ပြည်သူသာအမိ ပြည်သူသာအဖ

အဖွင့်စာမျက်နှာ သမိုင်းအကျဉ်း ဖွဲ့စည်းပုံစည်းမျဉ်း တပ်ပေါင်းစုရေးရာ ဆက်သွယ်ရန်

 

 

  

သုတေသနနှင့်လေ့လာရေးဌာန

ဝေဖန်သုံးသပ်ချက်
အမှတ်စဉ် (၁/၂၀၀၉)

 

အလေးအနက် ပြန်လည်စဉ်းစားသင့်ပါသည်
(၂၀၀၉ ခုနှစ်၊ ဇန်ဝါရီလ ၁၀ ရက်)

ကျွန်တော်တို့သည် စစ်အာဏာရှင်စနစ် အကုန်အစင်တိုက်ဖျက်ရေးနှင့် ပတ်သက်လျှင် ပြတ်သားသလောက်၊ ရဲဘော်များ၊ မဟာမိတ်များ၊ မိတ်ဆွေများနှင့် ပတ်သက်လာလျှင် ပျော့ပျောင်း ရမည်၊ စိတ်ရှည်ရမည်၊ အချိန်ပေးရမည်ဟု သဘောထားပါသည်။ စိုသောလက်ကို မခြောက်စေချင် သူများ ဖြစ်ပါသည်။ အများနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြရာတွင် ကိစ္စငယ်ကလေးများပင် ဖြစ်ပါ စေ အိုင်ငယ်ကလေးထဲက ရေကို ခပ်ယူသကဲ့သို့ပင် သဘောထား၍ လုပ်ဆောင်ပါသည်။ ရေကြည် ရေသန့်လည်း ခပ်ယူနိုင်ရမည်၊ သို့သော် ရေမနောက်စေရ၊ အနယ် မထစေရ။

            ယင်းသို့သော မူများ၊ သဘောထားများအရ ရဲဘော်များ၊ မဟာမိတ်များ၊ မိတ်ဆွေများနှင့် မိတ်ဝတ်မပျက် ဆက်ဆံဆောင်ရွက်ခဲ့ပါသည်။ ကျွန်တော်တို့ ရဲဘော်များ၊ မဟာမိတ်များ၊ မိတ်ဆွေ များ အဝန်းအဝိုင်းအတွင်း ပြဿနာများရှိလာလျှင် ရဲဘော်များ၊ မဟာမိတ်များ၊ မိတ်ဆွေများဘောင် အတွင်း၌သာ တန်းတူရည်တူ ကျေကျေလည်လည် ဖြေရှင်းရမည်ဟုသာ သဘောထားခဲ့ပါသည်။ သိုသိုသိပ်သိပ် ဖြေရှင်းခဲ့ပါသည်။ အုတ်အော်သောင်းနင်းဖြစ်အောင် မလုပ်ခဲ့ပါ။ ရန်သူနဲ့ တစိမ်းတရံ ဆန်တွေ ဝမ်းသာစေမည့် အခြေအနေ အချက်အလက်များကို ရည်ရွယ်လျက်ဖြစ်စေ၊ မရည်ရွယ်ဘဲ ဖြစ်စေ ကျွန်တော်တို့က စတင်ဖန်တီး ဆောင်ရွက်လိမ့်မည်မဟုတ်ပါ။

            ယခုလည်း ထိုသို့သော မူများ၊ သဘောထားများနှင့်အညီ ကျွန်တော်တို့ ကျင့်သုံးဆောင် ရွက်နေပါသည်။ တချို့က ယနေ့တည်ရှိဖြစ်ပေါ်နေသော ဖြစ်ရပ်များနှင့်ပတ်သက်ပြီး “လူ့ဘောင်သစ် က ငြိမ်ချက်သား ကောင်းလှပါလား” လို့ ပြောသံကြားရပါသည်။ ယင်းသို့ ပြောကြသူများထဲတွင် သဘောရိုး မနောရိုးဖြင့် ပြောသူများ ပါရှိနိုင်သလို၊ အချွန်နဲ့မ,သူ၊ ဆွသူ၊ ဖွချင်သူတွေ ပါလိမ့်မည်ကို လည်း ကျွန်တော်တို့သိပါသည်။

            ခွန်မြင့်ထွန်းက “လက်ရှိ ပြည်ထောင်စုမြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရအဖွဲ့ (NCGUB) ကို နယ်မြေလက်ကိုင်ရှိ တိုင်းရင်းသားခေါင်းဆောင်များအပါအဝင် အခြားသင့်တော်သည့် နိုင်ငံရေး ခေါင်ဆောင်များဖြင့် တိုးချဲ့ဖွဲ့စည်းရန် ၂၀၀၈ ခုနှစ် (MPU) က ချမှတ်ခဲ့သည့် မူအတိုင်း ဆောင်ရွက် မည့် အစီအစဉ်သာဖြစ်သည်။ (NCUB) ၏ နှစ်သစ်ကူး အထူးထုတ်ပြန်ချက်တွင် အမျိုးသားညီညွတ် ရေး အစိုးရ (National Unity Government - NUG)  ဆိုသည့် အမည်သုံးထားခြင်းသည် မှားယွင်း ဖော်ပြခြင်းသာဖြစ်ကြောင်း” ခေတ်ပြိုင်နှင့်အင်တာဗျူးတွင် ပြောပါသည်။

