ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

Myanmar Veneer အလုပ်သမားသပိတ် အင်အားသုံး ဖြိုခွင်းခံရခြင်းနှင့် ပတ်သက်၍ သဘောထား ထုတ်ပြန်ချက် (၄ / ၂၀၁၆)

Myanmar Veneer အလုပ်သမားသပိတ် အင်အားသုံး ဖြိုခွင်းခံရခြင်းနှင့် ပတ်သက်၍ သဘောထား ထုတ်ပြန်ချက် (၄ / ၂၀၁၆) ၁။ မိမိတို့ အလုပ်သမားများ ရာကျော်အောင် အလုပ်ထုတ်ခံရသည့် မတရားမှုအား ပြည်ထောင်စုအစိုးရက စာနာ ဖြေရှင်းပေးနိုင်ရန် နေပြည်တော်သို့ ခရီးရှည် လမ်းလျှောက်လာခဲ့ကြသည့် Myanmar Veneer သစ်အချောထည်စက်ရုံ သပိတ်မှောက် အလုပ်သမားများအား (၁၈၊ ၅၊ ၂၀၁၆)နေ့၌ တပ်ကုန်းမြို့အဝင်တွင် အင်အားသုံး ဖြိုခွင်း၊ ဖမ်းဆီး လိုက်ကြောင်း ကြားသိရပါသည်။ ၂။ မိမိတို့တိုင်းပြည်အတွင်း လူထုတို့၏ ကိုယ်ပိုင်အခွင့်အရေးများအတွက် တောင်းဆို ဆန္ဒပြခြင်း၊ သပိတ်မှောက်ခြင်း စသည့် ဥပဒေတွင်း ငြိမ်းချမ်းစွာ လှုပ်ရှား ရုန်းကန်မှုများကို မှန်ကန်စွာ လက်ခံ၊ ကြားနာပေးရမည်သာ ဖြစ်သည်။ အဆက်ဆက်သောအစိုးရတို့က ဤသို့ လူထုလှုပ်ရှားမှုတိုင်းကို လွဲမှားစွာ ပုံဖော်လျက် အကြောင်းပြချက်မျိုးစုံ ရှာဖွေ ဖန်တီး၍ အင်အားသုံး ဖြိုခွင်း၊ ရပ်ဆိုင်းပစ်ရေးကိုသာ အစဉ်တစိုက် အားထုတ်ခဲ့ကြသဖြင့် မူလ အရင်းခံ ပြဿနာအရပ်ရပ်အား မည်သည့်အခါမှ ကိုင်တွယ်၊ ဖြေရှင်းနိုင်ခြင်း မရှိတော့ဘဲ အုပ်ချုပ်သူအာဏာပိုင်များနှင့် လူထု အကြား ယုံကြည်မှု ပျက်ပြားရခြင်းသာ ထာဝရ အဖတ်တင်ကျန်ရစ်ကြောင်း မိမိတို့ပါတီက သုံးသပ်ပါသည်။ ၃။ လက်ရှိ Myanmar Veneer သစ်အချောထည်စက်ရုံ အလုပ်သမားများအရေးတွင် အစဉ်အလာဆိုးဖြစ်သည့် သပိတ်ဖြိုခွင်းရေးသက်သက်ထက် ကျော်လွန်၍ ပြဿနာ၏ အရင်းခံအကြောင်းကို ဂန သေချာစွာ ရှာဖွေစစ်ဆေးလျက် စံနမူနာကောင်း ဖြစ်သည့် ကိုင်တွယ် ဖြေရှင်းမှုမျိုးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော အမျိုးသားရင်ကြားစေ့ ရေး အစိုးရသစ်က ဆောင်ရွက်နိုင်လိမ္မည်ဟု မိမိတို့ပါတီက ယုံကြည် မျှော်လင့်မိပါသည်။ နိုင်ငံတော် သမ္မတကြီး၏ မေဒေးနေ့ မိန့်ခွန်းအရလည်း အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ၃ ပွင့်ဆိုင် ညှိနှိုင်း အဖြေရှာခြင်းဖြင့် ရလဒ်ကောင်းများ ရရှိလာရန် အစိုးရသစ်ကသဘောထား ရှိပါကြောင်း အတိအလင်း ဖော်ပြထားပြီးလည်း ဖြစ်၍ အစဉ်အလာသစ် အစဉ်အလာကောင်းတရပ်အား မိမိတို့ များစွာ အားထား မျှော်လင့်မိပါသည်။ ၄။ ယခှု (၁၈၊ ၅၊ ၂၀၁၆) နေ့တွင် အလုပ်သမားများအား သပိတ်ဖြိုခွင်းရေးသက်သက် အင်အားသုံး ဖမ်းဆီးလိုက် သော လုပ်ရပ်မှာ အစဉ်အလာကောင်းတရပ်၏ အလားအလာမှ သွေဖည်လျက် ရလဒ်ကောင်းများကို လွဲချော်သွားစေသည့် ဆောင်ရွက်မှုအဖြစ် မိမိတို့ ရှုမြင် သုံးသပ်မိပါသည်။ ၅။ ထိုကြောင့် သပိတ်မှောက် အလုပ်သမားများနှင့် ဝန်းရံ အားပေးသူများကို ချုပ်နှောင် ထိန်းသိမ်းထားခြင်းမှ ချက်ချင်းလွှတ်ပေးလျက် ၎င်းတို့ တောင်းဆိုထားသည့်အတိုင်း ၃ ပွင့်ဆိုင် ဆွေးနွေးအဖြေရှာမှုကို အမြန်ဆုံး ဆောင်ရွက် ပေးကြပါရန် တာဝန်ရှိသူ အာဏာပိုင်အဆင့်ဆင့်အား မိမိတို့ပါတီက အလေးအနက် တိုက်တွန်း တောင်းဆိုအပ် ပါသည်။ ဗဟိုဦးဆောင်ကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်) ၂၀၁၆ ခုနှစ်၊ မေလ (၁၉) ရက်။

