ပြည်သူသာအမိ ပြည်သူသာအဖ

အဖွင့်စာမျက်နှာ သမိုင်းအကျဉ်း ဖွဲ့စည်းပုံစည်းမျဉ်း တပ်ပေါင်းစုရေးရာ ဆက်သွယ်ရန်

 

 

  

သုတေသနနှင့်လေ့လာရေးဌာန

ဝေဖန်သုံးသပ်ချက်
အမှတ်စဉ် (၈/၂၀၀၉)

 

ပြဿနာတွေနဲ့ (နအဖ)စစ်အစိုးရ
(၂၀၀၉ ခုနှစ်၊ သြဂုတ်လ ၁ ရက်)

             (နအဖ)စစ်အစိုးရအဖို့ ပြဿနာတွေက အရူးမီးဝိုင်းသလို ပေါ်ပြီးရင်းပေါ်နေတာဖြစ်တယ်။

            နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ သဘာဝ ဘေးအန္တရာယ် စသဖြင့် နေရာတိုင်း နယ်ပယ်တိုင်းမှာ ပြဿနာတွေနဲ့ ဝိုင်းဝိုင်းလည်နေပါတယ်။ အခုဟာကတော့ “ဥပဒေရေးရာပြဿနာ ပေါ်ပေါက်နေတာပါတဲ့” ဒါကြောင့် လက်ရှိစွဲဆိုထားတဲ့ အမှု ကို သြဂုတ်လ (၁၁) ရက်နေ့ကို ရွှေ့ဆိုင်းလိုက်ရတာဖြစ်ပါတယ်။

            (နအဖ)စစ်အစိုးရ ဆုံနေကြုံနေရတဲ့ ပြဿနာအလုံးစုံရဲ့ အရင်းခံနဲ့ ဇစ်မြစ်က နိုင်ငံရေး ပြဿနာ ဖြစ်ပါတယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမှာဖြစ်ပါတယ်။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ ပြည်တွင်းပြည်ပကရော၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေကပါ တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ နည်းမျိုးစုံနဲ့ တိုက်တွန်းပန်ကြားနားချနေကြတာပါ။ ဒါပေမယ့် (နအဖ)စစ်အစိုးရက ဇွတ်တိုးပြီး မိုက်မိုက်မဲမဲ ပြုမူ လုပ်ဆောင်နေခဲ့တာပဲဖြစ်ပါတယ်။

            အာဏာသိမ်းထားတော့ သူတို့လုပ်ရင် ဘာမဆိုဖြစ်တယ်ဆိုတဲ့ ထင်ယောင်မှားမှုအစွဲကြီးက ၂၁ နှစ်လုံးလုံး ချွတ်မရအောင် စွဲနေပါတယ်။ သူတို့ရဲ့စဉ်းစားမှု၊ လုပ်ကိုင်မှု၊ ဆောင်ရွက်မှုမှန်သမျှမှာ အဲဒီထင်ယောင်မှားမှုအစွဲကြီး လွှမ်းမိုးကြီးစိုးနေတယ်။ ဒါကြောင့် သူတို့ လုပ်လိုက်ကိုင်လိုက်တိုင်းမှာ ပြဿနာတွေဟာ ရှိလာ၊ ကြီးလာ၊ ပွားလာ၊ များလာပြီး ပြည်တွင်းပြည်ပနဲ့ နိုင်ငံတကာအလယ်မှာ ထောက်ပြစရာ၊ ဝေဖန်စရာ၊ ထိုးနှက်စရာတွေဟာ ဘယ်ခေတ်ကနဲ့မှမတူအောင် ပြည့်နှက်ပေါများနေ ပါတယ်။ လက်ညှိုးထိုးမလွဲ တွေ့မြင်နေရပါတယ်။

            ဟိုစဉ်ကတည်းက ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်ကိုသာ သွေးရိုးသားရိုး သဘောရိုးနဲ့ အသိအမှတ်ပြု လက်ခံခဲ့ရင် အခုလို အချိန်တွေကြာပြီး ပြဿနာတွေ ဝိုင်းဝိုင်းလည်နေမှာမဟုတ်ဘဲ၊ ပြည်သူတွေ အေးချမ်းသာယာပြီး၊ ပြည်သူတွေ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကြီးကို ချီတက်ရာမှာ အရှိန်အဟုန်ကောင်း၊ ရလဒ်ကောင်းတွေ ရနေတော့မှာဖြစ်ပါတယ်။ ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုခဲ့လေတော့ အခုပြဿနာတွေနဲ့ ရင်ဆိုင်တိုးခဲ့ရတယ်။

