|
“ကိုသြဘာအလွမ်း”
(ကွယ်လွန်သူ ကိုစိုးဝင်းညို သို့)
ကိုသြဘာ အလွမ်း
ဒီလိုပဲ
ခေါင်းစဉ်တပ်ရပါတော့မည်။
သွားတဲ့လူက ဘာကိုမျှ
ငဲ့ကွက်ထောက်ထားမနေဘဲ၊ စိမ်းစိမ်းကားကား
ကျောခိုင်း ထွက်ခွာသွားတဲ့အခါ
ကျန်ရစ်သူတို့မှာ အလွမ်းနှင့် မျက်ရည်ကို
ထွေးပွေ့ထားရုံသာ။
မည်မျှကြာမြင့်အောင်
လွမ်းကြမည်ကိုကား တပ်အပ်သေချာ
ကျနော်မသိနိုင်ပါ။ ထိုအခါ “....
....ကြာရင်မေ့” ဆိုတဲ့ စကားတစ်ရပ်ကို
နာကျင်စွာသတိရမိပါသည်။ လူမှုရေးဆန်ဆန်၊
ဝတ္တရား ဆန်ဆန် လွမ်းဆွတ်သတိရနေတာထက်
ဘယ်လောက် ပိုမိုနိုင်ကြမည်နည်း။
လွမ်းဆွတ်သတိရခြင်းသည်
ဝတ်ကျေတန်းကြေ ဖော်ပြကြရသည့် လူမှုဆက်ဆံရေး
အသွင်သဏ္ဍာန်တစ်ရပ် ဖြစ်ပါသလား။ ဒါမှမဟုတ်
နှလုံးသားမှ ယိုစိမ့်စီးဆင်းလာသော
တကယ့် ခံစားမှု တရပ်လား။
ယခုအချိန်တွင်
ကျနော်အတွက်တော့ ကိုသြဘာကို လွမ်းတရုံသာ
တတ်နိုင်ပါတော့မည်။ ကိုသြဘာကား
လူ့လောကကြီးမှ အပြီးအပိုင်
ထွက်ခွါသွားခဲ့ပါပြီ။ ဖြူဖွေးသော ဒီဇင်ဘာ
နှင်းပွင့် ကလေးများပင် သူ့အုတ်ဂူထက်တွင်
ထူထပ်စွာ ကျနေခဲ့ပြီလား မသိပါ။
ကိုသြဘာ မဆုံးခင်ကပင်
ကိုသြဘာ၏ အခြေအနေကို ကျနော် သိနေရသည်။
ကိုသြဘာ ဆေးရုံတင်ထားရပြီ၊
အသက်ရှူစက်တပ်ထားရပြီ၊ အခုထိ သတိမရသေးဘူး။
အသည်းအလုပ် မလုပ်တော့ဘူး၊ အစာအိမ်ထဲမှာ
သွေးယိုနေတာ မရပ်သေးဘူး။ သူ့နှမ
ငြိမ်းငြိမ်း နော်ဝေရောက် လာပြီ စတဲ့ စတဲ့
သတင်းများကို ကျနော်ကြားသိနေခဲ့ရပါသည်။
ယင်းဖြစ်ရပ်များသည် ကိုသြဘာ၏
နောက်ဆုံးခရီးအတွက် ကနဦး
ပြင်ဆင်မှုများပင်ဖြစ်ပါ သည်။
များမကြာမီ ကိုသြဘာ၏
နောက်ဆုံးသတင်းစကားကို ကြားရတော့မည်ဟု
အားလုံးက အလိုလိုပင်
သဘောပေါက်နေကြပြီးလည်း ဖြစ်ပါသည်။
မျှော်လင့်ချက်မဲ့ခဲ့ပြီပေါ့ ကိုသြဘာ။
ကိုသြဘာ၏ နောက်ဆုံးသတင်းကို
ရေဒီယိုကတဆင့် ကျနော်ကြားခဲ့ရသည်။
မျှော်လင့် ထားပြီးသားသတင်းမို့
တုန်လှုပ်ခြင်းတော့ မဖြစ်ခဲ့မိပါ။