ရန်ကုန်မြို့ ဘက်စုံဖွံ့ဖြိုးမှု အခြေခံအချက်အလက်များနှင့် အဆိုပြုချက်များ ဆွေးနွေးပွဲသို့ တက်ရောက်

ရန်ကုန်မြို့ ဘက်စုံဖွံ့ဖြိုးမှု အခြေခံအချက်အလက်များနှင့် အဆိုပြုချက်များ ဆွေးနွေးပွဲသို့ တက်ရောက် Renaissance Institute မှ စီစဉ်သော ရန်ကုန်မြို့ ဘက်စုံဖွံ့ဖြိုးမှု အခြေခံအချက်အလက်များနှင့် အဆိုပြု ချက်များ ဆွေးနွေးပွဲကို ၂၀၁၆၊ မေလ ၅ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ ထိုဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ပညာရှင်များ၊ လူထုအခြေပြု အရပ်ဖက်အဖွဲ့ အစည်းများ၊ နိုင်ငံရေးပါတီများ တက်ရောက်ဆွေးနွေးကြပါသည်။ ဆွေးနွေးပွဲသို့ ပါတီမှ အတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်း မွှေး တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးတို့က အမှာ စကား ပြောကြားခဲ့ကြပါသည်။ ထို့နောက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဌာနကိုယ်စား ဒေါက်တာတိုးအောင်က ဆောင်ရွက်ပြီးနှင့် ဆောင်ရွက်နေဆဲ စီမံကိန်းများကို ရှင်းလင်းတင်ပြပြီး မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ် က ရန်ကုန်မြို့ ဘက်စုံဖွံ့ဖြိုးရေးအတွက် အကြံပြုချက်များ တင်ပြခဲ့ပါသည်။ တက်ရောက်လာသော ဧည့်သည်များ ကလည်း သိလိုသည်များကို မေးမြန်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။

