေးကြုံ့လာသည်။ ကျေးလက်တောရွာ များသို့ စည်းရုံးရေးဆင်းရန်ပင် ခက်ခဲလာသည်။

            ခပ်စောစောပိုင်းက လွတ်လပ်ရေးနောက်ဆုံးအဆင့်တိုက်ပွဲတွင် ခေါင်းဆောင်ကြီးများနှင့် အတူ လုပ်ခဲ့သူမှန်းသိ၍ ကျွန်တော်တို့ကို တို့ရန်ထိရန် ရွံ့နေကြသော်လည်း နောက်ပိုင်းတွင် အတို့အထိခံရတာ များလာသည်။ အတိုက်အခံဖြစ်လာခဲ့သည့် ၁၉၅၁ ခုနှစ်မှ တော်လှန်ရေးအစိုးရ တက်လာသည့် ၁၉၆၂ ခုနှစ်အထိဖြစ်သော (၁၀) နှစ်ကျော်အတွင်း ပုဒ်မ(၅)၊ နိုင်ငံခြားသား ခေါင်းဆောင်များပုံ ကိုင်ဆောင်မှု၊ ဇရပ်တွင် ကျောင်းထိုင်ဆရာတော်၏ခွင့်ပြုချက်ဖြင့် ပြည်သူ့လူငယ် ညီလာခံ လုပ်သည့်အတွက် ပိုင်နက်ကျူးလွန်မှု စသည်တို့ဖြင့် (၁၅) ကြိမ်မက အဖမ်းခံခဲ့ရသည်။ တရုတ်ဖြူကျူးကျော်မှုဆန့်ကျင်ရေး လူထုအုံကြွမှုတိုက်ပွဲတွင် ကျွန်တော်တို့ကို ပြည်ထဲရေးဝန်ကြီး ဗိုလ်ခင်မောင်ကလေးက သူ့ကားပေါ်မှတွေ့ပြီး ရဲဌာနချုပ်က ဝိုင်ယာလက်ဖြင့် အဖမ်းခိုင်းခဲ့သည်။ တရုတ်ဖြူကျူးကျော်မှုဆန့်ကျင်၍ တပ်မတော်ကိုထောက်ခံအားပေးသော တိုက်ပွဲဖြစ်သောကြောင့် ဖမ်းဆီးခြင်းမှာ ကြည့်မကောင်းသဖြင့် ဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းကိုယ်တိုင် လွှတ်ပေးဖို့ ပြောခဲ့ရ သည်။

            ယင်းသို့ ခက်ခဲသော အနေအထားတွင် ဥပဒေတွင်းအတိုက်အခံအဖြစ် ရပ်တည်ရသည်မှာ လွယ်မယောင်နှင့် ခက်သည်။ White Terror ခေါ် အဖြူရောင်နယ်မြေ အကြမ်းဖက်အုပ်စိုးမှုအောက် တွင် အတိုက်အခံလုပ်ရခြင်းသည် အသက်ကိုဖက်နှင့်ထုပ် လုပ်ကိုင်ရသကဲ့သို့ပင်။ သူတင်ကိုယ်တင် လက်နက်ကိုင်တိုက်ရသည်က မိမိကိုယ်တိုင်လက်နက်ကိုင် ခုခံနိုင်စွမ်းရှိသေးသည်။ အင်အားကြီး သည်၊ ငယ်သည်၊ ရှုံးသည်၊ နိုင်သည်က တစ်ကဏ္ဍ။ ဥပဒေတွင်းတိုက်ပွဲဝင်သူတို့ကတော့ ဖဆပလ အုပ်စိုးသူ လက်ခုပ်ထဲက ရေ။ သွန်လိုသွန် မှောက်လိုမှောက် လုပ်သမျှခံရသည်။ အာဏာရှိသူတို့ ပြုသမျှ နုရသည့်အခြေအနေ။

            ထိုစဉ်က တရားရေးမဏ္ဍိုင်က တစ်စုံတစ်ခုသော အတိုင်းအတာအထိ အားကိုးရသည်။ ပုဒ်မ(၅) အရေးပေါ်စီမံမှုဥပဒေတို့ဖြင့် မတရားဖမ်းဆီးခြင်းခံရသူများက တရားရုံးချုပ်သို့ ဖမ်းဆီးသည့် အကြောင်းရင်းကို ဆိုင်ရာမှ တရားသူကြီးထံတင်သွင်းရသည့် ရှေ့တော်သွင်းစာချွန်တော် ဥပဒေအရ လျှောက်ထားနိုင်ခွင့်ရှိသည်။ အကျိုးအကြောင်းမခိုင်လုံဘဲ ပုဒ်မ(၅)ဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်းခံရ သည့် နိုင်ငံရေးသမားအတော်များများ ယင်းဥပဒေအရ လွတ်မြောက်ခဲ့ကြသည်။ ကျွန်တော်သည် ဇရပ်တွင် ဆရာတော်ထံမှ ခွင့်ပြုချက်ဖြင့် ညီလာခံလုပ်သည်ကို ပိုင်နက်ကျူးလွန်မှုဖြင့် အရေးယူခြင်း ခံရသည့်အမှုတွင်လည်း ညီလာခံဖိတ်ကြား၍ တက်လာသည့် ပါတီအထွေထွေအတွင်းရေးမှူး သခင်ချစ်မောင်(ဝိဒူရ)ကိုပါ တရားခံလုပ်ထားသည်။ အုပ်စိုးသူတို့က သူတို့ဆရာတော်ထံ ဆန်အိတ် ကပ်လှူပြီး မူလတန်းကျောင်းဖွင့်ထားသည့်ဇရပ်တွင် ညီလာခံလုပ်သည့်အတွက် ပိုင်နက်ကျူးလွန်မှု ဖြင့် တရားစွဲခြင်းဖြစ်သည်။ တရားသူကြီးက ဖဆပလ က ဆရာတော်ထံ ဆန်အိပ်ကပ်လှူပြီး ကျောင်း ဖွင့်သကဲ့သို့ တရားခံ ကိုသန်းကလည်း ဆရာတော်ထံမှ ခွင့်ပြုချက်ရယူပြီး ကျောင်းပိတ်ထားချိန်တွင် လူငယ်ညီလာခံလုပ်ခြင်းဖြစ်သည်။ ယင်းသို့ ဆရာတော်ထံမှ ခွင့်ပြုချက်ယူပြီး လုပ်ဆောင်ကြသူချင်း အတူတူ ညီလာခံပြုလုပ်သူ ကိုသန်းကို ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲဆိုခြင်းသည် ဘိန်းစားချင်း အတူတူ တစ်လုံးပိုရှူခြင်းသာဖြစ်သည်ဟု ဆိုပြီး တရားသူကြီးဦးကံက ကျွန်တော်တို့ကို လွှတ်ပေးခဲ့ ပါသည်။ တရားရေးမဏ္ဍိုင်၏ တိမ်းစောင်းခြင်းမရှိသည့် အနေအထားဖြစ်ပါသည်။

