|
ကွန်ရက်(Network) နှင့်
ကွန်ရက်စနစ်(Networking)
တည်ဆောက်ခြင်းလုပ်ငန်းများ
အဘယ်ကြောင့်လိုအပ်သနည်း
ကွန်ယက်စနစ် (Networking) ကို မည်သို့
နားလည်ကြမည်နည်း။
ကွန်ယက်စနစ် (Networking) သည်
မတူသည့်နယ်ပယ်အလိုက် အဓိပ္ပါယ်သတ်မှတ်ချက်
များ ကွဲပြားခြားနားသည်။ ဥပမာ - မီဒီယာ
နယ်ပယ်၌ အဓိပ္ပါယ်တမျိုး၊
ကွန်ပြူတာလုပ်ငန်းများတွင်
အဓိပ္ပါယ်တမျိုး၊
စီးပွားရေးလုပ်ငန်းများတွင်
အဓိပ္ပါယ်တမျိုး၊
နိုင်ငံရေးလုပ်ငန်းများတွင် အဓိပ္ပါယ်
တမျိုး … စသဖြင့် ကွဲပြားခြားနားနိုင်သည်။
မည်သို့ပင်ဖြစ်စေ ယေဘူယျအားဖြင့်
ကွန်ရက်စနစ်(Networking) ဆိုသည်မှာ
လုပ်ငန်းတူ လုပ်ကိုင်ဆောင်ရွက်သူ
အချင်းချင်း ဆက်သွယ် သည့် စနစ်ကို
ခေါ်ပါသည်။
နိုင်ငံရေးနယ်ပယ်တွင်
ကွန်ရက်စနစ် (Networking)
တည်ဆောက်ခြင်းကို ကလပ်စည်း (Cell)
တည်ဆောက်ခြင်း၊ အစုအဖွဲ့ (Fraction)
တည်ဆောက်ခြင်း ဆိုပြီးတော့လည်း
ခေါ်ဝေါ်သုံးစွဲ ကြသည်။ အဓိပ္ပါယ်နှင့်
အနှစ်သာရ ကွဲပြားခြားနားမှုမရှိပါ။
နိုင်ငံရေးလုပ်ငန်းစဉ်များကို စနစ်တကျ
နှင့် စီမံကိန်းရှိရှိ၊ ခြေလှမ်းရှိရှိ
လုပ်ကိုင်ဆောင်ရွက်နိုင်ရန်ဖြစ်သည်။
ကွန်ရက်များ၏ အတွင်းသဘော မှာ
အောက်ခြေအဖွဲ့အစည်းများနှင့် အခြေခံ လူထု၊
လူတန်းစားအဖွဲ့အစည်းများကို နိုင်ငံရေးအရ
ခေါင်းဆောင်ပေးသည့်
အခြေခံယူနစ်(အဖွဲ့အစည်း)များ ဖြစ်ကြသည်။
ကွန်ရက်စနစ် (Networking)
တည်ဆောက်ခြင်းဆိုသည်မှာ
နိုင်ငံရေးပါတီတခု၊ အဖွဲ့ အစည်းတခု
တည်ဆောက်ရေးအတွက် အခြေခံအကျဆုံးနှင့်
အရေးကြီးဆုံး ပါတီ၊ အဖွဲ့အစည်း
တည်ဆောက်ရေးလုပ်ငန်းတခု ဖြစ်သည်။
ကြံ့ခိုင်သည့် နိုင်ငံရေးပါတီတခု၊
အဖွဲ့အစည်းတခုအဖြစ် ရပ်တည်နိုင်ရေး၊
ကြီးထွားစေရေးတို့တွင် မိမိတို့၏ ပါတီ၊
အဖွဲ့အစည်းဆိုင်ရာ ကွန်ရက်စနစ်များ
မည်သို့တည်ဆောက်ထားသနည်း၊ ကွန်ရက်များကို
မည်သို့နေရာချထားသနည်း ဆိုသည့် အချက်
များကလည်း အရေးပါသည့် အချက်တခုအဖြစ်
