|
ရန်သူ့အခက်ကိုယ့်အချက်ဖြစ်အောင်
လုပ်ကြရအောင်ပါ
ဆန္ဒခံယူပွဲကတော့ ပြီးသွားပြီ။
သူတို့ရချင်တဲ့ ထောက်ခံမဲအရေအတွက်ကို
တပြား မလျော့ ရလိုက်တယ်။
သူတို့ဂရုမစိုက်တဲ့ အနိုင်နိုင်ငံနဲ့
ပြည်တွင်းက ယုံကြည်မှုကိုတော့ နည်းနည်းမှ
မရလိုက်ဘူး။
ဒီအဆင့်ပြီးတာနဲ့
ချက်ခြင်းလုပ်တဲ့အလုပ်ဟာ
ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ချုပ် သက်တမ်း
တိုးလိုက်တာဖြစ်တယ်။
ဒီချုပ်အဖွဲ့ဝင်တွေကိုလည်း
တဖမ်းတည်းဆက်ဖမ်းနေတယ်။ ကိုဇာဂနာကိုလည်း
အကြိမ်အရေအတွက်အရ စံချိန်သစ်တင်လုနီးပါး
ဖမ်းလိုက်ပြန်ပါပြီ။ နအဖရဲ့ ဖွဲ့စည်းပုံ
အတည်ဖြစ်တာနဲ့ တပြိုင်နက်ထဲမှာ သူတို့ရဲ့
စည်းကမ်းရှိတဲ့ ဒီမိုကရေစီဟာ ချက်ခြင်း
အစွမ်းပြတာပါပဲလား။ သူတို့အနေနဲ့
ဟန်ဆောင်ဒီမိုကရေစီလေးတောင်
မဖော်ပြနိုင်ဘူး။ ဖွဲ့စည်းပုံ
အတည်ဖြစ်လို့ နိုင်ငံရေးအကျဉ်းသမားတွေကို
လွှတ်ပေးတယ်ဆိုတာမျိုးလည်း မရှိ၊
ဆန္ဒခံယူပွဲ ပြီးတယ်ဆိုတာနဲ့
ဗိန်းမောင်းတိုက်ပြီး ရွာလွန်ရွက်တိုက်
ဆက်မိုက်တာပဲ ဆက်လုပ်နေပါတော့တယ်။
သူတို့ခေါင်းထဲမလဲ သန်းခေါင်ထက်
ညဥ့်မနက်လို့
ဆုံးဖြတ်ထားမှန်းသိသာလှပါတယ်။
နအဖရဲ့
ဖွဲ့စည်းပုံအတည်ဖြစ်သွားပြီဆိုရင်
ရွေးကောက်ပွဲဆိုတာဟာလည်း လက်တွေ့ကိစ္စ
ဖြစ်လာပြီ။ ဘာပါတီတွေ ပေါ်ထွက်လာမလဲ၊ နအဖက
သူ့ပါတီကို ဘာနာမည်ပေးမလဲ စတာတွေဟာ
စိတ်ဝင်စားစရာကောင်းလှပါတယ်။ ၁၉၉၀ တုန်းက
မဲပေးဖူးတဲ့ လူထုကတော့ သူတို့မဲပေးခဲ့တဲ့၊
ဒါမှမဟုတ် ကြိုက်နှစ်သက်ခဲ့တဲ့ ပါတီတွေကို
ပြန်သတိရနေမှာ။ အခု ဘယ်လိုအခြေအနေမှာ
ရှိသလဲ လို့ တွေးနေကြမှာအမှန်ပါပဲ။
ဒါတွေအပြင် ငြိမ်းအဖွဲ့တွေနဲ့ နအဖ၊
ငြိမ်းအဖွဲ့တွေနဲ့ ရွေးကောက်ပွဲ
စတာတွေကလည်း လာမယ့်နိုင်ငံရေးရင်ပြင်မှာ
လူတိုင်းအာရုံစိုက်ကြမယ့်
