ပြည်သူသာအမိ ပြည်သူသာအဖ

အဖွင့်စာမျက်နှာ သမိုင်းအကျဉ်း ဖွဲ့စည်းပုံစည်းမျဉ်း တပ်ပေါင်းစုရေးရာ ဆက်သွယ်ရန်

 

 

  

ဒီနေ့ အဓိက ဦးတည်လုပ်သင့်တဲ့ လုပ်ငန်း

              

ဒီနေ့ဗမာပြည်နိုင်ငံရေးမှာ စစ်အစိုးရဆန့်ကျင်သူတွေဟာ လုပ်ငန်းစဉ်တွေ အမျိုးမျိုး ချမှတ်ကြပါ တယ်။ ပါတီအဖွဲ့အစည်းတွေ အနေနဲ့ရော၊ တပ်ပေါင်းစုတွေအနေနဲ့ပါ လုပ်ငန်းစဉ်တွေ ထွက်ပေါ် လာတာ မကြာခဏ တွေ့ကြရပါတယ်။ ဒါပေမဲ့ ဒီနေ့အခြေအနေ၊ အထူးသဖြင့် သူ့ဖက်ကိုယ့်ဖက် အခြေအနေကို သုံးသပ်တာ အတော်လေး တွေ့ရခဲပါတယ်။ ကိုယ်ဖြစ်စေချင်တာ၊ ကိုယ်လုပ်ချင်တာ ကိုပဲ တင်ပြနေတာတွေက ပိုများသလားလို့။

            သူ့ဖက်ကိုယ့်ဖက် အနေအထား၊ အင်အားကိုတွက်တာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါကို အမှန်အတိုင်းမြင်နိုင်မှ ဘာလုပ်ရမယ်ဆိုတာကို အမှန်အတိုင်း ချမှတ်နိုင်မှာဖြစ်ပါတယ်။ အင်အားချိန်ခွင်လျှာကို တွက်ရာမှာ ရေရှည်သမိုင်းအမြင်နဲ့ လက်ငင်းလက်တွေ့အမြင်ရယ်လို့ နှစ်မျိုး ရှိပါတယ်။ ရေရှည်သမိုင်းအမြင်သဘောပြောရရင် ပြည်သူလူထုဟာ မုချအောင်ပွဲခံမှာပါ။ စစ်အုပ်စု၊ စစ်အာဏာရှင်တွေဟာ မုချကျဆုံးမှာပါ။ ဒါကြောင့်မို့ ကျွန်တော်တို့ဟာ အနာဂါတ်ကိုပိုင်ဆိုင်တဲ့ ပြည်သူလူထုကြီးနဲ့ လက်တွဲတာ ဖြစ်ပါတယ်။

            ဒါပေမဲ့ လက်တွေ့လက်ငင်းအခြေအနေမှာ ပြည်သူလူထုဟာ အောင်ပွဲမခံနိုင်သေးပါဘူး။ ဒါ့အပြင် အင်အားလည်း သေးငယ်ပါသေးတယ်။ ကိုယ့်ဖက်က ထိုးစစ်မဆင်နိုင်ဘဲ စစ်အာဏာရှင် တွေက သူတို့ရဲ့လမ်းပြမြေပုံကို တောက်လျှောက် အကောင်အထည်ဖော်နေနိုင်တာဟာ ဒီလက္ခဏာ ပဲဖြစ်ပါတယ်။ ဒီအချက်ကို ပိုမြင်သာအောင် ၁၉၈၈-၉ဝ ကာလနဲ့ ဒီနေ့ကာလကို ယှဉ်ပြောပါ့မယ်။ ရှစ်လေးလုံးအရေးတော်ပုံကနေ ၉ဝ ခုနှစ်ရွေးကောက်ပွဲအထိ ကာလဟာ စစ်အစိုးရနဲ့ကိုယ်နဲ့ အင်အား ဆတူလောက်လို့ ပြောနိုင်လိုက်တဲ့ ကာလဖြစ်ပါတယ်။ လှုံ့ဆော်ပြီးဖြစ်နေတဲ့ လူထု၊ လှုပ်ရှားမှုအတွေ့အကြုံရှိနေတဲ့ လူထုနဲ့ ရှေ့တန်းက ပါဝင်ခဲ့သူတွေ အသင့်ရှိနေပါတယ်။ စစ်အစိုးရရဲ့ စစ်တပ်နဲ့ အုပ်ချုပ်ရေးယန္တရားကြီးထဲမှာလည်း အရေးတော်ပုံရဲ့ ဂယက်ဟာ ရှိနေဆဲ ဖြစ်ပါတယ်။ နိုင်ငံတကာ အာရုံစိုက်မှုရောကိုပါ ထည့်တွက်လိုက်ရင် စစ်ရေးမပါ၊ အတွေးအခေါ်ရေး၊ နိုင်ငံရေးမှာ ကိုယ့်ဖက်က သာနေတယ်လို့တောင် ပြောလို့ရပါတယ်။ ဗကပြိုကွဲတဲ့အတွက် ဒီချုပ်ကို မထိခိုက်ခဲ့ပါဘူး။ ဒါပေမဲ့ ဗကပပြိုကွဲတဲ့အတွက် စစ်အစိုးရမှာ စစ်ရေး အချိုးအစားအရ အများကြီး သာသွားပါတယ်။ တပ်တွေလည်း အများကြီး အားသွားပါတယ်။ ထိုင်းနယ်စပ်မှာ သူတို့ရဲ့တပ်တွေ အများကြီး တိုးချဲ့နိုင်သွားပါတယ်။

