|
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူထုကို စည်းရုံးလှုံ့ဆော်ရှေ့ဆောင်ရန်
အချိန်ကျရောက်နေပါပြီ (၂၀၀၉ ခုနှစ်၊
သြဂုတ်လ ၁၁ ရက်)
ဒေါ်အောင်ဆန်းစုကြည်အပေါ်
ချမှတ်လိုက်တဲ့ “စီရင်ချက်”ဟာ
မြန်မာနိုင်ငံမှာ တရားမျှတ မှု
မရှိကြောင်းနဲ့ တရားဥပဒေစိုးမိုးမှု
မရှိကြောင်း အထင်အရှား ဖေါ်ပြနေပါသည်။
ထို့အပြင် တရားဥပဒေဆိုသည်မှာ
ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့
ပါးစပ်ထဲမှာသာ ရှိကြောင်း ထပ်လောင်း
သက်သေပြနေခြင်းလည်းဖြစ်သည်။
နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ကုလသမဂ္ဂ
အထွေထွေအတွင်းမှူးချုပ်တို့ရဲ့
“စီရင်ချက်မချမီ အသေအချာ
စဉ်းစားရန်နဲ့ ဒေါ်အောင်ဆန်းစုကြည်အား
လွှတ်ပေးရန်” မေတ္တာရပ်ခံချက်ကို
ဂရုမစိုက်၊ ပယ်ချလိုက်ခြင်းလည်း
ဖြစ်ပါသည်။
ဤ“စီရင်ချက်”ကို ကျနော်တို့
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက
ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချပါသည်။
“ပြစ်ဒဏ်လျော့ပေါ့ခြင်း”နှင့်
ပတ်သက်ပြီး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပြန်ကြားရေး တာဝန်ခံ
ဦးခင်မောင်ဆွေရဲ့
“ရှေ့နိုင်ငံရေးခရီးဟာ
အမျိုးသားပြန်လည်သင့်မြတ်ရေး
လမ်းကြောင်း ပေါ်
သွားနိုင်မယ့်အနေအထားကို
ရောက်သွားပြီလို့
မျှော်မှန်းလို့ရကြောင်း” သုံးသပ်ပြောကြား ချက်ကို
ကျနော်တို့ပါတီက လုံးဝ လက်မခံပါ။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ “စာနာထောက်ထားညှာတာမှု”
ဆိုသည်မှာ “ကတ္တီပါ အုပ်ထား တဲ့
သံလက်သီး”သာ ဖြစ်သည်။ အနှစ်သာရမှာ
ဒေါ်အောင်ဆန်းစုကြည်အား
နိုင်ငံရေးအဆင့်နေရာ
မပေးလိုခြင်းသာဖြစ်သည်။
အမှန်မှာ ဒေါ်အောင်ဆန်းစုကြည်အား
ချွင်းချက်မရှိ လွှတ်ပေးပြီး
နိုင်ငံရေးပြဿနာများကို တန်းတူရည်တူ
တွေ့ဆုံဆွေးနွေးကြရန်သာ ဖြစ်ပါသည်။
ထို့အပြင် ဤ“စီရင်ချက်”သည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
တင်ပြကမ်းလှမ်းထား သည့်
“ရွှေဂုံတိုင်ကြေညာချက်” ကို
ဆန့်ကျင်ပယ်ချလိုက်ခြင်းလည်း
ဖြစ်ပါသည်။ ထို့ကြောင့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်
ပြည်သူလူထုထံ
ရှေ့ဆက်လျှောက်လှမ်းရမည့် နိုင်ငံရေး
လုပ်ငန်းစဉ်ကို ရှင်းလင်းပြတ်သားစွာ
ချပြရန် လိုအပ်နေပါပြီ။
ကျနော်တို့ပါတီက ၂၀၀၉ ခုနှစ်၊ သြဂုတ်လ
(၈) ရက်နေ့စွဲဖြင့်
“ပြည်တွင်းပြည်ပ နိုင်ငံရေး
အင်အားစုများထံ စစ်အာဏာရှင်စနစ်
ဆန့်ကျင်တိုက်ဖျက်ရေးအတွက် “၂၀၁၀
ရွေးကောက်ပွဲကို
ဆန့်ကျင်သပိတ်မှောက်ရေး”
ပြည်တွင်းပြည်ပ
နိုင်ငံရေးအင်အားစုအားလုံး ကြိုတင်
ညှိနှိုင်းပြင်ဆင် ကြ” ဟူသော
ပန်ကြားချက်ကို ထုတ်ပြန်ခဲ့ပါသည်။
ယခုအခါ “၂၀၁၀ ရွေးကောက်ပွဲကို
ဆန့်ကျင်သပိတ်မှောက်ရေး” သည်
ပြည်တွင်းပြည်ပ
နိုင်ငံရေးအင်အားစုအားလုံး
တညီတညွတ်တည်း လုပ်ကိုင်ဆောင်ရွက်ရမည့်
လက်တွေ့လုပ်ငန်း ဖြစ်လာပြီဟု
ကျနော်တို့ပါတီက ယုံကြည်ယူဆပါသည်။
သို့ပါ၍
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်
ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစု
များနှင့် ပြည်သူလူထုတစ်ရပ်လုံးက
တညီတညွတ်တည်း
လိုက်ပါဆောင်ရွက်နိုင်မည့်
ဦးဆောင်မှုနှင့် လုပ်ငန်းစဉ်ကို
စည်းရုံးလှုံ့ဆော်ရှေ့ဆောင်ရန်
အချိန်ကျရောက်နေပြီဖြစ်ပါကြောင်း
သုံးသပ်တင်ပြ လိုက်ပါသည်။
××××× |