            ယင်းသို့သော အနေအထားများကြောင့် ၁၉၅၁ ခုနှစ်ဝန်းကျင်တွင် အတိုက်အခံပါတီ တစ်ပါတီတည်း ရှေ့တန်းရောက်နေ၍မဖြစ်ပါ။ အန္တရာယ်များလှသည်။ ထို့ကြောင့် ပါတီကြီးသည် ငယ်သည်မဟူ ဝါဒလမ်းစဉ် မတူကွဲပြားစေကာမူ ဖိနှိပ်ချုပ်ချယ်သည့် အန္တရာယ်ကို ခုခံကာကွယ်နိုင်ရန် လက်တွဲကြရသည်။ ယုတ်စွအဆုံး ယာယီ မဟာမိတ်ပြုကြရသည်။ Temporary Alliance ဖြစ်သည်။ ကျွန်တော်တို့သင်ကြားခဲ့ရသော သဘောတရားရေးအရဆိုလျှင်လည်း မိမိတို့ထက် သာလွန်ကြီးမား သော ရန်သူအင်အားစုနှင့် ရင်ဆိုင်တွေ့ရလျှင် တွေဝေယိမ်းယိုင်တတ်သော၊ စိတ်မချရသော၊ တည် ငြိမ်ခြင်းမရှိသော မည်သည့်အင်အားစုမျိုးဖြင့်မဆို ယာယီမဟာမိတ်ဖွဲ့နိုင်သည်ဟု ဆိုထားသည်။ ဥပမာအားဖြင့် ဖက်ဆစ်ဂျပန်ကို ရင်ဆိုင်နိုင်ရန် တရုတ်ကွန်မြူနစ်ပါတီက ကူမင်တန်ပါတီနှင့် မဟာ မိတ်ဖွဲ့ရခြင်း၊ နာဇီဂျာမနီနှင့် ဖက်ဆစ်အီတလီတို့ကို ရင်ဆိုင်နိုင်ရန် ဆိုဗီယက်ရုရှနှင့် အနောက်နိုင်ငံ များဖြစ်သည့် ဗြိတိန်၊ အမေရိကန်ပြည်ထောင်စုတို့ မဟာမိတ်ပြုရခြင်းမျိုး ဖြစ်သည်။

            အထက်တွင် ကျွန်တော်ရေးသားဖေါ်ပြခဲ့ခြင်းတို့သည် မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီများ မဟာမိတ်ဖွဲ့ရခြင်းတို့ကို ဖော်ပြရန် နိဒါန်းပျိုးခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း အာရှစစ်ကြိုကာလ တွင် ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေးအတွက် ဒေါက်တာဗမော်၏ ဆင်းရဲသားဝံသာနုအဖွဲ့၊ တို့ဗမာ အစည်းအရုံးနှင့် ဦးဘဦးခေါင်းဆောင်သော နေပြည်တော်အဖွဲ့တို့ ဗမာ့ထွက်ရပ်ဂိုဏ်းဖွဲ့စည်းသကဲ့သို့ ဖက်ဆစ်ဂျပန်များကို တော်လှန်ရန် ကွန်မြူနစ်ပါတီနှင့် မြေအောက်တော်လှန်ရေးယူနစ် (သို့) ပြည်သူ့အရေးတော်ပုံပါတီတို့ ပူးတွဲပြီး ဖတပလ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (နောင်တွင် ဖဆပလ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့) ကို ဖွဲ့စည်းခဲ့ကြဖူးသည်။

            ၁၉၅၁-၅၂ ခုနှစ်ဝန်းကျင်က ဥပဒေတွင်းတိုက်ပွဲ၌ ဖဆပလနှင့် အားပြိုင်နေရသည့် ကျွန်တော်တို့ပါတီသည် အင်အားသိပ်မကောင်းလှပါ။ အခြားပါတီဆို၍ ပြေးကြည့်မှ လူထုလူတန်းစား အဖွဲ့အစည်းများအပေါ် အခြေပြုထားခြင်းမရှိသော ဂျပန်ခေတ်အဓိပတိဟောင်း ဒေါက်တာဘမော် ဦးဆောင်သော မဟာဗမာအဖွဲ့နှင့် ဂျပန်ခေတ်ဝန်ကြီးဟောင်း သခင်ဗစိန် ဦးဆောင်သော ဗမာပြည် ဒီမိုကရက်တစ်ပါတီတို့လောက်သာ ရှိသည်။ သခင်ဘမောင် ဦးဆောင်သော တို့ဗမာအစည်းအရုံး ရှိသေးသော်လည်း သခင်ဗစိန်တို့ထက်စာလျှင် ပို၍ပင် အင်အားနည်းပါးသေးသည်။

            တစ်နေ့ ဦးဘငြိမ်၏ ရွှေတောင်ကြားနေအိမ်တွင် ချိန်းမထားဘဲ ကိုအောင်သန်း(လူငယ် ရေးရာ)၊ ဦးသန်းငွေ၊ ဦးမျိုးမြင့်နှင့် ကျွန်တော်တို့ ဆုံမိသည်။ အရက်ဝိုင်းဖွဲ့ရင်း ရောက်တတ်ရာရာများ ပြောကြသည်။ ဦးဘငြိမ်က ကျွန်တော်တို့ပါတီ ဥပဒေတွင်းရပ်တည်မှု ရှင်သန်အားကောင်းရေး အတွက် လိုအပ်နေသည်များကို ပြောသည်။ ကျွန်တော်တို့ကလည်း ထောက်ခံဆွေးနွေးကြသည်။ မဟာမိတ်ဖွဲ့ရမည့် လူသိများသောပါတီများကို ကြည့်လိုက်တော့လည်း မဟာဗမာနှင့် ဒီမိုကရက်တစ် ပါတီတို့လောက်သာ ရှိသည်။ သူတို့ကလည်း “အထည်ကြီးပျက်” ပါတီများ ဖြစ်သည်။ သူတို့ အာဏာ မရှိတော့ သူတို့အသိုင်းအဝိုင်းက သူတို့ကို စွန့်ခွါသွားကြပြီဖြစ်သည်။ “အသံသာရှိပြီး အဆံမရှိ”ကြ။ သို့သော် ဥပဒေတွင်း ရပ်တည်ရင်း ဖိနှိပ်ချုပ်ချယ်မှုများကို ခုခံတွန်းလှန်နေကြရသည့် ဘဝတူများ ဖြစ်၍ လက်တွဲမဟာမိတ်ပြုကြရမည်သာဖြစ်သည်။ ဥပဒေပါ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်၊ လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့်၊ လွတ်လပ်စွာ ဟောပြောခွင့်များရရှိမှသာ မိမိတို့ပါတီအဖွဲ့အစည်း များ၏ ဝါဒသဘောထား၊ လမ်းစဉ်များကို ပြည်သူကို ချပြစည်းရုံးနိုင်ကြမည် မဟုတ်ပါလော။ ထို့ကြောင့် ဥပဒေတွင်းနိုင်ငံရေးတိုက်ပွဲဘောင် ချဲ့ထွင်နိုင်ရန် မဟာမိတ်ရှာကြရမည်သာဖြစ်သည်။

            မကြာမီအတွင်းမှာပင် ပါတီနိုင်ငံရေးဦးဆောင်အဖွဲ့တွင် “မဟာမိတ်ဖွဲ့ရေး” ကို ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်။ ထိုစဉ်က ဗမာပြည် အလုပ်သမားလယ်သမားပါတီ၏ နိုင်ငံရေးဦးဆောင်အဖွဲ့(ပေါ်လစ်ဗျူရို)ဝင်များမှာ သခင်ချစ်မောင်(ဝိဒူရ)၊ သခင်လွင်၊ သခင်လှကြွေ၊ ဦးဘငြိမ်နှင့် ကိုမောင်မောင်ကျော်(တကသ ဥက္ကဌဟောင်း၊ နောင် တရားရုံးချုပ်ရှေ့နေကြီး ဒေါက်တာ မောင်မောင်ကျော်) တို့ ဖြစ်သည်။ ပါတီက ဥပဒေတွင်း အတိုက်အခံမဟာမိတ်ဖွဲ့ရန် ဆုံးဖြတ်သည်။ ဒေါက်တာဘမော်၊ သခင်ဗစိန်တို့နှင့် ဆွေးနွေးရာတွင် အဓိကအခန်းမှ ဦးဘငြိမ်က ပါဝင်သည်။ ဂျပန်ခေတ် အတွင်းဝန်ဘဝက ဒေါက်တာဘမော်နှင့် သိကျွမ်းရင်းနှီးခဲ့သူဖြစ်သည်။ ဒေါက်တာဘဟန် ဦးဆောင်သည့် အဖွဲ့တစ်ဖွဲ့တွင် အတွင်းဝန်အဖြစ် ဂျပန်သို့ သွားရောက်ခဲ့ဖူးသည်။