(၁၂၆) ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားသို့ တက်ရောက်

(၁၂၆) ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားသို့ တက်ရောက် ၁၊ ၅၊ ၂၀၁၆ ရက်နေ့တွင် မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ဆုံတိုက်ရပ်ကွက်ရှိ လည်ပေါ် သာသနာ့ ဗိမာန်တွင် (၁၂၆) ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့အခမ်းအနားကို ကျင်းပခဲ့ပါသည်။ ထိုအခမ်းအနားသို့ အလုပ် သမားအရေးဆောင် ရွက်သူများ၊အလုပ်သမားအရေး စိတ်ဝင်စားသူများ၊ အလုပ်သမားသမဂ္ဂများ၊ အလုပ်သမားများ နှင့် နိုင်ငံရေးပါတီများ တက်ရောက်ကြပါသည်။ ထိုအခမ်းအနားသို့ ပါတီမှ ဗဟိုစည်းရုံးရေးကော်မတီဝင် ဦးနိုင်လွင် ချိုနှင့် လူ့ဘောင်သစ် လူငယ်အတွင်းရေးမှူး ကိုသူအောင်တို့ တက်ရောက်ခဲ့ကြပါသည်။ ထို့အပြင် ပါတီမှ (၁၂၆) ကြိမ်မြောက် ကမ္ဘာ့အလုပ် သမားနေ့ အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာကို ထိုအခမ်းအနားသို့လည်း ပေးပို့ခဲ့ပါသည်။ တနေ့ ၈ နာရီလုပ်၊ ၈ နာရီနား၊ ၈ နာရီပျော် အပါအ၀င် မေဒေးရလဒ်များကို မိမိတို့ မြန်မာ့အလုပ် သမားလူထုမှာ ယနေ့အထိ မခံစားကြရသေးကြောင်း၊ အလုပ်သမားများ၏ အခြေခံအခွင့်အရေးနှင့် ဂုဏ်သိက္ခာတို့ အတွက် အရိုက်နှက်ခံ၊ အဖမ်းဆီးအညှဉ်းဆဲခံ၊ သွေးမြေအကျခံ၊ အကျဉ်းကျခံနေရဆဲ ဖြစ်နေရသေးကြောင်း၊ လွတ် မြောက်ရေးအတွက် တိုက်ပွဲဝင်ကြရဆဲ ဖြစ်ကြောင်း သ၀ဏ်လွှာတွင် ထည့်သွင်းဖေါ်ပြပြီး အလုပ်သမားထုကို ဂုဏ်ပြု ခဲ့ပါသည်။

မြင်းခြံမြို့နယ် လယ်သမားများအား လယ်ယာမြေဥပဒေသင်တန်းပေး

မေလ ၄ ရက်၊ ၅ ရက်နေ့များတွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ကျားတိုင်းရွာ၊ ကျောက်ကုန်းရွာနှင့် ရသာရွာမှ တောင်သူ များအား မြင်းခြံမြို့နယ် ပါတီစည်းကော်မတီက အသိမြှင့်သင်တန်းတခု ပြုလုပ်ပေးခဲ့ပါသည်။ သင်တန်းတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင် ဒေါ်ခင်ခင်ကြိုင်နှင့် ဦးသန်းထိုက်အောင် တို့က ဦးဆောင်၍ လယ်ယာမြေဥပဒေများကို ပို့ချပေးခဲ့ပါသည်။ ယခု ပြဋ္ဌာန်းထားသော လယ်ယာမြေဥပဒေ၊ မြေလွတ်မြေလပ် မြေရိုင်းဥပဒေတို့၏ အားနည်းချက်များကို ထောက်ပြပေးခဲ့ကြသည်။ လယ်သမားများအမှန်တကယ်လွတ်မြောက်ဖို့ကိစ္စမှာ လယ် သမားများကိုယ်တိုင် ဆောင်ရွက်မှာ ရမည်ဆိုသည့် တောင်သူလယ်သမားသမဂ္ဂစိတ်ဓါတ်ကို မိတ်ဆက်ပေးခဲ့ကြပါသည်။

(၁၂၆) နှစ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ မေဒေး အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြု သဝဏ်လွှာ

