ပြည်သူသာအမိ ပြည်သူသာအဖ

အဖွင့်စာမျက်နှာ သမိုင်းအကျဉ်း ဖွဲ့စည်းပုံစည်းမျဉ်း တပ်ပေါင်းစုရေးရာ ဆက်သွယ်ရန်

 

 

  

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဆွေးနွေးတင်ပြချက်

(၂၀၀၇ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်)

နိဒါန်း

            တက်ရောက်လာသော အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များကို မင်္ဂလာပါလို့ နှုတ်ခွန်း ဆက်သ ဂါရ၀ပြုပါတယ်။ ယခုလို ကျနော်တို့ပါတီရဲ့ သဘောထားအမြင်များကို ဆွေးနွေးတင်ပြခွင့် ရတဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)က တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ပါတယ်။

 

တင်ပြဆွေးနွေးချက်            

            ‘တစ်ဖက်သတ်ရေးဆွဲသည့် မည်သည့် အခြေခံဥပဒေကိုမျှ လက်ခံနိုင်မည် မဟုတ်ပါ ကြောင်း’ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီဝင်များနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များရဲ့ ၂၀၀၇ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့၊ သဘောထားထုတ်ပြန်ချက်ကို ကျနော်တို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက သြဂုတ်လ (၁) ရက်နေ့တွင် ‘တက်ကြွစွာ ကြိုဆိုထောက်ခံ ပါကြောင်း’ ကြေညာချက် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။  

            သြဂုတ်လ (၁) ရက်နေ့မှာ မစ္စတာ ဘန်ကီမွန်းထံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ ပန်ကြားချက်  ထပ်မံ ပေါ်ထွက်လာခဲ့ပြန်ပါတယ်။ ဒီပန်ကြားချက်အပေါ် ကျနော်တို့ပါတီရဲ့ သဘောထားအမြင်နဲ့ အလေးထားချက်များကို တင်ပြဆွေးနွေးပါ့မယ်။ 

- ပထမဦးစွာ ဘယ်သူက ပန်ကြားကမ်းလှမ်းတာလဲ ဆိုတဲ့ဘက်ကို ကြည့်ပါတယ်။  

            ယခင်ပန်ကြားကမ်းလှမ်းချက်တွေနဲ့မတူတဲ့အချက်က

            - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊

            - ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီတို့ကနေ ကမ်းလှမ်းတာမဟုတ်ဘူး ဆိုတဲ့ အချက် ကို သတိပြုမိပါတယ်၊

            နောက်တစ်ချက်က ကမ်းလှမ်းချက်မှာပါဝင်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အများစု ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုထားတဲ့သူတွေ ဖြစ်ပါတယ်။ 

 

- ဒုတိယအချက်က ပန်ကြားချက်မှာပါဝင်တဲ့ နိုင်ငံရေးသဘောထားကို ကြည့်ပါတယ်။

            တွေ့ဆုံဆွေးနွေးရေးပဲဖြစ်ပါတယ်။

            အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ (နအဖ)စစ်အစိုးရနှင့် တိုင်းရင်းသားပါတီများ တွေ့ဆုံ ဆွေးနွေးရေး ဖြစ်ပါတယ်။ ဒီပန်ကြားချက်နဲ့အတူ ပူးတွဲဖေါ်ပြထားတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေထဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ရွေးချယ်ခံ ကိုယ်စားလှယ်တွေ ပါဝင်တာ မတွေ့ရပါဘူး။

 

- တတိယအချက်က တွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်အောင် ဘယ်လိုဆောင်ရွက်မှာလဲဆိုတဲ့ဘက်ကို ကြည့်ပါတယ်။

            ကုလသမဂ္ဂနဲ့ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းတို့ရဲ့ ကြားဝင်ပေးမှုအပေါ် အားပြုထားတာကို တွေ့ရပါတယ်၊ (နအဖ)စစ်အစိုးရဘက်ကို အဆိုပြုထားတာကတော့ ညောင်နှစ်ပင် ညီလာခံက ရရှိလာမယ့် ရလဒ်ကို (နအဖ)စစ်အစိုးရရဲ့ ကိုယ်ပိုင်အဆိုပြုချက်အဖြစ် သဘောထားမယ် ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

 

- စတုတ္တအချက် အချိန်ကာလပိုင်းဘက်က ပြောရမယ်ဆိုရင် (နအဖ)စစ်အစိုးရ လမ်းပြမြေပုံ အဆင့် (၂) ၊ (၃) အထိ ဖြစ်ပါတယ်။

