ပြည်သူသာအမိ ပြည်သူသာအဖ

အဖွင့်စာမျက်နှာ သမိုင်းအကျဉ်း ဖွဲ့စည်းပုံစည်းမျဉ်း တပ်ပေါင်းစုရေးရာ ဆက်သွယ်ရန်

 

 

  

သုတေသနနှင့်လေ့လာရေးဌာန

ဝေဖန်သုံးသပ်ချက်
အမှတ်စဉ် (၄/၂၀၀၈)

 

ယခုကတည်းက စိတ်ဓါတ်မောင်းတင်ထားဖို့ လိုအပ်ပါကြောင်း
(၂၀၀၈ ခုနှစ်၊ ဧပြီလ ၁ ရက်)
            

         (နအဖ)စစ်အစိုးရက ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို သူတို့ဘက်ကနိုင်မယ်ဆိုပြီး ကျင်းပပေးတာ မဟုတ်ပါဘူး။ မိုက်ရူးရဲစိတ်နဲ့ အရဲစွန့်ပြီး လုပ်ရတာဖြစ်ပါတယ်။ ဒါကြောင့် ဘက်ပေါင်းစုံကနေ ညစ် ပတ်ဖို့၊ လိမ်လည်ဖို့၊ လှည့်ဖြားဖို့၊ ခြိမ်းခြောက်အကျပ်ကိုင်ဖို့၊ အကြမ်းဖက်ဖိနှိပ်ဖို့ စသဖြင့် ပြင်ဆင် ထားတာဖြစ်ပါတယ်။ လက်တွေ့မှာလည်း အဲဒီလို ဆောင်ရွက်နေတယ်။  

            ကျွန်တော်တို့ဘက်ကလည်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ စစ်အာဏာရှင်စနစ်ကို ရှင်းရှင်းလင်းလင်း မဖယ်ရှားနိုင်သရွေ့ ခက်ခက်ခဲခဲ လုံးပမ်းရလိမ့်ဦးမယ်။ ပြင်းပြင်းထန်ထန် ဆက်လက် တိုင်ပွဲဝင်ရလိမ့်ဦးမယ်ဆိုတဲ့ စိတ်ဓါတ်ကို မောင်းတင်ထားဖို့ လိုပါ တယ်။  

            အထူးသဖြင့် (နအဖ)စစ်အစိုးရဟာ  တပတ်ရိုက်ခံရမှာကို စိုးရိမ်တဲ့ ထိတ်လန့်မှု ရှိနေပါ တယ်။ အထူးသဖြင့် သူ အားထားနေတဲ့ ကြံ့ဖွံ့၊ စွမ်းအားရှင်၊ မီးသတ်၊ အမျိုးသမီးရေးရာ၊ တပ်မတော် သားတွေကို သူ့ဘက်က စိတ်ဒုံးဒုံးချပြီး ယုံကြည်မျှော်လင့်ထားနိုင်တာ မဟုတ်ပါဘူး။ သူတို့မျှော်လင့် သလို ဖြစ်မလာပဲ၊ မဲရုံသွားပြီး ကန့်ကွက်မဲတွေပေးလိုက်ရင် ဆိုတဲ့  တပတ်ရိုက်ခံရမယ့် စိုးရိမ်မှုမျိုး ရှိနေပါတယ်။  

