|
“အေအိုအေ”ကို ဖတ်ပြီးတဲ့နောက်
“ဖတ်စရာမှတ်စရာကဏ္ဍ” အတွက်
သက်ကြီးရွယ်အို နိုင်ငံရေးသမားကြီး
ကိုသန်း(ကြည့် မြင်တိုင်)ရဲ့ “အေအိုအေ”
ဆောင်းပါးကို ဖေါ်ပြလိုက်ပါတယ်။
ဒီဆောင်းပါးက “ချင်းတွင်းမဂ္ဂဇင်း” အမှတ်
(၂၇) ဇွန်လ၊ ၂၀၀၈၊ စာမျက်နှာ (၁၅၀ - ၁၆၇)
မှာ ဖေါ်ပြပါရှိပါတယ်။
ဆောင်းပါးရည်ရွယ်ချက်အဖြစ်
စာရေးသူက “လွတ်လပ်ရေးရပြီးခေတ်တွင်
အတိုက်အခံ စူ၍ စတင်ဖြစ်ပေါ်လာရပုံကို
မျိုးဆက်သစ်များသိရှိနိုင်ကြစေရန်
အကြမ်းဖျင်း ဖေါ်ပြခြင်းဖြစ်ပါ သည်”ဟု
ရည်ညွှန်းထားပါတယ်။
မျိုးဆက်ဆိုတာဟာ
ပင်လယ်လှိုင်းလုံးတွေလို အဆက်မပြတ်ဆက်တိုက်
ပေါ်ထွန်းလာနေ မှာပဲ ဖြစ်ပါတယ်။ ကိုယ်
မျက်မှောက်ပြုနေရတဲ့၊
ဖြတ်သန်းကျော်လွှားနေရတဲ့ သမိုင်းခေတ်ကို
ခံစား သိရှိပြီး အဲဒီသမိုင်းခေတ်က
လှုပ်ရှားတောင်းဆိုနေတဲ့
သမိုင်းခေတ်တာဝန်ကို ကိုယ်ပိုင်အသိနဲ့
ရွေးချယ်ထမ်းရွက်နိုင်မှသာလျှင်၊
သမိုင်းခေတ်ရဲ့တောင်းဆိုမှုကို
တုန့်ပြန်နိုင်မှသာလျှင် မျိုးဆက်လို့
ခေါ်ဆိုနိုင်မှာဖြစ်ပါတယ်။
ကိုသန်း (တကယ်တော့
ကျနော်တို့အဖိုးအရွယ်လောက် ရှိပါတယ်) က
“အေအိုအေ” ဆောင်းပါးထဲမှာ လွတ်လပ်ရေးရပြီး
ပါလီမန်ဒီမိုကရေစီခေတ်ကာလရဲ့
အတွေ့အကြုံတွေနဲ့ ရင်ဆိုင်
ကျော်လွှားခဲ့ကြရပုံတွေကို
လက်ဆင့်ကမ်းထားတာပါ။ ချုပ်ပြောရရင်
ကျနော်တို့ နောင်မျိုးဆက်များ အတွက်
ဆောင်ရန်ရှောင်ရန်တွေ ဖြစ်ပါတယ်။ ယူတတ်ရင်
ယူတတ်သလောက် ရမယ်လို့ထင်ပါ တယ်။
ကျနော်တို့ကတော့ ကိုသန်း လက်ဆင့်ကမ်း တဲ့
ကိုသန်းတို့ ခေတ်အတွေ့အကြုံတွေကို
ကျနော်တို့ကိုယ်တိုင်တွေ့ကြုံရင်ဆိုင်ဖြတ်သန်းကျော်လွှားနေရတဲ့
ကျနော်တို့ခေတ်ကာလ လက်တွေ့ တွေနဲ့
နှိုင်းယှဉ်လေ့လာခြင်းဟာ ပိုပြီးတော့
ရရှိချက်ကောင်းမယ်လို့ ယူဆပါတယ်။
ဆောင်းပါးထဲမှာ ကိုသန်းက
“အတိုက်အခံအဖြစ် ရေရှည်ရပ်တည်နိုင်ရန်
လွတ်လပ်သော သတင်းစာ၊ လွတ်လပ်စွာ
စည်းရုံးခွင့်၊ လှုပ်ရှားခွင့်၊
ရေးသားခွင့်၊
ဟောပြောခွင့်များပြည့်စုံမှဖြစ်မည်။
ထို့အပြင် လွတ်လပ်သော
တရားစီရင်ရေးစနစ်လည်း ရှိရဦးမည်” တဲ့။
အထက်ပါအချက်များ