(၁၂၆) နှစ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ မေဒေး အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြု သဝဏ်လွှာ ၁။ အလုပ်သမားထု၏ တိုက်ပွဲသမိုင်း၌ အထင်ကရ အရေးပါလှသော (၁၂၆) နှစ်မြောက် ကမ္ဘာ့အလုပ်သမား တိုက်ပွဲနေ့ မေဒေး အခမ်းအနားတွင် မိမိတို့အတွက် ထိုက်တန်သော ဂုဏ်သိက္ခာနှင့် အခွင့်အရေးများ ရရှိရန် သမိုင်း စဉ်တလျှောက် အသက်ချင်းဆက်လျက် တိုက်ပွဲဝင်ခဲ့ကြသည့် အလုပ်သမားသူရဲကောင်းအပေါင်းအား မိမိတို့ ပါတီက အလေးအမြတ် ဦးညွှတ် ဂုဏ်ပြုအပ်ပါသည်။ ၂။ တပတ်လျှင် နာရီ(၄၀)အလုပ်ချိန်အားဖြင့် တည်ဆဲ စားဝတ်နေမှုဘဝကုန်ကျစရိတ် ဖူလုံစွာရရှိနိုင်ရေး ဟူ သော မေဒေးရလဒ်ကိုမျှ ပြည့်ဝစွာ မခံစားကြရသေးသော မိမိတို့ မြန်မာ့အလုပ်သမားလူထုမှာ ထိုက်တန်စွာ ရအပ်သည့် ဂုဏ်သိက္ခာနှင့် အခွင့်အရေးတို့အတွက် အရိုက်နှက်ခံ၊ အဖမ်းဆီး အညှဉ်းဆဲခံ သွေးမြေအကျခံလျက် မကြာသေးမီ ကာလများတိုင်အောင် တိုက်ပွဲဝင်ကြရဆဲ ဖြစ်ပေသည်။ ၃။ မိမိတို့နိုင်ငံတွင် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တန်းတူ၍ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ရှိသည့် ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေး စသည့် အရေးကြီးသော နိုင်ငံရေးစာမျက်နှာသစ်များကို အမှန် တကယ် ဖွင့်လှစ်ကြမည်ဆိုလျှင် နိုင်ငံတည်ဆောက်ရေး၌ အခရာကျလှသော အလုပ်သမားလူထုအတွက် တရားမျှတမှု၊ ငြိမ်းချမ်းမှု၊ ထိုက်တန်သော ဂုဏ်သိက္ခာနှင့် အခွင့်အရေးများအပေါ် အာမခံသည့် နိုင်ငံတော်စံနစ်တရပ် ရှိရမည်ဟု မိမိတို့ပါတီက အလေးအနက် ယုံကြည်သည်။ ၄။ မိမိတို့ မျှော်မှန်းယုံကြည်သည့် ငြိမ်းချမ်း ညီညွတ် လွတ်လပ် တန်းတူသော နိုင်ငံသစ်တရပ်၊ လူ့အဖွဲ့အစည်း သစ်တရပ် ထူထောင်နိုင်သည်အထိ အလုပ်သမားလူထုနှင့် အခိုင်အမာ သွေးစည်းလျက် လက်တွဲကြိုးပမ်းသွားကြ မည်ဖြစ်ကြောင်း ကတိဓိဋ္ဌာန်ပြုလျက် ဤ ဂုဏ်ပြုသဝဏ်လွှာအား ပေးပို့လိုက်ပါသည်။ ဗဟိုဦးဆောင်ကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်) ၂၀၁၆ ခုနှစ်၊ မေလ (၁) ရက်။