            သမိုင်းကို ပြန်ကြည့်ရအောင်။  

            (၁၉၆၀) ရွေးကောက်ပွဲမှာ စစ်တပ်က စစ်အုပ်စုက “တည်မြဲ”ဘက်က ပုံအောပြီး ပင်းခဲ့တာ ပါ။ နိုင်ရင်လည်း နိုင်ရမယ်။ ရှုံးရင်လည်း နိုင်ရမယ်လို့ ကြုံးဝါးခဲ့ကြတာပါ။ အဖက်ဖက်ကလည်း အကြမ်းဖက်ခဲ့ကြတာပါ။ ဒါပေမယ့် တကယ့်ရလဒ်ထွက်လာတော့ သူတို့မျှော်လင့်ထားတာ၊ ကြုံးဝါး ထားတာနဲ့ ပြောင်းပြန်ပဲ သူတို့ရသွားပါတယ်။ စစ်အုပ်စုက ပင်းတဲ့ “တည်မြဲ” ရှုံးပြီး “သန့်ရှင်း (ပထစ)”က အနိုင်ရသွားပါတယ်။ ဒီတော့ အခဲမကျေတဲ့ စစ်အုပ်စုဟာ (၁၉၆၂)မှာ “ဖက်ဒရယ်မူ”ကို အကြောင်းပြပြီး အာဏာသိမ်းတာပါပဲ။ (၁၉၄၇) အခြေခံဥပဒေကို စစ်အုပ်စုက ဖျက်ဆီးပစ်ခဲ့ပါ တယ်။ ဒါဟာ မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ် စစ်အုပ်စုတက်လာတဲ့ ဇာတ်လမ်းအစပါပဲ။  

            နောက်အတွေ့အကြုံတစ်ခုက (၁၉၉၀)ပြည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဖြစ်ပါတယ်။ ဒီမှာလည်း (န၀တ- နအဖ) စစ်အုပ်စုဟာ (တစည)ဘက်ကပင်းပြီး အနိုင်ရဖို့ ဘက် ပေါင်းစုံက ညစ်ပတ်ခဲ့ကြတာပါ။ ဒီတစ်ပွဲမှာလည်း (န၀တ- နအဖ)စစ်အုပ်စုဟာ သူတို့မျှော်မှန်းသလို ဖြစ်မလာပဲ သူတို့ဘက်ပေါင်းစုံက ပင်းပေးခဲ့တဲ့ (တစည) အရှုံးကြီးရှုံးပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က အပြတ်အသတ်အနိုင်ရသွားပါတယ်။ ဒီနေ့အထိ အနိုင်ရပါတီကို အာဏာလွှဲပြောင်းမပေးပါ ဘူး။  

            (န၀တ- နအဖ) စစ်အစိုးရ အုပ်စိုးနေတာ နှစ် (၂၀) ရှိပါပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေမရှိပဲ အုပ်စိုးနေတာပါ။  

            တချို့က ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိတာထက်၊ ရှိလာတာက မကောင်းဘူးလားလို့ မေးကြ ပါတယ်။ 

            ရှိလာမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေက စစ်အာဏာရှင်စနစ်ကို တရားဝင်ဖြစ်အောင် လုပ်ပေး တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြစ်နေလို့ လုံးဝမကောင်းဘူးလို့ပဲ ရှင်းရှင်းပြတ်ပြတ် ဖြေရမှာဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိပဲ အုပ်စိုးတာပဲဖြစ်ဖြစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို စိတ်ကြိုက် တဖက်သတ်ရေးဆွဲ အတည်ပြုပြီး အုပ်စိုးတာပဲဖြစ်ဖြစ် တိုင်းပြည်အတွက် ဘယ်လိုမှ မကောင်းနိုင်ပါဘူး။  

            ဒါကြောင့် လာမယ့်မေလမှာ (နအဖ)စစ်အစိုးရချပြလာမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း (၂၀၀၈) ဆိုတာကို ပြည်သူအားလုံးက ကန့်ကွက်မဲပေးပြီး ဆန့်ကျင်ပယ်ချဖို့ လိုပါတယ်။  