            အဆင့် (၄) ဟာ အဆုံးသတ်စည်းဖြစ်ပုံရပါတယ်။ ဒီသဘောထားကို ဇူလိုင် (၃၁) ကြေညာ ချက်မှာ တွေ့ရပါတယ်၊

            ထို့အပြင် မီဒီယာတွေမှာ ပြည်တွင်းက နိုင်ငံရေးအင်အားစုတိုင်းလောက်က ပြောနေပုံတွေကို ကြည့်တော့ အဆင့် (၄) မတိုင်ခင်အထိ တွေ့ဆုံဆွေးနွေးရေးကို ကိုင်ထားမယ်ဆိုတဲ့ သဘောထားမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ဒီအဆင့်မတိုင်ခင်မှာ တွေ့ဆုံဆွေးနွေးရေးကို ထိခိုက်စေနိုင်မယ့် ယတိပြတ် ပြောဆိုမှုတွေ၊ သဘောထားထုတ်ပြန်မှုတွေကို ဆင်ခြင်သတိထားနေတယ်လို့ ထင်မြင်ယူဆပါတယ်။  

            ‘ညောင်နှစ်ပင်ရလဒ်’ကို (နအဖ)စစ်အစိုးရရဲ့ အဆိုပြုချက်အဖြစ် သဘောထားတယ်လို့ ပြောထားတာဟာ ဒီစဉ်းစားချက်ပေါ်ကနေ လာတာလို့ ယူဆပါတယ်။  

            တကယ်တော့ ဒီစဉ်းစားချက်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၂၀၀၄ ခုနှစ်၊ မေလ (၁၄) ရက်နေ့ ကြေညာချက်ပါ အချက်အမှတ် (၁)၊  (၂) တို့နဲ့ အခြေခံအားဖြင့် သဘောထားခြင်း အတူတူပဲ ဖြစ်ပါတယ်။  

 

- ပဉ္စမအချက် တာဝန်ခံမှုဘက်ကကြည့်ရင် ဒီပန်ကြားချက်ကို တာဝန်ခံရှင်းလင်းတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် မရှိခြင်းပင်ဖြစ်ပါတယ်။  

            (ကြားသိရသလောက်မှာ ဒီပန်ကြားချက်ဟာ ပြင်ပကို ဖြန့်ဝေဖို့မဟုတ်ဘူးလို့ သိရပြီး၊  ကုလသမဂ္ဂနဲ့ သံရုံးအချို့ကို ပို့ခဲ့တာလို့ ဆိုပါတယ်)

            ဒီလို တာဝန်ခံမှုမရှိတဲ့အချက်က ဒီပန်ကြားချက်ရဲ့လေးနက်မှုကို ထိခိုက်စေပါတယ်။  

            တာဝန်ခံမှုမရှိတာကလည်း (၅/၉၆) ကို ထည့်သွင်းစဉ်းစားတာကြောင့်များလားလို့ တွေးစရာ ဖြစ်ပါတယ်၊ သဘောထားတစ်ရပ်ကို တာဝန်ယူမှုရှိရှိ ထုတ်ဖေါ်ပြောဆိုပြီဆိုရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက် ကောင်း/ဆိုးကို ရှောင်လွှဲချင်လို့ မဖြစ်နိုင်ပါဘူး။  

 

ကျနော်တို့ပါတီ၏ အလေးထားချက်များ

            - အဓိကကျသော ပြည်တွင်းနိုင်ငံရေးအင်အားစုများအနေဖြင့် တစ်ခုလုံးသဘောဆောင်တဲ့ နိုင်ငံရေးကိစ္စကြီးများကို ဆောင်ရွက်ရာတွင် ဖြစ်နိုင်သမျှ အချင်းချင်း ညှိနှိုင်းတိုင်ပင်ပြီး တစ်သံထဲ ထွက်စေချင်ပါတယ်။

            - အထူးသဖြင့် (ဒီချုပ် အီးစီ)၊ (စီအာပီပီ)၊  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် တလုံးတစည်းထဲ ရှိစေချင်ပါတယ်၊ ယနေ့ကာလကဲ့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင် မှုကို တိုက်ခိုက်အပုတ်ချနေတဲ့အချိန်တွင် ပို၍ဂရုပြုသင့်ပါတယ်။

             - ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသည် ၁၉၉၀ ပြည့်ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြု၍ ပါဝင်ယှဉ်ပြိုင်သဖြင့် လူထုက ဆန္ဒမဲပေး ရွေးချယ်ခဲ့ခြင်း ဖြစ်ပါ တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုခြင်းမရှိလျှင် ရွေးချယ်ခံရလိမ့်မည်မဟုတ်ပါ။  

