|
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏
ဖြတ်သန်းမှုသမိုင်းအကျဉ်း
နိဒါန်း
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ၁၉၈၈ ခုနှစ်
ရှစ်လေးလုံး ဒီမိုကရေစီ အရေး တော်ပုံကြီးအတွင်း
သန္ဓေတည်ခဲ့ပြီး အလုပ်သမား၊ လယ်သမား၊ လူငယ်
ကျောင်းသားများနှင့် စုစည်းထားခဲ့သော
တော်လှန်သည့်ပါတီတရပ် ဖြစ်ပေသည်။
(၁)
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ၁၉၈၈
ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့တွင်
ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး
ရဲဘော် မိုးသီးဇွန်က ဦးဆောင်၍ တော်လှန်သော
ပါတီတရပ်အဖြစ် တရားဝင် ကြေညာရပ်တည်ခဲ့သည်။
ပထမဦးဆုံး ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ
-
(၁) ရဲဘော် မိုးသီးဇွန်
(ဥက္ကဋ္ဌ) (၂) ရဲဘော် သက်ထွန်း (ဒုတိယ
ဥက္ကဋ္ဌ) (၃) ရဲဘော် မိုးဟိန်း
(အထွေထွေအတွင်းရေးမှူး) (၄) ရဲဘော် ရဲနိုင်အောင်
(တွဲဖက်အတွင်းရေးမှူး) (၅) ရဲဘော် ဂျင်မီ (ခ) ကျော်မင်းယု
(စည်းရုံးရေးကော်မတီ) (၆) ရဲဘော် ယဉ်ထွေး (စီမံ/စည်းကမ်း
ကော်မတီ) (၇) ရဲဘော် ၀င်းမြင့်အောင်
(သတင်းနှင့်ပြန်ကြားရေးကော်မတီ) (၈) ရဲဘော် တင်ထွန်းလှိုင်
(ဘဏ္ဍာရေးကော်မတီ)
ပါတီကို စတင်ထူထောင်သည့်ကာလတွင်
အောက်ပါရည်ရွယ်ချက် (၃) ရပ်ကို
ချမှတ် အကောင်အထည်ဖော်ခဲ့သည်။
၁။ ပြည်သူတို့အာဏာ ပြည်သူတို့
ထာဝစဉ်ပိုင်စိုးရေးအတွက် ပြည်သူကို ဖိနှိပ်သော
အာဏာရှင်စနစ်များ မြန်မာပြည်မြေပေါ်မှသာမက
ကမ္ဘာ့မြေပေါ်မှပါ အပြီးတိုင် ချုပ်ငြိမ်းပျောက်ကွယ် စေရန်။
၂။ ပြည်သူလူထု အကျိုးစီးပွားအတွက်
စစ်မှန်သော ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ
အပြည့်အ၀ ရှင်သန်လာစေရန်။
၃။ ရည်ရွယ်ချက်တူ၊ လုပ်ငန်းတူ
အသင်းအဖွဲ့များ၊ ပါတီများ စုစည်း၍
အမျိုးသားထု တစ်ရပ်လုံးကို ကိုယ်စားပြု
အသွင်ဆောင်သည့် ကြီးမားကျယ်ပြန့်သော
တပ်ပေါင်းစုကြီးတစ်ရပ် ပေါ်ထွန်းလာစေရန်။
ရည်မှန်းချက်များမှန်ကန်ပြီး
အရေးတော်ပုံကြီးပြီးစ ရင်ဆိုင်ကြုံတွေ့နေရသော
ပြည်သူ တို့၏ အကြပ်အတည်းများကို စာနာရပ်ခံပြီး
တိုက်ပွဲဝင်ခဲ့မှုများကြောင့် ပါတီ၏စည်းရုံးရေးမှာ တနေ့တခြား ကျယ်ပြန့်လာသည်။