            ပြည်သူတွေ ရဲရဲဝံ့ဝံ့ မဲရုံသွားပြီး ဆန့်ကျင်မဲပေးဖို့ လိုအပ်ပါတယ်။ သမိုင်းမှာ စစ်အုပ်စုအနေ နဲ့ တပတ်ရိုက်ခံရတာ ပြည်သူတွေကပဲ အနိုင်ယူသွားတာကို ခံခဲ့ရဖူးတဲ့ အတွေ့အကြုံရှိပါတယ်။ ဒါကြောင့် အခုလာမယ့် မေလ၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာလည်း သမိုင်းမှာ ရှုံးနိမ့်ခဲ့ရဖူးသလို နောက်ထပ်တစ်ကြိမ် ရှုံးနိမ့်လေဦးမလားဆိုတဲ့ စိုးရိမ်ပူပန်မှု (န၀တ - နအဖ)စစ်အစိုးရမှာရှိနေတယ်။  

            အောင်ပွဲအဆက်ဆက်ရခဲ့ဖူးတဲ့၊ သမိုင်းအစဉ်အလာရှိတဲ့၊ ရဲရင့်ပြတ်သားတဲ့ ကျွန်တော်တို့ ပြည်သူတွေဟာ ဒီတစ်ကြိမ်မှာလည်း စစ်အုပ်စုကို တပတ်ရိုက်နိုင်လိမ့်ဦးမယ်။ အနိုင်ရလိမ့်ဦးမယ်လို့ အကောင်းမြင်မျှော်လင့်မိပါတယ်။  

            ဒါပေမယ့် အခြားတစ်ဖက်ကလည်း ဘက်ပေါင်းစုံက ညစ်ပတ်အကြမ်းဖက်လာမယ့် (န၀တ - နအဖ)စစ်အုပ်စုရဲ့  အကြံယုတ်ကို သိရှိထားပြီး ရွေးချယ်စရာ တိုက်ပွဲနည်းလမ်းမှန်သမျှကိုလည်း အခုကတည်းက စဉ်းစားပြင်ဆင်ထားဖို့ လိုအပ်လှပါတယ်။  

            (နအဖ)စစ်အစိုးရက ထုတ်ပြန်ထားတဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေမှာ ပေါ်ထွက်ရရှိလာ မယ့် ရလဒ်ကို ဘယ်လိုနည်းနဲ့ အသိအမှတ်ပြုမယ်ဆိုတာကို ဖော်ပြထားခြင်းမရှိပါဘူး။ 

             ဒါဟာ (နအဖ)စစ်အစိုးရရဲ့ ၀ှက်ဖဲတစ်ခုပါပဲ။ သူတို့လိုလားမျှော်လင့်တဲ့ အတည်ပြု ထောက်ခံမဲတွေ ရလာမယ်ဆိုရင်တော့ မဆိုင်းမတွ အသိအမှတ်ပြုမှာ သေချာပေမယ့် သူတို့မမျှော် လင့်တဲ့ ရလဒ် ကန့်ကွက်မဲတွေပေးပြီး ဆန့်ကျင်ပယ်ချခဲ့ရင်တော့ ဘာဆက်လုပ်မယ်ဆိုတာ ဘယ်သူ မှ မသိနိုင်ပါဘူး။  

            ဒါကြောင့် စစ်အာဏာရှင်စနစ်ကို ရှင်းရှင်းလင်းလင်း မဖယ်ရှားနိုင်သေးသရွေ့ ခက်ခက်ခဲခဲ လုံးပမ်းရလိမ့်ဦးမယ်။ ပြင်းပြင်းထန်ထန် ဆက်လက်တိုက်ပွဲဝင်ရလိမ့်ဦးမယ်ဆိုတာ ယခုကတည်းက စိတ်ဓါတ်မောင်းတင်ထားဖို့ လိုအပ်ပါကြောင်း သုံးသပ်တင်ပြလိုက်ပါတယ်။

 


လတ်တလော လုပ်ငန်းစဉ်နှင့် အထွေထွေ နိုင်ငံရေးသဘောထား

 

အလုပ်သမား၊ လယ်သမားကဏ္ဍ

 

အမျိုးသမီးနှင့် လူငယ်ကဏ္ဍ

 
 

 

 

 
 

 

Copyright © 2007 Democratic Party for a New Society. All Rights Reserved.