ပြည်သူသာအမိ ပြည်သူသာအဖ

အဖွင့်စာမျက်နှာ သမိုင်းအကျဉ်း ဖွဲ့စည်းပုံစည်းမျဉ်း တပ်ပေါင်းစုရေးရာ ဆက်သွယ်ရန်

 

 

  

စာအုပ်မှတ်တမ်း

စာအုပ်အမည်                  စစ်အုပ်စု သက်တမ်းရှည်နေသရွေ့

စာရေးသူ                         တိုက်ပွဲဝင် ရဲဘော်တဦး 

ထုတ်ဝေသည့်ခုနှစ်              ၂၀၀၄ ခုနှစ်။ ဇန်န၀ါရီလ 

စာအုပ်တန်ဖိုး                    ထိုင်းနိုင်ငံအတွင်း (၁၀၀)ဘတ်
                                     ထိုင်းနိုင်ငံပြင်ပ (၁၀)ဒေါ်လာ 

ထုတ်ဝေဖြန့်ချီ                    ရေစီးသံ ဂျာနယ် 

ကွန်ပျူတာနှင့် စာအုပ်အလှ    မောင်တောက်
                                       မောင်မောင်ဦးနှင့် ရေစီးသံအဖွဲ့သားများ 

            ‘စစ်အုပ်စု သက်တမ်းရှည်နေသရွေ့’ စာအုပ်ဟာ ကိုကိုးကျွန်း အကျဉ်းထောင် ဖျက်သိမ်း ရေးအတွက် အစာငတ်ခံ တိုက်ပွဲဆင်နွှဲတဲ့အကြောင်းကို ကိုယ်တိုင်ပါဝင်ခဲ့တဲ့ တိုက်ပွဲဝင်ရဲဘော်တဦး က ရေးသားထားတဲ့ ကိုယ်တွေ့မှတ်တမ်း ဖြစ်ပါတယ်။

           ကိုကိုးကျွန်း ဖျက်သိမ်းရေးအတွက် တိုက်ပွဲ (၃)ကြိမ် တိုက်ခဲ့ရာမှာ ပထမဆုံးတိုက်ပွဲက ၅ ရက် ကြာခဲ့တယ်လို့ စာအုပ်ထဲမှာ ဖေါ်ပြထားပါတယ်။ အကျဉ်းသားတွေကို ပုတ်နေတဲ့ ငပိတွေ ကြွေး တဲ့အတွက် တိုက်ပွဲဝင်ခဲ့တာဖြစ်ပါတယ်။ ဒုတိယအကြိမ် တိုက်ပွဲကတော့ အကျဉ်းသား အခွင့်အရေး အတွက် တိုက်ခဲ့တာဖြစ်ပြီး ရက်ပေါင်း ၄၀ ကြာခဲ့ပါတယ်။

            ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ တက်လာပြီးတဲ့နောက် နိုင်ငံရေးလှုပ်ရှားသူတွေကို အစုလိုက် အပြုံလိုက် ဖမ်းဆီးပြီး ၁၉၆၉ ခုနှစ်မှာ မြန်မာပြည်မကြီးနဲ့ဝေးရာ ကိုကိုးကျွန်းကို ပို့ခဲ့ပါ တယ်။ တော်လှန်ရေးကောင်စီရဲ့ ရည်ရွယ်ချက်က နိုင်ငံရေးသမားတွေကို ဖမ်းဆီးပြီး ကိုကိုးကျွန်း ပို့ရေး စီမံကိန်းကို လုပ်ဆောင်တာဖြစ်ပါတယ်။

            ဒါကို တိုက်ဖျက်နိုင်ရေးအတွက် မြန်မာနိုင်ငံရဲ့ ထောင်သမိုင်းမှာ မဖြစ်ခဲ့ဘူးတဲ့ အသေ အပျောက်အများဆုံး အစာငတ်ခံ တိုက်ပွဲအကြောင်းကို ပြန်လည် မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း ရေးသားထုတ်ဝေခွင့် မရရှိနိုင်တဲ့ သမိုင်းဖြစ်ရပ်မှန်တကွက်လည်း ဖြစ်ပါတယ်။