            ဆွေးနွေးညှိနှိုင်းကြပြီးနောက် “အတိုက်အခံ မဟာမိတ်အဖွဲ့” အတိုကောက် “အေအိုအေ” Association of Opposition Alliance ကို ဖွဲ့စည်းခဲ့ကြသည်။ လက်တွေ့အကောင်အထည်ဖေါ်သည့် လုပ်ငန်းမှာ ကျွန်တော်ပါဝင်ဆောင်ရွက်ခဲ့ရသည်။ မဟာမိတ်ဖွဲ့စည်းလိုက်နိုင်ပြီဆိုသည်နှင့်ပင် “ငါတို့တစ်ပါတီ၊ တစ်ဖွဲ့တည်း မဟုတ်တော့ဘူး”ဟု အားတက်ခဲ့ရသည်။

            တိုင်းပြည်၏ နိုင်ငံရေးဖြစ်စဉ်အရ ထိုအချိန်က မှိုလိုပေါက်နေသော လက်နက်ကိုင်တိုက်ပွဲ များကြောင့် အဓိက နိုင်ငံရေးတိုက်ပွဲပုံသဏ္ဍာန်သည် လက်နက်ကိုင်တိုက်ပွဲဖြစ်တော့မည်ကဲ့သို့ ရှိနေသည်။ ဥပဒေတွင်းတိုက်ပွဲ ( Legal struggle) သို့မဟုတ် ဒီမိုကရေစီတိုက်ပွဲက မှေးမှိန်နေ၍ ဥပဒေတွင်း ကြံ့ကြံ့ခံနိုင်အောင် ကျွန်တော်တို့ ကြိုးပမ်းအားထုတ်နေကြရခြင်းဖြစ်သည်။

            အေအိုအေ ဖွဲ့စည်းတော့မည်ဆိုတော့ ပြည်သူလူထုနှင့် စာနယ်ဇင်းများက တအံ့တသြ ဖြစ်ကြသည်။ စိတ်ဝင်တစားရှိကြသည်။ အနောက်နိုင်ငံစာနယ်ဇင်းများက “Above Ground Communists” “မြေပေါ်ကွန်မြူနစ်များ”ဟု နာမည်ပေးထားသည့် အလုပ်သမားလယ်သမားပါတီနှင့် လက်ျာဂိုဏ်းသား ဒေါက်တာဘမော်၏ မဟာဗမာပါတီ၊ ကွန်မြူနစ်ဆန့်ကျင်ရေးဟု ကြွေးကြော်နေ သော သခင်ဗစိန်တို့၏ ဒီမိုကရက်တစ်ပါတီတို့ ဘယ်လိုစခန်းသွားကြမည်နည်းဟု သိချင်စိတ်စောနေ ကြသည်။ ထူးဆန်းသည်ဟုလည်း ထင်နေကြသည်။

            အမှန်က မထူးဆန်းပါ။ ခပ်လှုပ်လှုပ်ဖြစ်နေသော မိမိတို့၏ ဥပဒေတွင်းရပ်တည်မှုအတွက် အကျိုးတူ ပူးပေါင်းကြရခြင်းသာဖြစ်၍ ပါတီဝါဒသဘောထားများနှင့် မဆိုင်ပါ။ နိုင်ငံရေးအရ ပြောရ လျှင် မဟာမိတ်အဖွဲ့ဝင်များသည် “Unite and struggle” တစ်ဖက်တွင် တူသည့်နေရာ ပေါင်းလုပ်၊ တစ်ခြားတစ်ဖက်တွင် မတူတာကို ငြင်းခုံတိုက်ပွဲဆင်လမ်းစဉ်အတိုင်း သွားကြရပါလိမ့်မည်။

            အေအိုအေ ဖွဲ့စည်းကြောင်းကြေညာသည့် သတင်းစာရှင်းလင်းပွဲကို ရွှေတိဂုံဘုရားလမ်း “ဆန်းကဖေး” လား၊ မဟာဗန္ဓုလလမ်း “ရှားမီးမုန့်တိုက်”မှာလား မမှတ်မိတော့ပါ။ အခမ်းအနား မဖွင့် လှစ်မီကပင် စာနယ်ဇင်းသမားများနှင့် ဖိတ်ကြားထားသူများ ရောက်နှင့်နေကြသည်။ ဒေါက်တာ ဘမော်နှင့် အဖွဲ့သားများ၊ သခင်ဗစိန်နှင့် အဖွဲ့သားများ၊ ဗမာပြည် အလုပ်သမားလယ်သမားပါတီ ဗဟိုအလုပ်အမှုဆောင်များလည်း စုံစုံညီညီ ရောက်ရှိနေကြသည်။ ကျွန်တော်သည် နိုင်ငံရေးထဲ ကျောင်းသားအရွယ်ကတည်းက ရောက်ခဲ့ပြီး တို့ဗမာအစည်းအရုံးသို့ အတော်အတန်ရောက်ရှိခဲ့ သော်လည်း အခြားပါတီများမှ ခေါင်းဆောင်များကို သိလည်းမသိ၊ တွေ့လည်းမတွေ့ဖူးပါ။ ဒေါက်တာ ဘမော်၊ သခင်ဗစိန်တို့ဆိုတာ တစ်ခါမှ အနီးကပ်မမြင်ခဲ့ဖူးပါ။

            မမြင်ဖူးသော်လည်း ဒေါက်တာဗမော်၏ “လုပ်” ပြောသော အင်္ဂလိပ်-မြန်မာ စကားပြောဟန်၊ မျက်ခုံးတွင် အမာရွတ်ရှိ၍ ဓားမဦးထုပ်ကို မျက်ခုံးတစ်ဖက်အုပ်ပြီး ခပ်စောင်းစောင်း ဆောင်းတတ်ပုံ၊ “ခင်ဗျားတို့ သိလား၊ ကျုပ်ပြောလိုက်မယ် မှတ်ထား” စသဖြင့် ဟိတ်ဟန်ဖြင့်ပြောတတ်ပုံများကို တစ်ဆင့်စကားဖြင့် ကြားသိခဲ့ရဖူးသည်။ ဆိုရှယ်လစ်ပါတီရောက်တော့ ကိုကြည်လွင်(ပန်းပင်တန်း) သည် ဒေါက်တာဘမော် လေယူလေသိမ်းဖြင့် တူအောင်ပြောတတ်သူဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း နုစဉ် တက္ကသိုလ်ကျောင်းသား ဘဝတုန်းက ဒေါက်တာဘမော်အင်္ဂလိပ်လိုပြောသလို တစ်ယောက် တည်း အခန်းထဲတွင် တံခါးပိတ်ပြီး လေ့ကျင့်လေ့ရှိသည်ဟု သခင်ကျော်စိန်က ကျွန်တော့်ကို ပြောပြခဲ့ဖူးသည်။