            ခွန်မားကိုဘန်းကလည်း “(NCGUB) ကို ညှိနှိုင်းတာလည်းမရှိ၊ (MPU) ကို ညှိနှိုင်းတာမရှိ၊ (NCUB) အတွင်း ဒေါက်လေးဒေါက်အပြင် ကျွန်တော့်ကို ဒုတိယဥက္ကဌတစ်ယောက်နေနဲ့လည်း ညှိနှိုင်းတာမရှိ ဒီလိုထုတ်ပြန်တာဟာ အဆောတလျင်လုပ်တဲ့ အလုပ်တစ်ခုလို့ မြင်ကြောင်း၊ (NCUB) အနေဖြင့် စင်ပြိုင်ဖွဲ့လျှင် (MPU) မပါလို့မဖြစ်ဘူး၊ (MPU) နဲ့ တိုင်းရင်းသား ပေါင်းဖွဲ့ရမယ်၊ (NCGUB) နဲ့လည်း ညှိရမယ်၊ (MPU) နဲ့ ညှိနှိုင်းခြင်းမရှိဘူး၊ (MPU) တွေကိုလည်း ညှိနှိုင်းခြင်းမရှိဘူး၊ ၂၀၀၈ ခုနှစ်၊ ဖေဖေါ်ဝါရီ (MPU) ညီလာခံက ချမှတ်ထားတဲ့ (NCGUB) extension တိုးချဲ့ရေးမူနဲ့လည်း ဆန့်ကျင်တာဖြစ်လို့ သူတို့ဖွဲ့တာ လက်တွေ့မဖြစ်နိုင်ဘူး၊ (MPU) ရသလောက်နဲ့ ယူမယ်ဆိုရင် (MPU) ကို ခွဲသလိုဖြစ်သွားမယ်” လို့ ခေတ်ပြိုင်နှင့်အင်တာဗျူးတွင် ပြောပါသည်။  

            အရေးကြီးသော နိုင်ငံရေးဆုံးဖြတ်ချက်တစ်ရပ်၊ မဟာဗျူဟာလုပ်ငန်းစဉ်တစ်ရပ်၊ အမျိုး သားရေးလုပ်ငန်းစဉ်တစ်ရပ်ကို ချမှတ်မည်ဆိုလျှင် သက်ဆိုင်ရာ ပါတီအဖွဲ့အစည်းတစ်ရပ်တွင် ဖြစ်စေ၊ တပ်ပေါင်းစုတစ်ခုတွင်ဖြစ်စေ ပါဝင်နေသူ အဖွဲ့ဝင်အဖွဲ့အစည်းအားလုံး၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှု၊ အများသဘောတူဆုံးဖြတ်မှုဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ယင်းသည် ဒီမို ကရေစီနည်းလမ်းကျသော အခြေခံမူတစ်ရပ် ဖြစ်ပါသည်။ ယင်းကို မည်သူကမျှ ချိုးဖောက်၍မရပါ။

            ယင်းသို့ဆောင်ရွက်ခြင်းမဟုတ်လျှင် ပြောင်းပြန်အကျိုးသက်ရောက်မှုသာ ဖြစ်ပေါ်လာစေ ပြီး တည်ရှိဆဲ အစုအဖွဲ့၏ စုစည်းညီညွတ်မှုကို အမှန်ပင် ထိခိုက်ပျက်ပြားစေပါလိမ့်မည်။

            ယနေ့ကာလသည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်လိုသူတိုင်းနှင့် စုစည်းညီညွတ်ပြီး ပြတ်ပြတ်သားသား ဆန့်ကျင်ဆောင်ရွက်ရမည့် အချိန်ကာလဖြစ်ပါသည်။

            သို့ဖြစ်ပါ၍ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ(NCUB) ၏ နှစ်သစ်ကူး အထူး ထုတ်ပြန်ချက်တွင် ပါရှိသော “ယာယီ အမျိုးသားညီညွတ်ရေးလွှတ်တော် (De–facto Parliament) တစ်ရပ် ပေါ်ပေါက်ရေးနှင့် အမျိုးသားညီညွတ်ရေး (National Unity Government NUG) ခေါ် (စင်ပြိုင်အစိုးရ) တစ်ရပ် ဖွဲ့စည်းတိုက်ပွဲဝင်သွားရေး အမျိုးသားရေးလုပ်ငန်းစဉ်” သည် “အများနှင့် တိုင်ပင်ဆွေးနွေးခြင်းလည်းမရှိဘဲ လူတစ်စု၏ အဆောတလျင်ဆောင်ရွက်မှုသာဖြစ်ပြီး၊ လက်တွေ့ ဆောင်ရွက်နိုင်မည့် အခြေအနေမရှိ” ဟု (NCUB) သဘာပတိအဖွဲ့ဝင်၊ ဒုတိယဥက္ကဌတစ်ဦးကပင် ထောက်ပြပြောဆိုနေပြီဖြစ်ပါသဖြင့် ထိုနှစ်သစ်ကူးအထူးထုတ်ပြန်ချက်နှင့် ပတ်သက်၍ အလေး အနက် ပြန်လည်စဉ်းစားသင့်ပါသည်။

 


လတ်တလော လုပ်ငန်းစဉ်နှင့် အထွေထွေ နိုင်ငံရေးသဘောထား

 

အလုပ်သမား၊ လယ်သမားကဏ္ဍ

 

အမျိုးသမီးနှင့် လူငယ်ကဏ္ဍ

 

 
 

 

Copyright © 2007 Democratic Party for a New Society. All Rights Reserved.