ကျနော်တို့ရင်ဆိုင်ဖြတ်သန်းနေရသော
(နဝတ-နအဖ) စစ်အစိုးရ အုပ်စိုးမှုအောက်တွင်
ရှိပါသလော။ ကျနော်တို့၏ ဖြတ်သန်းမှုက
ခေါင်းရမ်း၍အဖြေပေးခဲ့ပြီ။ တစ်ခုချင်း
စိစစ်ကြည့်ကြပါစို့။
အတိုက်အခံတွေရဲ့သဘောထားအမြင်နဲ့ အာဘော်ကို
ဖေါ်ပြနိုင်သော၊ ဖေါ်ပြဝံ့သော
မည်သည့်သတင်းစာ၊ စာနယ်ဇင်းမျှ မရှိပါဘူး။
သတင်းစာဆရာ၊ သတင်းထောက်၊
စာရေးဆရာ၊ ကဗျာဆရာ၊ ဘလော့ဂါများနဲ့
အင်တာနက်သုံးစွဲသူများကို
နှစ်ရှည်ထောင်ဒဏ်များ ချမှတ်နေပါတယ်။
လွတ်လပ်စွာ စည်းရုံးခွင့်၊လှုပ်ရှားခွင့်၊
ရေးသားခွင့်၊ ဟောပြောခွင့်များလည်း
လုံးဝမရှိပါ ဘူး။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင်
တရားဝင်နိုင်ငံရေးပါတီများမှ
ခေါင်းဆောင်များ ဖမ်းဆီးထားခြင်း
ခံနေရပါတယ်။ နိုင်ငံရေးလှုပ်ရှားသူမှန်သမျှ
ဖမ်းဆီးခံထားရပါတယ်။ ဖမ်းဆီးနေ ဆဲ
ဖြစ်ပါတယ်။
လွတ်လပ်သော
တရားစီရင်ရေးစနစ်လည်း မရှိပါဘူး။
ယခုရက်ပိုင်းအတွင်းမှာပဲ
နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ၆၅
နှစ် ဆိုတဲ့ နှစ်ရှည် ထောင်ဒဏ်များ မတရား
ချမှတ်ခဲ့ပါတယ်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူများဘက်က
ခုခံလျှောက်လဲ ပေးကြတဲ့ ရှေ့နေများကိုပင်
အတင်းအဓမ္မ ဖိနှိပ်ထောင်ချနေတဲ့
အခြေအနေဖြစ်ပါတယ်။ ဒါကြောင့် တရားရုံးနဲ့
တရားစီရင်ရေးစနစ်ဆိုတာဟာ (နအဖ)စစ်အစိုးရက
စီရင်ချက်ချ သတ်မှတ်ပေးလိုက်တဲ့ အတိုင်း
ပြစ်မှုပြစ်ဒဏ်များကို ဖတ်ကြားအသိပေးရတဲ့၊
မှတ်ပုံတင်ပေးရတဲ့ ရုံးနဲ့
စနစ်ပဲဖြစ်ပါတယ်။ တရားစီရင်ရေးစနစ်နဲ့
ဥပဒေအထက်မှာ စစ်အာဏာရှင်စနစ် ရှိနေပါတယ်။
စစ်အာဏာရှင်စနစ် တည်ရှိနေသရွေ့ လွတ်လပ်တဲ့
တရားစီရင်ရေးစနစ် မဖြစ်ထွန်းနိုင်ပါဘူး။
လွှတ်တော်ဆိုတာလည်း မရှိပါဘူး။
(နဝတ-နအဖ)စစ်အစိုးရ ပြဌာန်းထားတဲ့ ဥပဒေ
သတ်မှတ်ချက်နဲ့အညီ လွှတ်တော်ခေါ်ပေးဖို့
တောင်းဆိုတော့လည်း တောင်းဆိုသူ လွှတ်တော်
အမတ်များမှာ ဖမ်းဆီးထိန်းသိမ်းခြင်း
ခံရပါတယ်။ အချို့ ပြည်ပ ထွက်ပြေးရပါတယ်။
ထောင်ထဲမှာ
သေသူသေရပါတယ်။လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ
အတင်းအဓမ္မ နှုတ်ထွက်ခိုင်းပါတယ်။
ဒီတော့
နိုင်ငံရေးသမားအမြောက်အများ (၂၁၄၇ ဦး)
ဖမ်းဆီးထားရတာ၊ ၁၀၅ နှစ်၊ ၆၅ နှစ် စတဲ့
နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ထားရတာတွေဟာ
(နဝတ-နအဖ)စစ်အစိုးရခေတ်ရဲ့ ထင်ရှား
ပေါ်လွင်တဲ့ ဝိသေသလက္ခဏာတွေပဲ ဖြစ်ပါတယ်။
တမျိုးသားလုံး လူညွှန့်တုံးစေတဲ့
ဘိန်းဖြူချက် လုပ်ရောင်းဝယ်တဲ့
ဘိန်းဘုရင်ကို
လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်ပြီး၊
နိုင်ငံရေးလှုပ်ရှားမှုမှာပါဝင်တဲ့
ကျောင်းသားလူငယ်တွေကိုတော့
အငြှိုးတကြီးနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ
ချမှတ်ပါတယ်။ စစ် အာဏာရှင်စနစ်ဆိုတာ
ဒါပါပဲ။ ဒီလိုဖြစ်ရပ်မျိုး
ကိုသန်းတို့ခေတ်မှာ မရှိပါဘူး။
ကိုသန်းကလည်း “သူတို့ခေတ်မှာ
ပြူစောထီးလည်းကြောက်ရသည်။ ပုဒ်မ(၅)၊
ပုဒ်မ(၁၇) (က) (ခ) မတရားသင်းဖြင့်
ဆက်သွယ်သည်ကို အရေးယူသည့် ဥပဒေအပြင် အခြား
ဥပဒေပုဒ်မ အမျိုးမျိုးဖြင့် ဖဆပလ အစိုးရက
နှိပ်ကွပ်သဖြင့် အတိုက်အခံများ
ဥပဒေတွင်းရပ်တည်နိုင်သည့် ဘောင်သည်
တဖြည်းဖြည်း ကျဉ်းမြောင်းသေးကျုံ့လာသည်၊
ကျေးလက်တောရွာများသို့ စည်းရုံး
ရေးဆင်းပင် ခက်ခဲလာသည်”ဟု ဖေါ်ပြထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့
ဌာနချုပ်ရုံးမှတပါး ကျန် ပြည်နယ်၊ တိုင်း၊
မြို့နယ်၊ ရပ်ကျေးရုံးများ
ပိတ်ပင်ခံထားရသည်မှာ
ဒီပဲယင်းအကြမ်းဖက်မှုနောက်ပိုင်းက
စတင်ပါတယ်။ ဒီပဲယင်း အကြမ်းဖက်မှုဆိုတာဟာ
ကိုသန်းတို့ခေတ်က မင်းလှ
လေးလောင်းပြိုင်လူသတ်မှု၊ မြိတ်
လူသတ်မှုများနဲ့ နှိုင်းယှဉ်လို့ရတဲ့
အကြမ်းဖက်ရမ်းကားမှုပဲ ဖြစ်ပါတယ်။
ကိုသန်းက
ဥပဒေတွင်းရပ်တည်ရခက်ခဲမှုနဲ့ ပတ်သက်ပြီး
“ယင်းသို့ ခက်ခဲသော အနေ အထားတွင်
ဥပဒေတွင်း အတိုက်အခံအဖြစ် ရပ်တည်ရသည်မှာ
လွယ်မယောင်နှင့်ခက်သည်။ White Terror ခေါ်
အဖြူရောင်နယ်မြေ အကြမ်းဖက်
အုပ်စိုးမှုအောက်တွင်
အတိုက်အခံလုပ်ရခြင်းသည်
အသက်ကိုဖက်နှင့်ထုပ်
လုပ်ကိုင်ရသကဲ့သို့ပင်။ သူတင်ကိုယ်တင်
လက်နက်ကိုင်တိုက်ရသည်က မိမိကိုယ်တိုင်
လက်နက်ကိုင်ခုခံနိုင်စွမ်း ရှိသေးသည်။