            သခင်ဗစိန်အကြောင်းတော့ သိပ်မသိ။ ဦးသိန်းဖေမြင့်နှင့်စပ်မိ၍ မေးကြည့်တော့ စကားပြော ရာတွင် ဒေါမာန်အပြည့်ဖြင့် တစ်ဖက်လူစိတ်ကြွလာအောင် လှုံ့ဆော်ပြောကြားတတ်သည်။ ရဲရင့်ပြီး သတ္တိရှိသည်ဟု ပြောသည်။ ဦးနေဝင်း၏ ဆရာသမားဖြစ်ပြီး မြေအောက်ရှိုးနေရစဉ် သခင်ဗစိန် ကြိုက်တတ်သည့် အကောင်းစား ပြင်သစ်“ ဘီစကစ်” ဘရန်ဒီကို ကြံဖန်ရှာဖွေပြီး သွားပို့ပေးရသည်။ ဂျပန်နိုင်ငံသို့ လျှို့ဝှက်သွားရောက်စဉ် စုံထောက်များဖမ်းဆီးသွားခဲ့သဖြင့် ဂျပန်ပြည်မရောက်ဘဲ ထောင်ထဲရောက်သွားခဲ့သည်။ နိုင်ငံရေးခံယူချက် “ပြင်း”ပြီး မာကြောသူဖြစ်သည်။ ယခုလည်း မျက် လုံးများ အရောင်တောက်နေဆဲဖြစ်ပြီး အတန်ငယ်ဝနေပါပြီ။ ပထမဆုံးမြင်ဖူးပြီးနောက် ကျွန်တော်က သခင်ဗစိန်၏ ပြောပေါက်ဆိုပေါက်နှင့် ဟန်ပန်ကို သဘောကျသွားသည်။ ယခု သတင်းစာဆရာများ နှင့် တွေ့ဆုံပွဲမှာတော့ ကျွန်တော် ယခင်ကမမြင်ဖူးခဲ့သော ဒေါက်တာဘမော်ကို အနီးကပ်တွေ့ရပြီ။  ရုပ်ရည်ချောမောသန့်ပြန့်၍ ဥပဓိရုပ် အလွန်ကောင်းသူဖြစ်သည်။ အဓိပတိဘဝမှ “ကျ”ခဲ့သည်မှာ ခြောက်နှစ်ခန့်သာရှိသေးသော်လည်း ကျန်းမာရေးက “အကျပိုင်း”ရောက်နေပြီဟု ထင်ရသည်။ သို့သော် နိုးကြားတက်ကြွဆဲ၊ စကားပြောရာတွင် အားပါဆဲဖြစ်သည်။

            အခမ်းအနားတွင် ပါတီအသီးသီးကိုယ်စား ဗမာပြည်အလုပ်သမားလယ်သမားပါတီမှ သခင်ချစ်မောင် (ဝိဒူရ)၊ မဟာဗမာပါတီမှ ဒေါက်တာဘမော် ၊ ဒီမိုကရက်တစ်ပါတီမှ သခင်ဗစိန်တို့ ပြောကြသည်။ အဓိကအားဖြင့် ဖိနှိပ်ချုပ်ချယ်မှုများကို ပြောကြသည်။ ပုဒ်မ(၅)ကို ဖိပြောကြသည်။ နောက် ဖိနှိပ်ချုပ်ချယ်မှုကင်းသော နိုင်ငံရေးပတ်ဝန်းကျင်ဖြစ်ထွန်းရေးအတွက် ကြိုးပမ်းအားထုတ်ရန် လိုအပ်ချက်နှင့် မဟာမိတ်ဖွဲ့စည်းခြင်း သဘောကို ရှင်းလင်းပြောကြားကြသည်။  ဘီစီအက်စ် အတွင်းဝန်ဘဝမှ အငြိမ်းစားယူခဲ့သည့် ဦးဘငြိမ်က ရှင်းလင်းပြောကြားရင်း “ကျုပ်တို့ ကွန်မြူနစ် တွေပဲ”ဟု ပြောသွားသကဲ့သို့ ကွန်မြူနစ်ကြေညာစာတမ်းကို ဘာသာပြန်ခဲ့သော သခင်ဗစိန်ကလည်း “ကျုပ်တို့ဟာ ကွန်မြူနစ်ဆန့်ကျင်ရေးသမားတွေပဲ”ဟု ပြောကြားသွားရာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဖြောင့်ဖြောင့် ကြီး ဆန့်ကျင်နေပါလျက် ဖိနှိပ်ချုပ်ချယ်မှုများ ခုခံကာကွယ်ရန် မဟာမိတ်ဖွဲ့ရသည့် သဘောကို ပို၍ နားလည်လာကြသည်။ အစည်းအဝေးတွင် လက်ဖက်ရည်၊ ကိတ်မုန့်နှင့် ရေခဲမုန့်များဖြင့် ဧည့်ခံသည်။

            အေအိုအေသည် ဆက်လက်၍ လှုပ်ရှားရာတွင် ထိရောက်မှုရှိသင့်သလောက် မရှိ။ ဗမာပြည် အလုပ်သမားလယ်သမားပါတီက အလုပ်သမားတောင်သူလယ်သမား၊ လူငယ်ကျောင်းသား အမျိုးသမီးအင်အား အထိုက်အလျောက်ရှိသော်လည်း မဟာဗမာနှင့် ဒီမိုကရက်တစ်ပါတီတို့က အင်အားသိပ်မရှိကြ။ သူတို့ အာဏာရှိစဉ်က ဘုန်းမီးနေလတောက်ခဲ့ပြီး ဝန်းရံသူများခဲ့သည်။ အာဏာ မဲ့သွားတော့ ဝန်းရံသူနည်းပါးပြီး အားမပြနိုင်ကြတော့။ ဒီမိုကရက်တစ်ပါတီတွင် သခင်ဗစိန်၊ သခင် လှထွန်း(ဦးနေဝင်း၏ညီ) စသူတို့ မားမားရပ်ခဲ့သည်။ မဟာဗမာပါတီမှာတော့ ဒေါက်တာဘမော်နှင့် သူ၏သားမက် ဗိုလ်မှူးရန်နိုင်၊ မော်လဝီစံရှား စသူတို့သာ ရှိသည်။ ကျွန်တော်တို့ပါတီက ၀တ္တရား မပျက် လက်တွဲခေါ်ခဲ့သည်။ သို့သော် အနည်းငယ်ကြာလာတော့ မဟာမိတ်လုပ်ငန်းတွင် ထိရောက်စွာ မပါဝင်နိုင်ကြတော့။

            သို့ဖြင့် အေအိုအေ ခေါ် အတိုက်အခံမဟာမိတ်များအဖွဲ့သည် ဖဆပလ၏ ဖိနှိပ်မှုအားပြင်း နေစဉ် အထိုက်အလျောက် ထိရောက်မှုရှိခဲ့သော်လည်း နောက်ပိုင်းတွင် ထိရောက်စွာ အင်အားမပြနိုင် သဖြင့် တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားပါတော့သည်။

            အေအိုအေအဖွဲ့၏ အရေးပါမှုယုတ်လျော့သွားသဖြင့် ဗမာပြည် အလုပ်သမားလယ်သမား ပါတီသည် ဦးသိန်းဖေမြင့်နှင့် ဗိုလ်ချုပ်အစ်ကို ဦးအောင်သန်းတို့ခေါင်းဆောင်သော ပြည်သူ့ ငြိမ်းချမ်းရေးတပ်ပေါင်းစုနှင့် မဟာမိတ်ဖွဲ့ပြီး ဥပဒေတွင်းရပ်တည်မှု ပိုမိုခိုင်မြဲစေရန်နှင့် ဒီမိုကရေစီကို ဘောင်ချဲ့ထွင်ရန် ကြိုးပမ်းခဲ့ရပြန်သည်။

