|
တပ်မတော်သားများရဲ့ပိုင်ရှင်အစစ်ဟာ
ပြည်သူတွေသာဖြစ်တယ်
တပ်မတော်ကို ပြည်သူတွေရဲ့ ချွေးနဲစာ
အခွန်ဘဏ္ဍာများနဲ့ တည်ထောင်ထားတာ ဖြစ်တယ်။
အလုပ် သမား၊ လယ်သမား၊
မြို့နေဆင်းရဲသားစတဲ့
လုပ်သားပြည်သူအများစုကြီးရဲ့
ရင်သွေးများနဲ့ ဖွဲ့စည်း ထားတာဖြစ်တယ်။
တပ်မတော်ဟာ ပြည်သူတွေရဲ့ဆန္ဒအရ
ပြဌာန်းအတည်ပြုထားတဲ့
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ
ပေါ်ထွန်းလာတဲ့ အစိုးရ တရပ်ရဲ့ လက်အောက်ခံ
အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။ ဒါကြောင့်
ဖွဲ့စည်းပုံအခြေခံဥပဒေကို
စောင့်သိရိုသေဖို့
ဖွဲ့စည်းပုံအခြေခံဥပဒေအရတက်လာတဲ့
အစိုးရကို သစ္စာခံဖို့ တပ်မတော်မှာ
တာဝန်ရှိတယ်။ တပ်မတော်ဟာ ဖွဲ့စည်းပုံအရ
တရားဝင်တက် လာတဲ့ အစိုးရရဲ့
ညွှန်ကြားမှုကိုနာခံရမယ်။ အစိုးရကို
အမိန့်ပြန်ပေးခွင့်မရှိဘူး။ နိုင်ငံတော်
ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်တာ
ဥပဒေအရ တက်လာတဲ့အစိုးရအပေါ်
သစ္စာမခံတာတွေဟာ နိုင်ငံတော်သစ္စာဖောက်မှု
ဖြစ်တယ်။ နိုင်ငံတော်ဖွဲ့စည်းပုံ
အခြေခံဥပဒေနဲ့ တရားဝင်အစိုးရအပေါ်
သစ္စာခံရမယ်ဆိုတဲ့ တပ်မတော်ရဲ့
စည်းမျဉ်းဥပဒေကို ချိုးဖောက်တာလည်း
ဖြစ်တယ်။
တပ်မတော်ကို
ထူထောင်တာရဲ့ရည်ရွယ်ချက်ဟာ
ပြည်သူအကျိုးကိုကာကွယ်ဖို့ ပြည်သူများ
စုဝေးနေထိုင်ရာ တိုင်းပြည်လွတ်လပ်ရေးနဲ့
အချုပ်အခြာအာဏာကို ထိန်းသိမ်း
စောင့်ရှောက်ဖို့ ဖြစ်တယ်။ ဒီသဘောကို
တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့
ဟောပြောချက် မိန့်ခွန်းတွေထဲမှာ
အများအပြားတွေ့နိုင်တယ်။
ဒီရည်ရွယ်ချက်နဲ့ဆန့်ကျင်ပြီး တပ်မတော်ကို
အသုံးချတာမှန်သမျှဟာ နိုင်ငံတော်နဲ့
ပြည်သူအပေါ် သစ္စာဖောက်တာသာမက
တပ်မတော်အပေါ်သစ္စာဖောက်တာလည်း ဖြစ်တယ်။
ရိုးသားတဲ့ တပ်မတော်အရာရှိ၊ အရာခံ၊ အကြပ်၊
တပ်သားများအပေါ် သစ္စာဖောက်တာ လည်း ဖြစ်တယ်။
တပ်မတော်အရာရှိ၊ အရာခံ၊
အကြပ်တပ်သား တိုင်း ရွတ်ဆိုကြရတဲ့
သစ္စာအဓိဌာန် လေး ချက်
နောက်ဆုံးအပိုဒ်မှာ........“ငါ့နိုင်ငံတော်၊
ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏
အသက်ကို စွန့်လွှတ်ရန် အဓိဌာန်ပြုပါ၏”