ကိုသြဘာသည် ၁၉၈၈ မှ ယခု
နောက်ဆုံးအချိန်အထိ စစ်အာဏာရှင်စနစ်
ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေးဘက်တွင်
ရပ်တည်သွားခဲ့သည်။ ယင်းသည်ပင် ကိုသြဘာ၏
သမိုင်း၊ ကိုသြဘာ၏ ဘဝ ဖြစ်ပါသည်။
ပထမတော့ ကိုသြဘာသည် မာနယ်ပလော
လွတ်မြောက်နယ်မြေမှ တော်လှန်ရေးသမား၊
နိုင်ငံရေးပါတီခေါင်းဆောင်တစ်ဦး၊
ထို့နောက် အပြောင်းအလဲ၏ ရေစီးများ၊
လှိုင်းလေများ၊ အပြောင်း အလဲများက
ကျနော်တို့ အကြိမ်ကြိမ် ဖြတ်သန်းခဲ့ဖူးသော
သံလွင်၊ သောင်ရင်းမြစ်ရေတွေလိုပင်
ထာဝစဉ်စီးဆင်းနေမည်သာ။
ထိုသို့
တသွင်သွင်စီးဆင်းနေသော
အပြောင်းအလဲမြစ်ရေများတွင် ကိုသြဘာတို့
ကျနော်တို့ အတူ ကူးခပ်ဖြတ်သန်းခဲ့ကြသည်။
သို့ဖြင့် ကျနော်နှင့် ကိုသြဘာတို့
ဝေးသွားကြသည်။ တခါတရံ ဖြတ်သွားဖြတ်လာ
ဆုံဖြစ်ကြသေးသည်။ နောက်တော့
ကမ္ဘာတစ်ခြမ်းစီ ဝေးသွားကြ သည်။
နောက်တော့ သူသည်
ရေဒီယိုသတင်းသမား တစ်ယောက်ဖြစ်လာသည်။
ရေခဲသော၊ နှင်းမှုန်ဖွေးဖြူသော၊
သန်းကောင်ယံနေထွက်သော၊ ဗိုက်ကင်းတို့၏
ဇာတိရပ်မြေ နော်ဝေမှ သူ၏ ပြာအက်အက် ရှတတ
အသံဖြင့် သတင်းဖတ်သည့်အသံကို ကြားလာရသည်။
နောက် ကြာတော့ ‘အသက်ရှည်ရာ အနာမဲ့ကြောင်း’
တွင် ကိုသြဘာအမည်ဖြင့် သူ့အသံကို
အပတ်စဉ်ကြားလာ ရတော့သည်။
ထိုအစီအစဉ်တွင် သူက
ကိုသြဘာအဖြစ် ကျန်းမာရေးရာ သုတအဖြာဖြာကို
မေးမြန်းသူ၊ သိလိုသူ။ သူသည် ထိုအစီအစဉ်၌
သူ၏ နဂိုအသံဖြစ်သည့် ပြာအက်အက် ရှတတအသံကို
ချွဲပြစ်ပြစ် လုပ်ပြောထားသဖြင့် ကျနော်
ပြုံးမိသေးသည်။ သဏ္ဍာန်လုပ်
သရုပ်တူရမည်ဟူသော စကားရှိသည်။
ထို့ကြောင့်ပဲ ထင်သည်၊ သူလဲ
ကိုသြဘာနှင့်တူရန် အသံလုပ်
သရုပ်တူခဲ့ရသည်လား မသိ။ နောင်တွင် သူ့ကို
ကိုသြဘာ အဖြစ် သဘောကျသွားခဲ့သည်။ သူနှင့်
အသံလွှင့်ဘက် ဆရာမ
(DRဒေါ်ခင်စောဝင်း)
၏ အဖြေကလည်း သဘာဝကျလှသည်။
အပေးအယူရှိလှသည်။ အံဝင်ခွင်ကျ ရှိလှပါသည်။
ထိုသို့ ခွင်ကျလှသည့်