ပါဝင်သည်။
နိုင်ငံတခုတွင် တရားဝင်သော
နိုင်ငံရေးပါတီများတွင်ဖြစ်စေ၊
တရားမဝင်သော နိုင်ငံရေး
ပါတီများတွင်ဖြစ်စေ မိမိတို့၏
နိုင်ငံရေးပါတီများကို တည်ဆောက်ကြရာတွင်
ကွန်ရက်များ တည် ဆောက်ခြင်းနှင့်
ကွန်ရက်ချင်း ဆက်သွယ်မှုစနစ်ကို
မုချကျင့်သုံးကြရသည်။ ကွန်ရက်စနစ်များ
မရှိလျှင်၊ မတည်ဆောက်နိုင်လျှင် အဆိုပါ
ပါတီများသည့် ရေရှည်မရပ်တည်နိုင်၊
တဖြေးဖြေးချင်း ဆုတ်ယုတ်ပျက်စီးလာကာ
နောက်ဆုံး ပါတီ၊ အဖွဲ့အစည်းများပင်
ပျောက်ကွယ်သွားသည့် အန္တရာယ် များနှင့်
ရင်ဆိုင်ခဲ့ကြရသည်။ ရင်ဆိုင်ရနိုင်သည်။
နိုင်ငံရေးပါတီတခု
တည်တန့်ခိုင်မြဲရေး၊
အင်အားကြီးထွားရေးအတွက်
ကွန်ရက်စနစ်(Networking)
တည်ဆောက်ရေးကြံ့ခိုင်ဖို့ လိုအပ်သည်။
ကွန်ရက်စနစ် (Networking) အားကောင်း မှ၊
ကွန်ရက်များ ကျယ်ကျယ်ပြန့်ပြန့်
ဖြန့်ကြက်ထားနိုင်မှ
ဆန့်ကျင်ဖက်အင်အားစုကို ပြန်လှန်တိုက်
ခိုက်နိုင်ပြီး၊ မိမိအင်အားကို
ဆက်လက်ထိန်းသိမ်းနိုင်မှာ ဖြစ်သည်။
ထိုအပြင် မိမိအင်အားကိုလည်း
တိုးပွားအောင်လုပ်နိုင်မှာဖြစ်သည်။
ကွန်ရက်စနစ် (Networking) မရှိလျှင်
နိုင်ငံရေးပါတီတရပ်အဖို့
အင်အားကြီးထွားဖို့ မဆိုထားနှင့်
မိမိကိုယ်ကို ရပ်တည်နိုင်ဖို့တောင်
မလွယ်ကူပါ။
နောက်ထပ် သတိပြုစရာတခုကိုလည်း
တင်ပြလိုပါသည်၊၊ ခေတ်အဆက်ဆက်တွင် အုပ်စိုး
သူ လူတန်းစားတိုင်းသည် ၎င်းတို့၏
အာဏာခိုင်မြဲရေးနှင့်
တိုးပွားကျယ်ပြန့်ရေးအတွက် ကွန်ရက်
များနှင့် ကွန်ရက်တည်ဆောက်ရေးလုပ်ငန်းကို
ပုံစံအမျိုးမျိုးဖြင့် ဖွဲ့တည်တတ်သည်။
ပြီးတော့ အာဏာဖြင့် တည်ဆောက်ထားသည်၊
ပြိုင်ဖက်များ၏ ကွန်ရက်များကို
အကြမ်းနည်း၊ အနုနည်းများ ဖြင့်
ချေမှုန်းဖျက်ဆီးတတ်သည် ဆိုတာကိုလည်း လုံးဝ
မေ့ထား၍မဖြစ်ပေ။
ထို့ကြောင့် နိုင်ငံရေးပါတီ၊
အဖွဲ့အစည်းတိုင်းသည်လည်း မိမိတို့၏
ကွန်ရက်နှင့် ကွန်ရက် စနစ် (Networking)
တည်ဆောက်ခြင်းလုပ်ငန်းနှင့်ပတ်သက်ပြီး