            - သို့အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိခင်အဖွဲ့ချုပ်နှင့်အတူတကွ ဆောင်ရွက်ရန် တာဝန်ရှိပါတယ်။  

            - ကုန်လွန်ခဲ့သော အနှစ် ၂၀ နီးပါးကာလ အတွေ့အကြုံအရသော်လည်းကောင်း၊  (န၀တ-နအဖ)စစ်အစိုးရ၏ ပြုလုပ်ခဲ့သော၊ ပြုလုပ်နေသော အခြေအနေအချက်အလက်များဘက်ကသော် လည်းကောင်း ပြောရမည်ဆိုလျှင် ‘တွေ့ဆုံဆွေးနွေးပွဲ’ ပေါ်ပေါက်လာနိုင်သည့် မည်သည့် အလားအလာကိုမျှ မတွေ့မြင်မိပါ။  

            - ကုလသမဂ္ဂနှင့် အမေရိကန်၊ အီးယူ စသော ပြည်ပဖိအားဘက်က ကြည့်မည်ဆိုလျှင် အထွေထွေညီလာခံ၊ လုံခြုံရေးကောင်စီ အာဂျင်ဒါထဲအထိ ခရီးရောက်ခဲ့ပြီ၊  သို့သော် ထူးခြားမလာခဲ့။  

            - ကိုဖီအာန်နှင့် ရာဇာလီအစ္စမေး မှ ဘန်ကီမွန်းနှင့် ဂန်ဘာရီတို့လက်ထဲသို့ ‘မြန်မာ့အရေး’ ရောက်လာခဲ့ပြီ၊ (နအဖ)စစ်အစိုးရသည် နေမြဲပင်။

            - ပြည်တွင်းအင်အားဖြစ်သည့် လူထုလှုံ့ဆော်စည်းရုံးရေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မည်သို့မျှ ပြောကြားခြင်းမရှိသေးပါ။ ‘လုပ်သင့်တာကို ရဲရဲလုပ်ဖို့နဲ့ မလုပ်သင့်တာကို မလုပ်ဖို့’ ဆိုသည့် ယေဘုယျသဘောတွင် ရပ်နေ၍မဖြစ်ပါ။ မလုပ်သင့်သည်က ဘယ်အရာ၊ လုပ်သင့်လုပ်ထိုက်သည်က မည်သည့်အရာ ဖြစ်သည်ကို ပြတ်သားစွာ ရှင်းလင်းဖေါ်ထုတ် လမ်းညွှန်ပေးရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တွင် တာဝန်ရှိပါတယ်။

            - ကုလသမဂ္ဂနှင့် မစ္စတာ ဘန်ကီမွန်းတို့ထံ ပုံအပ်ထား၍မဖြစ်နိုင်ပါ။  

            - ညောင်နှစ်ပင်ရလဒ်ကို (နအဖ)စစ်အစိုးရ၏ ကိုယ်ပိုင်မူအဖြစ် ကိုင်ထားနိုင်ပါတယ်ဆိုရုံမျှ ဖြင့်လည်း (နအဖ)စစ်အစိုးရက တွေ့ဆုံဆွေးနွေးလာလိမ့်မည်ဟု မမျှော်လင့်နိုင်ပါ။  

            - အကယ်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၉၂) ဦး၏ အဆိုပြုချက် လက်တွေ့ဖြစ်မလာ ခဲ့သော်  ဘာဆက်လုပ်မည်နည်း။ သို့တည်းမဟုတ် ထိုအဆိုပြုချက်အတိုင်း ဖြစ်ပေါ်လာစေရန် ပြည်တွင်းပြည်ပက ဘယ်လိုတိုက်တွန်းကြမလဲဆိုတဲ့ လက်တွေ့လုပ်ငန်းစဉ်တစ်ရပ် ချပြရန် လိုအပ်ပါ လိမ့်မယ်။            

 

နိဂုံး           

            ပထမဆုံးအကြိမ် အမျိုးသားညီလာခံ(ကျိုက္ကဆံညီလာခံ) ကို ၁၉၉၃ မှ ၁၉၉၆ အထိ ကျင်းပ ခဲ့ပါတယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ညီလာခံမှ ထွက်ခွာသွားခဲ့သဖြင့် ဆက်လက်မကျင်းပနိုင် ဘဲ  ၂၀၀၄ ခုနှစ်အထိ ရပ်နားသွားခဲ့ရပါတယ်။   

