ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

“ဥဒါန်း ဘယ်မကြေစရာ” အဖြစ်အပျက်များ သမိုင်းအမွေဆိုးအဖြစ် မကျန်ရှိရေးအတွက် အမြန်ဆုံး ဖြေရှင်းပါ

(၆၊ ၆၊ ၂၀၁၉)

– Alpha ဘိလပ်မြေစက်ရုံအရေးဖြင့် ဆန့်ကျင်ဆန္ဒပြကြသူ ဒေသခံ အောင်သပြေရွာသားများအပေါ် အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးမှုတို့၏ နောက်ဆက်တွဲဖြစ်ရပ်မှာ လူ့အသက် ဆုံးရှုံးရသည်အထိ ဖြစ်ခဲ့ပြီဖြစ်သည်။
– အောင်သပြေရွာသား၊ လက်သမားဆရာ ကိုထွန်းမြင့်ဝင်းသည် ဖမ်းဆီး ချုပ်နှောင်ခံထားရစဉ် ဇွန် ၅ ရက်၊ မနက် ၅း၀၀ နာရီ၌ သေဆုံးခဲ့သည်။ အရက်ကြောင်ရောဂါကြောင့်ဟု တာဝန်ရှိ အာဏာပိုင်များက ပြောဆိုသော်လည်း ခန္ဓာကိုယ်ပေါ်တွင် ညှဉ်းပမ်း နှိပ်စက် ရိုက်နှက်ထားသည့်ဒဏ်ရာများ တွေ့သည်ဟု မိသားစုဝင်များက ပြောသည်။ အာဏာပိုင်တို့ ပြောကြားသည့် ရောဂါအမျိုးအစားမှာ အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုခြင်းကိုမူ ဆေးသိပ္ပံပညာက တိတိကျကျ သိနိုင်မည် ဖြစ်ပါသည်။ လွန်ခဲ့သော မေ ၁၅ ရက်နေ့က အောင်သပြေရွာသားများအပေါ် အကြမ်းဖက် ဖြိုခွင်းသည့် ဖြစ်စဉ်အပြီးတွင် ဆက်တိုက် ဖြစ်ပွါးခဲ့သည့် အဖြစ်အပျက်များ ဖြစ်၏။
– ရဲအင်အား အများအပြားသုံး၍ အောင်သပြေရွာ အဝင်အထွက်ကို ပိတ်ဆို့ထားသည်။ နာမည်ကျော် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အပါအဝင်၊ မီးရှို့မှု၊ အကျိုးဖျက်ဆီးမှု စသည့် ပုဒ်မများစွာဖြင့် အောင်သပြေရွာသားများစွာ ဖမ်းဆီးချုပ်နှောင်ခံကြရသည်။ ဝရမ်းပြေး ဖြစ်ကြရသည်။ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမိုးလင်း ပုသိမ်ကြီးမြို့နယ် ထွေ/အုပ်ရုံးက အစည်းအဝေးဖိတ်၍ အသွား၌ ဖမ်းဆီးခံရသည်။ ယခု သေဆုံးရသူ ကိုထွန်းမြင့်ဝင်းမှာလည်း ၎င်း၏ လက်သမားလုပ်ငန်းခွင်သို့ အသွားတွင် ဖမ်းဆီးခံရသူ ဖြစ်၏။ အောင်သပြေကျေးရွာသား၊ ၉ တန်းကျောင်းသား မောင်သုဝေဆိုပါလျှင် ကျောင်းဖွင့်ချိန် ကျောင်းသုံးပစ္စည်းများ မန္တလေးမြို့ပေါ် တက်ဝယ်၍ သူငယ်ချင်းများနှင့်အတူတူ ပြန်လာစဉ် အဖမ်းခံရသူဖြစ်၏။ ဖခင် ဦးရွှေအုန်းက ကျောက်မီးသွေးစွမ်းအင်သုံး Alpha ဘိလပ်မြေစက်ရုံအရေးကို ကန့်ကွက်လှုပ်ရှားသူဖြစ်၍ ဖခင်ကိုယ်စား အဖမ်းဆီးခံရသည်ဟု ဆို၏။
– လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ၏ ရွေးကောက်ပွဲကြွေးကြော်သံဖြစ်သော “တရားဥပဒေစိုးမိုးရေး” ဆိုသည့်အရေးကို သတိချပ်ရန်လိုကြောင်း ထောက်ပြလိုသည်။ “ကြီးသည့်အမှု ငယ်စေ ” ဆိုသော လေးနက် ထိရောက်သည့် မြန်မာ့ရှေးစကားကိုလည်း တရားဥပဒေစိုးမိုးရေးကဏ္ဍ၍ လေးနက်စွာ သတိမူသင့်ပါသည်။ အာဏာပိုင်သူ၊ ဆုံးဖြတ်ခွင့် လက်ဝယ်ရှိသူတို့အတွက် ရှေးလူတို့၏ အတွေ့အကြုံအရ ထိရောက်လှသော လမ်းညွှန် သတိပေးချက်ဟု ဆိုချင်သည်။
– ပြဿနာအရပ်ရပ်အား ညှိနှိုင်း ဆွေးနွေး အဖြေရှာခြင်းကသာ အကောင်းမွန်ဆုံး၊ အသင့်တော်ဆုံးနည်းလမ်းဖြစ်ကြောင်းကို မိမိတို့ ထောက်ပြခဲ့ဖူးပြီ ဖြစ်သည်။ ယခု ထပ်မံတင်ပြလိုသည်မှာ ဥဒါန်း ဘယ်မကြေစရာ အဖြစ်အပျက်များ သမိုင်းအမွေဆိုးအဖြစ် မကျန်ရှိစေရေးအတွက် အလေးဂရုပြုရန် အရေးကြီးသည့်အချိန် ရောက်ပြီဖြစ်ကြောင်း အလေးအနက် သတိပေးလိုပါသည်။ လွန်ခဲ့သော (၄၅) နှစ်ကာလ ဇွန် ၆ အလုပ်သမားလှုပ်ရှားမှုအပေါ် မဆလ စစ်အာဏာရှင်တို့က ဥဒါန်းဘယ်မကြေစရာ မှောက်မှား လွန်ကျူးခဲ့ပုံကိုလည်း ကောင်းစွာ သင်ခန်းစာယူသင့်သည်ဟု တင်ပြလိုပါသည်။ ပြည်ထဲရေးကို ရွေးကောက်ခံအစိုးရအနေဖြင့် တိုက်ရိုက် ကိုင်တွယ်၍မရ ဟူသည့်ဆင်ခြေမျှဖြင့် ကာကွယ်၍ မဖြစ်နိုင်ဟု မိမိတို့ အလေးအနက် ယုံကြည်ပါသည်။
– နောက်ဆုံး ထပ်မံတိုက်တွန်းလိုသည်မှာ မိမိတို့ ယခင် တင်ပြဖူးခဲ့သည့်အတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအနေဖြင့် ပြည်သူလူထုက ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသည့် အစိုးရတစ်ရပ် ဖြစ်သည့်အတွက် ပြည်သူ့ဘက်က ရပ်တည်လျက် ပြတ်ပြတ်သားသား၊ ရဲရဲရင့်ရင့် ပြည်သူလူထုကို ကာကွယ်ပေးရမည် ဖြစ်ပါသည်။ ပြည်သူ့ဘဝ၊ အသက် လုံခြုံမှုများကို တိုက်ရိုက် ထိခိုက် နစ်နာ၊ အသက်ဆုံးစေခဲ့သည့် တာဝန်ရှိသူ အဆင့်ဆင့်အား ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းခြင်း၊ အရေးယူ အပြစ်ပေးခြင်းများ ပြုသင့်ကြောင်းကို လေးလေး နက်နက် တိုက်တွန်း တောင်းဆိုအပ်ပါသည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၉ ခုနှစ်၊ ဇွန်လ (၆) ရက်။

ဓာတ်ပုံ – MPA