အထူးအလေးထား ဆောင်ရွက် သင့်သည်။
ဆောင်ရွက်ကြရမည်။
(၁)
ဗမာပြည်လူ့အဖွဲ့အစည်းကို
ကြည့်မည်ဆိုလျှင်
လူမျိုးပေါင်းစုံပြည်သူလူထု အများအပြား
ဖြင့် ဖွဲ့တည်ထားသည်။ လူမျိုးစုံ
ပြည်သူများတွင်လည်း၊ လူတန်းစား
လူ့အလွှာများဖြင့် ကွဲပြား ခြားနားနေပေသည်။
မတူတဲ့ လူမျိုးများအလိုက်၊
မတူတဲ့လူတန်းစား၊ လူ့အလွှာအလိုက် မိမိတို့
ကိုယ်စားပြုသည့် နိုင်ငံရေးပါတီ
အဖွဲ့အစည်းအသီးသီး ရှိကြသည်။ မျက်မှောက်
ဗမာပြည်နိုင်ငံရေး တွင်
၈-လေးလုံးအရေးတော်ပုံပြီးနောက် -
(က) ဥပဒေတွင်း နိုင်ငံရေးပါတီများအုပ်စု
(ခ) ဥပဒေပ နိုင်ငံရေးပါတီများအုပ်စု
(ဂ) ဥပဒေတွင်းလည်းမဟုတ်၊
ဥပဒေပလည်းမဟုတ်သည့် နိုင်ငံရေးပါတီ၊
အဖွဲ့အစည်း များအုပ်စု ဆိုပြီး
အကြမ်းအားဖြင့် (၃) မျိုးကွဲနေပေသည်။
ထိုနိုင်ငံရေးပါတီအုပ်စု အသီးသီးသည်
မျက်မှောက်ဗမာပြည်ကို အုပ်စိုးနေသော
စစ်အုပ်စု၊ စစ်အာဏာရှင် စနစ်၊
စစ်အစိုးရကို မတူသည့် နိုင်ငံရေးအဆင့်နေရာ
အနေအထားအရ ဆန့်ကျင် ကန့်ကွက်လျှက်၊
တော်လှန်လျှက်ရှိသည်။
ယေဘူယျအားဖြင့် ဥပဒေတွင်းနိုင်ငံရေးပါတီ၊
အဖွဲ့အစည်းများသည် မိမိတို့၏ နိုင်ငံရေး
လုပ်ငန်းများကို လုပ်ဆောင်ရာတွင်
ဥပဒေဘောင်အတွင်းမှာ အုပ်စိုးသူက
ခွင့်ပြုသတ်မှတ်ထားသည့်
ဒီမိုကရေစီဘောင်အတွင်းကသာ
လုပ်ကိုင်ဆောင်ရွက်ကြရသည်။ အုပ်စိုးသူက
စစ်အာဏရှင်စနစ်ကို ကျင့်သုံးပြီး
အုပ်ချုပ်နေစဉ်တွင် ဒီမိုကရေစီ
အခွင့်အရေးဆိုသည်မှာ
အုပ်စိုးသူအတွက်သာလျှင် ရှိနိုင်မည်။
ထိုနိုင်ငံရေးအခြေအနေအောက်တွင်
ပြည်သူလူထုသည် မိမိတို့၏ ဒီမိုကရေစီအခွင့်
အရေးများကို ဖော်ထုတ်ခဲ့၊ တောင်းဆိုခဲ့၊
တိုက်ပွဲဝင်ခဲ့ကြသည်။ ဒီမိုကရေစီ
စတင်ဆိတ်သုဉ်းခဲ့သည့် ၁၉၄၈ ခုနှစ်မှစ၍
နှစ်ပေါင်း (၆ဝ) အတွင်းတွင် ပြည်သူများ၏
ဒီမိုကရေစီရေး တောင်းပွဲ၊ တိုက်ပွဲ သည်
စဉ်ဆက်မပြတ် ရှိခဲ့သည်။ ပြည်သူလူထု၏
ဒီမိုကရေစီရေး တိုက်ပွဲတိုင်းကိုလည်း
အုပ်စိုးသူ အစိုးရတိုင်းက အင်အားသုံးပြီး