            ဗကပပြိုကွဲပေမဲ့ နိုင်ငံရေးအရ ပြည်သူတွေဖက်က အသာစီးရနေပါသေးတယ်။ ဒါကို ၁၉၉ဝ ရွေးကောက်ပွဲက အထင်ရှားဆုံး သက်သေပြခဲ့ပါတယ်။ ပြည်သူလူထုကြီးက မဲပုံအောထည့်ခဲ့ တာကို ကြည့်ရင် ပြည်သူလူထုထဲမှာ တိုက်ပွဲစိတ်ဓာတ်တွေ လွှမ်းမိုးဖြိုးဝေနေဆဲဆိုတာကို ပြနေပါ တယ်။ နောက်တပွဲ စမ်းချင်သေးလားဆိုတဲ့ စိတ်ဓာတ်မျိုး ရှိနေဆဲဖြစ်ပါတယ်။ 

            ဒါပေမဲ့ အခုအခါမှာ အခြေအနေက အဲဒီလိုမဟုတ်ပါဘူး။ အချိုးအစားအရ သူ့ဖက်က အများကြီး သာနေပါတယ်။ နိုင်ငံရေးခေါင်းဆောင်တွေကို ထောင်ထဲထည့်ပစ်တာ၊ သစ္စာဖောက်တွေ မွေးထုတ်တာ၊ ခွဲထုတ်တာ၊ ကိုယ့်အတွင်းက ကွဲပြဲတာ၊ တယောက်တပေါက် ပြောနေတာတွေဟာ နအဖအဖို့ အကျိုးရှိသလောက် ရှိနေတယ်ဆိုတာ ဝန်ခံရမှာပါ။ နအဖအဖို့ ချောချောမွေ့မွေ့ မဟုတ် တောင်မှ သူတို့လုပ်ချင်တာတွေကို လုပ်နိုင်နေပါတယ်။ ဒါဟာ ကိုယ့်ဖက်က အားမရှိလို့ဆိုတာ အထူးပြောစရာမလိုပါဘူး။