            တတိယနဲ့ နောက်ဆုံးအကြိမ် တိုက်ပွဲကတော့ ၁၉၇၁ ခုနှစ်၊ ဇွန်လ (၉) ရက်နေ့ကနေ ဇူလိုင်လ (၃၁) ရက်နေ့အထိ ၅၃ ရက် ကြာမြင့်ခဲ့သလို တိုက်ပွဲဝင်ရဲဘော် ၈ ဦး အသက်စွန့်လွှတ် သွားခဲ့ရပါတယ်။ ဒီအကြောင်းတွေကို စာရေးသူ တိုက်ပွဲဝင်ရဲဘော်တဦးက ရေးသားထားတာဖြစ်ပါ တယ်။

            စာအုပ်ထဲမှာ ကျွန်းကျနေတဲ့ ရဲဘော်များ တဦးနဲ့တဦး အနစ်နာခံပုံ၊ အထက်လူကြီးများ အပေါ် အားကိုးယုံကြည်ပုံ၊ အထက်လူကြီးများဖြစ်တဲ့ လေထီးဗိုလ်အုန်းမောင်၊ ဆရာရာဂျန်တို့ရဲ့ စနစ်တကျ ကွပ်ကဲတိုက်ပွဲဝင်ပုံတွေကို ပေါ်လွင်စွာ တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံကျော် စာရေး ဆရာကြီးတွေဖြစ်တဲ့ ဆရာမြသန်းတင့်၊ ဆရာဗန်းမော်တင်အောင်တို့ရဲ့ သတ္တိနဲ့ ဇွဲကိုလည်း တွေ့မြင် ဖတ်ရှုရမှာဖြစ်ပါတယ်။

            စာအုပ်ထဲမှာ ဗန်းမော်တင်အောင်ရဲ့ အသက်စွန့်ပြီး တိုက်ပွဲဝင်ဖို့ အဆင်သင့်ရှိနေပြီလို့ ပြောတဲ့ အသံကို ကြားရမှာဖြစ်သလို တိုက်ပွဲဝင်အဖြစ် ရွေးချယ်ခံရဖို့ အပြိုင်အဆိုင် တောင်းဆိုကြ တာကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ မိမိဘ၀တူ ရဲဘော်တွေအတွက် အသက်စွန့်လိုတဲ့ ရဲဘော် အုံးမော်ရဲ့ ဆန္ဒကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။

            ဒုတိယပိုင်းအဖြစ် ‘ကျနော်တို့ခေတ်မှာ ဘွန်း၊ ဒီခေတ်ကျတော့ ၄၀၁’ ထောင်ကနေ လွှတ် ပေးခါနီးမှာ ခံဝန်ချက်ထိုးရေး မထိုးရေးနဲ့ပတ်သက်တဲ့ အကြောင်းများ ပါဝင်သလို၊ ထောက်လှမ်းရေး နဲ့ သူတို့ရဲ့ အပေါင်းအပါတွေရဲ့ သွေးခွဲရေးလုပ်ငန်းများကို ရင်ဆိုင်ရပုံအကြောင်းများ ပါဝင်ပါတယ်။

            စာမျက်နှာ ၉၀ ကျော်ရှိတဲ့ ဒီစာအုပ်အတွက် ရဲဘော် ဖိုးသံချောင်းက အမှာစာရေးရာ အဆုံးအဖြတ်ကျတဲ့ တိုက်ပွဲတပွဲကို တိုက်မယ်ဆိုရင် စွန့်လွှတ်ဖို့ ပိုင်းဖြတ်မှုမရှိဘဲ မရနိုင်ပါဘူးလို့ ဆိုပါတယ်။
 
 


လတ်တလော လုပ်ငန်းစဉ်နှင့် အထွေထွေ နိုင်ငံရေးသဘောထား

 

အလုပ်သမား၊ လယ်သမားကဏ္ဍ

 

အမျိုးသမီးနှင့် လူငယ်ကဏ္ဍ

 

 
 

 

Copyright © 2007 Democratic Party for a New Society. All Rights Reserved.