အင်အားကြီးသည်၊ ငယ်သည် ရှုံးသည်၊ နိုင်
သည်က တစ်ကဏ္ဍ။ ဥပဒေတွင်း
တိုက်ပွဲဝင်သူတို့ကတော့ ဖဆပလ
အုပ်စိုးသူလက်ခုပ်ထဲက ရေ။ သွန်လိုသွန်
မှောက်လိုမှောက် လုပ်သမျှခံရသည်။
အာဏာရှိသူတို့ပြုသမျှ နုရသည့် အခြေအနေ”ဟု
ဖေါ်ပြထားပါတယ်။
(န၀တ-နအဖ)စစ်အစိုးရ လက်အောက်
ဥပဒေတွင်းတိုက်ပွဲဝင်သူတို့ အခြေအနေကလည်း
စစ်အစိုးရ၏ အဖြူရောင်နယ်မြေ
အကြမ်းဖက်အုပ်စိုးမှုအောက်တွင်
လုပ်နေရခြင်းဖြစ်ပါတယ်။
(န၀တ-နအဖ)စစ်အစိုးရ ပြုသမျှ နုရသည့်
အခြေအနေမျိုးပင်ဖြစ်ပါတယ်။ ဖဆပလ ခေတ်က
ဦးကံလို တရားသူကြီးရှိနေ၍ တော်သေးသည်ဟု
ပြောရမည်ထင်ပါတယ်။ (နဝတ-နအဖ)စစ်အစိုးရ
ခေတ်မှာတော့ ဦးကံလို တရားသူကြီးမရှိချေ။
တရားခံဘက်ရှေ့နေကို ထောင်ချနေသည့် အနေ
အထား ဖြစ်ပါတယ်။ တရားရေးမဏ္ဍိုင်ကား
ဘုန်းဘုန်းလဲကျနေပါတယ်။
ကိုသန်းတို့ခေတ်
နိုင်ငံရေးပါတီများ မဟာမိတ်ဖွဲ့ကြရသည့်
အနေအထားကလည်း စိတ်ဝင် စားစရာကောင်းပြီး
ဗဟုသုတရပါတယ်။ ကျနော်တို့ဖြတ်သန်းရသည့်
(န၀တ-နအဖ) ခေတ်မှာတော့ ခွန်ထွန်းဦး၊
စိုင်းညွန့်လွင်၊ ဦးဆေထင်တို့
နှစ်ရှည်ထောင်ဒဏ်များ ကျခံရပြီး
ကိုမြင့်သန်း သံတွဲ အကျဉ်းထောင်ထဲတွင်
သေဆုံးရပါတယ်။ ဘဘဦးရွှေအုံးလည်း
အကျယ်ချုပ်ချခံရပါတယ်။ အပစ်
ရပ်တိုင်းရင်းသားအင်အားစုများမှာ
တောတွင်း၌ရှိစဉ်က
မဟာမိတ်တပ်ပေါင်းစုများတွင် စုပေါင်း
ဆောင်ရွက်ခွင့်ရခဲ့ကြသော်လည်း
အပစ်အခတ်ရပ်စဲပြီး မြို့ပေါ်ရောက်မှ
အချင်းချင်း တွေ့ဆုံရေး အတွက် (န၀တ-နအဖ)
ထံ ခွင့်တောင်းနေရပါတယ်။
နောက်ဆုံးတစ်ခုပြောချင်တာကတော့
ကိုသန်းတို့ခေတ်မှာလည်း
ဥပဒေတွင်းတိုက်ပွဲက အဓိကလား၊ လက်နက်ကိုင်
တိုက်ပွဲကအဓိကလား ဆိုတဲ့ ကိစ္စဖြစ်ပါတယ်။
ကိုသန်းက “၁၉၅၆ ခုနှစ်၊
အထွေထွေရွေးကောက်ပွဲနှင့် ဖဆပလအတွင်း
သန့်ရှင်း တည်မြဲ နှစ်ခြမ်းကွဲကာ
လွှတ်တော်တွင်း မဲခွဲကြပြီးနောက်
မြန်မာ့နိုင်ငံရေး၏ ဗဟိုချက်မသည်
ဥပဒေတွင်း တိုက်ပွဲ၊ တနည်းအားဖြင့်
ဒီမိုကရေစီရေးတိုက်ပွဲ ဖြစ်လာခဲ့ပါသည်” ဟု
ကိုသန်းက အကဲဖြတ် အဆုံး သတ်ကာ
တစ်ခန်းရပ်ထားပါတယ်။
ဒီနေရာမှာ အချက် ၂ ခု
ထောက်ပြချင်ပါတယ်။
