|
လူ့ဘောင်သစ်ကို တည်ဆောက်နိုင်ကြဖို့
ဒီဆောင်းပါးရေးပေးဖို့ သက်ဆိုင်ရာ
တာဝန်ရှိတဲ့ ရဲဘော်ရဲဘက်တွေက
တောင်းဆိုလာတော့ ကျနော့်ရဲ့ အတွေးစိတ်က
၁၉၈၈ မတိုင်ခင်ရှေ့ပိုင်းကာလအထိ
ပြန်ရောက်သွားပါတယ်။ စီကာ စဉ်ကာ
စံနစ်တကျမဟုတ်ပေမယ့် ဖြစ်ရပ်တွေ၊ လူတွေ၊
လှုပ်ရှားမှုတွေဟာ တရိပ်ရိပ် လှုပ်ရှား
သက်ဝင်လာသလိုပါပဲ။ တချို့ ထင်ထင်ရှားရှား၊
တချို့ မပီပြင်ဝိုးတ၀ါး။ ကြည်နူးဝမ်းသာ၊
အားမလို အားမရ၊ တနုံ့နုံ့၊
ဝမ်းနည်းစိတ်မကောင်း၊ တက်ကြွလန်းဆန်း၊
စိတ်ပျက်အားငယ်၊ အားခဲမာန်တင်း
စတဲ့ခံစားမှုတွေ ရုန်းကြွလိုက်၊
ငုတ်လျှိုးလိုက်၊ ပေါ်လိုက်ပျောက်လိုက်၊
မှတ်တမ်းတင် ဗီဒီယိုတခုလို မဟုတ်ပေမယ့်
ပန်းချီပြပွဲတခုမှာ ပန်းချီကားတွေကို
ကပ်ကြည့်ခွာကြည့် နီးဝေးခံစားကြည့် ရသလို
မျိုး ဖြစ်မယ်ထင်ပါတယ်။
“အကို ကျနော်တို့
ကျောင်းသားပါတီတခု ဖွဲ့တော့မလို့”
အဲဒီလိုပြောလာတဲ့သူကတော့
ကျောင်းသားပိုင်းက ကျနော်တို့နဲ့တွဲပြီး
စစ်အစိုးရဆန့်ကျင်ရေးလုပ်နေတဲ့
ကျောင်းသားလူငယ်တ ယောက်။ တက္ကသိုလ်တခုရဲ့
သမဂ္ဂက တက်ကြွလှုပ်ရှားသူ
ကျောင်းသားတယောက်ဆိုတာကို အမှတ်ထင်ထင်
ရှိနေပါသေးတယ်။ အချိန်က စစ်အစိုးရက ၁၉၉၀
မှာ ရွေးကောက်ပွဲလုပ်ပေးမယ် ဆိုပြီး
နိုင်ငံရေးပါတီတွေ
ဖွဲ့စည်းခွင့်ပြုလိုက်ပြီးတဲ့ အချိန်၊
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည် ဦးစီးတဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို
အင်အားကောင်းကောင်းနဲ့ ဖွဲ့စည်းတည်ထောင်
ပြီးစအချိန်၊ စစ်အစိုးရက
သူ့ရဲ့အမာခံဒေါက်တိုင် မဆလ တဖြစ်လဲ
တစညပါတီ အင်အားနဲ့ သူတို့ရဲ့ အာဏာကို
ပေါင်းစပ်ပြီး ရွေးကောက်ပွဲမှာ
အနိုင်ယူနိုင်အောင် မဟာဗျူဟာချ
ပြင်ဆင်ကြိုးပမ်းနေတဲ့ အချိန်လည်း
ဖြစ်ပါတယ်။ အဲဒီအချိန်မှာ
စစ်အာဏာရှင်စံနစ်ကို ဖြိုဖျက်ပစ်ဖို့
ဆယ်စုနှစ်နဲ့ချီပြီး အစဉ်တစိုက်
ကြိုးပမ်းအားထုတ်နေတဲ့ ကျနော်တို့က
မြေအောက်နိုင်ငံရေးလှုပ်ရှားမှုနဲ့ လူထု
ကြားမှာ စည်းရုံးလှုပ်ရှားနေကြတဲ့ကာလ
ဖြစ်နေတော့ လူထုထောက်ခံမဲ တချို့
ပြန့်ထွက်သွားပြီး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
