|
စွမ်းအားရှင်နဲ့ (နအဖ)စစ်အစိုးရ
(၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ ၁ ရက် )
ယနေ့ (နအဖ)စစ်အစိုးရ
ရင်ဆိုင်နေရသည့် စီးပွားရေး၊
နိုင်ငံရေးအကြပ်အတည်းသည်
ကြီးမားသလောက်
ပြင်းထန်နက်ရှိုင်းလှသည်။
သို့နှင့်အမျှ (နအဖ)စစ်အစိုးရတွင်
ဖြေရှင်းကျော်နင်း နိုင်မည့်
နည်းလမ်းကလည်း
မရှိသလောက်နည်းပါးလှသည်။
(နအဖ)စစ်အစိုးရ လက်တွေ့ဖြေရှင်း
နေသည့် နည်းလမ်းများကလည်း တစ်ပွဲတိုး
ဆေးမြီးတိုများသာဖြစ်သည်။
(နအဖ)စစ်အစိုးရ
ရင်ဆိုင်နေရသည့် အကြပ်အတည်း
မည်မျှကြီးမားနက်ရှိုင်းသည်မှာ
သတင်းစာဆောင်းပါးများတွင်
ဖေါ်ပြရေးသားထားသည့်
စကားလုံးများကိုကြည့်လျှင်ပင် ပုံပေါ်
ပါသည်။
`အရှုံးကြီးကနေ အရှုံးလေး
ဖြစ်အောင်လုပ်ရတာပါ’ တဲ့၊
`စိုက်ထုတ်အရှုံးခံ ပေးနေတာ တွေရော
ပေါင်းကြည့်ရင် ဝန်ထုတ်ဝန်ပိုး
သိပ်ကိုကြီးလွန်းနေပါပြီ၊
မနိုင်ဝန်ကို ဆက်ထမ်းရင်
တစ်ချိန်ချိန်မှာ
အန္တရာယ်ရှိလာတော့မှာပါ’ တဲ့၊
`တည်ဆဲအစိုးရဘက်က နည်းနည်းလောက်တော့
စဉ်းစားပေးစေချင်ပါတယ်’ တဲ့၊
`အစိုးရအပေါ် ပိနေတဲ့
ဝန်ထုတ်ဝန်ပိုးကို နိုင်ငံသားတိုင်း
ကိုယ်စီကိုယ်င မျှပြီး
ဝင်ထမ်းပေးကြရပါမယ်’ တဲ့။
သို့ဖြင့်
(နအဖ)စစ်အစိုးရသည် သူရင်ဆိုင်နေရတဲ့
ဝန်ထုတ်ဝန်ပိုးကို ပြည်သူလူထု
ပခုံးပေါ် ကြိုတင်အသိပေးခြင်းမရှိဘဲ
ပုံချလိုက်ပါတော့တယ်။
လောင်စာဆီဈေးနှုန်းများကို ရုတ်တရက်
မြှင့်တင်လိုက်ပါတော့တယ်။ ထိုသို့
(နအဖ)စစ်အစိုးရသည် နဖူးတွေ့ဒူးတွေ့
ကြုံတွေ့ ရင်ဆိုင်နေရသော
အကြပ်အတည်းကို ဈေးနှုန်းမြှင့်သည့်
နည်းလမ်းဖြင့် ဖြေရှင်းလိုက်သောအခါ
အခြားသော အကြပ်အတည်း အခက်ခဲများကို
စုပေါင်းဖိတ်ခေါ်လိုက်သလို
ဖြစ်သွားတော့သည်။
လောင်စာဆီဈေးနှုန်းတွေ
မြင့်တက်သွားသဖြင့် အလားတူစွာပင်
သယ်ယူပို့ဆောင်ရေးနှင့်
လောင်စာဆီအသုံးပြုရသည့်
လုပ်ငန်းမှန်သမျှ
ဈေးနှုန်းများတက်သွားရတော့သည်။
သို့ဖြင့် သယ်ယူ
ပို့ဆောင်ရေးစရိတ်များ၊
ကြိတ်ခွဲခများနှင့် အခြားသော
