|
ကိုယ့်ခွန်ကိုယ့်အားဖြင့် ရရှိလာသည့်
ဖွံ့ဖြိုးတိုးတက်မှု
အခြေခံကောင်းများဆိုသည်မှာ
ကြွားလုံးများသာဖြစ်သည်
ကျနော် အလေးထားပြီး
ဖတ်ရှုရသည့် ပြည်တွင်း၌ထုတ်ဝေသော
မဂ္ဂဇင်းများ ဂျာနယ်များ ထဲတွင်
ကြော်ငြာနှင့်ဈေးဝယ်လမ်းညွှန် စီးပွားရေး
သတင်းမဂ္ဂဇင်း သည် တစ်အုပ်အပါအ၀င်
ဖြစ်သည်။ ထိုမဂ္ဂဇင်းထဲတွင် ကျနော့်အတွက်
ဖတ်စရာ၊ မှတ်စရာ၊ လေ့လာစရာ၊ ကိုးကားစရာ
အချက်အလက်တွေ ပါရှိပါသည်။ ရရှိပါသည်။
ထိုမဂ္ဂဇင်း၌ အခြားမဂ္ဂဇင်းများတွင်
ဖော်ပြခွင့်မရသည့် (ဖော်ပြခြင်းမရှိသည့်)
အဖြစ်အပျက်၊ အချက် အလက်၊
အကြောင်းအရာများကို ရံဖန်ရံခါဆိုသလို
ဖော်ပြလေ့ရှိတတ်သည်။
ထို့အပြင် နှစ်တစ်နှစ်
ကုန်ဆုံးသွားသည့်အခါ ကုန်ဆုံးသွားသည့်
နှစ်တစ်နှစ်အတွင်းက အဖြစ်အပျက်
အကြောင်းအရာများကို စုစည်းပြီး
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး
မှတ်တိုင်များ အဖြစ် စုစည်းထုတ်ဝေတတ်သည်။
သို့ဖြင့် တစ်နှစ်စာအဖြစ်အပျက်၊
အချက်အလက်၊ အကြောင်း အရာများ တစုတစည်းတည်း
ရရှိသည်။ ယင်းကို ကျနော် သဘောကျနေသည်။
သို့ဖြင့် ကြော်ငြာ နှင့်ဈေးဝယ်လမ်းညွှန်
စီးပွားရေးသတင်းမဂ္ဂဇင်း သည် ကျနော်
ဂရုတစိုက် အလေးထားဖတ်ရှု ရသည့်
မဂ္ဂဇင်းများ၊ ဂျာနယ်များစာရင်းတွင်
တစ်အုပ်အပါအ၀င် ဖြစ်လာပါသည်။
ထိုမဂ္ဂဇင်း၏
ထုတ်ဝေသူမှာ တချိန်တခါက
မိုးကောင်းခဲ့ဖူးသူ အတွင်းရေးမှူး(၁)
ဗိုလ်ခင်ညွန့်၏သား ဒေါက်တာရဲနိုင်ဝင်း
ပင်ဖြစ်သည်။ ဗိုလ်ခင်ညွန့်
အရာကျသွားပြီးသည့်နောက် ရဲနိုင်ဝင်းလည်း
ထုတ်ဝေသူဘ၀မှ ဈာန်လျှောသွားပုံရသည်။
ယခုအခါ ထုတ်ဝေသူနေရာတွင် ဒေါ်ဝင်းကလျာဆွေ
ဟူသည့် နာမည်လှလှကလေး ရောက်လာသည်။
အာဏာဖြင့် တွင်ကျယ်ခဲ့လေ သမျှ
အာဏာမဲ့သွားသောအခါ ဘာမျှ
တွင်ကျယ်နိုင်ခြင်း မရှိတော့ချေ။
ရေပွက်ပမာပင်။ စစ်အာဏာ ရှင်စနစ်သည်
ပြည်သူလူထုအပေါ်တွင်သာ အညှာအတာကင်းမဲ့စွာ
ဖိနှိပ်ရက်စက်သည်မဟုတ်၊ စစ်အုပ်စုတွင်း
ဂိုဏ်းဂဏတိုက်ပွဲများတွင်လည်း
ရှုံးနိမ့်သွားသူများကို ဤသို့ပင် အညှာအတာ
ကင်းလေ့ ရှိကြသည်။ စစ်အုပ်စုအတွင်း
ဂိုဏ်းဂဏတိုက်ပွဲ ဆိုသည်ကလည်း အမြဲတမ်း
ရှိနေသည် သာဖြစ်သည်။ သို့သော်လည်း
နင်လားငါလား အထွတ်အထိပ်သို့
ရောက်ရှိလာတော့မှသာ ပြည်သူ လူထုက
ထင်ထင်ရှားရှား သိလာရသည်။ ပထမတော့
ကောလဟလလိုလို ဖြစ်နေတတ်သည်။
အာဏာစားခွက်လုပွဲကတော့ အမြဲတမ်း
ဖြစ်နေသည်။ ကျိတ်ပြီးဖြစ်နေတာနှင့်
ဗြောင်ပွင့်ထွက် လာခြင်း သာလျှင်
ခြားနားသည်။
ယခု ထို
ကြော်ငြာနှင့်ဈေးဝယ်လမ်းညွှန်
စီးပွားရေးသတင်း မဂ္ဂဇင်း (အမှတ် ၁၄၈
နိုဝင်ဘာလ ၂၀၀၇) တွင် ဆောင်းပါး ၂ ပုဒ်
ဖော်ပြထားသည်။
တစ်ပုဒ်က
မျက်နှာဖုံးဆောင်းပါး (Cover Story)
ဖြစ်သည်။ အယ်ဒီတာတစ်ဦး အမည်ဖြင့်
မြန်မာ့စီးပွားရေးဖွံ့ဖြိုးချိန်တန်
(စာမျက်နှာ ၄၂-၄၆)။ အခြားတစ်ပုဒ်က
Associated News အမည်ဖြင့်
ဆန်စပါးမူဝါဒသစ် အသက်ဝင်ပြီး
သုံးနှစ်အလွန် (စာမျက်နှာ ၈၆-၈၉) ဟူ၍
ဖြစ်ပါသည်။
ဆောင်းပါးနှစ်ပုဒ်စလုံးက
(နအဖ) စစ်အစိုးရ၏ မအောင်မြင်သော၊
လှော်ရင်းနစ်နေသော၊ အိုးတော်လုပ်
ဖုတ်ရင်းမကျက်ဆိုသလိုဖြစ်နေသော
စီးပွားရေးအကောင်အထည်ဖော်မှုများ၊
ဖွံ့ဖြိုး တိုးတက်ရေး စီမံခန့်ခွဲမှုများကို
တစေ့တစောင်း ဖော်ထုတ်ထားပါသည်။
ဆောင်းပါးတွင်
သုံးနှုန်းထားသည့် စကားလုံးများကို
ကြည့်လိုက်ရုံဖြင့်ပင် ဆင်ဆာဓါးကို
ဘယ်လောက်ရှောင်တိမ်း၍ ရေးထားရသည်ကို
တွေ့နိုင်ပါသည်။ မျက်နှာဖုံး ဆောင်းပါး၏
အမည် ခေါင်းစဉ်ကိုကြည့်ပါ။
မြန်မာ့စီးပွားရေး ဖွံ့ဖြိုးချိန်တန် ဟု
ရပ်ထားရသည်။ ပြီ ဟူသောစကားလုံး ကို
မထည့်ဝံ့ချေ။ ထို့အပြင်
ဆောင်းပါးစာကိုယ်၌လည်း အဘယ်မျှ
ခုတ်ထစ်ဖြတ်တောက် ခံလိုက်ရ သည်ကိုတော့
ကာယကံရှင် တင်ပြသူကသာ သိနိုင်ပေလိမ့်မည်။
တိုက်ဆိုင်မှုပင် ဖြစ်ပါသည်။ ဤ ဆောင်းပါး
ရေးသားနေစဉ် ယခင်က
ကြော်ငြာနှင့်ဈေးဝယ်မဂ္ဂဇင်း၏
Contributing Editor ဖြစ်သူ (ကို)
ဇေယျာအုန်း၏ ပြောသံကို (ဘီဘီစီ)
ရေဒီယိုကတဆင့် ကြားလိုက်ရသည်။
ဆင်ဆာဖြတ် တောက်ခံရမှု၊ သတင်းစာများတွင်
ရေးသားဖော်ပြနေသည်များမှာ ကြွားလုံးတွေသာ
ဖြစ်ကြောင်း၊ လွတ်လပ်စွာ
ရေးသားဖော်ပြခွင့်မရှိကြောင်း
စသဖြင့်ဖြစ်သည်။ သူလည်း အပြင်သို့ ရောက်လာ
မှသာ ကျိတ်ခံခဲ့ရသမျှ
ဖွင့်အံချရပုံပေါ်ပါသည်။
စစ်အာဏာရှင်စနစ်အောက်တွင်
သိသမျှ၊ မြင်သမျှ၊ လိုအပ်ချက်၊ လစ်ဟာချက်၊
ချို့ယွင်း ချက်၊ ဝေဖန်ချက်များကို
ရေးသားဖော်ထုတ် တင်ပြခွင့်မရှိချေ။ လူနဲ့
လူချင်းလှည့်ပတ်ခြင်း၊ ကင်းဝေးကြပါစေ
ဟူသည့် မေတ္တာပို့ကိုပင် (နအဖ) စစ်အစိုးရက
ခွင့်မပြုပေ။ ဆင်ဆာဖြတ်နေ သည်။
စစ်အာဏာရှင်စနစ်အောက်တွင် မည်သူမဆို
အသိနှင့် သတိနှင့်နေကြရသည်။ ရေးကြရ သည်။
ပြောဆို လုပ်ကိုင်ကြရသည်။ ပညာရှိသတိ