            ဤနေရာတွင် ဥပဒေတွင်းတိုက်ပွဲများနှင့် အပြည်ပြည်ဆိုင်ရာ ကွန်မြူနစ်လှုပ်ရှားမှုတို့၏ ဆက်နွယ်ဂယက်ရိုက်မှုကို တင်ပြလိုသည်။ ၁၉၅၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျွန်တော်သည် သြစ တြီးယားနိုင်ငံ၊ ဗီယင်နာမြို့တွင်ကျင်းပသော ကမ္ဘာ့ငြိမ်းချမ်းရေးပြည်သူ့ကွန်ဂရက်သို့ လူငယ် ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။ လူငယ်ကိုယ်စားလှယ်များမှာ ကိုလှဝင်း(တကသ ဥက္ကဌ)၊ ကိုထွန်းတင် (တရားရုံးချုပ်ရှေ့နေကြီး) (ဗမာနိုင်ငံလူငယ်များအစည်းအရုံး)နှင့် ကျွန်တော် (ပြည်သူ့ လူငယ်အဖွဲ့ချုပ် ဒုတိယဥက္ကဌ) တို့ဖြစ်သည်။ ယင်းနောက် ကမ္ဘာ့ဒီမိုကရက်တစ် လူငယ်အဖွဲ့ချုပ် (၈) ကြိမ်မြောက် ကောင်စီအစည်းအဝေးကိုလည်း တက်ရောက်ခဲ့သည်။

            ယင်းကမ္ဘာ့အဖွဲ့အစည်းကြီး နှစ်ခု၏ အစည်းအဝေးများတွင် အပြည်ပြည်ဆိုင်ရာ ကွန်မြူနစ် လှုပ်ရှားမှုအကွဲသည် အရိပ်ထိုးနေသည်ကို ကိုယ်တိုင်ကိုယ်ကျ တွေ့ရှိခဲ့ရသည်။ ယင်းအကွဲ၏ လိုရင်း အချုပ်မှာ ထိုစဉ်က ကွန်မြူနစ်တို့၏ အခေါ် အဝေါ်ဖြစ်သော ကိုလိုနီနှင့် ကိုလိုနီတစ်ပိုင်းနိုင်ငံများ ယခုအခေါ် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ၊ ဆိုရှယ်လစ်စနစ်ထူထောင်ရေး တိုက်ပွဲများတွင် အဓိကတိုက်ပွဲသဏ္ဍာန်သည် လက်နက်ကိုင်တိုက်ပွဲလား၊ ဥပဒေတွင်းတိုက်ပွဲလား ဆိုသည့် အငြင်းပွားမှုကို အခြေခံသည့် အကွဲဖြစ်သည်။ ယင်းကွဲပြားမှု၏အတိုင်းအတာကို အနောက် နိုင်ငံတို့က အခြေအနေကို အတော်ကလေး မှန်းဆမိကြသော်လည်း လှုပ်ရှားမှုအတွင်းမှ ကျွန်တော် တို့လောက် တိတိကျကျ မသိကြ။

            မြန်မာနိုင်ငံမှ ဖဆပလခေါင်းဆောင်ထဲမှ တိတိကျကျ လေ့လာနိုင်သူမရှိပါ။ အနီးကပ် လက်တွဲလုပ်ခဲ့ဖူးသည့် ကျွန်တော်တို့ အသိဆုံးဖြစ်သည်။ ပြည်တွင်းကွန်မြူနစ်လှုပ်ရှားမှုနှင့် အရှေ့ တောင်အာရှ ကွန်မြူနစ်လှုပ်ရှားမှုကို လေ့လာနေကြသည့် ရဲအထူးဌာန(Special Branch) မှ ရဲအရာရှိ များလည်း အနည်းအကျဉ်းလောက်သာ ရှိကြသည်။ ထိုစဉ်က ရဲအထူးဌာနနှင့် ဆက်သွယ်ထားသော ဗြိတိသျှသံရုံးမှ SLO ခေါ် ( Security Liaison Office) လုံခြုံရေးဆက်သွယ်ရေးကိုဌာနမှ အရာရှိ များပင် သိပ်မသိကြ။  ကျွန်တော်တို့ပါတီမှလည်း သခင်ချစ်မောင်(ဝိဓူရ)၊ ဦးဘငြိမ်၊ ကိုမောင်မောင် ကျော် တို့လောက်သာ အနည်းအကျဉ်း သိကြသည်။ ကျွန်တော်ကတော့ ဝါသနာအလျောက် အပြည်ပြည်ဆိုင်ရာ ကွန်မြူနစ်လှုပ်ရှားမှုကို လေ့လာနေသူဖြစ်သည်။ ပါတီကလည်း ကျွန်တော် လေ့လာနေသည်ကို မသိ။ ကျွန်တော်ကလည်း အထိုက်အလျောက် စကားဝိုင်းတွင်ပြောသော်လည်း ပါတီကို မတင်ပြပါ။ ပါတီကလည်း ကျွန်တော့်ကို အထင်မကြီး။ ကျွန်တော်ကလည်း “ပညာပြရန်” ဝန်လေးသူဖြစ်ပြီး ယင်းသို့လုပ်တတ်သူများပေါ် အမြင်မကြည်လင်သူဖြစ်သည်။ ကျွန်တော်က သူများ အထင်ကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ ဂရုမစိုက်ဘဲ ကိုယ်သန်ရာကို တစိုက်မတ်မတ် လုပ်တတ် သူဖြစ်သည်။

            တစ်ခါက ပါတီညီလာခံတစ်ခုတွင် ညစာထမင်းစားပြီး ဗဟိုကော်မတီရွေးကောက်ပွဲ ပြန်စ ရန်ရှိသည်။ ကျွန်တော်က သူငယ်ချင်းများနှင့်တွေ့ပြီး အရက်တိုက်ထမင်းကျွေးရာသို့ ပါသွားသည်။ စကားဖောရင်း နောက်ကျသွားသည်။ ဒါတောင် သူ့ကားနှင့်လိုက်ပို့လို့၊ နာရီဝက်လောက် နောက်ကျ သွားသည်။ ကျွန်တော့်လွယ်အိတ်ထဲတွင် သောက်လက်စ အရက်တစ်ပုလင်း၊ အသစ်တစ်ပုလင်း ပါသည်။ အနံ့ကလည်း တသင်းသင်း လွယ်အိတ်ထဲမှ အရက်နှစ်ပုလင်းကလည်း ထိခတ်ပြီး အသံ ထွက်နေသည်။ မဲပေးချင်စရာကောင်းသည့် ဗဟိုလူကြီး။

            ထိုဗဟိုကော်မတီရွေးပွဲတွင် ကျွန်တော် အဆင့်သစ်သို့ ရောက်သွားသည်။ အဆင့်တက်ခြင်း မဟုတ်ဘဲ အောက်အဆင့်သို့ ကျဆင်းသွားသည်။ အဆင့်မြင့်ဗဟိုကော်မတီမှ အရံဗဟိုကော်မတီ အမှတ် (၃) အထိ ကျသွားသည်။ ကိုသန်းငွေနှင့် ကိုခင်မောင်အုန်းတို့အောက် ရောက်သွားသည်။ မထင်မှတ်ဘဲဖြစ်သွားသည်ကို တွေ့ရသဖြင့် အနည်းငယ် အံ့အားသင့်သွားသည်။ စိတ်မထိခိုက်ပါ။ ကျွန်တော် အဆင့်နေရာမက်မောသူမဟုတ်။ ကျွန်တော် Position, rank conscious ဖြစ်သူမဟုတ်။ နေမြဲပင်။ အရံဗဟိုကော်မတီက မဲပေးပိုင်ခွင့်မရှိသည်မှ အပ ဗဟိုကော်မတီနှင့်အတူတူပင်။ “တော်ရိရော်ရိ” လုပ်တတ်သူကို အသာပေးလိုက်ခြင်းကို ကျွန်တော် ကျေကျေနပ်နပ်ခံယူခဲ့သည်။ သို့သော် နေရာအဓိကထားသူအချို့၏ ခြေရာလက်ာ များပါသည်ကို ကျွန်တော် တွေ့ရသည်။ ကျွန်တော်က ဒါတွေကို ဂရုမစိုက်ပါ။ တစ်နေ့ ဇာတိရုပ်မှန်ပေါ်မည်။ ဖုံးကွယ်၍မရပါ။ နောက်ပိုင်းတွင် ကျွန်တော်ယူဆထားသလို ဖြစ်ခဲ့သည်။ အကျယ်ကို မဖေါ်ပြတော့ပါ။