“ပြည်သူသာအမိ ပြည်သူသာအဖ” စိတ်ဓါတ်ကို ကိုင်စွဲကာ
‘ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး’ ကြွေးကြော်သံကို
ဆက်လက်ကိုင်စွဲခဲ့သည်။
၁၉၈၈ နိုဝင်ဘာလတွင် လူငယ်ကျောင်းသား
(၁၁) ပါတီ ပါဝင်သော ‘ညီအကိုတော်
ကျောင်းသားလူငယ်များ သွေးစည်းညီညွတ်ရေးကော်မတီ’
ကို စုစည်းနိုင်ခဲ့ပြီး ၁၉၈၉ ခုနှစ်၊
ဖေဖော် ဝါရီလတွင် နိုင်ငံရေးပါတီ (၁၃) ပါတီ ပါဝင်သော
‘ဒီမိုကရေစီ မဟာမိတ်များအဖွဲ့ချုပ် (ဒမဖ)’ကို
ဖွဲ့စည်းနိုင်ခဲ့သည်။ တပြိုင်နက်တည်းတွင် ပါတီ
(၄၁) ပါတီ ပါဝင်သော ‘ပြည်ထောင်စုမြန်မာနိုင်ငံ
ဒီမိုကရေစီတပ်ပေါင်းစု (ပဒတ)’
ဦးဂွယ်လမ်းတပ်ပေါင်းစုကို ဖွဲ့စည်းနိုင်ခဲ့သည်။
ပါတီသက်တမ်း (၄) လအတွင်း ဒုတိယ
အင်အားအကြီးဆုံးပါတီအဖြစ် အသိအမှတ် ပြုခြင်း ခံရသည့်အဆင့်အထိ အားကောင်းလာခဲ့ပြီး
ပါတီစည်းရုံးရေးမှူးပေါင်း ရာနှင့်ချီ၍ ဖမ်းဆီး နှိပ်စက်ခံခဲ့ရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားပါတီ
(၁၈)ပါတီ စုစည်းထားသော
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ
ဒီမိုကရေစီအဖွဲ့ချုပ် (UNLD) တို့ပါ ပါဝင်သည့်
ကြီးမား ကျယ်ပြန့်သည့် တပ်ပေါင်းစုတရပ်
ပေါ်ပေါက်ရေးအတွက် အတက်ကြွဆုံး ဆက်လက်လှုပ်ရှားခဲ့ကြ သည်။
ရန်သူ၏ ပြင်းထန်သည့် ဖမ်းဆီးဖိနှိပ်
အကြပ်ကိုင်မှုများကြောင့် ပါတီဥက္ကဋ္ဌ ရဲဘော်
မိုးသီးဇွန် မှာ
လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းသို့ ၁၉၈၉
ခုနှစ်၊ ဧပြီလ (၁၉) ရက်နေ့တွင် ကူးပြောင်းခဲ့ရသည်။
နိုင်ငံလုံးဆိုင်ရာ
ပထမအကြိမ် ပါတီညီလာခံကို ၁၉၈၉ ခုနှစ်၊ ဧပြီလ (၂၂၊
၂၃၊ ၂၄) ရက်နေ့များတွင် ကျင်းပခဲ့ပြီး ဥက္ကဋ္ဌအဖြစ်
ရဲဘော် အောင်ဇေယျ၊ ဒုတိယဥက္ကဋ္ဌအဖြစ် ရဲဘော် သက်ထွန်း၊
အထွေထွေအတွင်းရေးမှူးအဖြစ် ရဲဘော် ဗဟိန်းအောင်၊
တွဲဖက်အတွင်းရေးမှူးအဖြစ် ရဲဘော် ယဉ်ထွေးတို့
တာဝန်ယူသော ဗဟိုကော်မတီ (၂၅) ဦးကို
ရွေးချယ်တင်မြောက်ခဲ့ကြသည်။ ၁၉၈၉ ခုနှစ်၊ ဧပြီလ
(၂၅) ရက်နေ့တွင် ပါတီခေါင်းဆောင်များအတွင်း သဘောထားကွဲလွဲမှုများ၊ အတွေ့အကြုံ နုနယ်မှုများ၊ ရန်သူ၏
သပ်လျှိုဖြိုခွဲမှုများကြောင့် ပါတီတွင်း
စည်းလုံးညီညွတ်ရေး ပျက်ပြားခဲ့ရသည့်
အခြေအနေတရပ်သို့ ဆိုက်ရောက်ခဲ့ရသည်။