             ဗိုလ်ချုပ်မှူးကြီး စောမောင်ကို ပွဲဦးထွက် ဖယ်ရှားလိုက်ရတယ်။

            ဗိုလ်ထွန်းကြည်၊ ဗိုလ်ကျော်ဘ အစရှိတဲ့ မူလ (နဝတ)အဖွဲ့ဝင်တွေကို ဖြုတ်ထုတ်ရှင်း လုပ်ရတယ်။

            စစ်အာဏာရှင် ဗိုလ်နေဝင်းရဲ့ သားမြေးတွေနဲ့ လမ်းခွဲရတယ်။

            ဗိုလ်ခင်ညွန့်ကို ဖြုတ်ပြီး (ထလရ)အဖွဲ့ကြီး ဖျက်သိမ်းရတယ်။

            တိုင်းရင်းသား အပစ်ရပ်အဖွဲ့တွေနဲ့ကိစ္စမှာ မထွေးနိုင်မမျိုနိုင် ဖြစ်နေရတယ်။

            ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည် အကျယ်ချုပ်ချထားရပြီး၊ တက္ကသိုလ်ရိပ်သာလမ်းကို ပိတ်ထားရတယ်။

            “အမျိုးသားညီလာခံ”ဆိုတာကြီးကို နှစ်ရှည်ဆွဲကျင်းပခဲ့ရတယ်။

            ဒီပဲယင်းလုပ်ကြံသတ်ဖြတ်မှုကြီး ကျူးလွန်ခဲ့ရတယ်။

            ဘယ်တုန်းကမှ မကြားဖူးတဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ကျောင်းသားလူငယ်တွေနဲ့ နိုင်ငံရေး သမား တွေအပေါ်ချမှတ်ရတယ်။

            ၂၀၀၇ ခုနှစ်မှာ သံဃာတော်တွေကို အကြမ်းဖက်နှိမ်နင်းတဲ့ ဒုစရိုက်မှုကြီးကို ကျူးလွန်ခဲ့ တယ်။

            အခု နောက်ဆုံးမှာတော့ ဂျွန်ယက်တောကို ကြွက်သေတစ်ခုလို အရင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးနဲ့ ပုဂ္ဂိုလ်ရေးကို ထိုးနှက်ကျဆင်းပျက်ပြားအောင် လုပ်ဆောင် ခဲ့ပါတယ်။

 ဒါတွေကိုမှ ပြဿနာလို့၊ အကျပ်အတည်းလို့ မပြောရင် ဘယ်ဟာကို ပြောကြမလဲ။

            အခု ဥပဒေရေးရာပြဿနာ ပေါ်ပေါက်နေပါတယ်လို့ ဖွင့်ဟပြောလာပါတယ်။

            တကယ်တော့ ဥပဒေဆိုတာ ဗိုလ်သန်းရွှေပါးစပ်ထဲမှာရှိတဲ့ ကိစ္စသာဖြစ်ပါတယ်။ (နအဖ)စစ်အစိုးရ ထင်သလိုလုပ်နိုင်တဲ့ ကိစ္စလည်း ဖြစ်ပါတယ်။ အဲဒီလို ထင်သလိုလုပ်နိုင်တဲ့ (နအဖ)စစ်အစိုးရ ဥပဒေ(အာဏာ)ဆိုတာမှာ အခုလို နောက်ဆုံးစီရင်ချက် ချခါနီးမှာမှ ဘာလို့ ပြဿနာ ပေါ်ပေါက်နေရတာလဲ။

            နိုင်ငံရေးပြဿနာဖြစ်နေလို့ပါပဲ။

            (နအဖ)စစ်အစိုးရ စွပ်စွဲထားတဲ့ ဒီအမှုဟာ အစကတည်းက နိုင်ငံရေးပြဿနာ၊ နိုင်ငံရေး ထိုးနှက်ချက်ဖြစ်တယ်ဆိုတာကို ပြည်တွင်းပြည်ပနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက နားလည်လက်ခံ ထားပြီးသား ကိစ္စဖြစ်ပါတယ်။

 နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းရမှာပါ။ ဒီလိုမှ မဖြေရှင်းဘူးဆိုရင် နောက်ထပ်ပြဿနာတွေဟာ အရစ်လိုက် အရစ်လိုက် ထပ်တက်ပေါင်းဆုံလာပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး တပြည်လုံးလူထုအုံကြွမှုကြီးဆိုတဲ့ အဆင့်သို့ တိုးတက်ဖြစ်ထွန်းသွားစရာ အကြောင်း အချက်တွေ ရှိနေပါကြောင်း သတိပေးလိုက်ပါရစေ။

×××××

 


လတ်တလော လုပ်ငန်းစဉ်နှင့် အထွေထွေ နိုင်ငံရေးသဘောထား

 

အလုပ်သမား၊ လယ်သမားကဏ္ဍ

 

အမျိုးသမီးနှင့် လူငယ်ကဏ္ဍ

 

 
 

 

Copyright © 2007 Democratic Party for a New Society. All Rights Reserved.