            အပြည်ပြည်ဆိုင်ရာ ကွန်မြူနစ်လှုပ်ရှားမှုအကြောင်းကို ဆက်ရလျှင်တော့ ---

            ကျွန်တော်သည် ၁၉၅၃ ခုနှစ်၊ ဖေဖေါ်ဝါရီလဆန်းတွင် ထိုစဉ်က တကသဥက္ကဌ ကိုလှဝင်းနှင့် အတူ ချက်ကိုစလိုဗက်ကီးယားနိုင်ငံ ပရာဟာခေါ်ပရပ်မြို့သို့ ရောက်နေသည်။ ကမ္ဘာ့ဒီမိုကရက်တစ် လူငယ်အဖွဲ့ချုပ် ကောင်စီအစည်းအဝေး တက်ရောက်ရန် ရောက်နေခြင်းဖြစ်သည်။ နိုင်ငံပေါင်းစုံမှ လူငယ်ခေါင်းဆောင်များနှင့် တွေ့ရသည်။ ကျူးဘားမှ ဖီဒဲလ်ကပ်စထရို၏ ညီတော်မောင် ရာအိုလ် ကပ်စထရိုတို့နှင့် တွေ့ရသည်။ အဖွဲ့ချုပ်အတွင်းရေးမှူးအဖွဲ့ဝင် ဗြိတိန်နိုင်ငံသား မယ်လကွန်နစ်ဆင် နှင့်လည်း အစည်းအဝေးတွင် ကျွန်တော်ဖတ်ကြားတင်ပြမည့် မိန့်ခွန်းကို weak ဖြစ်သည်ဟု ဝေဖန် သဖြင့် ဘုကျခဲ့ကြသည်။ “မင်းတို့ အင်္ဂလိပ်တွေ ငါတို့ကို မင်းတို့ရဲ့ကိုလိုနီဟောင်းက လူတွေဆိုပြီး အထင်သေးနေပုံပဲ။ ငါတို့ ဘယ်လောက်ခက်ခဲတဲ့ အခြေအနေမှာ လုပ်နေရတယ်ဆိုတာ မင်းမသိဘူး။ လက်နက်ကိုင်တော်လှန်ရေးနဲ့ အကန့်အသတ် အချုပ်အချယ်များတဲ့ ဥပဒေတွင်းတိုက်ပွဲ ရောထွေး ယှက်ငင်ဖြစ်နေတဲ့ အခြေအနေမှာ လုပ်နေရတာကို မင်းတို့နားမလည်ဘူး” ဟု ကျွန်တော်က ပြန် “တွယ်”တော့ နစ်ဆင် ဖြုံသွားသည်။ အမှန်က နစ်ဆင်က လူငယ်။ ကျွန်တော်က နိုင်ငံရေးတိုက်ပွဲ ခင်းမှ မွေးဖွားလာသူ။ ပါတီဗဟိုကော်မတီ။ အတွေ့အကြုံချင်း ကွာသည်။ သူ့အတွေ့အကြုံက လူငယ် လုပ်ငန်းမှာသာ ရှိပုံရသည်။ နစ်ဆင်တစ်ယောက် သြချသွားသလား။ လက်လှန်သွားသလားမသိ။ အစည်းအဝေး (၃) ရက်အတွင်း တစ်ခါမှ မျက်နှာချင်းမဆိုင်ရတော့။ ၁၉၅၃ ခုနှစ် နှစ်ဦးတွင် မယ်လ်ကွန်နစ်ဆင်နှင့် စကားများခဲ့ခြင်းသည် အတိတ်နိမိတ်လားမသိပါ။ ၁၉၅၄ ခုနှစ်၊ နိုဝင်ဘာလ နှောင်းပိုင်းတွင် အမေရိကန်သမ္မတ ရစ်ချတ်နစ်ဆင်ကို ဆန္ဒပြခဲ့၍ ပုဒ်မ(၅)ဖြင့် အဆွဲခံခဲ့ရသည်။

            တိုက်ကြီး (၃) တိုက်မှ နိုင်ငံရေးအဆင့်နိမ့်သူများမှ နိုင်ငံရေးအဆင့်မြင့်သူများ၊ လက်နက် ကိုင် တိုက်ပွဲ၊ ဥပဒေတွင်းတိုက်ပွဲပေါင်းစုံမှာ ကျင်လည်ခဲ့သည့် လူငယ်ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ အတွေ့အကြုံ ဖလှယ်ခဲ့သည်။ ယိုးဒယား၊ မလေး၊ လာအို၊ ကမ္ဘောဒီယား၊ ဗီယက်နမ် ရဲဘော်များနှင့် တွေ့ရှိခဲ့သည်။ အာဖရိက၊ လက်တင်အမေရိကမှ လူငယ်ပေါင်းစုံနှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့ရသည်။ ဗမာပြည်ကွန်မြူနစ်ပါတီမှ ကိုထွန်းစိန်၊ ကိုရဲခေါင်၊ ကိုခင်ဝင်းတို့နှင့် တွေ့ခဲ့သည်။ တိုင်းမင်းကြီး ဦးစိုးရ၏ညီ ကိုထွန်းရှိန်ကို ဗကပ ဆို၍ ရောယောင်အထင်းမသေးလိုက်နှင့်။ ကမ္ဘာ့ ကျောင်းသား အဖွဲ့ချုပ်နှင့်။ လူငယ်အဖွဲ့ချုပ်တွင် ဆယ်စုနှစ်တစ်ခုကျော် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်၍ အတွေ့အကြုံများသည်။ ဂိုဏ်းဂဏစိတ် ကင်းသည်။ လူချစ်လူခင်ပေါသူဖြစ်သည်။ မြန်မာနိုင်ငံသား ဂုဏ်တက်စေသူဖြစ်သည်။ ကျွန်တော်၏ ကျဉ်းမြောင်းသည့် ဂိုဏ်းဂဏစွဲ(ဖဆပလအစိုးရအား မုန်းတီး မှု)အား ချွတ်ပေးခဲ့သူဖြစ်သည်။ (အခွင့်သင့်လျှင် အကျယ်ရေးရန် ကြိုးစားပါမည်။ စာရေးသူ)