န၀တနှင့်
ပါတီစုံ အထွေထွေရွေးကောက်ပွဲကော်မရှင်၏ စနစ်တကျ
ဝင်ရောက်စွက်ဖက်မှု များကြောင့် ပါတီမှာ သိသိသာသာ
နှစ်ခြမ်းကွဲရသည့် အဆင့်သို့ ရောက်ခဲ့ရသည်။
တစ်ခြမ်းကို ရဲဘော် အောင်ဇေယျ၊ ရဲဘော်
ဗဟိန်းအောင်တို့မှ ဦးဆောင်ပြီး တစ်ခြမ်းကို
ရဲဘော် မိုးဟိန်း၊ ရဲဘော် ရဲနိုင်အောင်တို့မှ
ဦးဆောင်ခဲ့ပါသည်။
ရဲဘော် အောင်ဇေယျနှင့် ရဲဘော်
မိုးဟိန်းတို့ အဖမ်းခံရပြီးသည့်နောက် ပါတီစုံ
အထွေထွေ ရွေးကောက်ပွဲကော်မရှင်သည် ရဲဘော်
ဗဟိန်းအောင်တို့အခြမ်းကို လုံးဝ
ဖျက်သိမ်းပစ်လိုက်ပြီး ရဲဘော်
ရဲနိုင်အောင်တို့အခြမ်းကို တရားဝင်
ဆက်လက်တည်ရှိခွင့်ပြုခဲ့သည်။ ရဲဘော် သက်ထွန်း
ဥက္ကဋ္ဌ၊ ရဲဘော် ကျော်ဝင်းသိန်း ဒုတိယဥက္ကဋ္ဌ၊ ရဲဘော်
ရဲနိုင်အောင် အထွေထွေအတွင်းရေးမှူး၊ ရဲဘော်
ဖုန်းဆွေ တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ယူသော
ဗဟိုအလုပ်အမှုဆောင် (၁၁) ဦးကို ဖွဲ့စည်း၍
ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။
ရဲဘော် ဗဟိန်းအောင်
ဦးဆောင်သောအဖွဲ့မှာ
မျိုးချစ်ဒီမိုကရက်တစ်လူငယ် တပ်ပေါင်းစု
အဖြစ် ဆက်လက်လှုပ်ရှားကြပြီး အချို့မှာ
အောက်ဗမာပြည် ဗကသများအဖွဲ့ချုပ်ဝင်များအဖြစ်
ဆက်လက် ရပ်တည်လှုပ်ရှားခဲ့ကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊
ဒီမိုကရေစီ မဟာမိတ်များအဖွဲ့ချုပ်တို့နှင့်အတူ
အာဏာဖီ ဆန်ရေးလှုပ်ရှားမှုများကို ၁၉၈၉ ဇူလိုင် (၁၉)
ရက်နေ့အထိ တွဲဖက်ဆောင်ရွက်ခဲ့သည်။
ရွေးကောက် ပွဲ အကြိုကာလတွင် ဒီမိုကရေစီအင်အားစုများက တဘက်၊
(တစည)နှင့်
(တစည)အနွယ်များက တဘက်
စီးချင်းထိုးမှုဖြင့် ရွေးကောက်ပွဲဝင်ကြရန်
ချပြစည်းရုံးခဲ့သည်။ သို့သော် ၎င်းအခြေအနေ
ဖြစ်မလာသည့်အခါ မဲမကွဲရေးအတွက် (NLD)
ဝန်းရံရေးပေါ်လစီချ၍ လှုပ်ရှားခဲ့သည်။
ရွေးကောက်ပွဲ ပြီးကာလတွင် အနိုင်ရပါတီကို
အာဏာအပ်ရေး၊ လွှတ်တော်ခေါ်ယူပေးရေးလှုပ်ရှားမှုများကို
ဆက်တိုက်ဆောင်ရွက်ခဲ့ကြသည်။
နိုင်ငံလုံးဆိုင်ရာ အထူးအစည်းအဝေးကို
၁၉၉၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၆ ၊ ၁၇)
ရက်နေ့များ တွင် ကျင်းပခဲ့ပြီး ဥက္ကဋ္ဌ
ရဲဘော်မြင့်ဇော်၊ ဒုတိယဥက္ကဋ္ဌ ရဲဘော် ကျော်ဝင်းသိန်း၊