ရက်ရက်စက်စက် ချေမှုန်းခဲ့သည်။
ချေမှုန်းရန်အတွက် နေ့ညမပြတ်
ပြင်ဆင်လျှက်ရှိသည်။
ဥပဒေတွင်း
ဒီမိုကရေစီရေးတိုက်ပွဲများတွင် မည်သည့်
နိုင်ငံရေးအင်အားစုမဆို မိမိအင်
အားများကို စုဖွဲ့ပြီးမှ မိမိတို့ရဲ့
နိုင်ငံရေးလုပ်ငန်းများကို
လုပ်ဆောင်ကြရသည်။ လူထုကို စည်းရုံး
လှုံ့ဆော်ပြီးမှ မိမိတို့ဆန္ဒတွေ
ဖော်ထုတ်တာ၊ အခွင်အရေးတွေ တောင်းဆိုတာ၊
ဒီမိုကရေစီရေး တိုက်ပွဲ ဆင်နွှဲတာတွေ
လုပ်ကြရသည်။ ဥပဒေတွင်းတိုက်ပွဲတိုင်းသည်
မြေပေါ်နိုင်ငံရေးတိုက်ပွဲ
ပုံသဏ္ဌာန်ဖြစ်သည်။ သို့သော်
မြေပေါ်တိုက်ပွဲသဏ္ဌာန်တိုင်းသည်
ဥပဒေတွင်းတိုက်ပွဲသာမက၊ ဥပဒေပတိုက်ပွဲ
(အုပ်စိုးသူချမှတ်ထားတဲ့ တည်ဆဲဥပဒေကို
ဆန့်ကျင်ပြီးတိုက်ပွဲဝင်ခြင်း) များလည်း
ဆင်နွှဲတာမျိုး ဖြစ်နိုင်သည်။
မြေပေါ်နိုင်ငံရေးတိုက်ပွဲသဏ္ဌာန်သည်
အကြမ်းမဖက်တိုက်ပွဲသဏ္ဌာန် စစ်စစ် ဖြစ်သည်။
ယေဘူယျအခြေအနေ (ဒီမိုကရေစီအခွင့်ရေး
တစုံတရာရှိသည့် နိုင်ငံရေးအခြေအနေ)
တွင် မြေပေါ် (ဥပဒေတွင်း) ပါတီ၊
အဖွဲ့အစည်းများသည် မိမိတို့၏ …
- နိုင်ငံရေးလုပ်ငန်းစဉ်များကို
လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့်ရှိရမည်။
- လွတ်လပ်စွာ
စည်းရုံးလှုံ့ဆော်ခွင့်ရှိရမည်။
စည်းရုံးလှုံ့ဆော်သည့်အခါ ပြောင်(အတိအလင်း)
လုပ်ဆောင်ခွင့်ရှိရမည်။
- လူတဦးချင်း (သို့မဟုတ်) လူတစု
(သို့မဟုတ်) လူထုသည် မိမိတို့ရဲ့
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ
အခွင့်အရေးများ၊ ရပိုင်ခွင့်များကို
ဖော်ထုတ်ခြင်း၊ တောင်းဆိုခြင်း၊ တိုက်ပွဲ
ဝင်ခြင်း စတာတွေကို
ပြောင်လုပ်ကိုင်ဆောင်ရွက်ခွင့် ရှိရမည်။
- အစိုးရလုပ်ရပ်များကို ဝေဖန်ခြင်း၊
ဖွင့်ချခြင်း၊ ဆန့်ကျင်ခြင်း၊
ကန့်ကွက်ခြင်းများကိုလည်း
ပြောင်လုပ်ကိုင်ဆောင်ရွက်နိုင်ခွင့်
ရှိရမည်။
အထက်ပါ
နိုင်ငံရေးလုပ်ငန်းစဉ်များကို
လုပ်ကိုင်ဆောင်ရွက်နိုင်ရန်
နိုင်ငံရေးပါတီအသီး သီး၊