ပထမတစ်ချက်က ၁၉၅၆ ခုနှစ်
အထွေထွေရွေးကောက်ပွဲပြီးနောက် ၂ နှစ်အကြာ
၁၉၅၈ မှာ စစ်တပ်က အိမ်စောင့်အစိုးရဆိုတဲ့
နာမည်နဲ့ အာဏာသိမ်းခြင်းဆိုတဲ့အချက်
ဖြစ်ပါတယ်။
ဒုတိယအချက်ကတော့ ဖဆပလ အတွင်း
သန့်ရှင်း တည်မြဲ နှစ်ခြမ်းကွဲကာ လွှတ်တော်
တွင်း မဲခွဲ (ကျနော်တို့ မှတ်သားမိသည်မှာ
ပမညတ၏ မဲ ၄၄ နဲ့ သန့်ရှင်းဖဆပလ က
အနိုင်ရခြင်း ဖြစ်ပါတယ်၊ ကိုသန်းက ၄၈ မဲဟု
ဆိုပါတယ်) ကြသည့် (၁၉၅၈ ဇွန်လ ၉ ရက်)
နောက် ၄ နှစ်အကြာ တွင် တော်လှန်ရေးကောင်စီ
အမည်တပ်ပြီး
စစ်တပ်အာဏာသိမ်းလိုက်ခြင်းဆိုတဲ့
အချက်ဖြစ်ပါ တယ်။
ပါလီမန်ဒီမိုကရေစီစနစ်ရော၊ ၁၉၄၇
အခြေခံဥပဒေကိုပါ အာဏာသိမ်းစစ်တပ်က
ဖျက်သိမ်း လိုက်ခြင်းဖြစ်ပါတယ်။
ဒီအချက်တွေကိုပါ ထည့်တွက်ပြီး
ကောက်ချက်ချရပါမယ်။
ဒီလိုအချက်တွေကို
ထည့်သွင်းစဉ်းစားပြီး
ကောက်ချက်ချမယ်ဆိုရင် “မြန်မာ့နိုင်ငံရေး၏
ဗဟိုချက်မသည် ဥပဒေတွင်းတိုက်ပွဲ
ဖြစ်လာခဲ့ပါသည်” ဆိုတဲ့ ကောက်ချက်ကို
ပြန်လည်စဉ်းစား ပြင်ဆင်ဖို့
လိုအပ်မှာလဲဖြစ်ပါတယ်။ ဒီနေရာမှာ
ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်း
လိုက်တဲ့အတွက် နောက်ဆက်တွဲ
လှုပ်ရှားပေါ်ထွက်လာတဲ့
ကေအိုင်အိုလှုပ်ရှားမှုကိုလည်း
ထည့်သွင်းစဉ်းစားရမယ်လို့ ထင်ပါတယ်။
သေချာတာကတော့
မေလဆန္ဒခံယူပွဲနောက်ပိုင်းကစလို့
စစ်အစိုးရရဲ့ ဖိနှိပ်ဖမ်းဆီးမှုတွေ က
ပိုပြီးတိုးမြင့်လာတာနဲ့
ဥပဒေတွင်းလှုပ်ရှားမှုမှန်သမျှကို ပိုပြီး
တင်းတင်းကြပ်ကြပ် ဖိနှိပ်လာတွေ ကြောင့်
(နအဖ)စစ်စိုးရရဲ့“ဥပဒေဘောင်အတွင်း
လှုပ်ရှားမှု”ဟာ ပိုပြီး အကန့်အသတ်ရှိလာတာ
ကြောင့် လက်နက်ကိုင်တိုက်ပွဲနည်းကို
Option တစ်ခုအနေနဲ့ထားဖို့
လိုကိုလိုအပ်တယ် ဆိုတဲ့ ကောက်ချက်ဟာ
ကျနော်တို့ရဲ့ရှေ့ကို ရောက်လာပါတော့တယ်။
အထက်မှာတင်ပြခဲ့တာတွေကတော့
ကိုသန်းရဲ့ “အေအိုအေ”ကို ဖတ်ပြီးနောက်
ကျနော်တို့ ဖြတ်သန်းမှုနဲ့
နှိုင်းယှဉ်လေ့လာရရှိသမျှပဲ ဖြစ်ပါတယ်။
ခင်ဗျားတို့ဖတ်ပြီးလို့ ရရှိလာမယ့်
ရရှိချက် တွေနဲ့ ဖလှယ်ကြရအောင်လားခင်ဗျာ။
။
x x x x x x x
တူမောင်ညို (၂၀၀၈ နိုဝင်ဘာ ၁၄)
|