စစ်အစိုးရရဲ့ဒေါက်တိုင် တစညကို
နှာတဖျားနဲ့ ကပ်ပြီးရှုံးသွားမှာ
သိပ်စိုးရိမ်နေခဲ့ပါတယ်။
ကျောင်းသားတွေ
နိုင်ငံရေးပါတီထောင်ပြီး တရားဝင်
နိုင်ငံရေးနယ်ထဲဝင်မှာကို ထောက်ခံ ပေမယ့်
ကျောင်းသားပါတီတွေ တကျောင်းတဂါထာ၊
တရွာတပုဒ်ဆန်းဆိုသလို တဖွဲ့ပြီးတဖွဲ့
ထဖွဲ့လာ ကြပြီး ကျောင်းသားပါတီတွေ
အများကြီး ကွဲထွက်လာမှာကို
မဖြစ်စေချင်ပါဘူး။ ဒါကြောင့် သက်ဆိုင် ရာ
တာဝန်ရှိ ကျောင်းသားခေါင်းဆောင်တချို့နဲ့
ဆက်သွယ်ပြီး ကျောင်းသားပါတီတရပ် ဖွဲ့စည်း
တည်ထောင်တာကို ထောက်ခံကြောင်း၊ ဒါပေမယ့်
အဓိက လူထုဒီမိုကရေစီပါတီကြီးဖြစ်တဲ့
အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်
ရွေးကောက်ပွဲမှာ
အစိုးရဖွဲ့နိုင်တဲ့အဆင့်အထိ လူထုထောက်ခံမဲ
အပြတ် အသတ်နဲ့ အနိုင်ရရေးကို
ဝိုင်းရံအားပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်
ထားသင့်ကြောင်း၊ ကျောင်းသားပါတီ တွေ
အများကြီး မဖွဲ့စည်းသင့်ကြောင်း၊
အကြံပြုစာတစောင်ကိုလည်း
ရေးသားပေးပို့ခဲ့ပါတယ်။ အဲဒီ အချိန်မှာ
ထိတွေ့ဆက်ဆံနေပြီးဖြစ်တဲ့
ကျောင်းသားခေါင်းဆောင်တချို့နဲ့
ချိန်းဆိုတွေ့ဆုံပြီး
ဆွေးနွေးအကြံပြုခဲ့သလို သူတို့တွေရဲ့
လိုအပ်ချက်တချို့ကိုလည်း
တတ်နိုင်တဲ့အပိုင်းက အကူအညီ ပေးခဲ့ပါတယ်။
တချို့ကျောင်းသားလူငယ်တွေကို ၁၉၈၉
ခုနှစ်အစောပိုင်းကာလအထိ ရန်ကုန်မှာ မကြာ
ခဏ တွေ့ဆုံဆွေးနွေးခွင့်ရခဲ့ပေမယ့်
တချို့ကိုတော့ မတွေ့ရတော့ပါဘူး။
အဲဒီအချိန်မှာ ကျနော်တို့ရဲ့
နိုင်ငံရေးလှုပ်ရှားမှုစည်းအရလည်း
တွေ့ဆုံဆွေးနွေးပြောဆိုမှုကို
အကန့်အသတ်နဲ့ လုပ်နေရတဲ့ အတွက်
အများအားဖြင့် ကိုယ့်မြို့ကိုယ့်ဒေသက
လူ့ဘောင်သစ်ပါတီဝင် ကျောင်းသားကျောင်းသူ
တွေ(ဗကသ အဖွဲ့ဝင်တွေ)ကိုပဲ
တွေ့ဆုံဆွေးနွေး အကြံပေး၊ လေ့လာရေးအတွက်
လိုအပ်တဲ့ နိုင်ငံရေးဆိုင်ရာ
စာအုပ်စာတမ်းတွေ
ငှားရမ်းရှာဖွေပေးတာမျိုးတွေ
လုပ်ပေးနိုင်ခဲ့ပါတယ်။
အဲဒီအချိန်က ဗကသ
ကျောင်းသားကျောင်းသူတွေရော၊
လူ့ဘောင်သစ်ပါတီဝင်
ကျောင်းသားကျောင်းသူတွေရော
နိုင်ငံရေးစာပေလေ့လာရေးကို
ဇောက်ချလုပ်နိုင်ခဲ့တာ တွေ့ရပါ တယ်။