အသံလွှင့်ချက်များရှိပါသည်။ ‘ဖိုးချစ်ပုံ
ဖွားချစ်ပုံ’၊ ‘ကိုအောင်ဒင် မရွှေပွင့်’
စသဖြင့် ဖြစ်ပါသည်။ ကျနော့်
နှစ်သက်မှုနှင့် ကျနော့်အကြိုက်ကိုသာ
ဖော်ပြခြင်း ဖြစ်ပါ သည်။ လူနှစ်ဦးတည်း
အသံဖြင့် သရုပ်ဖော်ကြရသည်မှာ မလွယ်ကူပါ။
ဘေးကနေ ကောင်း၊ မကောင်း ဝေဖန်ရသည်မှာ
လွယ်ကူပါသည်။ ကိုယ်တိုင်ဝင်ရောက်
လုပ်ကိုင်ကြည့်လျှင် မလွယ်ကူ ကြောင်း
ကောင်းကောင်းသိနိုင်ပါသည်။ သူတို့၏
အသံဖြင့် သရုပ်ဖော်ချက်များသည်
ပိုင်နိုင်သရုပ် ပေါ်လှပါသည်။ အသက်ဝင်၍
သဘာဝကျနေပါသည်။
မြန်မာ့ရုပ်မြင်သံကြားမှ
ထုတ်လွှင့်နေသော “ဟုတ်တာပေါ့ ကိုရာ.....
မှန်တာပေါ့ ညီရာ” ဆိုတဲ့ အစီ အစဉ်ကဲ့သို့
အသက်မဲ့ပြီး စက်ရုပ်
ဆန်သောလှုပ်ရှားမှုမျိုး မဟုတ်။
မြန်မာ့ရုပ်သံမှ ပုဂ္ဂိုလ်နှစ်ဦး၏
လှုပ်ရှားမှုသည်
ဝန်ထမ်းဆန်လွန်းလှသည်။
စိတ်ပါလက်ပါ မရှိချေ။ တာဝန်အရ ရရှိလာမည့်
လစာရိက္ခာအတွက်
လုပ်ဆောင်နေကြရခြင်းမျိုးဖြစ်သည်။
သို့အတွက် ကျွန်းကုလား ထိုင်တွင်
အမြိုင့်သားထိုင်၍ ကိုယ်ဖတ်ရမည့်
စာပိုဒ်ကို အလှည့်ကျ မမှားမယွင်းအောင်
သတိထား ဖတ်နေကြရခြင်းဖြစ်သည်။ ခံစားချက်
မပါ၊ စိတ်လှုပ်ရှားမှု မပါ၊ သို့အတွက်
အသက်ကင်းမဲ့၍ ခြောက်သွေ့နေသည်။ သဘာဝမကျ
သို့အတွက် စိတ်ပျက်စရာကောင်းလှသည်။ ကျနော်
မကြိုက်ပါ။
ထိုသို့
မြန်မာ့ရုပ်မြင်သံကြားမှ
ထုတ်လွှင့်ချက်နှင့် အထက်တွင်ဖော်ပြခဲ့သည့်
‘ဖိုးချစ်ပုံ ဖွားချစ်ပုံ’ ၊ ‘ကိုအောင်ဒင်
မရွှေပွင့်’၊ ကိုသြဘာ တို့
အသံလွှင့်များနှင့် အခြားနားကြီး ခြားနားလှပါ သည်။ ကိုအောင်ဒင်တို့၊
မရွှေပွင့်တို့၊ ကိုသြဘာတို့၊ ဖိုးချစ်ပုံ
ဖွားချစ်ပုံတို့သည် အသက်ဝင်လွန်း
လှသည်။ ပြင်ပတွင် ပြောဆိုနေကြ သလိုပင်
စိတ်ပါလက်ပါ၊ စိတ်အေးလက်အေး ရှိလှပါသည်။
ယင်းသို့ဖြစ်ရသည်မှာ ကိုအောင်ဒင်၊
မရွှေပွင့်၊ ကိုသြဘာ၊ ဖိုးချစ်ပုံ၊
ဖွားချစ်ပုံ အဖြစ် သရုပ်ဆောင် (အသံဖြင့်)
