ပြည်သူသာအမိ ပြည်သူသာအဖ

အဖွင့်စာမျက်နှာ သမိုင်းအကျဉ်း ဖွဲ့စည်းပုံစည်းမျဉ်း တပ်ပေါင်းစုရေးရာ ဆက်သွယ်ရန်

 

 

  

သုတေသနနှင့်လေ့လာရေးဌာန

ဝေဖန်သုံးသပ်ချက်
အမှတ်စဉ် (၆/၂၀၀၈)

 

ဆန္ဒခံယူပွဲလွန်ကာလ၏ တိုက်ပွဲဦးတည်ချက်နှင့် အခြေခံလုပ်ငန်းတာဝန်
(၂၀၀၈ ခုနှစ်၊ မေလ ၂၉ ရက်)

         မေလ (၁၀) ရက်နဲ့ မေလ (၂၄) ရက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ “တစ်ပေါင်းတည်းရလဒ်” အဖြစ် (၉၂ ဒသမ ၄၈ ရာခိုင်နှုန်း) ဖြစ်ကြောင်း အောင်တိုးကော်မရှင်က ၂၀၀၈ ခုနှစ်၊ မေလ (၂၆) ရက်နေ့တွင် ကြေညာချက် အမှတ် (၁၂/၂၀၀၈)ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။ 

            ယင်း “တစ်ပေါင်းတည်းရလဒ်” (၉၂ ဒသမ ၄၈ ရာခိုင်နှုန်း) ဆိုသည်မှာ ဘက်ပေါင်းစုံက ညစ်ပတ်အနိုင်ကျင့်ဖိနှိပ်ပြီး အဓမ္မလုယူသွားသည့် ရလဒ်သာဖြစ်သည်။ ထိုရလဒ်ကို ပြည်တွင်းပြည်ပ အင်အားစုအားလုံးက လုံးဝ လက်ခံအသိအမှတ်ပြုမည်မဟုတ်ပါ။ 

            မကြာမီ (နအဖ)စစ်အစိုးရက ထိုရလဒ်ကို တရားဝင်ရလဒ်အဖြစ် ထုတ်ဖေါ်ကြေညာပေ လိမ့်မည်။ ထို့နောက် ကျန်ရှိနေသည့် လမ်းပြမြေပုံအဆင့်များကို ဆက်လက်ပြုလုပ်ပေလိမ့်မည်။ ယင်းသို့ အတည်ပြုလိုက်ခြင်းဖြင့် တည်ရှိဆဲ နိုင်ငံရေးပြဿနာများ ပြေလည်သွားမည်မဟုတ်သည့် အပြင် ပိုမိုနက်ရှိုင်း ဆိုးဝါးလာစရာသာရှိပါသည်။  

            သို့ဖြင့် ကျွန်တော်တို့ ပြည်တွင်းပြည်ပအင်အားစုအားလုံး၏ တိုက်ပွဲဦးတည်ချက်နှင့် ပစ်မှတ်သည် (နအဖ)စစ်အစိုးရ အတည်ပြုထုတ်ပြန်လာမည့် “ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)”ကို အစွမ်းကုန် တိုက်ဖျက်ပစ်ရေး၌သာ စုစည်းထားကြရပေလိမ့်မည်။ 

            “ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)”သည် စည်းကမ်ပြည့်ဝသော ဒီမိုကရေစီမျက်နှာဖုံး စွပ်ထားသည့် စစ်အာဏာရှင်စနစ်သာဖြစ်သည်။ သို့ပါ၍ “ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)”ကို အစွမ်းကုန်တိုက်ဖျက်ပစ်ရေးသည် စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေးပင်ဖြစ်ပါသည်။  

            အခြားတစ်ဖက်တွင်လည်း (နအဖ)စစ်အစိုးရသည် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်မှ ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ထိရောက်ပီပြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိခဲ့သလို၊ ထိရောက် ပီပြင်စွာ ဆောင်ရွက်နိုင်သည့် စီမံခန့်ခွဲမှု၊ ငွေကြေး၊ လူ့စွမ်းအားအရင်းအမြစ်များလည်း မရှိခဲ့ချေ။ သို့အတွက် ပြည်သူလူထုမှာ ဆိုးဆိုးဝါးဝါး ထိခိုက်နစ်နာခဲ့ရခြင်းဖြစ်သည်။ 

            ယခုလည်း ကယ်ဆယ်ရေးလုပ်ငန်းများကို ပြည့်ပြည့်၀၀ ဆောင်ရွက်ခဲ့ခြင်းမရှိဘဲ ပြန်လည် တည်ဆောက်ရေးနှင့် ထူထောင်ရေးကိစ္စရပ်များတွင် (နအဖ)စစ်အစိုးရ၏ ဆောင်ရွက်နေမှုများသည် ၎င်းတို့ အာဏာတည်မြဲရေးနှင့် အာဏာလက်မလွတ်ရေးကိစ္စကိုသာ အဓိက ဦးတည်စဉ်းစားပြီး လုပ်ကိုင်နေသဖြင့် မုန်တိုင်းဒဏ်ခံပြည်သူများ၏ဘ၀ ပြန်လည်ထူထောင်ရေးကိစ္စများသည် နှောင့်နှေးကြံ့ကြာနေမှုနှင့် ထိခိုက်နစ်နာဆုံးရှုံးမှုများကို အချိန်နှင့်အမျှ ရင်ဆိုင်နေရပါသည်။ 

            ထိုသို့ ပြည်သူလူထု၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသော အဘက်ဘက်က နစ်နာ ဆုံးရှုံးမှုများကို ဖေါ်ထုတ်ပြီး ကြီးမားကျယ်ပြန့်သော လူထုအုံကြွမှုကြီးတစ်ရပ် ပေါ်ပေါက်လာစေရေး အတွက် ဆက်လက်စည်းရုံးသွားရန် လိုအပ်ပါသည်။ 

            သို့ပါ၍ “ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)”ကို အစွမ်းကုန်တိုက်ဖျက်ရေးနှင့် ပြည်သူလူထု၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသော အဘက်ဘက်က နစ်နာဆုံးရှုံးမှုများကို ဖေါ်ထုတ်ပြီး ကြီးမားကျယ်ပြန့်သော လူထုအုံကြွမှုကြီးတစ်ရပ် ပေါ်ပေါက်လာစေရေးသည် “ဆန္ဒခံယူပွဲလွန် ကာလ”၏ တိုက်ပွဲဦးတည်ချက်နှင့် အခြေခံ လုပ်ငန်းတာဝန်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 


လတ်တလော လုပ်ငန်းစဉ်နှင့် အထွေထွေ နိုင်ငံရေးသဘောထား

 

အလုပ်သမား၊ လယ်သမားကဏ္ဍ

 

အမျိုးသမီးနှင့် လူငယ်ကဏ္ဍ

 
 

 

 

 
 

 

Copyright © 2007 Democratic Party for a New Society. All Rights Reserved.