ကျနော်တို့အုပ်စု အနှစ်နှစ်အလလက
ရှာဖွေစုဆောင်းထားတဲ့ နိုင်ငံရေးသဘောတရား
စာအုပ်တွေ၊ စာပေအနုပညာဆိုင်ရာ စာအုပ်တွေ
အတော်များများဟာ မနားရအောင်ကို ငှားခဲ့ရပါ
တယ်။ ငှားရမ်းဖတ်ရှုပြီးလို့
ဆွေးနွေးပြောဆိုချင်တဲ့
ကျောင်းသားကျောင်းသူတွေနဲ့လည်း တတ်နိုင်
သမျှ အချိန်ပေး ဆွေးနွေးရပါတယ်။
အဲဒီအချိန်က ကျနော့်ရဲ့
အသက်မွေးဝမ်းကြောင်းအလုပ်က လည်း
ကျူရှင်ဆရာဖြစ်နေတာဟာ ကံကောင်းတဲ့
အချက်တခုဖြစ်ခဲ့ပါတယ်။
ကျနော်တို့ အဓိက စိုးရိမ်ခဲ့တာက
စစ်အစိုးရရဲ့ ကောက်ကျစ်စဉ်းလဲတဲ့
လှည့်ကွက်တွေ ထောင်ချောက်တွေထဲကို
နိုင်ငံရေးကို စိတ်ဝင်တစားနဲ့
ပါဝင်လှုပ်ရှားလာကြတဲ့ တက်ကြွတဲ့ လူငယ်
တွေ ကျရောက်သွားမှာကိုပါပဲ။ အဲဒါကို
တတ်နိုင်သမျှ ကာကွယ်ပေးဖို့
ကြိုးစားခဲ့တာပါ။ တဖက်က လည်း
တော်လှန်တိုးတက်တဲ့
နိုင်ငံရေးသဘောတရားတရပ်ကို စံနစ်တကျ
လေ့လာဆည်းပူး၊ လက်တွေ့နဲ့
ပေါင်းစပ်အသုံးချတတ်လာအောင် ကျနော်တို့မှာ
ဆည်းပူးရရှိထားတဲ့ အတွေးအခေါ် တွေ၊
လက်တွေ့ဖြစ်ရပ်တွေ၊ အတွေ့အကြုံတွေကို
အခါအခွင့်သင့်တိုင်း
မျှဝေပေးအပ်ခဲ့ကြပါတယ်။
တိုင်းအတာတခုထိလည်း အောင်မြင်ခဲ့တယ်လို့
ပြောနိုင်ပါတယ်။ အဲဒီအချိန်က
လူထုဒီမိုကရေစီ အရေးတော်ပုံကြီးတခုကို
ဖြတ်သန်းပြီး နိုင်ငံရေး၊ ဒီမိုကရေစီရေး၊
လူ့အခွင့်အရေး၊ အမှန်တရားနဲ့
တရားမျှတမှုကို အာသာငန်းငန်း
စိတ်ဝင်စားမှုရှိခဲ့ကြတဲ့ လူငယ်တွေဟာ
မကြုံစဖူး စည်းလုံး ညီညွတ်ခဲ့ကြ၊
ယိုင်းပင်းကူညီမှု ရှိခဲ့ကြတာ တွေ့ရပါတယ်။
တချို့လူငယ်တွေဆိုရင် အချိန်တိုတို
အတွင်းမှာပဲ တိုးတက်ရင့်ကျက်လာကြတာ
တွေ့ရပါတယ်။ လူထုနဲ့ ပိုပြီး ထဲထဲဝင်ဝင်
ထိစပ်လာကြ သလို လူထုနဲ့ ပညာပေးပညာယူ
လုပ်ငန်းတွေ လုပ်ဆောင်လာကြတာ တွေ့ရပါတယ်။
အနာဂတ် မြန်မာနိုင်ငံအတွက် ကျနော်တို့
အလွန်ကျေနပ်အားတက်ခဲ့ရတဲ့
အချိန်လို့ပြောရင် မှားမယ်မဟုတ် ပါဘူး။
အဲ ကျနော်တို့မှာ
ဆုံးရှူံးသွားခဲ့တာတွေလည်း ရှိခဲ့ပါတယ်။
အဲဒါကတော့ ကျနော်တို့ အနှစ်နှစ် အလလက
စုဆောင်းရှာဖွေ အမြတ်တနိုး
သိမ်းဆည်းထားခဲ့တဲ့ ရှားပါးစာအုပ်
အတော်များများက တော့ လုံးဝ
ပျောက်ဆုံးသွားခဲ့တာပါပဲ။ ဆောရီးအကိုရေ့