            တချို့နိုင်ငံကြီးများမှ လူငယ်ကိုယ်စားလှယ်များသည် အာရှအာဖရိကမှ လူငယ်ကိုယ်စား လှယ်များကို ချဉ်းကပ်စည်းရုံးနေကြသည်။ ဗြောင်ဖွင့်မပြောဘဲ တိုက်ခိုက်နေခြင်းဖြစ်သည်။ ဆိုဗီယက် အုပ်စုက လူတွေက ခပ်ချာချာတွေ။ ညနေ (၈) နာရီထိုးလျှင် ရုံးဆင်းမည်။ မင်းတိုင်းကျေလုပ်နေကြ တာများသည်။ (Formalism)။ ကပွဲသွားမည်။ ကမည်။ ဧည့်ခံပွဲသွားမည်။ တရုတ်တို့က အထူး လေ့ကျင့် သင်တန်းပေးထားသူများဖြစ်၍ ဆက်ဆံရေးကောင်းသည်။ အလိုက်သိသည်။ ကူညီနိုင်သမျှ ကူညီကြသည်။ ယင်းအားပြိုင်မှုကို လိုရင်းချုပ်လိုက်တော့ အပြည်ပြည်ဆိုင်ရာ ကွန်မြူနစ်လှုပ်ရှားမှု အကွဲကို တွေ့ရသည်။ ဆိုဗီယက်ရုရှပါတီနှင့် တရုတ်ပါတီတို့၏ သဘောတရားရေးတိုက်ပွဲ။

            ငြိမ်းချမ်းရေးလှုပ်ရှားမှာထက် လူငယ်လှုပ်ရှားမှုအတွင်း လျှို့ဝှက်အားပြိုင်မှုများက ပို၍ ပြင်းထန်သည်။ လူငယ်ကျောင်းသားအဖွဲ့များတွင် မြေအောက်အဖွဲ့ဝင်ဖြစ်နေသည့် ပြည်သူ့ ဒီမို ကရက်တစ် လူငယ်အဖွဲ့နှင့် မြေအောက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂတို့ကို အဖွဲ့များအဖြစ် လက်ခံထားသော်လည်း သူတို့သဘောထား၊ ရပ်တည်ချက်များကို ရှေ့တန်းမထုတ်တော့။ ကိုလှဝင်း နှင့် ကျွန်တော့်ကို ဟိုတယ်ဖလော်ရာတွင် အခန်းပေးထားသော်လည်း မြေအောက် ပြည်သူ့ ဒီမို ကရက်တစ် လူငယ်အဖွဲ့ကိုယ်စားလှယ် ကိုထွန်းရှိန်ကို အခန်းမပေးတော့။ ကိုထွန်းရှိန် အစည်းအဝေး တက်ရောက်လက်မှတ် ထိုးသော်လည်း အချိန်ပြည့်မတက်။ ကျွန်တော်တို့ ကိုထွန်းရှိန်အခန်းမှာ တွေ့ကြရသည်။ ကိုထွန်းရှိန်က သူ့အခန်းမှာ ခေါက်ဆွဲကြော်ကျွေးသည်။

            မှတ်မှတ်ရရ ထိုညက ပရာဟာတွင် မီးပြတ်သည်။ ကုန်ထုတ်လုပ်မှုတိုးမြှင့်ရန် လျှပ်စစ်ဓါတ် အားကို ရပ်ကွက်လိုက် ဖြတ်တောက်ကြခြင်းဖြစ်သည်။ ကျွန်တော်က အိမ်သားများကို မင်းတို့က မီး ဖြတ်တာ ခုမှ အဆန်းဖြစ်နေလား၊ ငါတို့က ၁၉၅၃ ခုနှစ် လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၀) ကတည်းက နိုင်ငံ ခြားမှာ ကြုံခဲ့ဖူးတာဟု ကြံကြံဖန်ဖန် ကြွားရသည်။ ကိုထွန်းရှိန်က ကွန်မြူနစ်ဆိုသော်လည်း လက်ဝဲ သွေဖီရေးသူငယ်နာ စွဲကပ်သူမဟုတ်။ ကျွန်တော်လို ဆရာမနိုင် ဂိုဏ်းမနိုင်ကိုလည်း အစွဲချွတ်ပေး ခဲ့သူဖြစ်သည်။ ရိုးမတွင် ဖေငြိမ်း(ရဲဘော်ထွန်းရှိန်)ကို ဖြုတ်ထုတ်သတ်လုပ်သည်ကြားရတော့ “လူကို ခွေးသတ်တာပဲ”ဟု ဦးပုညနှင့် မြို့ဝန်ဦးသာအို သတိရပြီး ကရုဏာဒေါသောဖြင့် ကျွန်တော်ပြောမိ သည်။ အပြည်ပြည်ဆိုင်ရာ ကွန်မြူနစ်လှုပ်ရှားမှုတွင် လက်ဝဲယိမ်းနှင့် လက်ျာယိမ်း မည်သို့ အယူအစွဲ တိုက်ပွဲ ပြင်းထန်နေသော်လည်း အမှန်ဖြင့် အနီးကပ်ဆုံး ရပ်တည်နိုင်သူဖြစ်သည်။ နိုင်ငံတကာအဆင့် ရှိသည့် နိုင်ငံရေးသမားဖြစ်ပါသည်။

            ကမ္ဘာ့လူငယ်အစည်းအဝေးတွင် ကျွန်တော်တို့အစည်းအဝေးတက်စဉ် သတင်းထောက်များ ဓါတ်ပုံရိုက်လျှင် ရှောင်နေဖို့  အဖွဲ့ချုပ်လူများက သတိပေးသည်။ မြေပေါ်မြေအောက် ပေါင်းနေကြ သည်ဟူသော စွပ်စွဲတိုက်ခိုက်ခံရမည့် အန္တရာယ်ကို ကြိုမြင်သည်။ ကျွန်တော် မြန်မာပြည်ပြန်ရောက် တော့လည်း အဖွဲ့ချုပ်က အိန္ဒိယမှ အက်စ်မစ်ထရာ၊ မဇွန်ဒါး၊ အင်ဒိုနီရှားမှ ဆူကပ်နိုတို့ ပြည်သူ့လူငယ် အဖွဲ့ချုပ်သို့ စေလွှတ်ခဲ့သည်။ ဥပဒေတွင်းတိုက်ပွဲများကို ဦးစားပေးလာသည့်သဘော ဖြစ်ပါသည်။

            အပြည်ပြည်ဆိုင်ရာ ကွန်မြူနစ်လှုပ်ရှားမှုသည် ကျွန်တော်တို့ ဥပရောပအလယ်ပိုင်းမှာ ရှိစဉ် က အတွင်းကြိတ်တိုက်ပွဲ၊ အားပြိုင်မှုဖြစ်သော်လည်း ၁၉၅၆ ခုနှစ်၊ အကြိမ် (၂၀) မြောက် ဆိုဗီယက် ပါတီ ကွန်ဂရက်အပြီးတွင် နီကီတာကရူးရှက် ပါတီအထွေထွေအတွင်းရေးမှူးဖြစ်လာပြီးနောက် လူသိထင်ရှားဖြစ်လာသည်။ ယင်းအကွဲသည် ဆိုရှယ်လစ်အုပ်စုကြီး ပြိုကွဲပျက်စီးသွားသည်အထိ ပြန်လည်ရင်ကြားမစေ့တော့။

            မြန်မာနိုင်ငံနှင့်ပတ်သက်၍တော့ ၁၉၅၆ ခုနှစ် ဝန်းကျင်မှစ၍ “လွတ်လပ်ရေးအတု” ဟု ကွန်မြူနစ်များ၏ ကြွေးကြော်မှု ရပ်ဆိုင်းသွားသည်။ ရုရှပါတီ၏သဘောထားကို တရုတ်ပါတီက လက်ခံလာခဲ့သည်။ ဖွံ့ဖြိုးဆဲနိုင်ငံတွင် ပြီးပြည့်စုံသည့် လွတ်လပ်ရေးကို အသင့်မရနိုင်ပါ။ နိုင်ငံလွတ် လပ်ရေးကို အရယူပြီး စီးပွားရေး စစ်ရေးပါ လွတ်လပ်အောင် ဆက်လက်ကြိုးပမ်းရမည်ဟူသော သဘောထားကို အပြည်ပြည်ဆိုင်ရာ ကွန်မြူနစ်များက လက်ခံလာကြသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ အပါအဝင်ဖြစ်သည်။ မြန်မာပြည် လွတ်လပ်ရေးရပြီး (၈) နှစ်အကြာမှ မြန်မာ့လွတ်လပ်ရေးအပေါ် မြင်ချက်သဘောထား ပြောင်းလဲခြင်းဖြစ်သည်။ ယင်းသဘောထားသည် ကျွန်တော်တို့ ဆိုရှယ်လစ် ပါတီမှာရှိခဲ့ကြစဉ်က ချမှတ်ခဲ့သော သဘောထားဖြစ်ပါသည်။