ဖြစ်ခဲလျှင် အတွင်အကပ်မှားခဲ့လျှင်
ခံကြရမည်။ မင်းခစားနှင့်
ပညာတတ်ပညာရှင်များကို မပြောနှင့်။
ဗေဒင်ဆရာနှင့် အခါပေးဆရာများပင် ဤ ဒဏ်ကို
ခံကြရသည်။ တိမ်ကြား ဘယ်ရောက်သွားသလဲ။
သမိုင်းနောက်ခံ ဆောင်းပါးတွေရေးနေ သည့်
စာရေးဆရာမကြီး လေသံတိုးသွားသည်တို့မှာ
ထင်ရှားသည့်သာဓကများပင်။
သို့ဖြင့် ကျနော်သည်
ကျော်ဟိန်းက အသိနှင့် သတိ
ကြေးသွန်းရုပ်ပွားတော်ကြီး သွန်းလုပ်
ကိုးကွယ်သည်ကို သို့လော သို့လော
တွေးတောနေမိပါသည်။ အထူးသဖြင့် စာပေ၊
ဂီတ နှင့် ရုပ်ရှင်နယ်ပင်မှ သူများသည်
အသိနှင့် သတိနှင့် နေနေကြရသည် မဟုတ်ပါလော။
ပေါ်လစီ ဆောင်းပါး၊ ပေါ်လစီသီချင်း၊
ပေါ်လစီကား ရေးရမည်၊ ဆိုရမည်၊
ရိုက်ရမည်ဆိုလျှင် မည်သူသည် ဟီးရိုးလုပ်၍
ဆန့်ကျင်ငြင်းပယ်နိုင်ဝံ့ပါမည်နည်း။
တက်တက်ကြွကြွ အလုပ်အကျွေးပြုချင်သူတွေ
ရှိပါလိမ့်မည်။ သို့သော်လည်း အများစုမှာ
အောင့်အီးသည်းခံနေကြရခြင်းသာ ဖြစ်မည်။
အခါအခွင့် သင့်သည့်အခါတိုင်း သူတို့၏
ဆန္ဒအမှန်ကို ဖော်ထုတ်ကြလိမ့်မည်သာ
ဖြစ်ပါသည်။
ယခု ကျနော်
ရည်ညွှန်းတင်ပြနေသည့် ဆောင်းပါး (၂)
ပုဒ်တွင်လည်း ဆောင်းပါးရှင် များက
အသိနှင့် သတိကိုယှဉ်၍ ဆင်ဆာဟူသော
ကြိုးတန်းပေါ်တွင် လမ်းလျှောက်ထားသည်ကို
တွေ့မြင်ရပါသည်။ ဖတ်ရှုရပါသည်။
မြန်မာ့စီးပွားရေး ဖွံ့ဖြိုးချိန်တန်
ဆောင်းပါးက နိုင်ငံစီးပွား
ဖွံ့ဖြိုးတိုးတက်ရန် အခြေခံ လိုအပ်ချက်တွေ
ကြီးကြီးမားမားတည်ရှိနေပုံကို
ထောက်ပြထားပါသည်။
အမျိုးသားပြန်လည်စည်းလုံးညီညွတ်မှုကို
တည်ဆောက်နိုင်သည်နှင့်အမျှ
ပိုမိုကောင်းမွန် သော ရလဒ်များကို
ရရှိနိုင်မည် ဟုလည်း အဓိကအကျဆုံးဖြစ်သည့်
နိုင်ငံရေး ပြဿနာကို မပျက် မကွက်၊ အမိအရ
ဖော်ထုတ်တင်ပြထားပါသည်။ ကောင်းလေစွ။
ဆောင်းပါးရှင်က
သူ၏ဆောင်းပါးကို အပိုင်း ၂ ပိုင်းခွဲပြီး
တင်ပြထားပါသည်။ ကျနော့် အနေဖြင့်
အဆိုပါဆောင်းပါးနှစ်ပုဒ်အတွင်းမှ
အချက်အလက်များကို လိုအပ်သလို
ကောက်နှုတ်ပြီး ကျနော့်အမြင်များ၊
ဝေဖန်သုံးသပ်ချက်များဖြင့်
ဖြည့်စွက်တင်ပြသွားမည် ဖြစ်ပါသည်။
၁။
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်
လိုအပ်ချက် အဆင့် ၃ ဆင့်။
၂။
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု
ဆင်းရဲမှုလျှော့ချရေးတို့အတွက် အကောင်အထည်
ဖော်ရန် လိုအပ်သော
အခြေခံပြုပြင်ပြောင်းလဲမှုများ။
အပိုင်း (၁) တွင်
ဖော်ပြထားသည့် လိုအပ်ချက် အဆင့် ၃ ဆင့်မှာ
-
- အကြမ်းဖျင်း
မက်ခရိုစီးပွားရေးအနေအထားသုံးသပ်ချက်
(Quick Macro Economic Assessment)
တစ်ခုရရှိရေး။
- သဘာဝဓါတ်ငွေ့
တင်ပို့ရောင်းချမှုမှ ရရှိလာသောငွေများကို
စနစ်တကျအသုံးချရေး။
-
နိုင်ငံစီးပွားရေးဖွံ့ဖြိုးမှုနှင့်ပတ်သက်ပြီး
ဦးစားပေးအစီအစဉ်များကို
စနစ်တကျ သတ်မှတ် ရေး တို့ပင်ဖြစ်ပါသည်။
အဆိုပါ အပိုင်း (၁) ၏ အဆင့် ၃
ဆင့်ကို
တဆင့်စီ လေ့လာသုံးသပ်ကြည့်ကြပါစို့။
ဖြစ်ပေါ်နေသော အခြေအနေမှန်ကို
စနစ်တကျခွဲခြမ်းစိတ်ဖြာ၍
မည်သည့် အနေအထား သို့ရောက်ရှိနေသည်၊
အနည်းဆုံး မည်သည့် အဆင့်သို့ရောက်ရှိအောင်
ပြုပြင်နိုင်မည်တို့ကို သိရှိနိုင် စေရန်
မက်ခရိုစီးပွားရေး ကိန်းဂဏန်းများ
အသင့်အနေအထားတွင် ရှိမနေခြင်းဖြစ်သည် ဟု
ထောက်ပြထားပြီး၊
ကနဦးအဆင့်တွင် အကောင်အထည် ဖော်သင့်သည်မှာ
Quick Macro Economic Assessment ခေါ်
အကြမ်းဖျင်း မက်ခရိုစီးပွားရေးအနေအထားသုံးသပ်ချက်တစ်ခု
ရရှိ ရေးဖြစ်သည် ဟု အကြံပြုထားသည်။
မက်ခရိုစီးပွားရေး ကိန်းဂဏန်းများ
အသင့်အနေအထားတွင်ရှိမနေခြင်း၊
လောလောဆယ် ရရှိနိုင်သော ကိန်းဂဏန်းများက
ညွှန်ပြနေသည်မှာ မြန်မာနိုင်ငံ၏
ဆန်စပါး ထုတ်လုပ်မှုသည် ဗီယက်နမ်နိုင်ငံ၊
ထိုင်းနိုင်ငံတို့နှင့်
မကွာခြားဘဲရှိနေပြီး GDP ခေါ်
တစ်မျိုးသားလုံး ၏ ပြည်တွင်း
အသားတင်ထုတ်လုပ်မှုနှင့် ၀န်ဆောင်မှုသည်
ဗီယက်နမ်နိုင်ငံနှင့် မကွာခြားလှသည်ကို
ဖော်ပြလျက်ရှိနေပါသည်။
များစွာသေချာသောအချက်မှာ
မြန်မာနိုင်ငံအနေဖြင့် မိမိတို့၏
မက်ခရိုစီးပွားရေး အခြေအနေမှန်ကို
မထုတ်ဖော်နိုင်လျှင် ရှေ့ဆက်
အကောင်အထည်ဖော်ရမည့် လုပ်ငန်းစဉ်များကို
စဉ်းစားရန် ရေလိုက်လွဲသွားနိုင်သည် ဟုပင်
သတိပေးထားပါသည်။
ဆောင်းပါးရှင်
(အယ်ဒီတာတစ်ဦး) ၏
အဆိုပါတင်ပြချက်များအတိုင်း ဆိုလျှင် (နအဖ)
စစ်အစိုးရ၏ မြန်မာ့အလင်းသတင်းစာတွင်
ဖော်ပြ နေသည့်
စီးပွားရေးဖွံ့ဖြိုးမှု ကိန်းဂဏန်းတွေ၊
အခြေခံအဆောက်အဦး တည်ဆောက်မှုဆိုင်ရာ
အချက်အလက်များသည် မက်ခရိုစီးပွားရေးအခြေ
အနေမှန်ကို မထုတ်ဖော်နိုင်ဘူး၊
ထုတ်ဖော်နိုင်သည့် အနေအထားတွင်မရှိဟု
ဆိုလိုသည့် သဘော ဖြစ်နေပါသည်။
ဤသို့ဆိုလျှင် ကြံ့ဖွံ့အသင်း
နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေး (၂၀၀၇)