အထွေထွေအတွင်း ရေးမှူး ရဲဘော် အောင်မိုးဇော်၊
တွဲဖက်အတွင်းရေးမှူး ရဲဘော် ဇေယျ အပါအ၀င်
ပါတီဗဟိုကော်မတီ (၂၁) ဦးအား
ရွေးချယ်တင်မြောက်နိုင်ခဲ့ကြသည်။
န၀တ၏ အမိန့်အမှတ် ၁/၉၀ အား
ဆန့်ကျင်တိုက်ခိုက်ခဲ့ခြင်း၊ ပါတီ ပြန်လည်ပေါင်းစည်း နိုင်ရေး လုံးပမ်းခဲ့ခြင်း၊ ၎င်းကာလ လူငယ်ပါတီများအတွင်း ညီညွတ်ရေးကို တည်ဆောက်ခဲ့ခြင်း၊
လွှတ်တော်ခေါ်ယူနိုင်ရေးလှုပ်ရှားမှုများကို
အဆက်မပြတ် ဆောင်ရွက်နေခြင်းတို့ကြောင့် န၀တမှ
အပြင်းအထန် ဖိနှိပ်လာသည်။
၁၉၉၀ ဒီဇင်ဘာတွင်
မျိုးချစ်ဒီမိုကရက်တစ်လူငယ်တပ်ပေါင်းစု
ဗဟိုအလုပ်အမှုဆောင်များ ကို ဖမ်းဆီးပြီး ပါတီလည်း
ဖျက်သိမ်းခံခဲ့ရသည်။ ၁၉၉၁ ဒီဇင်ဘာ (၆) ရက်တွင်
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဌာနချုပ်ကို န၀တမှ
ဆိုင်းဘုတ်လာဖြုတ်ချပြီး ပါတီကိုလည်း
ဖျက်သိမ်းခဲ့သည်။ ပါတီခေါင်းဆောင်အများစုမှာ
ထိုရက်မတိုင်ခင်ကတည်းက ဖမ်းဆီးထိန်းသိမ်းခံနေရပြီး
ရှောင်တိမ်း ခဲ့နိုင်သော ပါတီခေါင်းဆောင်များက ၁၉၉၁
ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် ပါတီ၏ အလံတော် အား
မာနယ်ပလောအောင်မြေသို့
ပြောင်းရွှေ့စိုက်ထူနိုင်ခဲ့ကြသည်။
(၂)
ပါတီသည် တရားဝင်ပါတီအဖြစ်မှ
လွတ်မြောက်ဒေသတွင် လက်နက်ကိုင်
တော်လှန်ရေး ဆင်နွှဲသော ပါတီနှင့် ပြည်တွင်းတွင်
မြေအောက်ပါတီအဖြစ် ဆက်လက်လှုပ်ရှားခဲ့ကြရသည်။ ဥက္ကဋ္ဌ
ရဲဘော် မြင့်ဇော်နှင့် အထွေထွေအတွင်းရေးမှူး ရဲဘော်
အောင်မိုးဇော်တို့ ဦးဆောင်သော ဗဟို ကော်မတီသည်
ပြည်တွင်းနှင့် လွတ်မြောက်ဒေသ လှုပ်ရှားမှုများကို
စနစ်တကျ ဆက်လက် ဦးဆောင်ခဲ့ကြသည်။
အဆင့်တိုင်း၏ ဦးတည်ချက်နှင့်
လှုပ်ရှားမှုများသည် နှိုင်းယှဉ်ချက်အရ တစ်ဆင့်ပြီး တစ်ဆင့် ရှင်းလင်းကြည်လင် ကျယ်ပြန့်လာခဲ့သည်။
- လူမျိုးစုံ
အဖိနှိပ်ခံပြည်သူများဘက်က ထာဝစဉ်ရပ်တည်ရေး၊
- စစ်အာဏာရှင်စနစ်
အကုန်အစင်ဖျက်သိမ်းရေးဆိုသည့် အချက်နှစ်ချက်အပေါ်
ပိုမို လေးနက်လာခဲ့သည်။
ပါတီရေရှည်တည်တံ့တိုးပွားရေးနှင့်
ပြည်သူ့အကျိုးဆောင်ရေးအတွက် ထိုနှစ်ချက်သည်
အသက်ဝိဉာဉ်ကဲ့သို့ အရေးကြီးကြောင်း
ပိုမိုသိမြင်နားလည်လာခဲ့သည်။
လက်နက်ကိုင်တော်လှန်စစ်ကို
ဆင်နွှဲသောကာလသည် ပါတီအတွက် အတွေ့အကြုံသစ် ဖြစ်သကဲ့သို့ ခက်ခဲကြမ်းတမ်းသည့်