ကိစ္စတွေလို့ဆိုရင် မမှား ပါဘူး။
ဒါပေမဲ့ ဒီနေ့လို
တတိုင်းတပြည်လုံး ရေဘေးအတွက် ကိုယ်ဖိရင်ဖိ
အာရုံစိုက်လှုပ်ရှားနေ ချိန်မှာ
နအဖအာဏာပိုင်တွေကတော့ ၂၀၁၀
ရွေးကောက်ပွဲအတွက် ကြိတ်ကြံနေကြမှာပါ။
သူတို့ရဲ့ လမ်းပြမြေပုံမှာ
အလောင်းပုံတွေနဲ့ ဖွေးနေပါပြီ။
တချို့လူတွေ၊
တချို့အစုတွေကတော့ နအဖမျက်ရိပ်အပြကိုပဲ
စောင့်နေကြပါတယ်။ နအဖက
မျက်ရိပ်တချက်ပြလိုက်တာနဲ့
ပါတီထောင်ပစ်လိုက်ကြမှာ သေချာပါတယ်။
ရွေးကောက်ပွဲ၊ အစိုးရဖွဲ့
စတာတွေဖြစ်လာတော့မှာမို့ နအဖဟာ
နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးသမားတွေကို
အာဏာနဲ့၊ ရာထူးနဲ့ ဖြားယောင်းတာ၊
ဝယ်ယူတာတွေလုပ်ဖို့ ကြိုးစားနိုင်ပါတယ်။
တပါတည်းမှာ ပါတီတွေကို ဖြိုခွဲတာတွေလည်း
ဖြစ်လာနိုင်ပါတယ်။ ဖမ်းထားတဲ့လူတွေကို
ရာထူးနဲ့ မြှူဆွယ်တာတွေလည်း
တွေ့ရနိုင်ပါတယ်။ ဒါကြောင့်မို့
လာမယ့်နိုင်ငံရေးတိုက်ပွဲတွေမှာ
ညီညွတ်ရေးကို ထိန်းသိမ်းရေးဟာ
အတိုက်အခံတွေကို စမ်းသပ်မယ့် စံတခု
ဖြစ်လာပါလိမ့်မယ်။
နအဖဟာ ၉၀ ခုနှစ်
ရွေးကောက်ပွဲတုန်းက န၀တ
နှာခေါင်းကျည်ပွေ့တွေ့ခဲ့တာကို သေသေချာချာ
ဆန်းစစ်သုံးသပ်ပြီးဖြစ်မှာပဲ။ တခါသေဖူး
ပျဉ်ဖိုးနားလည်ထားပြီးတဲ့အတိုင်း ဒီတခါ
ရွေးကောက်ပွဲကြောင့်မို့ သူတို့ရဲ့အာဏာ
လက်လွတ်ထွက်မသွားအောင် သူတို့ပြင်ဆင်မှာ
သေချာပါ တယ်။ သူတို့ရဲ့ ဖွဲ့စည်းပုံဟာ
အာဏာကို သူတို့ သေတပန်သက်တဆုံး
ဆုပ်ကိုင်သွားနိုင်ရေးအတွက်
အာမခံချက်ရှိအောင် လုပ်ထားတာမှန်ပေမဲ့
နအဖအနေနဲ့ စစ်တပ်က
တိုက်ရိုက်ခန့်သူတွေအပြင်
တခြားအမတ်နေရာတွေမှာလည်း သူတို့လူတွေကို
ရစေချင်မှာဓမ္မတာပါပဲ။ သူတို့ဟာ နောင်မှာ
ပေါ်ပေါက်လာမယ့် အမျိုးသားလွှတ်တော်နဲ့
အသစ်ဖွဲ့တဲ့အစိုးရကို သူတို့လုပ်ခဲ့တဲ့
ညောင်နှစ်ပင် ညီလာခံအစပိုင်းလိုပဲ