            နိဂုံးချုပ်အနေဖြင့် တင်ပြရလျှင် ကျွန်တော်တို့သည် AOA အတိုက်အခံမဟာမိတ်အဖွဲ့ ကွယ် ပျောက်သွားပြီးနောက် ၁၉၅၅ ခုနှစ်တွင် ပိုမိုအင်အားကြီးသည့် မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းခဲ့ကြသည်။ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု(ပမညတ)ကို ဖွဲ့စည်းခဲ့ကြသည်။ အတိုက်အခံများ၏ ဥပဒေတွင်းရပ်တည်မှုအခြေအနေ ပိုမိုကျယ်ပြန့်ကောင်းမွန်လာသည်။ အပြည် ပြည်ဆိုင်ရာနှင့် ပြည်တွင်းအခြေအနေများကြောင့် ဖြစ်သည်။ (ပမညတ)တွင် ဗမာပြည် အလုပ်သမား လယ်သမားပါတီ၊ ဦးသိန်းဖေမြင့်၏ ပြည်သူ့ညီညွတ်ရေးပါတီ၊ ဗိုလ်ချုပ်အစ်ကို ဦးအောင်သန်း၏အဖွဲ့၊ မွန်ဖိုချို၏ မွန်တိုင်းရင်းသားအဖွဲ့၊ မန်းထွန်းရင်၏ ကရင်အမျိုးသားအဖွဲ့၊ ပြည်သူ့လူငယ်အဖွဲ့ချုပ်(မြန်မာနိုင်ငံ)၊ (ဘီတီယူစီ) ဗမာပြည် အလုပ်သမားအစည်းရုံးအဖွဲ့ချုပ်၊ ညီညွတ်သော တောင်သူ လယ်သမားအစည်းအရုံး၊ ကျွန်တော်မေ့နေပြီဖြစ်သော အဖွဲ့အစည်းအချို့ ပါဝင်သည်။ ၁၉၅၆ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အေအိုအေအဖွဲ့မှ အရှိန်ယူကြီးထွားလာသော (ပမညတ)အဖွဲ့သည် မဲ ၃၀ ဒသမ ၄ ရာခိုင်နှုန်း၊ အမတ်နေရာ ၄ နေရာ ရရှိခဲ့သည်။ ဖဆပလ သည် အမတ်နေရာ ပို၍ရရှိခဲ့ သော်လည်း လူထုထောက်ခံမဲရသည့် ရာခိုင်နှုန်းမှာ ပမညတနှင့် သိပ်မကွာ။ ကျွန်တော်မှတ်မိ သလောက် ၂၀ ရာခိုင်နှုန်းပင် မကွာပါ။

            မြေပေါ်ကွန်မြူနစ်များဟု အနောက်နိုင်ငံများ၏ တံဆိပ်ကပ်ခြင်းခံရသော အလုပ်သမား လယ်သမားပါတီနှင့် မဟာမိတ်များ ရွေးကောက်ပွဲတွင် မဲအမြောက်အများရရှိခဲ့သဖြင့် နိုင်ငံတကာက တအံ့တသြဖြစ်သွားကြသည်။

            ပမညတဌာနချုပ် သဘာပတိအဖွဲ့ဝင် လူငယ်ခေါင်းဆောင်ကြီး ကျွန်တော်သည် ပြည်ခရိုင်၊ ပန်းတောင်းမဲဆန္ဒနယ်မှ ဝင်အရွေးခံခဲ့သည်။ ကျွန်တော့်မဲဆန္ဒနယ်တွင် ဖဆပလရှုံးသွားသည်။ သို့သော် ကျွန်တော် အရွေးမခံရ။ ကျွန်တော့်ကို မျက်နှာပြရုံသာပြပါ။ မုချအနိုင်ရပါစေ့မည်ဟု အာမခံ ထားသူများက သူတို့နယ်သား တခြားတစ်ယောက်ကို အမတ်ဖြစ်အောင်လုပ်လိုက်ပြီး တစ်သီးပုဂ္ဂလ အမတ်အဖြစ်မှ ပမညတ အမတ် ဖြစ်သွားပါသည်။ ကျွန်တော် မရှုမလှရှုံးပြီး အာမခံတင်ထားသော ငွေပင် ပြန်မရပါ။ ကျွန်တော် အမတ်ဖြစ်တာ မဖြစ်တာ အကြောင်းမဟုတ်ပါ။

            ယင်းရွေးကောက်ပွဲရလဒ်ကြောင့် မူလက မြန်မာ့နိုင်ငံရေး၏ အဓိက တိုက်ပွဲပုံသဏ္ဍာန်မှာ လက်နက်ကိုင်တိုက်ပွဲ အသွင်သဏ္ဍာန်သည် မှေးမှန်ပြီး ဥပဒေတွင်းတိုက်ပွဲသဏ္ဍာန်က အဓိကဖြစ် လာပါသည်။  ထိုမျှသာမကသေးဘဲ အတိုက်အခံအင်အားစုဖြစ်သော ပမညတ သည် မြန်မာ့နိုင်ငံ ရေးတွင် အဆုံးအဖြတ်အင်အား ဖြစ်လာခဲ့သည်။ ဖဆပလ အဖွဲ့တွင် တည်မြဲ သန့်ရှင်း နှစ်ခြမ်းကွဲပြီး လွှတ်တော်တွင်း၌ အားပြိုင်ကြရာ (ပမညတ) က မဲ ၄၈ မဲဖြင့် ထောက်ခဲ့သည့် ဦးနုခေါင်းဆောင်သော သန့်ရှင်းဖဆပလ က အနိုင်ရရှိခဲ့ပါသည်။ ဤသို့ဖြင့် မြန်မာနိုင်ငံရေး၏ ဗဟိုချက်မသည် ဥပဒေတွင်း တိုက်ပွဲ တစ်နည်းအားဖြင့် ဒီမိုကရေစီတိုက်ပွဲ ဖြစ်လာခဲ့ပါသည်။

            နိုင်ငံရေးသံသရာတစ်ကွေ့တွင် ကြုံတွေ့ခဲ့ရသော သမိုင်းဖြစ်စဉ်အပိုင်းအစတစ်ခု ဖြစ်ပါ သည်။

x x x x x x x x x 

ကိုသန်း(ကြည့်မြင်တိုင်)

 

- ချင်းတွင်းမဂ္ဂဇင်း၊ အမှတ်(၂၇) ဇွန်လ၊ ၂၀၀၈။ စာမျက်နှာ (၁၅၀ - ၁၆၇) မှ -

 


လတ်တလော လုပ်ငန်းစဉ်နှင့် အထွေထွေ နိုင်ငံရေးသဘောထား

 

အလုပ်သမား၊ လယ်သမားကဏ္ဍ

 

အမျိုးသမီးနှင့် လူငယ်ကဏ္ဍ

 

 
 

 

Copyright © 2007 Democratic Party for a New Society. All Rights Reserved.