Myanmar Veneer သစ်အချောထည်စက်ရုံ အလုပ်သမားသပိတ်စစ်ကြောင်းကို သွားးရောက်ကူညီ

စစ်ကိုင်း၊ ပတ္တမြားစက်မှုဇုန်၊ Myanmar Veneer သစ်အချောထည်စက်ရုံ အလုပ်သမားသပိတ်စစ်ကြောင်းသည် စစ်ကိုင်းမှ နေပြည်တော်သို့ ချီတက်လာခဲ့ကြပါသည်။ ထို့အတွက် ၃၀၊ ၄၊ ၂၀၁၆ ရက်နေ့တွင် မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့၊ လေးမျက်နှာဘုရားတန်ဆောင်း အရောက်တွင် လိုအပ်နေသော သောက်ရေသန့်၊ ဓါတ်ဆား၊ ခမောက်နှင့် ဖိနပ်များကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရဲဘော် များက သွားရောက်လှူဒါန်းခဲ့ပါသည်။ ထိုသို့သွားရောက်လှူဒါန်းစဉ် ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးထွဋ်ဦးလှိုင်၊ ဗဟိုစည်းရုံးရေးကော်မတီဝင် ဦးသန့်စင် တို့က သပိတ်မှောက်အလုပ်သမားများ၏ ကျန်းမာရေးအခြေအနေများနှင့် အခြားလိုအပ်နိုင်သည့် ကိစ္စများကိုလည်း အလုပ်သမားခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့ကြပါသည်။ ပါတီသည် အလုပ်သမားများ၏ အခွင့်အရေးနှင့် အခြေခံရပိုင်ခွင့်များဆိုင်ရာ မှန်ကန်သော တောင်းဆိုတိုက်ပွဲဝင်မှုများ နှင့်ပတ်သက်၍ ပါတီ၏ မူဝါဒများနှင့်အညီ အစဉ်အမြဲထောက်ခံသွားမည်ဖြစ်ပြီး လိုအပ်သလို ၀န်းရံသွားမည် ဖြစ်ပါ သည်။

Myanmar Venner သစ်အချောထည်စက်ရုံ အလုပ်သမားသပိတ်နှင့် ပတ်သက်သော သဘောထားထုတ်ပြန်ချက် (၃ / ၂၀၁၆)

၁။ အလုပ်သမား တစ်ရာကျော် တဘက်သတ် အလုပ်ထုတ်ခံရသည့်အတွက် ကန့်ကွက် ဆန္ဓပြ တောင်းဆိုကြသည့် စစ်ကိုင်း၊ ပတ္တမြားစက်မှုဇုန် Myanmar Venner သစ်အချောထည်စက်ရုံ အလုပ်သမား များသည် စစ်ကိုင်းမှ နေပြည်တော်သို့ ခြေလျှင်ခရီး သပိတ်မှောက် ချီတက်လျက်ရှိကြောင်း သိရှိရပါသည်။ ၂။ အလုပ်သမားများ၏တောင်းဆိုချက် (၆)ချက်မှာ အခြေခံကျသော ရပိုင်ခွင့်များသာဖြစ်လျက် တရားမျှတသော တောင်းဆိုချက်များအဖြစ် မိမိတို့ပါတီက အပြည့်အဝ ထောက်ခံပါသည်။ ၃။ သက်ဆိုင်ရာ လုပ်ငန်းရှင်များသည်လည်းကောင်း၊ နိုင်ငံတော်အစိုးရ၏ တာဝန်ရှိသူအသီးသီး သည်လည်းကောင်း အချိန်ကာလ ရှည်လျားစွာ နစ်နာခဲ့ကြရပြီး ပြင်းထန်သည့် ရာသီဥတုဒဏ်အောက်ဝယ် ခြေလျှင်ခရီးရှည် ချီတက်နေရသော အလုပ်သမားများအား စာနာထောက်ထားလျက် ၎င်းတို့ တရားမျှတစွာ တောင်းဆိုလျက်ရှိသည့် (၃)ပွင့်ဆိုင် ဆွေးနွေး အဖြေရှာ ညှိနှိုင်းမှုကို အမြန်ဆုံး ဆောင်ရွက်ပေးကြပါရန်နှင့် အစဉ်လာဆိုးဖြစ်သော အကြမ်းဖက် ဖြိုခွင်း၊နှိပ်ကွပ်ခြင်းမျိုး လုံးဝ မပြုလုပ်ပါရန် မိမိတို့ပါတီက အလေး အနက် တောင်းဆိုအပ်ပါသည်။ ၄။ အခြားသော အလုပ်သမားအင်အားစုများနှင့် အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများ အပါအဝင် အသီးသီးသော လူထုအဖွဲ့အစည်းများနှင့် ပြည်သူအများကလည်း ၎င်းတို့၏ အခြေခံရပိုင်ခွင့် အတွက် ခရီးရှည် လမ်းလျှောက် ချီတက်နေကြရသည့် သပိတ်မှောက်အလုပ်သမားများအား မိမိတို့ တတ်နိုင်သည့်နည်းဖြင့် ဝန်းရံ ကူညီ စောင့်ရှောက်ပေးကြပါရန် မိမိတို့ပါတီက လေးစားစွာ မေတ္တာရပ်ခံ၊ နှိုးဆော်အပ်ပါသည်။ ဗဟိုဦးဆောင်ကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်) ၂၀၁၆ ခုနှစ်၊ ဧပြီလ (၃၀) ရက်။