ကာလလည်း ဖြစ်သည်။ ထိုအခက်အခဲများကြားကပင်
- စစ်အာဏာရှင်စနစ်
အကုန်အစင်ဖျက်သိမ်းရေး
- ဒီမိုကရေစီရေး
- ပြည်တွင်းငြိမ်းချမ်းရေး
- အမျိုးသားများ၏ တန်းတူရေးနှင့်
ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံနိုင်သော
ပြည်နယ် ပေါင်းစု ပြည်ထောင်စုကြီး တည်ဆောက်ရေး
ကြွေးကြော်သံများကို ကိုင်စွဲပြီး
ဆက်လက်တိုက်ပွဲဝင် ခဲ့ကြသည်။
(KNU)
အပါအ၀င် မဟာမိတ် တိုင်းရင်းသားလူမျိုးစုများ၏
ဝန်းရံကူညီမှုကြောင့်လည်း ပါတီအလံတော်ကို
မြင့်မားစွာ ဆက်လက်လွင့်ထူနိုင်ခဲ့ပါသည်။ ပါတီသည်
ဒီမိုကရက်တစ် မဟာမိတ် များ အဖွဲ့ချုပ် (DAB)၊
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB)
စသည့် တပ်ပေါင်းစု များတွင် တက်ကြွစွာ
ပါဝင်တာဝန်ယူနိုင်ခဲ့သည်။ အလယ်ပိုင်းဒေသရှိ
လူမျိုးပေါင်းစုံ ပြည်သူ့ ဒီမိုကရေစီတပ်ပေါင်းစု
(လပဒတ)နှင့်လည်း ပူးတွဲလှုပ်ရှားနိုင်ခဲ့သည်။
၁၉၉၄ ခုနှစ်၊ သြဂုတ်လ (၅) ရက်နေ့တွင်
ဒုတိယအကြိမ် ဗဟိုကော်မတီ မျက်နှာစုံညီ
အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး ပါတီ၏
ဖွဲ့စည်းပုံစည်းမျဉ်းဥပဒေ၊ ပါတီ၏
နိုင်ငံရေးဖြစ်စဉ် အကျဉ်း၊ ပါတီ၏
အထွေထွေနိုင်ငံရေးသဘောထားနှင့်
လတ်တလောလုပ်ငန်းစဉ်များကို
အတည်ပြု ချမှတ်နိုင်ခဲ့သည်။
ကရင်အမျိုးသားအစည်းရုံး(KNU)၊
မွန်ပြည်သစ်ပါတီ (NMSP)
အစရှိသော လူမျိုးစုပါတီများနှင့် အပြန်အလှန်
ယုံကြည်မှုများ တည်ဆောက်ပြီး လက်တွဲလှုပ်ရှားနိုင်ခဲ့သည်။
(၃)
၁၉၉၅ ခုနှစ်၊ ဇန်န၀ါရီတွင်
မာနယ်ပလောအခြေခံဒေသကို လက်လွတ်ခဲ့ရသည့်နောက်
ထိုင်း-မြန်မာနယ်စပ်သို့ ရွှေ့ပြောင်းကာ
ဆက်လက်လှုပ်ရှားခဲ့ကြရသည်။
ပါတီဥက္ကဋ္ဌ ရဲဘော်မြင့်ဇော်သည် (NCUB)
အတွင်းရေးမှူးအဖွဲ့ဝင်၊ (DAB) အထွေထွေ အတွင်းရေးမှူး၊
နိုင်ငံရေးအံတုမှုကော်မတီ (PDC) တာဝန်ခံအဖြစ်
ဆောင်ရွက်နေစဉ် ၁၉၉၇ ခု၊ မတ်လ (၅) ရက်နေ့တွင်
ငှက်ဖျားရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ ပါတီဥက္ကဋ္ဌ
ရဲဘော် မြင့်ဇော် ကွယ်လွန်သွားပြီးနောက် အထွေထွေအတွင်းရေးမှူး ရဲဘော် အောင်မိုးဇော်က ဥက္ကဋ္ဌတာဝန်ကို
ဆက်လက်ထမ်းဆောင်ခဲ့သည်၊
၂၀၀၀ ပြည့်နှစ်၊ ဇန်န၀ါရီလ (၈) မှ (၁၂)