အထွေထွေကုန်ဈေးနှုန်းများ
ကြီးမားမြင့် တက်သွားတော့သည်။
ထိုသို့
အထွေထွေကုန်းဈေးနှုန်းများနှင့်
သယ်ယူပို့ဆောင်ရေးစရိတ်များ အဆမတန်
မြင့် တက်သွားသော်လည်း အလုပ်သမား၊
မြို့နေဝန်ထမ်းများနှင့်
တနေ့လုပ်တနေ့စား ကျပမ်းအလုပ်
သမားများ၏ လုပ်ခလစာသည် အချိုးညီစွာ
တိုးမြှင့်လာခြင်းမရှိခဲ့ချေ။
ယင်းကို (နအဖ)စစ်အစိုးရ
မည်သို့ဖြေရှင်းပေးမည်နည်း။
မြန်မာနိုင်ငံတွင်
တက်ပြီးပြန်ဆင်းတာဆိုလို့
လေယာဉ်ပျံပဲရှိတယ်လို့ ပြည်သူများက
ပြောနေကြပြီ။ ကုန်ဈေးနှုန်းကလည်း
တက်ပြီးရင် ပြန်ဆင်းလေ့မရှိဘူး။
စစ်အုပ်စုကလည်း အာဏာ ကုလားထိုင်ပေါ်
တက်ထိုင်ပြီးကတည်းက ဆင်းပေးချင်စိတ်
မရှိတော့ဘူးတဲ့။
ယခုလို လူထုက
ထကြွလှုပ်ရှားလာတာကို
နိုင်ငံတကာရေနံဈေးနှုန်း၊
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ၈၈
မျိုးဆက် ကျောင်းသားများနှင့်
ပြည်တွင်းပြည်ပ
နိုင်ငံရေးလှုပ်ရှားနေသူများကို
(နအဖ)စစ်အစိုးရအနေဖြင့် ယိုးမယ်ဖွဲ့
အပြစ်ရှာမနေသင့်ပါဘူး။
ဖမ်းဆီးခြင်းဖြင့်
ဖြေရှင်းလို့မရနိုင်ပါဘူး။
တကယ်တော့ ယနေ့
(နအဖ)စစ်အစိုးရ ကြုံတွေ့နေရသည့်
အခက်အခဲအကြပ်အတည်း များကို
(နအဖ)စစ်အစိုးရကိုယ်တိုင်
ဖန်တီးဖိတ်ခေါ်လိုက်ခြင်းသာဖြစ်ပါသည်။
(နအဖ)စစ်အစိုးရ၏
မှားယွင်းညံ့ဖျင်းသော
စီမံအုပ်ချုပ်မှု၏ တိုက်ရိုက်အကျိုးဆက်
ရလဒ် ပင် ဖြစ်ပါသည်။
လူထုသည်
ဆင်းရဲကြပ်တည်းလာလျှင်၊
ဖိနှိပ်အကြမ်းဖက်လာလျှင်
ထိုဖိနှိပ်ကြပ်တည်းမှုမှ
လွတ်မြောက်ရာလမ်းကို
ရွေးချယ်ချီတက်လိမ့်မည်သာဖြစ်သည်။
မည်သူမျှ တားဆီး၍မရနိုင်ပါ။
မြန်မာပြည်သူလူထုသည် ထိုသို့
နည်းလမ်းရှာဖွေချီတက်တတ်သည့် ၊
တီထွင်မှုရှိသည့်၊ ရဲစွမ်းသတ္တိ ရှိသည့်
လူထုဖြစ်ပါသည်။ ငုံ့ခံတတ်သည့်
လူထုမဟုတ်ပါ။ ဖိရင်ကြွမယ်၊ ထိရင်ချမယ်
ဆိုသည့် လူထုဖြစ်ပါသည်။
ယခု
မိမိတို့လိုလားချက်များကို
ငြိမ်းချမ်းစွာ ဖေါ်ထုတ်တင်ပြနေသည်။
ယင်းကို (နအဖ) စစ်အစိုးရက
‘စွမ်းအားရှင်’ဆိုသည့်