အဖွဲ့အစည်းအသီးသီးတို့သည် မိမိတို့၏
ကွန်ရက်များ (သို့မဟုတ်) ကလပ်စည်းများ
(သို့မ ဟုတ်) အစုအဖွဲ့များကို လူထု၊
လူတန်းစားများအတွင်း၌ စနစ်တကျ
ဖွဲ့စည်းပြီး လုပ်ကိုင်ဆောင်ရွက် ကြရသည်။
သို့သော် ယခုအခါ၌မူ
မြေပေါ်နိုင်ငံရေးအခြေနေ၊ ဥပေဒေတွင်း
နိုင်ငံရေးအခြေအနေက ခွင့်ပြုထားသလောက်သာ
မိမိတို့၏ ကွန်ရက်များကို
တည်ဆောက်နိုင်မည်သာဖြစ်သည်။ နိုင်ငံရေး
ပါတီများ လွတ်လပ်စွာ
လှုပ်ရှားခွင့်ရှိလျှင်ရှိသလို မိမိတို့၏
ကွန်ရက်များလည်း ဖြန့်ကျက်နိုင်စေရ မည်။
ကွန်ရက်များ မတည်ဆောက်နိုင်လျှင်
မိမိတို့နိုင်ငံရေးလုပ်ငန်းစဉ်များ
အကောင်အထည်ဖော် မှုတွင်
အခက်အခဲကြီးနိုင်သည်။ နောက်ဆုံးတွင်
နိုင်ငံရေး လုပ်ငန်းစဉ်များ
မအောင်မြင်သည့် အဖြစ် ဆိုးဖြင့်လည်း
ရင်ဆိုင်ရနိုင်သည်။
မြေပေါ်ပါတီ၊
အဖွဲ့အစည်းများသည်
မြေပေါ်နိုင်ငံရေးလှုပ်ရှားမှုများအတွက်
ကွန်ရက်များ တည်ဆောက်ပြီး
လုပ်ကိုင်ဆောင်ကြရမည်။ ကွန်ရက်များ
တည်ဆောက်ထားနိုင်မှသာလျှင် ပါတီ၊
အဖွဲ့အစည်းများ၏
နိုင်ငံရေးလုပ်ငန်းများကို
ထိရောက်အောင်မြင်စွာ
လုပ်ကိုင်ဆောင်ရွက်နိုင်မည် ဖြစ်သည်။
မြေပေါ်နိုင်ငံရေးလှုပ်ရှားမှုများ
လုပ်ဆောင်ရာတွင် နည်းနာမျိုးစုံဖြင့်
လုပ်ကိုင်ဆောင်ရွက် နိုင်ပါသည်။ ဥပမာ -
တဦးချင်း (သို့မဟုတ်) လူတစုဖြင့်
(သို့မဟုတ်) လူထုနည်းဖြင့် ဆန္ဒဖော်ထုတ်
ခြင်း၊ ဝါဒဖြန့်စည်းရုံးလှုံ့ဆော်ခြင်း၊
စီတန်းလှည့်လည်ခြင်း၊ လက်မှတ်ထိုး
ဆန္ဒဖော်ထုတ်ခြင်း၊ အရောင်အမျိုးမျိုးဖြင့်
ဆန္ဒဖော်ထုတ်ခြင်း၊ ဘုရားတက်
ဝတ်ပြုဆုတောင်းခြင်း၊ စီတန်းလှည့်လည်
ဆုတောင်းခြင်း၊ စက်ရုံအလုပ်ရုံများတွင်
အလုပ်သမားများက မိမိတို့အခွင့်အရေးများကို
တောင်းဆို တိုက်ပွဲဝင်ခြင်း၊
သပိတ်တိုက်ပွဲဆင်နွှဲခြင်း၊
ကျောင်းသားများကလည်း မိမိတို့၏
အခွင့်အရေး၊ ရပိုင် ခွင့်များကို
တောင်းဆိုတိုက်ပွဲဝင်ခြင်း၊
အစိုးရဥပဒေတွင်းမှ တိုက်ပွဲဆင်ခြင်း -