ရက်နေ့အထိ ဗဟိုကော်မတီ စုံညီပုံမှန် အစည်းအဝေးကို
ကျင်းပကာ အထွေထွေနိုင်ငံရေးသဘောထားနှင့် လတ်တလော
လုပ်ငန်းစဉ်များ ကို ပြင်ဆင်တိုးချဲ့
အတည်ပြုခဲ့ကြသည်။
ပါတီဥက္ကဋ္ဌဟောင်း ရဲဘော် မိုးသီးဇွန်
ဦးစီးသော အင်အားစုဖြင့် ပါတီကို အားဖြည့်ခဲ့ကြ သည်။
ရဲဘော် အောင်မိုးဇော် (ဥက္ကဋ္ဌ)၊ ရဲဘော်
အောင်သူငြိမ်း (ဒုတိယဥက္ကဋ္ဌ)၊ ရဲဘော် ဇော်နိုင်ဦး
(အထွေထွေအတွင်းရေးမှူး)၊ ရဲဘော် ၀င်းနိုင်ဦး
(တွဲဖက်အထွေထွေအတွင်းရေးမှူး)တို့ ဦးဆောင် သည့်
ဗဟိုကော်မတီသည် ပြည်တွင်းလုပ်ငန်း၊
တပ်ပေါင်းစုလုပ်ငန်းနှင့် နိုင်ငံတကာထောက်ခံမှု ရယူရေးလုပ်ငန်းများကို
အားစိုက်ဆောင်ရွက်ခဲ့ကြသည်။
၂၀၀၂ ခုနှစ်၊ ဇန်န၀ါရီလ (၁၀ မှ ၁၈) ရက်နေ့အထိ
ဒုတိယအကြိမ် ပါတီညီလာခံကို ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ကျင်းပကာ ပါတီ၏ ရည်မှန်းချက်
(၄)ရပ်ကို ဆက်လက် အကောင်အထည်ဖော်နိုင်ရန်
လုပ်ငန်းစဉ်များချမှတ်နိုင်ခဲ့ကြသည်။
၂၀၀၄ ခုနှစ်၊ ဇူလိုင်လ (၂၅ မှ ၂၇)
ရက်နေ့အထိ တိုးချဲ့ဗဟိုကော်မတီ စုံညီအစည်းအဝေး ကို
ပြုလုပ်ခဲ့ကြပြီး လတ်တလောလုပ်ငန်းစဉ် (၁၀)ရပ်ကို
ချမှတ်ခဲ့ကြသည်။ ပြည်တွင်းလုပ်ငန်းကို
ပိုမိုတိုးချဲ့ လုပ်ဆောင်နိုင်ခဲ့သည်။
ယနေ့အထိ ရဲဘော် အောင်မိုးဇော် (ဥက္ကဋ္ဌ)၊
ရဲဘော် ယဉ်ထွေး (ဒုတိယဥက္ကဋ္ဌ)၊ ရဲဘော် ခင်မောင်တင့်
(အထွေထွေအတွင်းရေမှူး)၊ ရဲဘော် ငွေလင်း
(တွဲဖက် အထွေထွေအတွင်းရေးမှူး) တို့ ဦးဆောင်သည့်
ဗဟိုကော်မတီသည် ယနေ့ကာလ တိုက်ပွဲလိုအပ်ချက်များကို
ပြည်တွင်းပြည်ပ မဟာမိတ်အင်အားစုများနှင့်အတူ
ဆက်လက်တိုက်ပွဲဝင်လျှက်ရှိသည်။
လက်ရှိ
ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့
၁။ ရဲဘော် အောင်မိုးဇော်
ဥက္ကဋ္ဌ
၂။ ရဲဘော် ယဉ်ထွေး
ဒုတိယ ဥက္ကဋ္ဌ
၃။ ရဲဘော် ခင်မောင်တင့်
အထွေထွေအတွင်းရေးမှူး
၎။ ရဲဘော်
ငွေလင်း
တွဲဖက်အထွေထွေအတွင်းရေးမှူး
၅။ ရဲဘော် မင်းလွင်
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်
၆။ ရဲဘော်
ထွဋ်ဦးလှိုင်
။
၇။ ရဲဘော်
ဇော်မင်း
။
၈။
ရဲဘော် တိုးတိုးထွန်း ။
၉။ ရဲဘော်
ဇော်ဇော်ထွန်း
။
၁၀။ ရဲဘော် အောင်ကို
။
၁၁။ ရဲဘော်
ဝင်းမြင့်နိုင်
။
၁၂။ ရဲဘော် ရီရီထွန်း
။
|