လို့ပါရှိပါတယ်။ ဒါဟာတပ်မတော်ရဲ့
အမြင့်ဆုံးအာဏာပိုင် ကာကွယ် ရေး
ဦးစီးချုပ်ကစပြီး အောက်ခြေသာမန်
တပ်မတော်သားလေးအထိ ဘယ်သူမှ
ချိုးဖောက်ခွင့်မရှိတဲ့ စည်းကမ်းဖြစ်သလို၊
တာဝန်လည်းဖြစ်တယ်။
ဒါပေမယ့်
ဒီစည်းမျဉ်းစည်းကမ်းတွေ၊ ကျင့်ဝတ်တွေကို
ဘယ်သူတွေချိုးဖောက်ခဲ့သလဲ။
ချိုးဖောက်နေသလဲ။ ၁၉၆၂ ခုနှစ်မှာ
ဗိုလ်နေဝင်းဟာ သူရရှိထားတဲ့
တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ် ဆိုတဲ့
အဆင့်နေရာကို အသုံးချပြီး အခြေခံဥပဒေအရ
တက်လာတဲ့“ပထစ” အစိုးရကို ဖြုတ်ချ
လိုက်တယ်။ နိုင်ငံတော်အာဏာကို
အဓမ္မလုယူသိမ်းပိုက်လိုက်တယ်။
လွတ်လပ်ရေးရချိန်ကစပြီး တရားဝင်
ပြဌာန်းကျင့်သုံးခဲ့တဲ့ ၄၇ ခုနှစ်
ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း
ဖျက်သိမ်းပစ်လိုက်တယ်။ စစ်အုပ်စုရဲ့
အာဏာနဲ့ အကျိုးစီးပွားအရပ်ရပ်ကို
ကာကွယ်ဖို့ ပြည်သူဆန္ဒအစစ်အမှန်ကို
မျက်ကွယ် ပြုပြီး ၇၄ အခြေခံဥပဒေကို
အနိုင်ကျင့်ရေးဆွဲခဲ့တယ်။
အဲဒီအချိန်ကစပြီး ပြည်သူတွေရဲ့ ချွေးနဲစာ၊
အခွန်ဘဏ္ဍာတွေ၊ ပြည်သူ့ရင်သွေးတွေနဲ့
ဖွဲ့စည်းတည်ထောင်ထားတဲ့ ပြည်သူတွေပိုင်တဲ့
တပ်မ တော်ဟာ စစ်အုပ်စု လက်တဆုပ်စာပိုင်တဲ့
တပ်ဖြစ်သွားတယ်။ တိတိကျကျပြောရရင်
ဗိုလ်နေဝင်း ပိုင်တဲ့တပ် ဖြစ်သွားတယ်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို
ပစ်ပယ်တဲ့တပ်၊ နိုင်ငံတော်နဲ့ ပြည်သူကို
သစ္စာဖောက်တဲ့တပ်၊ ဗိုလ်နေဝင်းစစ်အုပ်စု
လက်တဆုပ်စာကို ကာကွယ်
အလုပ်အကျွေးပြုတဲ့တပ်အဖြစ်
ပြောင်းလဲသွားခဲ့ရတယ်။
ဗိုလ်နေဝင်း
စစ်အာဏာရှင်စနစ်အောက်မှာ တတိုင်းပြည်လုံး
မွဲပြာကျခဲ့ရတယ်။ အထွေ ထွေအကျပ်အတည်းကို
ခံစားနေကြရတဲ့ လူမျိုးစုံပြည်သူတွေဟာ
စစ်အာဏာရှင်စနစ်ဖယ်ရှားရေး၊ ဒီမိုကရေစီရေး
အတွက် ၈ လေးလုံး လူထုအရေးတော်ပုံကြီးကို
ဆင်နွှဲခဲ့ကြတယ်။ ဗိုလ်နေဝင်း
ဘာလုပ်ခဲ့သလဲ... “စစ်တပ်ဆိုတာ
ပစ်ရင်တည့်တည့်ပစ်တယ်။
မိုးပေါ်ထောင်ဖောက်တာ မပါဘူး၊” ဆိုတဲ့
နှုတ်မိန့်ပေးပြီး ပြည်သူတွေကို
ထောင်နဲ့ချီ ပစ်သတ်ခဲ့တယ်။
ထောင်နဲ့ချီပြီး ဖမ်းဆီး အကျဉ်း ချခဲ့တယ်။
ပြည်သူချွေးနဲစာဘဏ္ဍာနဲ့ တည်ထောင်ထားတဲ့တပ်