ဘယ်သူနဲ့ပါသွားလို့။ ဆောရီးဆရာရေ
ကျနော်ဆီက ဘယ်သူထပ်ငှားသွားလို့။
ဆိုတာမျိုးပါ။ ကျနော်တို့ကတော့
မချိသွားဖြဲနဲ့ ခွင့်လွှတ်ခဲ့ရ တာပါပဲ။
တမင်ဖျောက်ပစ်တာမှ မဟုတ်တာကိုး။
အဲဒီကျောင်းသားကျောင်းသူတွေဟာ အမှန်
တကယ်ပဲ “လူ့ဘောင်သစ်”ကို တည်ဆောက်ဖို့
ကြိုးစားခဲ့ကြတယ်ဆိုတာကို ကျနော် အလေးအနက်
ယုံကြည်ပါတယ်။ သူတို့မှာ ခိုင်မာလေးနက်တဲ့
ယုံကြည်မှုတွေ ရှိခဲ့ကြသလို
ယုံကြည်ချက်အတိုင်း ရဲရဲရင့်ရင့်
ရပ်တည်လျှောက်လှမ်းခဲ့ကြပါတယ်။
စစ်အာဏာရှင်တွေရဲ့ မတရားတဲ့ အမိန့်အာဏာတွေ
ကို ဆန့်ကျင်အာခံလှုပ်ရှားခဲ့ကြပါတယ်။
လေ့လာတည်ဆောက်ခဲ့ကြသလို လူထုကို စည်းရုံး
သိမ်းသွင်းနိုင်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း
၁၉၉၀ ခုနှစ်
ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီးမှာ
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ
လူထုထောက်ခံမဲ အပြတ် အသတ်နဲ့
အောင်ပွဲဆင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
မြန်မာတနိုင်ငံလုံးက ဗကသဖွဲ့ဝင်
ကျောင်းသား ကျောင်းသူတွေ
တာဝန်ကျေပွန်ခဲ့ကြသလို၊
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်
ကျောင်းသား ကျောင်းသူတွေအားလုံးလည်း
တာဝန်ကျေပွန်ခဲ့ကြပါတယ်။ ကျနော်တို့ကတော့
ရန်သူကျားရဲတွေရဲ့ ကိုက်ခဲဆုတ်ဖြဲတာကို
ခံနေရတဲ့အချိန် ဖြစ်နေလေတော့ သူတို့တွေရဲ့
အားကြိုးမာန်တက် လှုပ်ရှားမှု သတင်းတွေ၊
စွန့်လွှတ်အနစ်နာခံမှု သတင်းတွေကိုပဲ
နားစွင့်အံခဲနေခဲ့ကြရပါတယ်။
ဝမ်းနည်းစရာကောင်းတာကတော့
သူတို့ တကယ်တန်းတည်ဆောက်ချင်ခဲ့ကြတဲ့
ဒီမိုကရေစီ လူ့ဘောင်သစ်ကြီးတခုကိုတော့
တည်ဆောက်လို့မရနိုင်ခဲ့ပါဘူး။
မရနိုင်သေးပါဘူး
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဆိုတဲ့
ကျောင်းသားနိုင်ငံရေးပါတီ(ခုတော့လည်း
ကျောင်းသား မဟုတ်ကြတော့)ဟာလည်း ၁၉၉၀
ရွေးကောက်ပွဲနောက်ပိုင်း စစ်အစိုးရရဲ့
မတရားဖိစီးနှိပ်ကွပ်မှု တွေကြောင့် မြေပေါ်
တရားဝင်နိုင်ငံရေးပါတီအဖြစ်
ဆက်ပြီးရပ်တည်ဖို့ မဖြစ်နိုင်တော့တဲ့အတွက်
၁၉၉၁ ခုနှစ်၊ နိုဝင်ဘာလမှာ
မာနယ်ပလောလွတ်မြောက်နယ်မြေကို
