ပြည်သူသာအမိ ပြည်သူသာအဖ

အဖွင့်စာမျက်နှာ သမိုင်းအကျဉ်း ဖွဲ့စည်းပုံစည်းမျဉ်း တပ်ပေါင်းစုရေးရာ ဆက်သွယ်ရန်

 

 

  

သုတေသနနှင့်လေ့လာရေးဌာန

ဝေဖန်သုံးသပ်ချက်
အမှတ်စဉ် (၅/၂၀၀၈)

 

နိုင်တယ်ဆိုရင် ညစ်ပတ်ကောက်ကျစ်လို့ပဲ 
(၂၀၀၈ ခုနှစ်၊ မေလ ၁၂ ရက်)

         ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ (နအဖ)စစ်အစိုးရက အစွမ်းကုန်ညစ်ပတ်ကောက်ကျစ်လိမ့်မယ် ဆိုတာ လူတိုင်းက တွက်ချက်ထားပြီးသားကိစ္စ ဖြစ်ပါတယ်။ ဒီကိစ္စမှာ ပြည်တွင်းပြည်ပ၊ ဘယ်သူနဲ့ ဘယ်သူမှ ကွဲလွဲချက်မရှိဘူး။ အားလုံး တသဘောထဲရှိကြပါတယ်။ ခြိမ်းခြောက်မယ်၊ ချော့မြှူ လှည့်စားမယ်၊ အကြမ်းဖက်ဖိနှိပ်ချေမှုန်းမယ် ဆိုတာ (န၀တ- နအဖ)စစ်အစိုးရရဲ့ လက်သုံးနည်းပဲ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ဟာ ဒီနည်းလမ်းနဲ့ သက်ဆိုးရှည်နေခဲ့တာပဲဖြစ်ပါတယ်။ 

            (န၀တ- နအဖ)စစ်အစိုးရရဲ့ ညစ်ပတ်ကောက်ကျစ်မှုတွေကို ပြောမယ်ဆိုရင် ၁၉၉၀ ပြည့် နှစ်၊ မေလ (၂၇) ရက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကနေစပြီး ပြောရတော့မှာပဲဖြစ်ပါ တယ်။ ရွေးကောက်ပွဲတော့ လုပ်ပေးပါတယ်။ ဒါပေမယ့် (န၀တ- နအဖ)စစ်အစိုးရ တစ်ဖက်သတ် ပုံအောလောင်းထားတဲ့မြင်း (တစည) အရှုံးကြီးရှုံးလေတော့ အာဏာလွှဲပြောင်းမပေးပါဘူး။ ဒါဟာ အကြီးကျယ်ဆုံး ညစ်ပတ်ကောက်ကျစ်မှုတစ်ခုပဲ ဖြစ်ပါတယ်။ 

            အဲဒီကစလိုက်တဲ့ ညစ်ပတ်ကောက်ကျစ်မှုဟာ ၂၀၀၃ ခုနှစ်၊ မေလ (၃၀)ရက်နေ့ရောက် တော့ အထင်ရှားဆုံး ဒီပဲယင်းအကြမ်းဖက်မှုကြီး ဖြစ်ပေါ်စေခဲ့ပြီး၊ ယခု မေလ (၁၀) ရက်နေ့က ကျင်းပသွားတဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအထိပဲ ဖြစ်ပါတယ်။ ဒါတောင် မပြီးသေးပါဘူး။ မေလ (၂၄)ရက်နေ့အထိ ဆက်လက်ညစ်ရန် ကျန်ရှိနေပါသေးတယ်။  