ပြည်သူ့ရင်သွေးတွေနဲ့ ဖွဲ့စည်းထား
တဲ့တပ်ကို အသုံးချပြီး ပြည်သူတွေ
အသတ်ဖြတ်ခံလိုက်ရတဲ့ အဖြစ်ဆိုးဟာ
စေ့စေ့တွေးလေ ကြေကွဲ
ဝမ်းနည်းစရာကောင်းလေပဲ။
လက်ရှိ ဗိုလ်သန်းရွှေ
နအဖစစ်အုပ်စုဟာလည်း တပ်မတော်ကို
စစ်အုပ်စုပိုင် လုပ်ထားနိုင် ဆဲပဲ။
တပ်မတော်ကို အသုံးချပြီး
ပြည်သူကိုဖိနှိပ်၊
တိုင်းပြည်စီးပွားရေးကို လက်ဝါးကြီးအုပ်
သွေးစုပ် နေတယ်။
အတုအယောင်အမျိုးသားညီလာခံကတစ်ဆင့်
ပြည်သူ့ဆန္ဒနဲ့ ဆန့်ကျင်တဲ့ စစ်အာဏာရှင်
စနစ် အဓွန့်ရှည်ရေး အခြေခံဥပဒေကို တဖက်သတ်
ရေးဆွဲနေတယ်။ စစ်အာဏာရှင်စနစ် တရားဝင်
ဖြစ်အောင် အကောက်ကြံနေတယ်။ နိုင်ငံတော်
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ
လူမျိုးစုံပြည်သူ တရပ်လုံးရဲ့
အကျိုးစီးပွားအပေါ်အခြေခံပြီး
ရေးရတာမျိုးဖြစ်တယ်။ စစ်အုပ်စုလက်တစုပ်စာ
အကျိုး အခြေခံပြီး ရေးထားတဲ့
အခြေခံဥပဒေဆိုတာ စစ်အုပ်စုကို
အလုပ်အကျွေးပြုဖို့ ပြည်သူတွေကို
တရားဝင်ကျွန်ပြုတဲ့ ဥပဒေသာဖြစ်တယ်။
ပြည်သူတွေ ပူးပေါင်းပါဝင်ခွင့်မရှိဘဲ
စစ်အုပ်စုက သူ့အလို ကျ တဖက်သတ်ရေးဆွဲတဲ့
အခြေခံဥပဒေကို ကျုပ်တို့ပြည်သူတွေ
တရားဝင်အသိအမှတ်ပြုပေးဖို့
ဆိုတာမဖြစ်နိုင်ဘူး။ အဲဒီလိုသာ
အသိအမှတ်ပြုပေးလိုက်ရင်
ကိုယ့်လည်ပင်းကိုစွပ်မယ့် ကြိုးကွင်း
လုပ်ဖို့ ကိုယ်ကိုယ်တိုင်က
ကြိုးကျစ်ပေးလိုက်သလို မုချဖြစ်မှာပဲ။
တိုင်းပြည်ရဲ့ အထွေထွေ
အကျပ်အတည်းကြောင့် ၂၀၀၇ စက်တင်ဘာ
လူထုအရေးတော် ပုံကြီး
ပေါ်လာခဲ့ရတယ်။သံဃာတော်များ ဦးဆောင်တဲ့
ဒီအရေးတော်ပုံကြီး ဟာ အထွေထွေ
သပိတ်ကြီးအဖြစ် ဦးတည်ဖြစ်ပေါ်နေဆဲမှာပဲ
နအဖစစ်အုပ်စုက တပ်မတော်ကို အသုံးချပြီး
အကြမ်း ဖက်သတ်ဖြတ်ဖြိုခွဲတာကို
ခံလိုက်ရတယ်။ အများအပြား သေကြေဒါဏ်ရာရကြ၊
အများအပြား ဖမ်းဆီးထောင်ချခံကြရတယ်။
စစ်အုပ်စုကတော့ ၁၅ ဦးသာ သေတယ်လို့
ကြေညာပြီး၊ ရဟန်းတု၊ ရဟန်းယောင်တွေရဲ့
အကြမ်းဖက်ဆူပူမှုလို့လည်း
စွပ်စွဲပုတ်ခတ်တယ်။ နောက်ဆုံးအခြေအနေအရ
နအဖစစ်အုပ်စုဟာ နောက်တစ်ကြိမ် လူထု
တိုက်ပွဲကြီးမပေါ်မီ စစ်အာဏာရှင်စနစ်
အခြေခံဥပဒေကို တရားဝင်အတည်ပြုနိုင်အောင်
တက်သုတ်ရိုက် လုံးပန်းနေတယ်လို့ ယူဆရတယ်။