ရွေးကောက်ပွဲဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း ဆွေးနွေးပွဲသို့ တက်ရောက်

မြန်မာပါတီစုံဒီမိုကရေစီအစီအစဉ်မှ စီစဉ်ကျင်းပသော ရွေးကောက်ပွဲဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း ဒေသအဆင့် ပါတီစုံဆွေးနွေးပွဲကို မန္တလေးမြို့တွင် ၂၀၁၆ ဧပြီလ ၂၈ ရက်နေ့က ကျင်းပခဲ့ပါသည်။ ထိုဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဗဟိုဦးဆောင်ကော်မတီဝင် ဦးတင်ကိုအောင်နှင့် ဗဟိုစည်းရုံး ရေးကော်မတီဝင် ဦးသန့်စင်တို့ တက်ရောက်ပြီး ပါတီ၏ ရွေးကောက်ပွဲဆိုင်ရာ သဘောထားများကို ဆွေးနွေးခဲ့ကြပါ သည်။ ပါတီသည် ၂၀၁၅ ပါတီစုံရွေးကောက်ပွဲတွင် လွှတ်တော် ၃ ရပ်အတွက် ကိုယ်စားလှယ်လောင်း (၂၁) ဦး ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း၊ ပါတီအနေဖြင့် မိမိတို့ပါတီ ၀င်ရောက်ယှဉ်ပြိုင်ခြင်း မရှိသည့်နေရာများတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုကို အာမခံနိုင်သည်ဟု ယူဆရသည့် ပါတီများ အနိုင်ရရေးအတွက် ၀ိုင်းဝန်းဆောင်ရွက်ရန် ပါတီမှ မူ ချမှတ်ဆောင်ရွက်ခဲ့ကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။ ပါတီအနေဖြင့် ရွေးကောက်ပွဲတွင် တနေရာမှ အနိုင်မရရှိခဲ့သော်လည်း မိမိတို့၏လူထုကြားတွင် စည်းရုံးလှုပ်ရှားခဲ့ရ သည့် တန်ဖိုးမဖြတ်နိုင်သည့် အတွေ့အကြုံများကို ရရှိခဲ့ကြောင်း ထည့်သွင်း ဆွေးနွေးတင်ပြခဲ့ကြပါသည်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်နှင့် တွေ့ဆုံဆွေးနွေး

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင်များနှင့် ပါတီဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေး ကွန်ရက် တာဝန်ရှိသူများသည် ၂၅၊ ၄၊ ၂၀၁၆ ရက်နေ့က ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းရှိ ပါတီဌာနချုပ်ရုံးခန်းတွင် တွေ့ ဆုံခဲ့ကြပါသည်။ တွေ့ဆုံပွဲတွင် လက်ရှိနိုင်ငံရေး အခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စရပ်များနှင့် ပတ်သက်သော အမြင် သဘောထားများကို ရင်းရင်းနှီးနှီး ဆွေးနွေး ဖလှယ်ခဲ့ကြသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ခြင်း သို့မဟုတ် အသစ်ရေးဆွဲခြင်း မပြုလုပ်နိုင်သေးသမျှ စစ်အာဏာရှင်စနစ် ၏ ဗိုလ်ကျစိုးမိုးမှုများသည် ပုံသဏ္ဍာန်အမျိုးမျိုးနှင့် ရှိနေဦးမည် ဖြစ်ကြောင်း၊ ထို့အတွက် အစိုးရသစ်အပါအ၀င် အင်အားစု အားလုံးက ၎င်းကိစ္စအပေါ် အလေးအနက်ထားကြရန် လိုအပ်ကြောင်း၊ စစ်မှန်သည့် ငြိမ်းချမ်းရေး တနည်း အရှည်တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို ရရှိဖို့ ဆိုသည်မှာလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ခြင်းနှင့် တိုက်ရိုက်အချိုးကျ နေကြောင်း ဆွေးနွေးခဲ့ကြပါသည်။