            ဒီလို အင်အားချိန်ခွင်လျှာကို ပြောင်းလဲမပစ်နိုင်သရွေ့ ဘာမှဖြစ်မလာနိုင်ဘူးဆိုတာ သတိ ပြုရပါမယ်။ ကိုယ့်ဖက်က သိသိသာသာကြီး အားနည်းနေရင် လူထုကိုလည်း လှုပ်နှိုးနိုင်မှာမဟုတ် ပါဘူး။ ထိရောက်တဲ့ လှုပ်ရှားမှုကြီးတွေလည်း ဆင်နွှဲနိုင်မှာမဟုတ်ပါဘူး။ အခုလိုအနေအထားမှာ နအဖကို အပြတ်အလဲ ထိုးနိုင်မယ့် တိုက်ပွဲကြီး သူ့အလိုလို ပေါ်လာမယ်လို့ မျှော်လင့်လို့မရပါဘူး။ စက်တင်ဘာသံဃာ့အရေးအခင်းဟာ မထင်တဲ့နေရာက မထင်ဘဲ ပေါ်ထွက်လာတာဆိုတော့ နအဖရော အတိုက်အခံတွေပါ ပြင်ဆင်မှုမရှိ၊ အလစ်အငိုက် ခံလိုက်ရသလို ဖြစ်သွားပါတယ်။ အတိုက်အခံတွေအဖို့ တိုက်ပွဲကို တခြားနယ်ပယ်တွေထဲ မတိုးချဲ့နိုင်ခဲ့ဘူးဖြစ်ခဲ့ရပါတယ်။ သံဃာ တော်တွေဟာ အထီးကျန် တိုက်ပွဲဝင်ရသလို ဖြစ်သွားခဲ့ပါတယ်။ တန်ဘိုးမသေးတဲ့ သင်ခန်းစာပါ။

            ပြည်သူလူထုက စားဝတ်နေရေးထဲ နစ်နေတယ်၊ ကြောက်နေတယ်ဆိုတာဟာ ယာယီကိစ္စ ဖြစ်ပါတယ်။ ၁၉၈၇-၈၈ ကာလတွေတုန်းကလည်း ပြည်သူလူထုရဲ့ စီးပွားရေးအခြေအနေဟာ မကောင်းပါဘူး။ ငွေစက္ကူတွေ အလဟဿဖြစ်ကုန်ရတဲ့ အမှောင့်ကြောင့် ပိုဆိုးနေတဲ့အချိန်ပါ။ ဒီလို ပြောနည်းရဲ့ လောဂျစ်အတိုင်းဆိုရင် လူတွေဟာ စားဝတ်နေရေးပြေလည်မှ နိုင်ငံရေးလုပ်ကြမှာ လိုလို၊ လမ်းပေါ်ထွက် ဆန္ဒပြကြမှာလိုလို ဖြစ်နေပါတယ်။ မဟုတ်ပါဘူး။ ခေါင်းဆောင်လုပ်မယ့် လူတွေကသာ ပြည်သူလူထုကို တကယ်တမ်း သဘောပေါက်အောင်၊ တကယ်ယုံကြည်လာအောင် ရှေ့ဆောင်လမ်းပြလုပ်နိုင်မယ်ဆိုရင် အိမ်ရှင်မတွေတောင်မှ ငြုတ်ဆုံနဲ့ တံမြက်စည်းကို အောက်ချ ပြီး လမ်းပေါ်ကို ထွက်လာကြမှာပါ။ ကိုယ့်ဖက်က ပြင်ဆင်တာ၊ လုပ်ကိုင်တာမကောင်းတာကို ပြည်သူလူထုအပေါ် ပုံချလို့ အဖြေမထွက်ပါဘူး။ ပြည်သူလူထု နားလည်သဘောပေါက်အောင်၊ ပါဝင်ချင်အောင် ကိုယ်က လုပ်မပြ၊ ပြောမပြနိုင်တာဟာ ကိုယ့်ရဲ့ ပြဿနာ ဖြစ်ပါတယ်။ ရှစ်လေးလုံး တုန်းက လူထုကြီးပါလာတာဟာ ရှေ့ကလုပ်ပြတဲ့ လူတွေ များလို့ဖြစ်ပါတယ်။ ပြောတာသက်သက်နဲ့ မဖြစ်ပါဘူး။ ဒါကြောင့် စစ်အာဏာရှင်စနစ်ကို မလိုလားသူတွေအဖို့ ဒီနေ့ အဓိကလုပ်ရမယ့် လုပ်ငန်းဟာ အင်အားအချိုးအစား ပြောင်းလဲနိုင်ရေးဖြစ်ပါတယ်။ အင်အားအချိုးအစား ပြောင်းလဲ ရေးဆိုတာမှာ ပြည်တွင်းမှာ အင်အားအချိုးအစား ပြောင်းလဲရေးကို ပြောတာပါ။ ပြည်ပမှာကတော့ အခုတောင်မှ ကိုယ့်ဖက်က အရေအတွက်အရရော၊ နိုင်ငံရေးအရရော အများကြီး သာလွန်နေတာပဲ။ ဒါပေမဲ့ ဘာမှ ထိထိရောက်ရောက် မလုပ်နိုင်ဘူးမဟုတ်ပါလား။