            (န၀တ- နအဖ)စစ်အစိုးရဟာ အမျိုးသားညီလာခံကျင်းပစဉ်မှာလည်း နည်းမျိုးစုံနဲ့ ညစ်ပတ်ကောက်ကျစ်ခဲ့တာပဲဖြစ်ပါတယ်။ ညီလာခံဦးတည်ချက်တွေ ချမှတ်ရာမှာ၊ ညီလာခံတက် ရောက်မယ့် ကိုယ်စားလှယ်အရေအတွက် သတ်မှတ်ရာမှာ၊ ညီလာခံလုပ်ထုံးလုပ်နည်းများ ရေးဆွဲ ရာမှာ၊ ညီလာခံသဘာပတိအဖွဲ့ ရွေးချယ်သတ်မှတ်ရာမှာ စသဖြင့် ဘက်ပေါင်းစုံက ထောင့်စေ့အောင် ညစ်ပတ်ကောက်ကျစ်ခဲ့တာဖြစ်ပါတယ်။ ကျိုက္ကဆံမှာပဲဖြစ်ဖြစ်၊ ညောင်နှစ်ပင်မှာပဲဖြစ်ဖြစ် ၁၉၉၀ ပြည့်ရွေးကောက်ပွဲက ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ် တွေဟာ အနည်းစု ဖြစ်မြဲဖြစ်နေပါတယ်။ အဓိကကျတဲ့အချက်က ညီလာခံက ဦးတည်ရေးဆွဲချမှတ် ရမယ့် အခြေခံဥပဒေမူကြမ်းအတွက် အခြေခံမူဆိုတာတွေဟာ စစ်အာဏာရှင်စနစ်တရားဝင်စေရေး ဆိုတဲ့ အချက်ဖြစ်နေပါတယ်။ 

            အဲဒီလို နည်းလမ်းပေါင်းစုံနဲ့ တစ်ဖက်သတ် ညစ်ပတ်ကောက်ကျစ်ပြီး ချမှတ်ရေးဆွဲလာ ခဲ့တဲ့ အခြေခံဥပဒေမူကြမ်း (၂၀၀၈) ကို ညစ်ပစ်ကောက်ကျစ်တဲ့ နည်းလမ်းပေါင်းစုံနဲ့ အတည်ပြု နိုင်ဖို့ ကြိုးပမ်းလာခဲ့ပြန်ပါတယ်။

            တစ်ဖက်မှာ နိုင်ငံပိုင်မီဒီယာမျိုးစုံကို တစ်ဖက်သတ်အသုံးချပြီး ထောက်ခံမဲတွေရရှိရေး စိတ်ကြိုက်ဝါဒဖြန့်နေခဲ့ပြီး အခြားတစ်ဖက်မှာတော့ အတိုက်အခံ ဒီမိုကရေစီအင်အားစုများရဲ့ ကန့်ကွက်မဲပေးရေးလှုပ်ရှားမှုကို ဖိနှိပ်ချေမှုန်းခဲ့ပါတယ်။ 

            ကြိုတင်ဆန္ဒမဲတွေ ခြိမ်းခြောက်အကြပ်ကိုင် ဖိအားပေးပြီး ရယူတဲ့နည်းကို အဓိကကျင့်သုံး ပြီး မဲရုံဝန်ထမ်း၊ မဲရုံအကူဆိုတဲ့ လက်ပါးစေများနဲ့ ထောက်ခံမဲတွေအရယူဖို့ ကြိုးစားခဲ့ပါတယ်။ ယာယီမှတ်ပုံတင်တွေ ဖောခြင်းသောခြင်းထုတ်ပေးခြင်း၊ ကိုယ်စားမဲဆန္ဒပေးခွင့်ပြုခြင်း၊ မဲပေးနိုင်သူ လူဦးရေ အရေအတွက်ပိုပြပြီး ထောက်ခံမဲများရယူခြင်း၊ တပ်မတော်သားများနဲ့ ဌာနဆိုင်ရာဝန်ထမ်း များကို ခြိမ်းခြောက်အကြပ်ကိုင်ပြီး ထောက်ခံမဲတွေကြိုတင်ပေးစေခဲ့ခြင်း စသဖြင့် နည်းလမ်းပေါင်းစုံ နဲ့ ညစ်ပတ်ကောက်ကျစ်ခဲ့တယ်ဆိုတာကို မေလ (၁၀) ရက်နေ့နောက်ပိုင်းမှာ တဖွဲဖွဲ တသည်းသည်း ကြားသိလာနေရပါတယ်။ 