တွင် အာဘောင်အာရင်းသန်သန်ဖြင့်
တင်ပြသွားကြသည့်
ဖွံ့ဖြိုးမှုဆိုင်ရာ ကိန်းဂဏန်း အချက်အလက် များသည်လည်း
(ကို) ဇေယျာအုန်း ပြောသလို ၀ါဒဖြန့်ချိရေး
ကြွားလုံးများပင် ဖြစ်ပေလိမ့်မည်။
မြန်မာပြည်၏ (GDP) သည်
ဗီယက်နမ်၏ (GDP) နှင့်
မကွာခြားလှဟု ဖော်ပြထားသည်။
တကယ့်လက်တွေ့ဘ၀တွင်မူ ဗီယက်နမ်ပြည်သူများ၏
လက်ရှိဘ၀နှင့် မြန်မာပြည်သူများ၏
လက်ရှိ ဘဝသည် အကွာကြီးကွာလှသည်ကို
အာဆီယံကလည်း သိပါသည်။ နိုင်ငံတကာကလည်း
သိပါ သည်။ ကုလသမဂ္ဂကလည်း သိပါသည်။
ထိုအခြေအနေမှန်ကို မြန်မာနိုင်ငံဆိုင်ရာ
ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် ချားပက်ထရီ က
အောက်တိုဘာလ ၂၄ ရက်နေ့တွင်
ထုတ်ဖော်တင်ပြလိုက် သည်။ ထိုအခါ (နအဖ)
စစ်အစိုးရ ကျွဲမြီးအလွန်တိုသွားသည်။
ရှက်ရမ်း ရမ်းပြီး ကုလဌာနေ ကိုယ်စားလှယ်ကို
မြန်မာပြည်ကနေ နှင်ထုတ်ခဲ့သည်။
မြန်မာနိုင်ငံ၏
ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုသည် ဗီယက်နမ်
ထိုင်းတို့နှင့်မကွာဟု ဖော်ပြ ထားပါသည်။
သို့သော်လည်း နိုင်ငံခြားသို့ ဆန်တင်ပို့ရောင်းချမှုတွင်တော့ ဆင်နဲ့ဆိတ်လို
အပုံကြီး ကွာပေလိမ့်မည်။
ကမ္ဘာ့ဆန် အများဆုံးတင်ပို့သည့်
နိုင်ငံများစာရင်းတွင် ဘိတ်ဆုံးက
ရှိလိမ့်မည်။ လွန်ခဲ့သော သုံးလေးနှစ်ခန့်က
ဖြစ်မည်ဟု ထင်ပါသည်။
ကမ္ဘာ့ဆန် အများဆုံးရောင်းချသည့် (၁၀)
နိုင်ငံစာရင်းတွင်
ကျနော်တို့မြန်မာနိုင်ငံသည်
ဟိုးအောက်ဆုံးအဆင့် (၇) တွင်ရှိနေပါသည်။
၁၉၂၀မှ ၁၉၄၁ ခုနှစ်အထိ ကိုလိုနီဘ၀က
နိုင်ငံခြားသို့ ဆန်တင်ပို့ခဲ့သည့်
အတိတ်ဟောင်းကို လွမ်းမယ် ဆိုလည်း
လွမ်းချင်စရာပါပဲ။ ဒီလိုအတိတ်က
အောင်မြင်မှုကို ပြန်လည်ရရှိအောင် ယခုအခါ
စတင် ဆောင်ရွက်သင့်ပြီဖြစ်ကြောင်း၊
စိုက်ပျိုးရေးနယ်ပယ်အတွင်းက ၀န်ထမ်းများက
ဆော်သြနေကြ သည်ဟု ဆိုသည်။ ဆန်ဆိုလည်း
အတိတ်ဟောင်းကို တမ်းတရသည်။
ဘောလုံးဆိုတော့လည်း အတိတ်ဟောင်းကို
လွမ်းတကြရသည်။ သြ အတိတ်မှ
မလွတ်မြောက်သေးပါလား။
ဆည်မြောင်းတာတမံတွေ၊
မြစ်ရေတင်စီမံကိန်းတွေ တစ်ခုပြီးတစ်ခု
ဆောက်ခဲ့ပြီ။ နွေစပါး၊
မိုးစပါး စိုက်ဧကများလည်း နိုင်ငံတော်အကြီး
အကဲ၏ အမိန့်အရ တစ်နှစ်ထက်တစ်နှစ်
တိုးများ လာခဲ့ပြီ။ ဆန်စပါးအထွက်နှုန်းလည်း
စိုက်ဧကတွေ တိုးသလောက် တိုးထွက်လာခဲ့သည်။
သို့သော်လည်း
ပြည်တွင်းဆန်ဈေးနှုန်းက
လှိုင်းထန်မြဲ ထန်နေသည်။ မြင့်တက်မြဲ
မြင့်တက် နေသည်။
ဆန်စပါး စိုက်ပျိုးထုတ်လုပ်ကြရသော
တိုင်းပြည်လူဦးရေ၏ ၇၀% ရှိသော
တောင်သူလယ်သမား အများစုကြီးမှာ
ဆင်းရဲမြဲဆင်းရဲနေကြရသည်။ မွဲတေမြဲ
မွဲတေနေကြရသည်။ ပြည်ပသို့လည်း
မျှော်မှန်းထားသလောက်
ဆန်မတင်ပို့နိုင်ခဲ့ပါ။
ဆန်စပါးကို နိုင်ငံတော်ကနေ
မကိုင်တွယ်တော့ဘဲ
လွတ်လပ်စွာဖွင့်လိုက်ပြီးတဲ့ နောက်ပိုင်းမှာ
ပုဂ္ဂလိက ကဏ္ဍ (Private Sector) က ထိုင်းတို့
ဗီယက်နမ်တို့လို လုပ်နိုင်လိမ့်မယ်လို့
ကျနော်တို့ မျှော်မှန်းခဲ့တယ်။ ပုဂ္ဂလိက
ကဏ္ဍကလည်း ဒီလိုပဲမျှော်မှန်းခဲ့မှာပေါ့။
ဒါဆိုလို့ရှိရင် ဒီနေ့ အထိ
သုံးလေးနှစ်လောက်တောင်မျောနေသေးရင်
နောက်ငါးနှစ်ခြောက်နှစ်ကြာ
ထပ်မမျော သင့်တော့ဘူး။
ကျနော်တို့ ဒီအချိန်မှာ
စည်းစည်းလုံးလုံးနဲ့
ကြိုးပမ်းဖို့လိုနေပြီ ဟု ဇွန်လ ၂၉
ရက် တွင် UMFCCI
ရုံးချုပ် အဆောက်အဦးတွင် ကျင်းပခဲ့သော
မြန်မာနိုင်ငံ
ဆန်စက်လုပ်ငန်းရှင်များ အသင်း ၏ (၁၇)
ကြိမ်မြောက် အသင်းသား စုံညီအစည်းအဝေးတွင်
စီးပွားရေးနှင့်
ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး
ဗိုလ်မှူးချုပ်တင်နိုင်သိန်းက
မျှော်တော်ဇောနဲ့ မောခဲ့ရပုံကို
နတ်သံနှောပြီး
ဝန်ခံသွားခဲ့ပါသည်။
ဆန်စပါးမူဝါဒသစ် ပြဋ္ဌာန်းပြီးမှ
(၂၀၀၃ ခုနှစ်၊ ဧပြီလ ၂၃ ရက်စွဲဖြင့်
ပြဋ္ဌာန်းခဲ့သည်) ပြည်ပ ဆန်တင်ပို့မှုက
ဆက်တိုက်ဆိုသလို ကျဆင်းခဲ့ ရသည်။
ပြည်ပဆန်တင်ပို့မှု

(၂၀၀၆ - ၂၀၀၇) ဘဏ္ဍာရေးနှစ်၊
နွေစပါး၊ မိုးစပါး စိုက်ဧက ၂၀.၁ သန်း
စိုက်ပျိုးထားခဲ့ပြီး၊
ဆန်စပါးတင်းသန်းပေါင်း ၁၄၅၉.၉၅ သန်း
ထွက်ရှိခဲ့သည်ဟု သက်ဆိုင်ရာ၏
တရားဝင်ကိန်းဂဏန်း များ အရ သိရသည်။
ပြည်ပသို့ ဆန်မည်မျှ တင်ပို့နိုင်ခဲ့ပါသလဲ။
(၂၀၀၄ - ၂၀၀၅) ဘဏ္ဍာရေးနှစ်က တင်ပို့ခဲ့သော
တန်ချိန် ၁.၈ သိန်းဆိုသည့် ပမာဏကို
ကျော်လွန်နိုင်ခဲ့ပါသလား။
ယခုနှစ် (၂၀၀၇ - ၂၀၀၈)
တွင်လည်း နွေစပါး၊ မိုးစပါး စိုက်ဧက ၂၀.၃
သန်းစိုက်ပျိုးကာ စပါးတင်းသန်းပေါင်း ၁၅၀၀
ကျော်ထွက်ရှိရန် မျှော်မှန်းထားကြောင်း
သိရသည်။ လူတဦးချင်း၏ တစ်နှစ်
ပျမ်းမျှဆန်စပါး စားသုံးမှုမှာ ၁၅ တင်း
ဖြစ်၍ ယခုနှစ်တွင်
မျှော်မှန်းထားသည့်အတိုင်း ထွက်ရှိလာပါက
လူဦးရေသန်း ၁၀၀ အတွက်ပင် ဖူလုံမည်ဟု
(နအဖ) စစ်အစိုးရတာဝန်ရှိသူများက
လေလုံးထွားကြသည်။ လက်ရှိမြန်မာနိုင်ငံ၏