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) ၆ လပတ်အစည်းအဝေးသို့ တက်ရောက်

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ပြည်နယ်နှင့်တိုင်း လုပ်ငန်းအဖွဲ့များ၏ ၆ လပတ် အစည်းအဝေးကို ၂၀၁၆၊ ဧပြီလ ၂၃ ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမ၌ ကျင်းပ ခဲ့ပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)တွင် အဖွဲ့ဝင် အဖွဲ့အစည်းဖြစ်သဖြင့် ထို အစည်းအဝေးကို ပါတီမှ ဒေါ်နှင်းနှင်းမွှေးက တာဝန်ယူ၍ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် NNER လုပ်ငန်းအဖွဲ့၏ အစီရင်ခံစာ၊ ပြည်နယ်နှင့်တိုင်း လုပ်ငန်းအဖွဲ့များ၏ ဆောင်ရွက်ပြီးစီးမှုအခြေ အနေ၊ ရွှေ့ပြောင်းဒေသနှင့် ဒုက္ခသည်စခန်းများ၏ ပညာရေးအခြေအနေတို့ကို လုပ်ငန်းအစီရင်ခံစာများ တင်သွင်းခဲ့ကြပါ သည်။ အစည်းအဝေးသို့ ကျောင်းသားများ၏ ရပ်တည်ချက် သဘောထားများနှင့်ပတ်သက်၍ ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်း ကော်မတီကိုယ်စား ကိုနန္ဒာစစ်အောင်ကလည်းကောင်း၊ ထားဝယ်ခရိုင် ကျောင်းသားများသမဂ္ဂကိုယ်စား ကိုမင်းလွင်ဦးက လည်းကောင်း၊ မကွေးဆေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂကိုယ်စား ကိုဗထူးခန့်ကလည်းကောင်း တင်ပြခဲ့ကြပါသည်။ NNER ၏ပညာရေးမူဝါဒကို ဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့် ကိုက်ညီသော ပညာရေးမူဝါဒအဖြစ် သတ်မှတ်ကျင့်သုံးရန်နှင့် NNER ဖွဲ့စည်းမှုဆိုင်ရာအဆိုများကို ဒေါက်တာသိန်းလွင်က တင်သွင်းပြီး အစည်းအဝေးတက်ရောက်လာသူများက အတည်ပြုခဲ့ကြပါသည်။ ထို့အပြင် NNER၏ ရှေ့လုပ်ငန်းစဉ်များကိုလည်း အပိုင်း ၃ ပိုင်းခွဲကာ ဆွေးနွေး အတည်ပြုခဲ့ကြ ပါသည်။ ဒုတိယနေ့ဖြစ်သည့် (၂၄၊၄၊၂၀၁၆)ရက်နေ့တွင် ဖက်ဒရယ်နိုင်ငံတော်နှင့် ဒီမိုကရေစီပညာရေးစနစ်ခေါင်းစဉ်ဖြင့် ပညာရေး ဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ရာ (၁) ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးနှင့်ပညာရေး၊ (၂) ဖက်ဒရယ်နိုင်ငံနှင့် ဒီမိုကရေစီ ပညာရေးစနစ်၊ (၃) ပညာရေးအရည်အသွေး၊ (၄) ပညာရေး အခွင့်အလမ်းများ ခေါင်းစဉ်တို့ဖြင့် အပြန်အလှန် ဆွေးနွေး ဖလှယ်ခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား ပညာရေးဌာနများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ပညာရေးအဖွဲ့အစည်း များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်နယ်နှင့်တိုင်းအသီးသီးမှ NNER ကွန်ရက်အဖွဲ့ဝင်များ၊ ဆရာဆရာမများ၊ ကျောင်းသူ ကျောင်းသားများ၊ စိတ်ပါဝင်စားသူများ စုစုပေါင်း ၆၀၀ နီးပါး တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

Page 17 of 25« First...10...1516171819...Last »