နအဖရဲ့စစ် အာဏာရှင်စနစ် အခြေခံဥပဒေတရားဝင်
အတည်ဖြစ်သွားရင် ပြည်သူတွေ သားစဉ် မြေးဆက်
ဒုက္ခပင်လယ်ဝေကြဦးမှာ မုချပဲ။ ဒါ
ကြောင့်နအဖစစ်အုပ်စုရဲ့ စစ်အာဏာရှင်စနစ်
အခြေခံဥပဒေကို ပြည်သူတရပ်လုံးတခဲနက်
ဝိုင်းဝန်းကန့်ကွက်ကြရလိမ့်မယ်။
ဒီလိုအခြေအနေမျိုးမှာ
တပ်မတော်အတွင်းမှာရှိတဲ့ ကျုပ်တို့ရဲ့
ပြည်သူ့ရင်သွေးတိုင်းချစ် ပြည်ချစ်
အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သား
ညီအစ်ကိုတော်တွေ ဘယ်အခန်းကပါဝင် ကြမလဲ။
တပ်မတော်တွင်းက
ညီအစ်ကိုတော်တွေ အလေးအနက်စဉ်းစားကြပါ။
ဗိုလ်နေဝင်း က စပြီး
ယနေ့ဗိုလ်သန်းရွှေစစ်အုပ်စုအထိ
စစ်အုပ်စုအဆက်ဆက်ဟာ တိုင်းပြည်ရဲ့ တရားဝင်
၄၇ အခြေခံဥပဒေကို သစ္စာဖောက်ခဲ့တဲ့
နိုင်ငံတော် သစ္စာဖောက်တွေဖြစ်တယ်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ အခြေခံဥပဒေအရ
အာဏာရလာတဲ့အစိုးရကို သစ္စာခံရမယ်ဆိုတဲ့
တပ်မတော် စည်းမျဉ်း ဥပဒေကိုပါ
ချိုးဖောက်သူတွေ ဖြစ်တယ်။ ဒီအချက်တွေအရ
စစ်အုပ်စု အဆက်ဆက်နဲ့ လက်ရှိ အာဏာသိမ်း
နအဖ စစ်အုပ်စုဟာ နိုင်ငံတော်ကိုဖြစ်စေ၊
တပ်မတော်ကိုဖြစ်စေ၊ တရားဝင် ကိုယ်စား
ပြုခွင့်ရှိသူတွေမဟုတ်ဘူး။
နိုင်ငံတော်နဲ့တပ်မတော်အပေါ်
သစ္စာဖောက်မှုနဲ့ အရေးယူရမယ့် ရာဇဝတ်
အကောင်တွေသာဖြစ်တယ်။
ဒါကြောင့် စစ်အုပ်စု
လက်တဆုပ်စာ လက်ထဲကျရောက်နေတဲ့ တပ်မတော်ကို
မူလ ပိုင်ရှင် အစစ်ဖြစ်တဲ့
ပြည်သူ့လူထုလက်ထဲအချိန်မီ
ပြန်အပ်နိုင်ကြဖို့လိုတယ်။ တပ်မတော်ရဲ့
အမြင့်ဆုံး အမိန့်ပေးဌာနကို
ကိုယ်စားပြုခွင့်မရှိတဲ့ ဗိုလ်သန်းရွှေ
စစ်အုပ်စုကို ဖယ်ရှားပြီး၊ တိုင်းချစ်၊
ပြည်ချစ် တပ်မှူးကြီးများနဲ့ အမြန်ဆုံး
အစားထိုးကြဖို့၊ တပ်မတော်ကိုပြည်သူ့လက်ထဲ
အမြန်ဆုံး ပြန်လည် အပ်နှံနိုင်အောင်
ကြိုးပမ်းကြဖို့လိုတယ်။ ဒီနည်းနဲ့သာ
ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေး၊
လူမျိုးတိုင်း တန်းတူသွေးစည်းရေးကို
ရုပ်လုံးဖော်နိုင်မှာဖြစ်တယ်။ ဒီနည်းနဲ့သာ
ပြည်သူ့အကျိုး စီးပွားကို
ကာကွယ်စောင့်ရှောက်တဲ့တပ်၊
နိုင်ငံအချုပ်အခြာအာဏာ ကို
ကာကွယ်ထိန်းသိမ်းတဲ့တပ် အဖြစ်
ပြန်လည်ဂုဏ်သိက္ခာရှိလာမှာသာဖြစ်တယ်။