လူဦးရေမှာ ၅၆ သန်းခန့်သာရှိသည်။
ပြည်ပသို့လည်း မျှော်မှန်းထားသလောက်
တင်ပို့ရောင်းချနိုင်ခြင်း မရှိ၊
ပြည်တွင်း တွင်လည်း ဆန်ဈေးနှုန်းက
ကျဆင်း မသွားချေ။ ထို ဆန်စပါးတွေ
ဘယ်ရောက်သွားပါသလဲ။
ထိုအခါ (နအဖ) စစ်အစိုးရ၏
တရားခံရှာသည့် လက်ညှိုးသည်
ဈေးနှုန်းချုပ်ကိုင် ကစား သည့်
ဝိသမလောဘသား ကုန်သည်များနှင့် မှောင်ခိုများဘက်သို့ ရောက်သွားသည်။
လောင်စာဆီ ဈေးနှုန်းတွေ လွန်ခဲ့တဲ့သြဂုတ်
၁၅ ရက်တွင် တိုးမြှင့်ခဲ့စဉ်ကတော့
ဈေးကွက်စီးပွားရေးရဲ့သဘော သဘာဝအရဖြစ်သည်။
ဈေးကွက်က ဆုံးဖြတ်ခြင်းဖြစ်သည်ဟု
ထမင်းရေပူလျှာလွှဲပြောခဲ့ကြသည်။
ဆန်ဈေးကြီးမြင့်သည့် ကိစ္စတွင်တော့
တရားခံမှာ ၀ိသမလောဘသား ကုန်သည်များနှင့်
မှောင်ခိုများ ဖြစ်နေပြန်သည်။ ရန်ကုန်မြို့
ဆင်ခြေဖုံးမြို့နယ်များနှင့်
မန္တလေးမြို့တို့တွင် အမိန့်ရ ဆန်ဆိုင်
များ ဖွင့်လှစ်ကြရသည်။ ထို့နောက် (နအဖ)စစ်အစိုးရ တာဝန်ရှိသူများက
သတ်မှတ်ပေးသည့်ဈေးနှုန်းဖြင့်
ရောင်းချကြရသည်။
သေချာသည်ကတော့ (နအဖ)စစ်အစိုးရ ဖော်ဆောင်နေသည့်
ဈေးကွက်စီးပွားရေးတွင်
ဈေးနှုန်းချုပ်ကိုင်ဈေးကစားသည့် ၀ိသမလောဘသား ကုန်သည်များနှင့်
မှောင်ခိုရှိနေခြင်းပင် ဖြစ်သည်။
ဝန်ကြီးဗိုလ်မှူးတင်နိုင်သိန်း ကတော့
လက်ရှိအခြေအနေတွင် ကမ္ဘာ့ဆန်တင်ပို့သည့်
ထိပ်တန်းနိုင်ငံတစ်ခုဖြစ်သော
အိမ်နီးချင်းနိုင်ငံ (တရုတ် ?) ကို
မြန်မာနိုင်ငံမှ
ဆန်စပါးများ စီးဆင်းမှု ရှိနေကြောင်း UMFCCI
ရုံးချုပ်တွင် လွန်ခဲ့သည့် ဇူလိုင်လက
ထပ်မံဝန်ခံသွားခဲ့ပြန်သည်။ စီးဆင်း မှု ရှိနေကြောင်း ဆိုသည်မှာ
မှောင်ခိုတင်ပို့ရောင်းချခြင်းကို
စကားလုံးတစ်မျိုးဖြင့်
ဝန်ခံလိုက်ခြင်း ပင်ဖြစ်သည်။ (နအဖ)၏
ဈေးကွက်စီးပွားရေးစနစ် ဆိုသည်မှာ
မပီပြင်သော ရွဲ့စောင်းနေသော
စီးပွားရေးစနစ် ပင်ဖြစ်ကြောင်း
ဖော်ပြချက်ပင်ဖြစ်သည်။
ထို့အပြင် အဆိုပါ
မှောင်ခိုတင်ပို့ရောင်းချနေမှုများ၊
စီးဆင်းသွားမှုများကို ဆန်စက်ငယ် ကလေးများ
ဆန်ကုန်သည်ကလေးများက ပြုလုပ်ခြင်းမဟုတ်၊
ဆန်စပါးပမာဏများစွာကို ရောင်းနိုင်
ဝယ်နိုင် သိုလှောင်နိုင် ကျိတ်ခွဲနိုင်သော
ဆန်စပါးကုန်သည်ကြီးများ ကုမ္ပဏီကြီးများက
လက်ဝါးကြီး အုပ် လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း
အတိအလင်းပင် ဆောင်းပါးရှင်က
ထောက်ပြထားသည်။ တဆင့် တက်၍
ပြည်တွင်းဆန်စပါးဈေးနှုန်း လှိုင်းထရခြင်း
(ဆန်ဈေးနှုန်းမြင့်တက်ရခြင်း)၏ အဓိက
လက်သည်တရားခံမှာ ထိုသို့
မှောင်ခိုတင်ပို့ရောင်ချနေမှု ပင်ဖြစ်သည်ဟု
ဖော်ပြထားပါသည်။
လက်တွေ့တွင်လည်း အဆိုပါ
ဆန်စပါးကုန်သည်ကြီးများ ကုမ္ပဏီကြီးများသည်
(နအဖ) စစ်အစိုးရထံ အလှူငွေ
သိန်းရာထောင်ချီ ထည့်ဝင်လှူဒါန်းသူများ
ဖြစ်သည်။ အပြန်အလှန်ပင် (နအဖ)စစ်အစိုးရကလည်း ဇောတိက၊ မဏိဇောတ၊
သုဓမ္မသိင်္ဂီ အစရှိသော ဘွဲ့ထူးဂုဏ်ထူးများ ပေးအပ်ကာ
သူကောင်းပြုမြှောက်စားထားသည်။ ထိုသို့
သူကောင်းပြုထားသည့်
တိုင်းရင်းသား လုပ်ငန်းရှင်ကြီးများ ကပင်
မြန်မာပြည်၏
စီးပွားရေးအသက်သွေးကြောမှန်သမျှကို
လက်ဝါးကြီး အုပ် ချုပ်ကိုင်ထားကြသည်။
သို့ဖြင့် အာဏာနှင့် ဘဏ္ဍာသည်
နှစ်ပင်လိမ်ကြိုးတစ်ချောင်းကဲ့သို့
ပေါင်းစည်းနေသည်။ ဤသည်မှာ
စစ်ဗျူရိုကရက် စီးပွားရေးစနစ်၏ ထင်ရှားသည့်
လက္ခဏာတရပ် ပင်ဖြစ်တော့သည်။
ထိုသို့
လက်ဝါးကြီးအုပ်ချုပ်ကိုင်နေမှု၊
မျက်နှာသာပေးနေမှုကို ကုန်သည်အလတ်နှင့်
အငယ်များက မနှစ်မြို့နိုင်ပဲ
ဈေးကွက်စီးပွားရေးသဘောအရ
လုပ်ငန်းအားလုံး လွတ်လွတ်လပ်လပ်
တပြေးညီ ယှဉ်ပြိုင်လုပ်ကိုင်ခွင့်ပေးရန်
တောင်းဆိုနေကြသည်။
တကယ်တော့ (နအဖ) စစ်အစိုးရသည်
လက်တစ်ဆုပ်စာ
တိုင်းရင်းသား လုပ်ငန်းရှင် ကြီးများ
နှင့် နှစ်ကိုယ့်တစိတ်ပူးပေါင်းကာ ပြည်တွင်းစီးပွားရေး အသက်သွေးကြောမှန်သမျှ
(စိုက်ပျိုးထုတ်လုပ်မှုမှသည်
တင်ပို့ရောင်းချဖြန့်ဖြူးမှုအထိ) ကို
လက်ဝါးကြီးအုပ် ၀ါးမျိုစားသောက် နေခြင်း
သာဖြစ်သည်။ ထူးထရေးဒင်း ကုမ္ပဏီ သည်
ထင်ရှားသည့် သာဓကပင်ဖြစ်သည်။ ထို ကုမ္ပဏီသည်
မြန်မာနိုင်ငံ၏
စီးပွားရေးလုပ်ငန်းများစွာကို
ချုပ်ကိုင်လုပ်ကိုင်နေသည်။
မြန်မာ တိုင်းရင်းသားတစ်ဦးတည်းပိုင် Air Bagan လေကြောင်းလိုင်းသည်လည်း အဆိုပါ
ထူးကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှု
အောက်တွင်ရှိသည်။ အဲပုဂံ လေကြောင်း ၏
ဥက္ကဋ္ဌ မှာ တေဇ ဖြစ်သည်။
ထိုသို့ ရရှိပိုင်ဆိုင်ထားသော
အာဏာနှင့် ဘဏ္ဍာအရင်းအမြစ်များကြောင့်ပင်
(နအဖ) စစ်အစိုးရသည်
နိုင်ငံရေးအာဏာ ကုလားထိုင်ပေါ်မှ
လွယ်လွယ်ကူကူဆင်းမသွားနိုင်ခြင်းဖြစ်သည်။
ဆင်းပေးရန်လည်း ဆန္ဒမရှိချေ။
အသာတကြည် ဆင်းပေးသွားလိမ့်မည်
ချောမွေ့စွာလွှဲပြောင်းပေး လိမ့်မည်ဟု
စိတ်ကူးယဉ်နေလျှင် စိတ်ကူးယဉ်သူ၏