ကြားသူများ၏ နောက်ခံကားဖြစ်သော၊ ဒီမို
ကရေစီနှင့် လူ့အခွင့်အရေးကို
ချစ်မြတ်နိုးမှု၊ ဒီမိုကရေစီနှင့်
လူ့အခွင့်အရေးဘက်က ရပ်ခံမှုများ၊ သက်ဝင်
ယုံကြည်မှုများကြောင့်ဟုပင် ကျနော်
ထင်မြင်ယူဆမိပါသည်။
ကျနော်၏ အဆိုပါ
ထင်မြင်ယူဆချက်မှာ
ညှိနှိုင်းအဆိုပြုလုပ်ခြင်းသာ ဖြစ်ပါသည်။
ထိုအသံလွှင့်ချက်များတွင်
ဖိုးချစ်ပုံ ဖွားချစ်ပုံ တို့ ဇာတ်လမ်းသည်
အသက်ပါဆုံး ဖြစ်ပါ သည်။
‘မိချစ်ပုံတို့ကတော့ လုပ်ချလိုက်ပြန်ပြီ’
ဆိုပြီး တဟားဟားနှင့် ရယ်ကာ အဆုံးသတ်လိုက်
သော ဖိုးချစ်ပုံ၏ အသံကို ကြားယောင်နေဆဲ
ဖြစ်ပါသည်။
ယနေ့လို လမ်းပြမြေပုံ ‘အဆင့်
၎’ (ပြည်သူ့ဆန္ဒခံယူပွဲ) အတွက်
စည်းရုံးပြင်ဆင်ကြရာတွင် ထိုသို့
အသက်ပါလှသော အသံလွှင့်
ဇာတ်လမ်းများ၏တန်ဖိုးကို
ကျနော်စဉ်းစားတွက်ချက်နေမိပါ သည်။
ထိုသို့သော သရုပ်ဆောင်များနှင့်
သင့်တော်သော အသံလွှင့်ဇာတ်လမ်းများ
ထုတ်လွှင့်နိုင် လျှင် ကောင်းလေစွဟုလည်း
ဆန္ဒဖြစ်ပေါ်ပါသည်။ ဒါတွေ ထားပါတော့။
သို့ဖြင့် ကိုသြဘာသည်
အသံလွှင့်သတင်းသမား ဖြစ်ခဲ့သည်။
‘တိုင်းကျော်’ အမည်ဖြင့် လည်း ဝေဖန်
သုံးသပ်ချက်တွေ အသံလွှင့်သွားခဲ့သည်။
အခြားသူများတော့ မပြောတတ်ပါ။ ကိုသြဘာသည်
နိုင်ငံရေးသမား၊ နိုင်ငံရေးနယ်ပယ်မှ
အသံလွှင့်သတင်းသမားနယ်ပယ်သို့ ရောက်သွားသူ
ဖြစ်ပါသည်။ သူ့တွင် နိုင်ငံရေးစိတ်ဝိဥာဉ်
ရှိနေသည်။ သူ၏တင်ပြချက်များတွင်
နိုင်ငံရေးဝိဥာဉ် ပါရှိနေသည်။ သို့အတွက်
သူ့တင်ပြချက်များသည် အသက်ဝင်နေခြင်း၊
ခံစားမှု ပါနေခြင်း ဖြစ်မည်ဟု ထင်ပါသည်။
ပျစ်ပျစ်နှစ်နှစ်
သုံးနှုန်းသွားသော စကားလုံးတချို့မှအပ
သူ့တင်ပြချက်များကို ကျနော်
နှစ်သက်မိပါသည်။ သူသည် ပိဿလေးနဲ့
နံဘေးပြစ်ဆိုသလို စကားလုံး
ပျစ်ပျစ်နှစ်နှစ် သုံးရသည် ကို
နှစ်ခြိုက်ဟန် တူပါသည်။ သူက
စကားပြောရာတွင်ပင် သူနှင့် ရင်းနှီးသူ၊
သူနဲ့တရပ်တည်းသား
ငယ်ပေါင်းကြီးဖော်များနှင့် ဆိုလျှင်