ရွှေ့ပြောင်းရပ်တည်ခဲ့ရပါတယ်။
ခုထိလည်းမပြီးဆုံးသေးတဲ့
လူထုဒီမိုကရေစီအရေးတော်ပုံကြီး အပြီးသတ်
အောင်ပွဲရယူနိုင်ဖို့ အတွက်
ဆက်လက်တာဝန်ထမ်းဆောင်နေဆဲ ဖြစ်ပါတယ်။
အခက်အခဲအတားအဆီးတွေ၊ ရန်သူရဲ့
ထိုးနှက်တိုက်ခိုက်မှုတွေ အများကြီး
ကြုံတွေ့ဖြတ်သန်းခဲ့ရ၊
ဖြတ်သန်းနေရဆဲဖြစ်လို့ တည်ငြိမ်
ရင့်ကျက်တဲ့ ပါတီတခုဖြစ်လာခဲ့ပြီလို့
ပြောရမှာပါပဲ။
တနေ့မှာတော့ ညီ ညီမတို့
တည်ဆောက်ချင်တဲ့ ဒီမိုကရေစီလူ့ဘောင်သစ်ကို
အောင်အောင်မြင်မြင် တည်ဆောက်နိုင်မှာပါ။
အဲဒီအချိန်မှာ မြန်မာ့ဒီမိုကရေစီရေး
လှုပ်ရှားမှူသမိုင်း ကို
ကိုယ်တိုင်ပါဝင်ရေးသားခဲ့ကြတဲ့
ခိုင်မာအားကောင်းတဲ့ လက်ချောင်းတွေထဲကို
လူ့ဘောင်သစ် ကြီးရဲ့
အနာဂါတ်ရောက်ရှိလာပါလိမ့်မယ်။ ညီ ညီမတို့
စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ အနု
ပညာမြောက် လှပပြည့်စုံကောင်းမွန်တဲ့
လူ့ဘောင်သစ်တခုကို တည်ဆောက်ကြပါ။
အမှန်တရားနဲ့ တရားမျှတမှု၊ လူ့အခွင့်အရေး
ဒီမိုကရေစီရေးတွေကို မလိုလားတဲ့၊
ရန်ပြုလို သူတွေရဲ့ရန်က လူ့ဘောင်သစ်ကို
ကာကွယ်စောင့်ရှောက်ကြပါ။
စစ်မှန်တဲ့သမိုင်းမရှိပဲ တော်လှန်ရေး
မြစ်ကြီးရဲ့ ရေစီးမှာ
ရေစုန်မျှောလိုက်ချင်သူတွေ၊
ကိုယ်ကိုယ်တိုင် အမှန်တကယ် ပါဝင်အားထုတ်
ထွန်ယက်စိုက်ပျိုးမလုပ်ခဲ့ပဲ
တော်လှန်ရေးရဲ့အသီးအပွင့်တွေကို
ဆွတ်ခူးစားသုံးချင်သူတွေကိုလည်း
သတိကြီးကြီးထား ဟန့်တားကာကွယ်ကြပါ။
ကျောက်သားမျက်နှာပြင်ပေါ်မှာ အသက်သွေးချွေး
ဘဝတွေ ပေးဆပ်ရေးထိုးထားတဲ့
သမိုင်းစာမျက်နှာတွေကို ဘယ်လိုလူမျိုး
ဘယ်လိုအရာကမှ ဖယ်ရှားဖျောက်ဖျက်ပစ်လို့
မရနိုင်သလို
သမိုင်းစာမျက်နှာအတုတွေကိုလည်း
လုပ်ကြံဖန်တီး ရေးသားလို့ မရနိုင်ပါဘူး။
အနာဂတ်ဒီမိုကရေစီ လူ့ဘောင်သစ်ကို
အမြန်ဆုံး တည်ဆောက်နိုင်ကြ ပါစေ။
လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ သစ္စာတရား၊
မေတ္တာတရားတို့နဲ့ ထုံမွှန်းသော လူ့ဘောင်သစ်
တခုအဖြစ် ကမ္ဘာတည်သရွေ့
အဓွန့်ရှည်ပါစေသော်။
။
*****
(လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
တည်ထောင်ခြင်း အနှစ် ၂၀ ပြည့် အမှတ်တရ)
စိုးနေလင်း |