ဖက်ဆစ်လူမိုက်ဂိုဏ်းကို ပွဲထုတ်ပြီး
အကြမ်းဖက်သည့် နည်းဖြင့်
ဖြေရှင်းနေသည်။
တကယ်တော့ `စွမ်းအားရှင်’
ဆိုသည်မှာ `ဖက်ဆစ်လက်သစ်
ဂတုံးဂိုဏ်းသားများ’နှင့် အနှစ်သာရ
အတူတူပင်ဖြစ်သည်။
(နအဖ)စစ်အစိုးရက
ဖြစ်ပေါ်လာနိုင်သည့်
လူထုလှုပ်ရှားမှုများကို
အကြမ်းဖက်ဖြိုခွဲရန် လက်သပ်
မွေးမြူလေ့ကျင့်ထားသူများ ဖြစ်သည်။
`စွမ်းအားရှင်’ ဆိုသူများသည် ဒီပဲယင်း
အကြမ်းဖက်မှုဖြင့် ပွဲထွက်လာခဲ့ပြီး၊
သူတို့၏ ဖက်ဆစ်ဇနှင့် လက်စလက်န
ပြသခဲ့ကြပြီးဖြစ်သည်။ သို့အတွက်
ယနေ့ကာလတွင်`စွမ်းအားရှင်’ ဆိုသူများ
ဂျိုကြွနေကြခြင်းဖြစ်ပါသည်။
ထို့အပြင်`စွမ်းအားရှင်’
ဆိုသည့်အမည်မှာ
ထိုဖက်ဆစ်လူရမ်းကားများကို
(နအဖ)စစ်အစိုးရက
ချီးမြှောက်ဂုဏ်ပြုထားသည့်
အမည်ပင်ဖြစ်သည်။
ဘာကြောင့်`စွမ်းအားရှင်’
လို့ ခေါ်ရတာနဲ့ပတ်သက်ပြီး ရဲချုပ်
ဗိုလ်မှူးချုပ် ခင်ရီက (၇/၂၀၀၆)
သတင်းစာရှင်းလင်းပွဲတွင် အခုလို
ဖွင့်ဆိုရှင်းပြဖူးသည်။
`မီးသတ်၊ ကြက်ခြေနီ၊ ရယက
စသဖြင့် အဲဒီပုဂ္ဂိုလ်တွေဟာ လစာရိက္ခာ
တစ်ပြားတစ်ချပ်မှ မယူဘဲနဲ့
သီးခြားစေတနာအလျှောက် ကူညီပေးတဲ့
စွမ်းအားများဖြစ်တဲ့အတွက်ကြောင့်
ဒီပုဂ္ဂိုလ် များကို စွမ်းအားရှင်လို့
နိုင်ငံတော်က
စာလုံးရွေးချယ်သတ်မှတ်ပြီးတော့
ဂုဏ်ပြုခေါ်ဝေါ်ခြင်း ဖြစ်ပါ တယ်’ (၂၀၀၆
ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့၊
မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ ၁၃
ကော်လံ ၄ တွင် ကြည့်ပါ)
ဤသို့ဆိုလျှင်
စွမ်းအားရှင်နဲ့ (နအဖ)စစ်အစိုးရတို့
ဘယ်လို ဆက်သွယ်ဆက်စပ်နေတယ် ဆိုတာ
ရှင်းလင်းသွားပါပြီ။ ဘယ်သူကဆရာ၊
ဘယ်သူကတပည့် ရှင်းလင်းသွားပါပြီ။
ဆရာထက် တပည့် လက်စောင်းထက်တာ
မဆန်းတော့ပါဘူး။
ယခုကြားသိတွေ့မြင်နေရတဲ့
အကြမ်းဖက်မှုများ၊
ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုမှုများကို
ဘယ်သူကခိုင်းလို့ ဘယ်သူက
ရူးရူးမိုက်မိုက် လုပ်နေတယ်ဆိုတာကို
အားလုံးက ရှင်းလင်းစွာ
မြင်နိုင်ပါသည်။ |