ဒီနည်းနဲ့ သာ
တမျိုးသားလုံးပြန်လည်သွေးစည်း ရေးကို
ဆောင်ကျဉ်းပေးနိုင်မှာဖြစ်တယ်။
ပြည်သူတွေဟာ သူတို့ဘဝ
စစ်အာဏာရှင်စနစ်ဆိုးအောက်က လွတ်မြောက်ရေး
အတွက် တပ်မတော်အတွင်းမှာရှိတဲ့
သူတို့ရင်သွေးတွေရဲ့ အကူအညီကို
မျှော်လင့်တောင့် တာနေကြတာ ကြာပြီဆိုတာ
ညီအစ်ကိုတော်တို့လေးနက်ကြဖို့ပါ။
စစ်အာဏာရှင်စနစ်ဆိုးရှိနေသ၍
ပြည်သူတွေရဲ့လွတ်မြောက်ရေး
လူထုအုံကြွလှုပ်ရှားမှု ရှိနေဦးမှာပဲ။
နအဖစစ်အုပ်စုရဲ့ လမ်းပြမြေပုံ ၇ ချက်အရ
အခြေခံဥပဒေဆန္ဒခံယူပွဲ လုပ်လာတဲ့
အခါမှာဖြစ်စေ၊ ဆန္ဒခံယူပွဲ မလုပ်တော့ဘဲ
အခြေခံဥပဒေကို ဇွတ်အတည်ပြုရင်ဖြစ်စေ
ဝိုင်းဝန်း ကန့်ကွက်တဲ့ လူထှုဆန္ဒပြပွဲတွေ
သဏ္ဍာန်မျိုးစုံနဲ့ပေါ်ထွက်လာဦးမှာပဲ။
လူထုအုံကြွမှုတွေပေါ်လာတိုင်း လည်း
ဗိုလ်သန်းရွှေစစ်အုပ်စုဟာ
ကျုပ်တို့တပ်မတော် အရာရှိ အရာခံ၊ အကြပ်၊
တပ်သားတွေကို အမိန့်ပေးရင်ဘာမဆိုလုပ်တဲ့
ဦးနှောက်မဲ့သူ ကျေးကျွန်တွေ အဖြစ်
သဘောထားပြီး ပြည်သူတွေကို
သတ်ဖြတ်ဖို့အမိန့်တွေပေးနေဦးမှာဘဲ။
ဗိုလ်သန်းရွှေ သေသွားရင်လည်း
သူ့နေရာဆက်ခံတဲ့ စစ်အာ ဏာရှင်အသစ်က
အဲဒီလိုအမိန့်တွေပေးနေဦးမှာပဲ။
ဒီတော့ကျုပ်တို့တပ်မတော်အတွင်းက
ညီအစ်ကိုတော်တွေ ဘာလုပ်ကြမလဲ။ စစ်အုပ်စု
အမိန့်ကိုနာခံပြီး ကိုယ့်မိဘ၊
ညီအစ်ကိုမောင်နှမတွေကို
ပြန်သတ်ရတဲ့သံသရာမှာပဲလည်နေကြ မလား၊
ကိုယ့်မိဘ၊ ညီအစ်ကို မောင်နှမတွေနဲ့
လက်တွဲပြီး စစ်အာဏာရှင်စနစ်ကို
ဖယ်ရှားကြမလား၊ မိဘပြည်သူနဲ့ အတူ
ရပ်တည်လက်တွဲပြီး နအဖစစ်အာဏာရှင်စနစ်ကို
ဖယ်ရှားပစ်နိုင်မှ ဒီမိုကရေစီ
စနစ်နဲ့အစားထိုးနိုင်မှ
ကျုပ်တို့တပ်မတော်သားညီအစ်ကိုတွေ
တာဝန်ကြေရာကျလိမ့်မယ်။ ဒီအတွက်
အမြန်စဉ်းစားဆုံးဖြတ်ကြ
အမြန်စည်းရုံးပြင်ဆင်ကြဖို့တိုက်တွန်းနှိုးဆော်
လိုက်ပါတယ်။
တကယ်က တပ်မတော်ရဲ့
ပိုင်ရှင်အစစ်ဟာ ဗိုလ်သန်းရွှေစစ်အုပ်စု
လုံးဝ(လုံးဝ)မဟုတ်ဘူး။ ခင်ဗျားတို့ကို
မွေးလည်းမွေးခဲ့၊ ကျွေးလည်းကျွေးခဲ့ကြတဲ့
ခင်ဗျားတို့ရဲ့ မိရင်းဘရင်း(မိရင်း ဘရင်း)
ပြည်သူလူထုကြီး သာဖြစ်တယ်ဆိုတာ
လေးနက်ကြစေချင်ပါတယ်။ ညီအစ်ကိုတော်
အပေါင်းတို့။ ။
(တပ်မတော်သားဟောင်းတစ်ဦး)
|