အင်န်အယ်လ်ဒီလည်းပါ၊ ကျန်တာတွေလည်းပါ၊
ငြိမ်းနဲ့ တခြားတိုင်းရင်းသား တွေလည်းပါ၊
သူတို့စစ်တပ်ကလည်းပါလို့ ပြောလို့ရပြီး
အနှစ်သာရမှာတော့ သူတို့လုပ်သမျှ
ခေါင်းညိတ်ရတဲ့ အခြေအနေမျိုးဖြစ်အောင်
ဖန်တီးယူမှာသေချာပါတယ်။
ပြည်သူလူထုနဲ့
စစ်အစိုးရကိုမကြိုက်သူတွေဟာ
နအဖကျင်းပပေးမယ့် ရွေးကောက်ပွဲကို
အထူးမျှော်လင့်ထားလို့ မရပါဘူး။ ဒါပေမဲ့
ဒီရွေးကောက်ပွဲကို သူတို့ချည်းကတဲ့
စစ်ဗိုလ်ရှစ်သောင်း ဇာတ်
မဖြစ်အောင်လို့တော့ ပါဝင်လှုပ်ရှားကြတာ
လုပ်ကြရပါမယ်။ လူထုအနေနဲ့ သူတို့ရဲ့
အပေါင်းပါ တွေ၊
စိတ်တော်သိဗောင်းတော်ငြိမ့်နေ့ကို မလိုလား
မနှစ်သက်ကြောင်း ဖော်ပြနိုင်အောင်တော့
နည်းနာရှာကြရပါမယ်။ ဘယ်လိုပဲဖြစ်ပစေ
ဒီရွေးကောက်ပွဲဟာ ဗမာပြည်သားတွေအတွက်
သူတို့ လိုချင်တဲ့
ဒီမိုကရေစီအစိုးရတရပ်နဲ့
ဒီမိုကရေစီအခွင့်အရေးတွေ
သယ်မလာဘူးဆိုတာကိုတော့ အစောကတည်းက
အမြင်ရှင်းထားဖို့ လိုပါတယ်။
သူတို့ပါးစပ်က ဘာပဲပြောနေနေ၊ နအဖလုပ်သမျှ
ဟာ စစ်မှန်တဲ့ဒီမိုကရေစီနဲ့
ပြဒါးတလမ်းသံတလမ်းစီသာ ဖြစ်တယ်ဆိုတာ
မမေ့ကြသင့်ပါဘူး။
တကယ်တော့ နအဖအတွက်ပြောရရင်
ရွေးကောက်ပွဲအတွက် ပြင်ဆင်ဖို့
နှစ်နှစ်ဆိုတဲ့ အချိန်ဟာ မများပါဘူး။
သူတို့မှာ လုပ်စရာတွေက အများကြီးရှိနေတယ်။
သူတို့ရဲ့ပါတီဖြစ်မယ့် ကြံ့ဖွတ်ဟာ
အသင့်ဖြစ်နေပြီလို့ ပြောလို့ရကောင်းရမယ်၊
ဒါပေမဲ့ ကြံ့ဖွတ်တဖွဲ့ထဲနဲ့ ရွေးကောက်ပွဲ
လုပ်လို့မရဘူး။ ကျန်တဲ့အဖွဲ့တွေကို
“စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ”နဲ့အညီ
ကြီးကြပ်ရအုန်းမယ်။ ငြိမ်းအဖွဲ့ဆိုတဲ့
ထွေးမဖြစ်၊ မျိုမရ အစိုင်အခဲကြီးကို
ဘယ်လိုဖြေရှင်းမလဲ။ သူတို့ကို လက်နက်တွေ
ကိုင်လျက်နဲ့ ရွေးကောက်ပွဲ
အ၀င်ခိုင်းမလား။ ဒါမှမဟုတ်ရင်
ငြိမ်းဒေသတွေမှာ ငြိမ်းကလူတွေကို