အမှားသာဖြစ်ပေလိမ့်မည်။
စစ်အာဏာရှင် စနစ်ကို ဖြိုချပစ်မှသာရမည်။
ဒုတိယအဆင့်ဖြစ်သည့်
သဘာဝဓါတ်ငွေ့တင်ပို့ရောင်းချမှုမှ ရရှိလာသော
ငွေများကို စနစ်တကျအသုံးချရေး ကိစ္စကို
လေ့လာသုံးသပ် ကြည့်ကြပါစို့
..
မြန်မာနိုင်ငံ၏
သဘာဝဓါတ်ငွေ့ထုတ်လုပ်တင်ပို့မှုမှာ
တဖြည်းဖြည်း ထပ်မံမြင့်တက်လာရန် ရှိနေရာ
အဆိုပါဝင်ငွေများကို ရေရှည်အကျိုး
စီးပွားအလို့ငှာ စနစ်တကျအသုံးချရေးသည်
များစွာ
အရေးကြီးသောအချက်တစ်ချက်ဖြစ်ပါသည်
ဟု ဆောင်းပါးရှင်က ဖော်ပြထားပါသည်။
ဤဖော်ပြချက်က
ကျားမြီးဆွဲလိုက်သော တင်ပြချက်ဖြစ်သည်။
သဘာဝဓါတ်ငွေ့ရောင်းရငွေများကို (နအဖ)
စစ်အစိုးရ ဘယ်လိုသုံးစွဲနေသလဲ ?
.
ဘယ်နေရာတွေမှာသုံးစွဲနေသလဲ၊
ဒီကိစ္စတွေ ပြည်သူအများသိရှိနိုင်စေရန်
(နအဖ)စစ် အစိုးရ အနေဖြင့် တိတိကျကျ၊
မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန်
တင်ပြပေးရန် တာဝန်ရှိပါသည်။
၂၀၀၆ ခုနှစ် အောက်တိုဘာလအတွက်
ပို့ကုန်အများဆုံးတင်ပို့သည့် စာရင်းတွင်
.
-
မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း --
အမေရိကန်ဒေါ်လာ -- ၃၅၀ သန်း
- မြန်မာ့သစ်လုပ်ငန်း
------------------------------------ ။
--------၅၄ သန်း
-
မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေုးလုပ်ငန်း
--- ။ --------- ၂၀ သန်း
ရရှိခဲ့သည်ဟု ဖော်ပြထားပါသည်။
(၂၀၀၅ - ၂၀၀၆) ဘဏ္ဍာရေးနှစ်တွင်
သဘာဝဓါတ်ငွေ့ တင်ပို့ရောင်းချမှုမှ
အမေရိကန် ဒေါ်လာ သန်း ၇၂၀ ကျော်ရရှိခဲ့ပြီး
၊ (ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ၊
အောက်တိုဘာ ၂၀၀၆) တို့တွင်
ဓါတ်ငွေ့ပမာဏများစွာ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း
စီးပွား/ကူးသန်း ၀န်ကြီးဌာန၏ စာရင်း
ဇယားကို ကိုးကားဖော်ပြထားပါသည်။
(၂၀၀၆ - ၂၀၀၇) ဘဏ္ဍာရေးနှစ်တွင်
မည်မျှတင်ပို့ရောင်းချနိုင်ခဲ့ပြီး
ဝင်ငွေမည်မျှ ရရှိခဲ့ပါသလဲ ?။ နောက်ထပ်လည်း
အန္ဒိယနှင့် တရုတ် သို့ တင်ပို့ရောင်းချရန်
အစီအစဉ်တွေ ရှိနေသည်။
ဤနေရာတွင်
ပို၍ကြေကွဲစရာကောင်းသည်မှာ
တိုင်းပြည်က ထွက်သမျှ (ကမ်းလွန်)
သဘာဝဓါတ်ငွေ့များကို ပြည်ပသို့ ပမာဏများစွာ
တင်ပို့ရောင်းချနေပြီး
ပြည်တွင်းသုံးစွဲရန်
ကြက်ဆူပင် စိုက်ခိုင်း၍ ကြက်ဆူဆီလောင်စာ
အိပ်မက်မက်နေကြခြင်းပင်ဖြစ်သည်။
ကြက်ဆူဆီဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်လာသော
နိုင်ငံတော်သစ်ကြီး မတည်ဆောက်နိုင်ကြောင်း
ဦးနှောက်ပုံမှန် ရှိသူတိုင်း သိကြပါသည်။
ယခုတော့ နိုင်ငံတော်အကြီးအကဲ ၏
လမ်းညွှန်မှုဖြင့် ပြည်သူအားလုံး
ကြက်ဆူပင် စိုက်နေရသည်။ တိုင်းမှူးများ၊
ဝန်ကြီးများက ကြက်ဆူခင်းများကို
လှည့်လည်ကြည့်ရှု နေကြပြီး လိုအပ်သည်များ
ညွှန်ကြားနေကြပါသည်။
(နအဖ) စစ်အစိုးရ၏
ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး အမြော်အမြင်သည်
ဤမျှ တိုလွန်း တိမ်လွန်း ပါလားဟု
ငြီးတွားယူရသည်။
စွမ်းအင်ဆိုလို့
ဆက်စပ်နေသဖြင့် ဤနေရာတွင်
လျှပ်စစ်ဓါတ်အားအကြောင်းကို ပြောရ ဦးမည်။
သတင်းစာထဲတွင် ရဲရွာရေအားလျှပ်စစ်
စီမံကိန်းက မဂ္ဂါဝပ် မည်မျှထွက်မည်၊
ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းက
မဂ္ဂါဝပ် မည်မျှထွက်မည်၊
ဖြူးချောင်းရေအားလျှပ်စစ် စီမံကိန်းက မဂ္ဂါဝပ် မည်မျှထွက်မည် စသဖြင့်
ပြူးတူးပြဲတဲဖော်ပြနေသည်။ လက်တွေ့တွင်
မြို့တော် ရန်ကုန်၌ ၂၄
နာရီ လျှပ်စစ်မီးမပေးနိုင်သေးချေ။
ခွဲတမ်းစနစ်ဖြင့် ပေးနေရသည်။ မိုးရွာမှ
ရေရမှ လျှပ်စစ်ဓါတ်အား အပြည့်အ၀ရရှိသည်။
သို့အတွက် မိုးရာသီဖြစ်သည့် (ဇူလိုင်မှ
ဒီဇင်ဘာ) တွင် လျှပ်စစ်ဓါတ်အား
မပြတ်ပေးနိုင်မည်ဖြစ်သော်လည်း (ဇန်န၀ါရီ
မှ ဇွန်လအတွင်း) လျှပ်စစ်ဓါတ်အား
အပြည့်အ၀ ပေးရန်ခက်ခဲကြောင်း အမှတ်(၂)
လျှပ်စစ်စွမ်းအား ၀န်ကြီး
ဗိုလ်ချုပ်ခင်မောင်မြင့်က ၀န်ခံရှာသည်။
လွန်ခဲ့သည့် ၂၀၀၆ မတ်လ ကဆိုလျှင်
ရန်ကုန်မြို့ရှိ စက်မှုဇုံများသို့
လျှပ်စစ်မီးပေးဝေမှုမှာ တစ်ရက်
တစ်နာရီလောက်သာရခဲ့ပြီး၊ ၂၀၀၇ ခုနှစ်
မတ်လတွင် တစ်ရက် နေ့ဘက် ၈ နာရီလောက်လာသည်။
သို့အတွက် လုပ်ငန်းများကို မီးလာသည့်
အချိန်တွင် လည်ပတ်ရသည်။ မီးမလာသည့်အခါ
ရပ်ထားရ သည်။ သို့ဖြင့် ရန်ကုန်မြို့လယ်ရှိ
လျှပ်စစ်မီးအသုံးပြုရသောလုပ်ငန်းမှန်သမျှ
ဆိုင်ရှေ့ တွင် လုပ်ငန်း ပမာဏ အလိုက်
မီးစက်အကြီးအသေးများ ထားရှိလာရပြီး၊
အပြိုင်အဆိုင် ခုတ်မောင်းနေကြရခြင်း
ဖြစ်ပါသည်။ သို့ဖြင့် ရန်ကုန်
တစ်မြို့လုံး မီးစက်သံ တညံညံ နဲ့ဆိုသလို
ဖြစ်လာသည်။
တပြည်လုံးအတိုင်းအတာအနေဖြင့်
၂၀၀၈ ခုနှစ်တွင်
တပြည်လုံး လျှပ်စစ်မီးလင်းတော့ မည် ဟု
ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေက (၂၄.၂.