အဆဲကလေးနှင့်စတတ်ပါသည်။ ယင်းသည်
နစ်နာစေလိုသည့် သဘော ဟုတ်ဟန်မတူပါ။ သူ၏
ရင်းနှီးမှုကို ဖော်ပြသည့် သူ၏
ကိုယ်ပိုင်ဟန်ပင် ဖြစ်ပါလိမ့်မည်။
ယင်းသို့သောအမူအကျင့်နှင့် ဟန်သည် ပြင်ရခဲ
ဖျောက်ရခဲအကျင့် ဖြစ်ပါလိမ့်မည်။
မရင်းနှီးကြ သောသူများ၊
တစိမ်းတရံဆန်များကတော့ အစတွင် တမျိုးထင်
ကြလိမ့်မည်။ကြာလျှင် သူတို့လည်း
ကိုသြဘာကို နားလည်သွားကြပါလိမ့်မည်။
သူနော်ဝေးရောက်ပြီးမှ
ကျနော်နှင့် တခါသာပြန်ဆုံဖြစ်ပါသည်။
ထိုသို့ပြန်လည်ဆုံတွေ့မှု သည် ယခုအခါ
ကျနော်နဲ့ သူ၏ နောက်ဆုံး တွေ့ခဲ့ကြသည့်
ဖြစ်ရပ်တစ်ခုဖြစ်သွားခဲ့ပါပြီ။
ထိုသို့ဆုံကြ စဉ်က ယင်းသို့ပြန်လည်
ဆုံတွေ့မှုကို သူရောကျနော်ပါ
နောက်ဆုံးအကြိမ်ဖြစ်လိမ့်မည်ဟု မတွေးခဲ့
မထင်ခဲ့ကြပါ။ ယခုတော့ နောက်ဆုံး
ပြန်လည်ဆုံတွေ့ခြင်းဖြစ်သွားခဲ့ပြီ။
ထိုစဉ်က သူ့သဏ္ဍာန်သည်
နေလောင်ခံထားရသည့်
ခရမ်းညိုသီးတစ်လုံးကဲ့သို့ မဲပြာ
ဖျော့တော့နေပါသည်။ အသံကတော့ နဂိုအသံပင်
သို့သော်လည်း မောလှိုက်သံစွက်နေခဲ့ပြီ။
သောက်လိုက်ရသည့်ဆေးကလည်း မနည်းမနောပင်။
ထိုညက
မိကျောင်းမျက်ရည်ဆိုင်တွင် သူက
ဧည့်ခံကျွေးမွေးခဲ့သည်။
ထုံးစံအတိုင်းစားကြ သောက်ကြ သည်။ သူက
ဟိုတို့ ဒီတို့သာ စားသည်။ ရေကလွဲ၍
ဘာမျှမသောက်။ ဟိုရောက်သည် ရောက်
စကားဖောင်ဖွဲ့ကြသည်။ အတိတ်၏အရိပ်များ၊
ပစ္စုပ္ပန်တွင် ပြောင်းလဲနေကြသူများ၊
ပြီးတော့ တခါက မာနယ်ပလော၊ မယ်ဖေါထ က
ယစ်ရွှေရည်၊ ဒီကနေ့နိုင်ငံရေး၊ ပြည်တွင်းလှုပ်ရှားမှုများ၊ ပြီးတော့ သူ၏
အသံလွှင့်အတွေ့ အကြုံများထဲက ရယ်စရာ၊
မောစရာ၊ သောစရာ အကြောင်းအရာ များ၊
သို့ဖြင့် ထိုညက အတော်ညဉ့်နက်သွားသည်။
နောက်ဆုံး သူတည်းခိုနေသည့်
ဖွန်ထစ်ဟိုတယ် ကိုလိုက်ပို့တော့
မိုးကလေးများပင် ခပ်စိတ်စိတ်ရွာနေခဲ့ပြီ။
ခပ်စိတ်စိတ်ရွာလာနေသည့်
မိုးရေအောက်တွင် ဖွန်ထစ်ဟိုတယ်ထဲသို့
ကိုင်းကိုင်း ကိုင်းကိုင်းနှင့်