ရွေးကောက်ပွဲ အ၀င်မခိုင်းဘဲ တခြားလူတွေကို
သွားအရွေးခံခိုင်းမလား။ ပြီးရင် အဲဒီလို
ရွေးကောက် တင်မြှောက်သူတွေဟာ
ငြိမ်းအဖွဲ့တွေကို အုပ်ချုပ်နိုင်၊
ကိုယ်စားပြုနိုင်မလား။ အမှန်ပြောရရင် နအဖ
စစ်ဗိုလ်ချုပ်တွေဟာ အခုထက်ထိ
ဒီငြိမ်းအဖွဲ့တွေကို စေ့စပ်ပြီး
လုပ်ကိုင်ရတုန်းပဲရှိပါသေးတယ်။
တင်းတင်းပြော၊ တင်းတင်းကိုင်တောင်
မလုပ်နိုင်သေးပါဘူး။ ပြတ်ပြတ်ပြော၊
ပြတ်ပြတ်လုပ်ဆိုတာ ကတော့
အဝေးကြီးလိုပါသေးတယ်။
တခြားမပြောနဲ့ သူတို့ရဲ့
ဖွဲ့စည်းပုံအခြေခံဥပဒေကို
အတည်ပြုလိုက်ခြင်းအားဖြင့် ၁၉၉၀ ခုနှစ်ရဲ့
ရလဒ်ဟာ အတည်မဖြစ်တော့ဘူးလို့
ကြေညာချင်တာတောင် သူတို့ကိုယ်တိုင်
ထွက်မပြော ဝံ့ဘူး။ တရားမ၀င့်တ၀င်ပြောပြီး
သွေးစမ်းတာကို အရင်လုပ်တယ်။
ဒီလိုအခက်အခဲတွေကို
မကျော်လွှားနိုင်သေးဘဲ
ရွေးကောက်ပွဲကျင်းပဖို့ဆိုတာ မလွယ်ပါ ဘူး။
ဒါကြောင့်လည်း နအဖဟာ
နာဂစ်ရေဘေးဒုက္ခသည်တွေကို ဥပက္ခာပြုပြီး
ဒုက္ခသည်ကယ်ဆယ် ရေးမှာ သူတို့အိတ်ထဲက
တပြားတချပ်မှမထုတ်ဘဲ ပြည်ပအကူအညီကို
ဒေါ်လာဘီလျံနဲ့ တောင်းနေ တာဖြစ်ပါတယ်။
သူတို့ဘဏ္ဍာတိုက်ထဲက ငွေကို
ကြပ်ပြေးတည်ဆောက်ရေးနဲ့ လမ်းပြမြေပုံ
အကောင်အထည်ဖော်ရေးအတွက်သာ
သုံးမှာဖြစ်ပါတယ်။
အတိုက်အခံတွေဘက်ကပြောရရင်တော့
အင်တာနက်ကို ဖောဖောသီသီသုံး၊ ရေဒီယိုက
အသံလွှင့်ခွင့်ရနေရာမှာ တသံတည်းမထွက်တာတွေ
မကြာခဏ တွေ့နေရပါတယ်။ တချို့ကဆိုရင်
မတူနိုင်တာ၊ ညှိမရတာတွေကို စိတ်ရတိုင်း
ရှေ့တန်းတင်ပြီး ဒူးနန့်နေကြပါတယ်။
ကိုယ်ဘာမှမလုပ် တတ်ရင် လူထုက
ကြောက်နေတယ်လို့ ပြောကြပြန်တယ်။
ရန်သူ့အခက် ဒို့အချက်ရယ်လို့ အခွင့်
ကောင်းယူနိုင်တာ မရှိသလောက်ပါပဲ။
ဒါတွေကို
ပြင်နိုင်မပြင်နိုင်ဆိုတာ
လူထုကစောင့်ကြည့်နေကြပါတယ်။
*****
ရဲဘော် ဖိုးသံချောင်း |