၂၀၀၇) ရက်နေ့က UMPCCI အသင်းချုပ်
မင်္ဂလာ ခမ်းမတွင်ပြုလုပ်သည့် မြန်မာနိုင်ငံ
စက်မှုကုန်ထုတ်လုပ်သူများအသင်း (၁၃)
ကြိမ်မြောက် အသင်း
သားစုံညီနှစ်ပတ်လည်အစည်းအဝေးတွင်
ပြောသွားသည်။
တကယ် မီးလင်း/ မလင်း
စောင့်ကြည့်ကြရမည်။
ဆောင်းပါးရှင်က
နိုင်ငံစီးပွားဖွံ့ဖြိုးမှုနှင့်ပတ်သက်ပြီး
အရေးတကြီးလိုအပ်ချက်များအနက်မှ
အရေးအကြီးဆုံးဦးစားပေးအစီအစဉ်များကို
အောက်ပါအတိုင်း ဖော်ထုတ်တင်ပြထားပါသည်။
- လျှပ်စစ်ဓါတ်အား အလုံအလောက်ရရှိရေး
-
စံမီသောလူသားအရင်းအမြစ်များရရှိရေး
- အခြေခံအဆောက်အဦများ
မြှင့်တင်ရေး
- လယ်ယာစိုက်ပျိုးရေးကဏ္ဍမှ
ထုတ်ကုန်များ၏ဈေးနှုန်း
လုပ်သာကိုင်သာရှိရေး
- ဘဏ်လုပ်ငန်းများအပါအ၀င်
ဘဏ္ဍာအရင်းအမြစ်များရရှိရေးဆိုင်ရာ နည်းလမ်း
မြှင့်တင်ရေး
-
အခြေခံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများမြှင့်တင်ရေး
တို့ဖြစ်သည်။
အပိုင်း (၂)
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊
ဆင်းရဲမှုလျှော့ချရေးတို့အတွက်
အကောင်အထည် ဖော်ရန်လိုအပ်သော
အခြေခံပြုပြင်ပြောင်းလဲမှုများ ကို
လေ့လာသုံးသပ်ကြည့်ကြပါစို့။
ဆောင်းပါးရှင်က
အောက်ပါအတိုင်း ခွဲခြား၍ တင်ပြထားပါသည်။
(က)
ဆန်စပါးကို ဗဟိုပြု၍
အခြားလယ်ယာကဏ္ဍထွက်ကုန်များနှင့်ပတ်သက်သော
အထောက်အကူပြု
မူဝါဒကြီးတစ်ခုဖော်ထုတ်ရေး။
(ခ) အခြေခံလူတန်းစားများ၏
ဝင်ငွေတိုးရေးစီမံချက်များ။
(ဂ) လူသားအရင်းအမြစ်များ
မွေးထုတ်ရေးအစီအမံများ။
(ဃ) အခြေခံအဆောက်အဦ
ဖွံ့ဖြိုးရေးဆိုင်ရာအစီအမံများ။
အချက် (က) သည် မြန်မာနိုင်ငံ၏
အများဆုံး လူဦးရေဖြစ်သည့်
(တိုင်းပြည်လူဦးရေ၏ ၇၀%)
တောင်သူလယ်သမားများ ဘ၀လိုအပ်ချက်များကို
ရှေ့ရှုတင်ပြထားသဖြင့်
ကျေးဇူးတင်စရာ ကောင်းလှပါသည်။
တောင်သူလယ်သမား အများစုသည်
ပျှမ်းမျှအားဖြင့် လယ်နှစ်ဧက သို့မဟုတ်
သုံးဧကခန့် ရှိကြပြီး (ပိုင်ဆိုင်သည်ဟု
သုံးမထားပါ)၊ နွား တစ်ရှဉ်း
ပိုင်ဆိုင်ကြသည်ကို တွေ့ရမည်ဖြစ်သည်။
ငွေပိုငွေလျှံမရှိ
ချေးငွေများနှင့်ရပ်တည်နေရသည်။
၎င်းတို့လုပ်သာကိုင်သာရှိစေမည့် ဈေးနှုန်း
ရရှိရေး၊ လိုအပ်သော
သွင်းအားစုများဖြစ်သည့်
မျိုးကောင်းမျိုးသန့်၊ ဓါတ်မြေသြဇာ၊
ပိုးသတ်ဆေး စသည်များ ၀ယ်ယူနိုင်ရေးအတွက်
လိုအပ်သော ဘဏ္ဍာငွေ (အမတော်ကြေး၊
စိုက်ပျိုးစရိတ်ချေးငွေ စသဖြင့်) ရရှိရေး၊
စသဖြင့် မြန်မာနိုင်ငံ၏
ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ခေတ်တခေတ်
ဖန်တီးပေး ရန် လိုအပ်လျှက်ရှိသည်ဟု
ဖော်ပြထားပါသည်။ ကျနော့်အမြင်တွင်မူ
ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကို
လုပ်ကြရသော လယ်သမားအများစု၏ဘ၀သစ်တစ်ခုဖန်တီးပေးရန် လိုအပ်လျက်ရှိသည်ဟု
ယူဆပါ သည်။
တောင်သူလယ်သမားများ၏
ဘ၀အခြေအနေမှန်နှင့်ပတ်သက်သော
သတင်း အချက် အလက် မှန်မှန်ကန်ကန်ရရှိရေး၊
၎င်းတို့၏ အခြေ အနေမှန်ကို
ဝိုင်းဝန်းဖုံးဖိမထားရေး၊
တောင်သူ လယ်သမားများ
ရှင်သန်နိုင်မည့် ၀င်ငွေများရရှိရေးတို့ကိုမူ
သဘောတူပါသည်။
တောင်သူလယ်သမားများ၏
ဘ၀အခြေအနေမှန်ကို သိရှိရန်နှင့်
တကယ့်အဖြစ်မှန်ကို
ဝိုင်းဝန်းဖုံးဖိမထားရန် လိုအပ်ပါသည်။
(နအဖ) စစ် အစိုးရ၏တာဝန်ရှိသူများ၊
ဆောင်းပါးရှင် ဆိုသူ များက လယ်သမားတွေမှာ
သွပ်မိုးပျဉ်ထောင်အိမ်နဲ့
လျှပ်စစ်မီးနဲ့နေနိုင်ကြပြီဟု
ပြောဆိုကြသည်၊ ရေးသားနေကြပါသည်။
အင်မတန်နဲပါးလှသည့် အနဲစုကိုတွေ့မြင်ပြီး
ပြောကာဆိုကာနှင့်
ရေးသား ကြခြင်း သာဖြစ်ပါလိမ့်မည်။
လယ်သမားအများစုကြီးမှာ ဆင်းရဲမြဲ