            ဒုတိယအကြိမ် အမျိုးသားညီလာခံ (ညောင်နှစ်ပင်ညီလာခံ)ကို ၂၀၀၄ ခုနှစ် မေလ (၁၇) ရက်နေ့တွင် ပြန်လည် စတင်ကျင်းပခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ညီလာခံနှင့် ပူးပေါင်း ဆောင်ရွက်ရန် (နအဖ)စစ်စိုးရထံ အချက် (၅) ချက် တင်ပြ၍ ညှိနှိုင်းခဲ့ပါတယ်။ အဓိကကျသော အချက်များကို (နအဖ)စစ်အစိုးရဘက်က လက်မခံသဖြင့် ညောင်နှစ်ညီလာခံတွင် ပူးပေါင်းဆောင်ရွက် ရေး ပျက်ပြားသွားခဲ့ရပါတယ်။

            “အမျိုးသားညီလာခံတွင်ပါဝင်ခြင်းအားဖြင့် တိုင်းပြည်ကို အကျိုးပြုနိုင်မည်ဟု မယုံကြည် သောကြောင့် ညီလာခံမတက်ရောက်ရန် ဆုံးဖြတ်သည်” ဟု ၂၀၀၄ ခုနှစ်၊ မေလ (၁၄) ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်၍ တိုင်းပြည်နှင့် ပြည်သူလူထုထံ အသိပေးတင်ပြခဲ့ပါတယ်။

            အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တို့ မပါဝင်ပဲ ကျင်းပခဲ့သော ညောင်နှစ်ပင်ညီလာခံသည် မကြာခင် အဆုံးသတ်ပါတော့မယ်။  (၂)လအတွင်း ပြီးစီး မည်ဟု (နအဖ)စစ်အစိုးရ၏ ညီလာခံဆိုင်ရာ တာဝန်ရှိသူများက ထုတ်ဖေါ်ပြောကြားထားပါတယ်။

            ကျနော်တို့၏ သဘောထားအခြေခံမှာ တန်းတူသော၊  မူရှိသော၊  အဓိပ္ပါယ်ရှိသော နိုင်ငံရေး အရ တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်စေချင်ပါတယ်။ သို့သော်လည်း တင်ပြ၊ ပန်ကြားနေရုံဖြင့် မဖြစ်နိုင်ပါ။ ပန်ကြားခဲ့ဖူးသည့် အကြိမ်ပေါင်းများလှပါပြီ။

            သက်ဆိုင်သူများအနေဖြင့် ထိုသို့ တန်းတူသော၊  မူရှိသော၊  အဓိပ္ပါယ်ရှိသော နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးစားပွဲပေါ်တွင် အပေးအယူ၊  အလျော့အတင်းဆိုင်ရာ ကိစ္စများ ညှိနှိုင်းစေလိုပါ တယ်။  

            အရေးကြီးသော အချက်မှာ (နအဖ)စစ်အစိုးရက ထိုသို့သော စားပွဲဝိုင်းသို့ လာ/မလာ ဆိုသည့် ကိစ္စပင်ဖြစ်ပါတယ်။

            တွေ့ဆုံဆွေးနွေးရေးသည် (နအဖ)စစ်အစိုးရအတွက် ‘မငြင်းပယ်နိုင်သည့် အခြေအနေသို့ မရောက်မချင်း ဖြစ်ပေါ်လာနိုင်လိ့မ်မည်မဟုတ်ပါ’ ဟု ထင်မြင်ယူဆပါကြောင်း တင်ပြရင်း ကျနော်တို့၏ ဆွေးနွေးတင်ပြချက်ကို နိဂုံးချုပ်ပါတယ်။  

            ကျနော်တို့ရဲ့ဆွေးနွေးတင်ပြချက်အပေါ် ပြန်လည်ဆွေးနွေးရန် ဖိတ်ခေါ်ပါတယ်။

            ကြိုဆိုပါတယ်။  

            တက်ရောက်လာသူအားလုံးကို ကျေးဇူးတင်ပါတယ်။    

ဗဟိုအလုပ်အမှုဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၀၇ ခုနှစ်၊ သြဂုတ်လ (၁၃) ရက်။

 

 


လတ်တလော လုပ်ငန်းစဉ်နှင့် အထွေထွေ နိုင်ငံရေးသဘောထား

 

အလုပ်သမား၊ လယ်သမားကဏ္ဍ

 

အမျိုးသမီးနှင့် လူငယ်ကဏ္ဍ

 
 

 

 

 
 

 

Copyright © 2007 Democratic Party for a New Society. All Rights Reserved.