ဝင်သွားသည့် သူ၏ နောက်ကျော မြင်ကွင်းကို
ကျနော်အမှတ်ရနေမိပါသေးသည်။ ယင်းသည်
သူ့ကိုနောက်ဆုံးမြင်တွေ့ခဲ့ရသည့်
မြင်ကွင်းပင်။
ယင်းနောက်
သူနော်ဝေးပြန်ရောက်သွားသည် ဖုန်းတစ်ခါ
နှစ်ခါဆက်လာသည်။ နောက်တော့
အဆက်ပြတ်သွားသည်။ သိမ်မကြာခင်
နိုဝင်ဘာလလယ်လောက်တွင်ထင်သည်၊
ကိုမင်းမင်းဦးပြောသဖြင့် သူ၏
နောက်ဆုံးအခြေအနေကို သိရပြန်သည်။
သို့ဖြင့်
ရေဒီယိုသတင်းသမားတစ်ဦး၏
နောက်ဆုံးခရီးသတင်းကို ရေဒီယိုသတင်းက
တဆင့် ကြားသိရပါတော့သည်။
ဤသည်မှာ ကိုသြဘာနှင့်ပတ်သက်၍
ကျနော်၏ အလွမ်းဖြစ်ပါသည်။ သတင်းကြားခါစက
အလွမ်းသည် လှုပ်ခပ်နေခဲ့သဖြင့် မရေးဖြစ်ပါ။
အနည်မထိုင်သေးသောအလွမ်းကို
ရေးပြလို့မဖြစ်နိုင် ဟု ထင်ပါသည်။ ဟိုတစ်စ
သည်တစ်စ လှုပ်ခပ်နေသဖြင့်
ဆက်စပ်ရခက်နေပါသည်။ ဖမ်းဆုပ်ရခက် နေပါသည်။
ဝေ့ဝဲဝိုးဝါးနေ ပါသည်။ သို့ဖြင့်
ကျနော်သည် ကျနော်၏
အလွမ်းအနည်ထိုင်ချိန်ကို စောင့်ပြီး
အနည်ထိုင်ချိန်တွင်
ရေးချလိုက်ခြင်းဖြစ်ပါသည်။
ကျနော်၏
ကိုသြဘာကိုလွမ်းသောအလွမ်း၌ အတိတ်တချိန်က
အတူဖြတ်သန်းခဲ့ဖူးသည့် ပုံရိပ်အချို့၊
အမှတ်ရချက်အချို့၊ ထင်မြင်ချက် အချို့၊
ဝေဖန်အကဲဖြတ်ချက်အချို့တို့
ပါဝင်နေပါလိမ့် မည်။ ထိုအချက်များသည်ပင်
ကိုသြဘာကို လွမ်းသော အလွမ်းများ၏
အခက်အလက်များပင် ဖြစ်ပါသည်။
ကိုသြဘာသည်
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သူ၊
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို
ချစ်မြတ်နိုးသူ၊ ထိုအရေးတော်ပုံအတွက်
သူစွမ်းသလောက်၊ သူ့တာဝန်သူ
ထမ်းဆောင်သွားခဲ့သူ၊ ယင်းအချက်သည် ကိုသြဘာ
အလွမ်းတွင် လွမ်းစရာအကောင်းဆုံးအချက်၊
အမှတ်ရစရာ အကောင်း ဆုံးအချက်၊
ဂုဏ်ယူစရာအကောင်းဆုံးအချက် ဖြစ်ပါသည်။
ထိုသို့သောအလွမ်းများဖြင့်
ကိုသြဘာကို ကျနော် လွမ်းပါသည်။
*****
၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက် (တူမောင်ညို)
|