ဆင်းရဲနေကြပါသည်။ ထုတ်လုပ် စရိတ်ပင်
အနိုင်နိုင်ဖြစ်နေရပြီး
ဝမ်းစာမနည်းကျန်အောင် လုပ်နေကြရသည်ဟု
ငြီးတွားသံများ၊
လယ်မြေအပိုင်စီးမှုကိစ္စများ
ကြားသိနေရပါသည်။ သွပ်မိုး
ပျဉ်ထောင်အိမ်နဲ့ လျှပ်စစ်မီးနဲ့
နေထိုင်နိုင် ကြပြီဟု
ပြောဆိုရေးသားခြင်းမှာ စော်ကားခြင်း
တစ်မျိုးပင်ဖြစ်ပါသည်။
တကယ့်အဖြစ်မှန်ဖြစ်သည့်
လယ်သမားအများစုကြီး ဆင်းရဲနေတာကို
ဖုံးဖိခြင်းပင်ဖြစ်သည်။ ထိုသို့
ဝိုင်းဝန်းဖုံးဖိကြသူများထဲ တွင်
တက္ကသိုလ်တင်ခ၊ ငါးမင်းဆွေ၊ မဟာစည်ဆရာတော်
(လွိုင်လင်)၊ မြင့်စိုး (နတလ)
ဆိုသူများ သည် ရှေ့ဆုံးကပါဝင်ကြပါသည်။
တောင်သူလယ်သမားအများစုကြီးသည်
ရှင်သန်နိုင်သည့်ဝင်ငွေကို
မိမိစိုက်ပျိုးထုတ်လုပ် လိုက်သည့်
စိုက်ပျိုးသီးနှံများကို ရောင်းချခြင်း မှ
မရတော့သည့်အခါ၊ သဘာဝအန္တရယ် (ရာသီဥတု၊
ပိုးမွှား) လယ်ယာအဓမ္မအသိမ်းခံရမှု၊
ချေးငွေများ၏ဖိဆီးမှုများကို
ကြုံလာရသောအခါ၊ လယ်မဲ့
ယာမဲ့ ဘဝကိုရောက်ကြရသည်။ ထို့နောက်
လယ်ယာမြေကို စွန့်ခွါကျောခိုင်းကာ
မြို့ပြများသို့ တက်လာကြ ပြီး
ကန်ထရိုက်လုပ်ငန်းများ၊ လမ်းတံတား
တည်ဆောက်ရေးလုပ်ငန်းခွင်များ၊
စက်မှုဇုံများ၊ ရွှေတွင်း၊ ကျောက်တွင်းများ၊
ဆီအုန်းခြံကြီးများ၊ ဧကထောင်ချီသည့်
ရေနက်ကွင်းများသို့ ကျပန်းလုပ်သား များ
နေ့စားလုပ်သားများအဖြစ်
ရောက်သွားကြရတော့သည်။ အချို့မှာမူ
မလေးရှား၊ ထိုင်း၊ တရုတ် အစရှိသော
အိမ်နီးချင်းတိုင်းပြည်များသို့
နည်းလမ်းပေါင်းစုံဖြင့်
ထွက်ခွါသွားခဲ့ကြတော့သည်။ အချို့မှာ
လက်ရှိစစ်တပ်ကြီး၏ စစ်သားသစ်များအဖြစ်
ဝင်ရောက်သွားကြတော့သည်။ လယ်ဧက တွေ
တိုးများလာသည်။ စပါးအထွက်နှုန်းလည်း
တိုးများလာပါသည်။ သို့သော်လည်း
ပြောင်းပြန်ပင်၊ လယ်သမားများ၏၀င်ငွေကား
တိုးများမလာခဲ့ ပေ။ လယ်မဲ့ ယာမဲ့ဖြစ်ကာ
နောက်ဆုံး ပျံကျလုပ်သား များအဖြစ် ခြေဗလာ
လက်ဗလာဖြင့် မြို့ပြများသို့
ရောက်လာခဲ့ရသည်။
ဆန်စပါးဈေးနှုန်းနှင့်ပတ်သက်၍
ဆွေးနွေးပြောဆိုကြရာတွင်လည်း
ဆန်စပါးကုန်သည် များ၊ ပွဲစားများ၊
ဆန်စက်ပိုင်ရှင်များ၊ အိတ်စပို့တင်
ပို့သူများဆိုသည့် Middle man များ၏
အသံကို သာ ကြားနေရသည်။
သူတို့နှင့်သက်ဆိုင်သည့်
ကုန်သည်များအသင်း၊ စက်ပိုင်များအသင်း၊
လုပ်ငန်း ရှင်များအသင်းတို့သာ
ဖွဲ့စည်းတည်ရှိပြီး တောင်သူလယ်သမား၏
အကျိုးစီးပွားနှင့်အသံကို
ဖော် ထုတ်နိုင်မည့်
ကာကွယ်စောင့်ရှောက်ပေးနိုင်မည့်
တောင်သူလယ်သမားသမဂ္ဂများ၊
အစည်းအရုံး များမရှိသည်မှာလည်း
ကြီးများသောချို့ယွင်းချက်ကြီးတရပ်ပင်ဖြစ်သည်။
တောင်သူလယ်သမား သမဂ္ဂ အစည်းအရုံးဟုဆိုရာ၌
အနည်းစုဖြစ်သည့် ချမ်းသာသူများ၏
အစည်းအရုံး၊ သမဂ္ဂများ မဖြစ်စေသင့်ဘဲ
အများစုဖြစ်သည့် လယ်သမားတို့၏ ကိုယ်စားလှယ်များပါဝင်ဖွဲ့စည်းထားသည့်
အစည်းအရုံး၊ သမဂ္ဂမျိုးသာဖြစ်ရပေမည်။
ကျနော်တို့ပြောဆိုနေကြသည့်
ဖွံ့ဖြိုးတိုးတက်ရေး၊
ချမ်းသာကြွယ်ဝရေးတို့သည်
ဒီမိုကရေစီ အရေးတို့ဆိုသည်မှာ တိုင်းပြည်၏
လူများစု ဖြစ်သော တောင်သူလယ်သမားများ၊
အလုပ်သမားများ၊ မြို့နေဆင်းရဲသားများ၊
ဝန်ထမ်းများ၏ ဘ၀ဖွံ့ဖြိုးတိုးတက်ရေး၊
ချမ်းသာကြွယ်ဝရေး၊ ဒီမိုကရေစီ အရေး တို့သာဖြစ်ပါသည်။
အဆိုပါအများစုဖြစ်သည့် ပြည်သူများ၏
အကျိုးစီးပွားဖြစ်ထွန်းရေးကို
အဓိကရှေ့ရှုချက်အဖြစ် ထားရမည်သာဖြစ် ပါသည်။
ဤနေရာတွင် အချက် (ခ)ဖြစ်သည့်
အခြေခံလူတန်းစားများ၏ ၀င်ငွေတိုးရေး
စီမံချက် များ ကို သုံးသပ်တင်ပြပါမည်။
တကယ်တော့
အခြေခံလူတန်းစားဆိုသည်မှာ
.