            ကိုယ့်တိုင်းပြည်ကြမ္မာကို ကိုယ့်လက်ထဲမှာထား၊ ကိုယ့်အစွမ်းအစနဲ့ကိုယ် ဖန်တီးဖို့ သိပ်အရေးကြီးပါတယ်။ သူတပါးနိုင်ငံက၊ ပြည်ပက ပါဝင်ဖြေရှင်းတာဟာ အကျင့်ပါတတ်ပါတယ်။ အဲဒီလို သမိုင်းကြောင်းရှိခဲ့လို့ အခုအထိ ကိုယ့်ပြည်တွင်းရေးကိစ္စတွေ ဖြေရှင်း၊ လုပ်ကိုင်ရာမှာ ပြည်ပနိုင်ငံတွေ ကန့်လန့်ပါနေတဲ့ နိုင်ငံတွေ ကမ္ဘာမှာ အများအပြား တွေ့နေရဆဲဖြစ်ပါတယ်။ ဒါဟာ ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အပြင် ကြာတော့ ပိုရှုပ်ထွေးတာတွေ ဖြစ်တတ်ပါတယ်။

            ပြည်ပအကူအညီဆိုတာ မလိုအပ်ဘူးမဟုတ်၊ လိုအပ်ပါတယ်။ အထူးသဖြင့် ဒီနေ့ ကာလလိုအခါမှာ ကိုယ့်အတွက်အကျိုးရှိရင် လက်ခံရမှာပါ။ ဒါပေမဲ့ ဒါကို အဓိကအခန်း မပို့မိဖို့ သိပ်သတိထားရပါမယ်။ နောက်ပြီး ပြည်ပအကူအညီဆိုတာဟာ ကိုယ်က တောင်းချင်တိုင်း တောင်းလို့ရတာမဟုတ်၊ သူတို့က သူတို့နိုင်ငံအတွက် အကျိုးရှိတယ်ထင်မှ ပေးတယ်ဆိုတာကို မေ့လို့မဖြစ်ပါဘူး။ တဆက်ထဲမှာ ပြည်ပအကူအညီ လျော့နည်းသွားလို့ စိတ်ပျက်တာ၊ များလာလို့ အားတက်တာ စသဖြင့် မဖြစ်သင့်ပါဘူး။ ဒီတကွေ့မှာ နိုင်ငံတကာအခြေအနေဟာ ဘာမဆို ဖြစ်နိုင်ပါတယ်။ အဲဒီအတွက် ကိုယ့်တပ်ကိုယ် ပြင်ဆင်ထားဖို့လိုသလို ရှေ့ခြေလှမ်းကို ပြည်တွင်း ဖက် သေချာဦးတည်ထားဖို့ လိုပါတယ်။

            ပြည်တွင်းမှာ ကိုယ့်အင်အားတွေ တိုးပွားသလား၊ ဆုတ်ယုတ်သလားဆိုတာသာ အရေးကြီးဆုံး ဖြစ်ပါတယ်။ ဗမာပြည်ရဲ့ အရေးတော်ပုံကို ဒီအချက်က အဆုံးအဖြတ်ပေးမှာပါ။ ဒါကြောင့် အခြေအနေကို ရဲရဲကြည့်ပါ။ အမှန်ကို ဆုပ်ကိုင်နိုင်အောင် ကြိုးစားပါ။ အခြေအနေမှန်ပေါ် ကနေ လုပ်ငန်းချမှတ်ပါ။ လက်တွေ့လည်းလုပ်ပါ။

*****

ရဲဘော် ဖိုးသံချောင်း 
 

 

 


လတ်တလော လုပ်ငန်းစဉ်နှင့် အထွေထွေ နိုင်ငံရေးသဘောထား

 

အလုပ်သမား၊ လယ်သမားကဏ္ဍ

 

အမျိုးသမီးနှင့် လူငယ်ကဏ္ဍ

 

 
 

 

Copyright © 2007 Democratic Party for a New Society. All Rights Reserved.