            ဒါ့အပြင် မေ (၁၀) ရက်နေ့က ဆန္ဒခံယူပွဲကျင်းပတဲ့ တိုင်းနဲ့ပြည်နယ်များရှိ မဲရုံများသို့ မြန်မာနိုင်ငံမှာ လာရောက်ဖွင့်လှစ်ထားတဲ့ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီး၊ သံရုံးယာယီတာဝန်ခံ၊ သံမှူး၊ ပထမ၊ ဒုတိယ၊ တတိယ အတွင်းဝန်များ၊ ကောင်စစ်ဝန်ချုပ်၊ စစ်သံမှူး စတဲ့ သံရုံးဝန်ထမ်း များကို လှည့်လည်လေ့လာကြည့်ရှုစေခဲ့တာဟာ လိမ်လည်လှည့်စားတဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါ တယ်။ အဲဒီလို လှည့်လည်လေ့လာကြည့်ရှုနေတဲ့ သတင်းဓါတ်ပုံတွေကို နေ့စဉ်ထုတ်သတင်းစာ များမှာ ပြူးပြူးပြဲပြဲ ဖေါ်ပြထားပါတယ်။ ဒါဟာ “သူခိုးသေဖော်ညှိ”တာပဲဖြစ်ပါတယ်။ နောင်မှာ “လွတ်လပ်ပြီး တရားမျှတတဲ့ ဆန္ဒခံယူပွဲတွေကို နိုင်ငံခြားသံတမန်ကြီးများ မျက်မြင်ကိုယ်တွေ့ပဲ ဖြစ်ပါတယ်” ဆိုတဲ့ ဆင်ခြေလိမ်ကိုပေးစေနိုင်ဖို့ (နအဖ)စစ်အစိုးရရဲ့ စနစ်တကျ ကြိုတင်အကွက်ချ ဖန်တီးထားချက်တစ်ခုပဲဖြစ်ပါတယ်။ 

            (နအဖ)စစ်အစိုးရရဲ့ ညစ်ပတ်ကောက်ကျစ်မှုဟာ ဘယ်လောက်အထိ ကမ်းကုန်သွားပါ သလဲဆိုလျှင် မေလ (၂) ရက်နေ့က တိုက်ခတ်သွားတဲ့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြီးကြောင့် အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးပျက်ပြားသွားရတဲ့ ပြည်သူများကို စာနာထောက်ထားပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို တစ်ပြည်လုံးအတိုင်းအတာနဲ့ ရက်ရွှေ့ဆိုင်းပေးရန် လူ့အသိစိတ်ရှိသူ တိုင်းက ၀ိုင်းဝန်းတောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် မိုက်မဲတဲ့ (နအဖ)စစ်အစိုးရက ခေါင်းခါကျောခိုင်း သွားခဲ့ပါတယ်။ ဒါဟာ “ဘယ်သူသေသေ ငတေမာရင်ပြီးရော” ဆိုတဲ့ (နအဖ)စစ်အစိုးရရဲ့ အဇ္စုတ္တ အတွင်းစိတ်ကို အထင်းသားအကွင်းသား ဖော်ပြလိုက်တာပဲဖြစ်ပါတယ်။  

            ဒါကြောင့် (နအဖ)စစ်အစိုးရက ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ ထောက်ခံမဲအရေအတွက် ဘယ်လောက်ဖြင့်အနိုင်ရပါတယ်လို့ အရှက်မဲ့စွာ ကြေညာခဲ့တယ်ဆိုရင် ဒါဟာ ညစ်ပတ်ကောက်ကျစ် မှုပဲလို့ ကျွန်တော်တို့ တထစ်ချပြောရမှာပဲဖြစ်ပါတယ်။ 

            ယခုလို (နအဖ)စစ်အစိုးရရဲ့ ညစ်ပတ်ကောက်ကျစ်မှုကို ပြည်သူတစ်ရပ်လုံးနဲ့ နိုင်ငံ တကာက ကွက်ကွက်ကွင်းကွင်း သိရှိသွားစေတာဟာဖြင့် ကျွန်တော်တို့အတွက် စစ်အာဏာရှင်စနစ် အကုန်အစင်တိုက်ဖျက်ရေး ဆိုတဲ့ တိုက်ပွဲစဉ်ကြီးထဲက အခြေခံကျတဲ့ အောင်မြင်မှုတစ်ရပ်ကို ရရှိလိုက်ခြင်းဖြစ်ပါတယ်။

 


လတ်တလော လုပ်ငန်းစဉ်နှင့် အထွေထွေ နိုင်ငံရေးသဘောထား

 

အလုပ်သမား၊ လယ်သမားကဏ္ဍ

 

အမျိုးသမီးနှင့် လူငယ်ကဏ္ဍ

 
 

 

 

 
 

 

Copyright © 2007 Democratic Party for a New Society. All Rights Reserved.