အများစုမှာ လယ်မဲ့
ယာမဲ့ဘ၀ဖြင့် မြို့တက်လာကြရသည့်
မြို့နေဆင်းရဲသားများ စက်မှုဇုံ များမှ
အလုပ်သမားများ၊ ပျံကျအလုပ်သမားများ၊
ဈေးသည်ကလေးများ၊ အိမ်ဆိုင်ဖွင့်သူများ၊
မီးသွေးရောင်းသူ၊ မုန့်ဟင်းခါးရောင်းသူ၊
ပဲပြုတ်သည်၊ ဆိုက္ကားသမား၊ လက်လုပ်လက်စား၊
နေ့စား များနှင့်
ဝန်ထမ်းများပင်ဖြစ်ပါသည်။
(ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုံများတွင်
အလုပ်သမား စုစု ပေါင်း ၁၂၀၀၀၀ ကျော်ရှိသည်။
၎င်းအနက် ၄၀ ရာခိုင် နှုန်းကျော်မှာ
လှိုင်သာယာစက်မှုဇုံမှ
လုပ်သား များဖြစ်ပါသည်။)
အခြေခံလူတန်းစားများ၏
သဘောသဘာဝမှာ နိုင်ငံအသီးသီးတွင်လည်း
အကာအကွယ် အနည်းဆုံးဖြစ်ရာ
ရေလွှမ်းမိုးခြင်းကဲ့သို့ သဘာဝဘေးအန္တရာယ်များ၊ ကပ်ရောဂါများ၊
စီးပွားရေး လှိုင်းဒဏ် လေဒဏ်များ
(ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနှင့်
အထွေထွေလူမှုစရိတ်မြင့်မားခြင်း) ကို
ခံနိုင် ရည်အနည်းဆုံး လူထုများဖြစ်ပါသည်။
၎င်းတို့အတွက် ၎င်းတို့မိသားစုများအတွက်
အခြေခံကျန်းမာ ရေး စောင့်ရှောက်မှု၊ ပညာရေး၊
ပုံမှန်ဝင်ငွေရရှိ ရေး
အစီအမံများလိုအပ်ပါသည်။နိုင်ငံ အသီးသီး တွင်
ထိုအခြေခံလူတန်းစားများအတွက် Social
Safety Net ခေါ် လူမှုရေး အကာအကွယ်များ ဖန်တီးပေးရလေ့ရှိပါသည်။ (နအဖ) စစ်အစိုးရတွင်
ထိုအစီအစဉ်မျိုး တိတိကျကျ ရှိပါသလား၊
ဘဏ္ဍာငွေ အဘယ်မျှ သတ်မှတ်ထားရှိပါသလဲ ?။
အဆိုပါ
အခြေခံလူတန်းစားများသည်
ရန်ကုန်မြို့ပတ်လည် ဆင်ခြေဖုံးရှိ
မြို့သစ်များတွင် နေထိုင်ကြသူ
အများစုဖြစ်ပါသည်။ ၎င်းတို့ သည်
နေ့ပြန်တိုး၊ နေ့စောင်းတိုး၊
ခေါက်ထုတ် စသည့်ချေးငွေများဖြင့်
နေ့စဉ်ဘ၀ကို
ယှဉ်သန်ရပ်တည်နေရသူများဖြစ်သည်။ ထို့အပြင်
DMP (Dawn Microfinance Program)
အသေးစားချေးငွေအစီအစဉ်ဖြင့်
ရပ်တည်နေကြရသည့် မိသားစု များလည်း ရှိသည်။
အဆိုပါ မိသားစုများသည် တစ်နေ့ဝင်ငွေ ကျပ်
၁၃၀၀ ခန့်သာ ရရှိကြသူများ ဖြစ်ပါသည်။
အဆိုပါ ချေးငွေအစီအစဉ်ဖြင့် ရွှေပြည်သာ၊
အင်းစိန်၊ သင်္ဃန်းကျွန်း၊ သာကေတ၊
မြောက်ဥက္ကလာပမြို့နယ်များမှ မိသားစုပေါင်း
၁၂၁၉၉၉ ကို ထုတ်ချေးထားကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်တွင် စီးပွားရေးပါမောက္ခ
ဒေါက်တာ မိုဟာမက်ယူနွတ်ဆောင်ရွက်ခဲ့သည့်
ဂရာမင်း ဘဏ်ကဲ့သို့ပင်ဖြစ်လိမ့်မည်။
ယင်းသို့ အခြေခံလူတန်းစားများ
ဆင်းရဲမွဲနေသလောက် (နအဖ)စစ် အစိုးရ
ထိပ်သီးများမှာ ချမ်းသာကြွယ်ဝလှသည်။
ထို့အပြင် ဆင်းရဲမွဲတေရသည့်
ဖွံ့ဖြိုးတိုးတက်မှု
မရှိသည်တို့နှင့်ပတ်သက်၍ ပြင်ပမှ
စီးပွားရေး ပိတ်ဆို့မှုကြောင့်ဟု
အကြောင်းပြနေသည်။ တကယ် တော့ (နအဖ)
စစ်အစိုးရ၏ စီမံခန့်ခွဲမှုညံ့ဖျင်းမှုနှင့်
အကြီးအကျယ်လဘ်စားမှုများကြောင့်ပင်
ဖြစ်သည်။
လူသားအရင်းအမြစ်အခြေခံများ
မွေးထုတ်ရေးအစီအမံများ ဆိုသည့်အချက်ကို
လေ့လာ ကြည့်ကြပါဦးစို့။ ဆောင်းပါးရှင်က
ဤသို့ရင်ဖွင့်ထားပါသည်။
မြန်မာနိုင်ငံအနေဖြင့်
တိုးတက်ဖွံ့ဖြိုးနေသောကမ္ဘာကြီးကို
အမီလိုက်နိုင်သော အရည် အသွေး ရှိသည့်
လူသားအရင်းအမြစ်များမရှိဘဲ ကမ္ဘာကြီး၏
ဖွံ့ဖြိုးတိုးတက်မှုကို
အမီလိုက်ရန်မဖြစ်နိုင်ပါ။ ထို
အရည်အသွေးရှိသူများကို
စနစ်တကျအသုံးချနိုင်သော
စီမံခန့်ခွဲသူများမရှိဘဲ ဖွံ့ဖြိုးရေး
ဆိုသည်မှာ မဖြစ်နိုင်ပါ တဲ့။
နိုင်ငံတကာကို
အမီလိုက်နိုင်သော အရည်အသွေးဆိုရာတွင်
သိပ္ပံနှင့် နည်းပညာဆိုင်ရာ များသာမက
အဖွဲ့အစည်းများကို စီမံခန့်ခွဲခြင်း၊
ဈေးကွက်ကို စီမံခန့်ခွဲခြင်း၊
ကမ္ဘာ့စီးပွားရေး လှိုင်းနှင့် အတူ
လိုက်ပါခြင်း စသည့် အရည်အသွေးများကို
ကျွမ်းကျင်နှံ့စပ်သောပညာရှင်များ
လိုအပ်ခြင်း ဖြစ်ပါသည် တဲ့။
တရုတ်၊ အိန္ဒိယနှင့်
ဗီယက်နမ်နိုင်ငံများသည် လွန်ခဲ့သော
ဆယ်စုနှစ်များမှစ၍
ထောင်သောင်းချီသော လူငယ်များကို
နိုင်ငံရပ်ခြားသို့ စေလွှတ်ကာ
လိုအပ်သော ပညာရှင် အရင်းအမြစ်များကို
စုဆောင်းခဲ့ကြခြင်းဖြစ်ပါသည် ဟု
ဆိုထားပါသည်။
(နအဖ) စစ်အစိုးရသည်
လွန်ခဲ့သည့် ဆယ်စုနှစ် ၂
စုနီးပါးကာလအတွင်း လူငယ်များကို
နှစ်ရှည်ထောင်ဒဏ်များချပြီး၊
တိုင်းပြည်အနှံ့ အကျဉ်းထောင်များသို့
ပို့ခဲ့သည်။ အချို့လူငယ်များ သည် ထို
အကျဉ်းထောင်းများအတွင်း
နှိပ်စက်ညှင်းပန်းမှုအမျိုးမျိုး၏ဒဏ်ကြောင့်
သေဆုံးခဲ့ကြရ သည်။ အချို့ကို
တောတွင်းသို့မောင်းထုတ်ခဲ့ပြီး အချို့ကို
နောက်ပိုင်းတွင် တိုင်းပြည်မှ
နည်းလမ်း အမျိုးမျိုးဖြင့်
ထွက်ခွါစေခဲ့ပါသည်။
အခြားတစ်ဖက်တွင် သူတို့၏
သားသမီးများ တပည့်တပန်းများ၏ သားသမီးများ၊
ဆွေမျိုး များကိုတော့ နိုင်ငံရပ်ခြားသို့
စီးပွားရေး၊ ပညာရေးများ
လေ့လာသင်ယူနိုင်အောင် စေလွှတ်ခဲ့ ပါသည်။
သို့အတွက်
အားလုံးကိုခြုံငုံသုံးသပ်ကြည့်မည်ဆိုလျှင်
(နအဖ) စစ်အစိုးရ၌ စနစ်ကျနပြီး
ကျွမ်းကျင်သောစီမံခန့်ခွဲမှုနှင့်
ဦးဆောင်မှုလည်း မရှိ။ အရည်အသွေးရှိသည့်
လူသားအရင်းအမြစ် များကိုလည်း
ဖန်တီးမွေးထုတ်နိုင်ခြင်းလည်း မရှိပါ။
အခြားတစ်ဖက်တွင် တည်ရှိနေသော
နိုင်ငံရေးပြဿနာများကိုလည်း ပြေလည်အောင်
ဖြေရှင်းနိုင်စွမ်းမရှိပါ။
ဖြေရှင်းလိုသည့် ဆန္ဒလည်း မရှိပါ။
ထို့အပြင်
နိုင်ငံတကာမှရရှိလာသည့်
အကူအညီမျိုးစုံကိုလည်း
၎င်းတို့အာဏာတည်မြဲရေး အတွက်သာ ဦးတည်၍
အသုံးချခဲ့ပါသည်။ အသုံးချနေဆဲဖြစ်ပါသည်။
သို့ပါ၍ (နအဖ) စစ်အစိုးရ
ထိပ်သီးများပြောဆိုနေကြသည့်၊
သတင်းစာများတွင် ရေးသား ဖော်ပြနေကြသည့်
ကိုယ့်ခွန် ကိုယ့်အားဖြင့်ရရှိ လာသည့်
ဖွံ့ဖြိုးတိုးတက်မှုအခြေခံကောင်းများ
ဆိုသည်မှာ လိမ်ညာဝါဒဖြန့်ချိရန်ဖြစ်သည့်
ကြွားလုံးများသာဖြစ်ပါသည်။
#####
တူမောင်ညို |