အခါအားလျော်စွာ အစိုးရက
ကျင်းပပြုလုပ်ပေးသည့်
ရွေးကောက်ပွဲများတွင်
ဆန့်ကျင်ခြင်း/ကန့်ကွက်ခြင်း၊ ဆန္ဒခံယူ
ပွဲများကို ထောက်ခံခြင်း/ကန့်ကွက်ခြင်း …
စသည်တို့ဖြစ်သည်။ ထို့အပြင်
မြေပေါ်နိုင်ငံရေးလှုပ်ရှားမှု ကို
ပြည်တွင်း၌
လုပ်ကိုင်ဆောင်ရွက်နိုင်သကဲသို့
ပြည်ပမှာလည်း လုပ်ကိုင်ဆောင်ရွက်နိုင်သည်။
ဥပမာ - သံတမန်ရေးရာလုပ်ငန်းများ၊
သံရုံးများတွင် ဆန္ဒပြခြင်း၊
ဆုတောင်းပွဲများပြုလုပ်ခြင်း၊
လော်ဘီလုပ်ခြင်း … စသည်ဖြင့်
လုပ်ကိုင်ဆောင်ရွက်နိုင်ပါသည်။
ဤသို့လုပ်ကိုင်ဆောင်ရွက်ရာတွင်
လူလုံးပြပြီး၊ အသံကုန်ဟစ်ကာ ပြောင်
လုပ်ကိုင်ဆောင် ရွက်ကြရသည်။
မြေပေါ်နိုင်ငံရေး တိုက်ပွဲသဏ္ဌာန်သည်၊
ပြောင် နိုင်ငံရေးတိုက်ပွဲသဏ္ဌာန်ဖြစ်သည်။
စည်းရုံးလှုံ့ဆော်မှုသည်လည်း
ပြောင်စည်းရုံးလှုံ့ဆော်မှု ဖြစ်ရမည်။
စည်းရုံးဖွဲ့စည်းထားမှုသည်လည်း ပြောင်
စည်းရုံးဖွဲ့စည်းထားမှုပင် ဖြစ်ရမည်။
မိမိတို့တည်ဆောက်ထားသည့်
ကွန်ရက်များနှင့်လည်း
ပြောင်ဆက်သွယ်ခြင်းသာမက
အလျားလိုက်(ပြားလိုက်)ဆက်သွယ်သည့်စနစ်အတိုင်း
ကျယ်ကျယ် ပြန့်ပြန့် လုပ်နိုင်သည်။
လုပ်ကြရမည်။
ဖော်ပြပါ
မြေပေါ်နိုင်ငံရေးလှုပ်ရှားမှုများနှင့်
တိုက်ပွဲသဏ္ဌာန်တို့သည် တိုင်းပြည်တွင်း၌
ဒီမိုကရေစီအခွင့်အရေး တစုံတရာ
တိုးတက်မှုရှိသည့် နိုင်ငံရေး
အခြေအနေအောက်၌သာ ကျင့် သုံးနိုင်သည်။
မျက်မှောက် ဗမာပြည်နိုင်ငံရေး အခြေအနေသည်
မြေပေါ်နိုင်ငံရေးလှုပ်ရှားမှုများအ တွက်
အခွင့်အခါကောင်းသည့် အခြေအနေမဟုတ်ပါ။
လက်တွေ့ နိုင်ငံရေးလှုပ်ရှားမှုများရဲ့
အကျိုး သက်ရောက်မှုက ဖော်ပြနေပေသည်။ မြေပေါ်
နိုင်ငံရေးပါတီများ ဆက်လက်
ရပ်တည်နိုင်ရေးကို နေ့စဉ်
ခြိမ်းခြောက်ခံနေရခြင်း၊
အကျဉ်းထောင်များတွင်
နိုင်ငံရေးလှုပ်ရှားသူများ၊ ဒီမိုကရေစီရေး
တောင်းဆိုတိုက်ပွဲဝင်သူများ၊
လူမှုရေးလုပ်ငန်းများမှ ဂရုဏာရှင်များ၊
ငြိမ်းချမ်းရေး ဆုတောင်းသူ များနှင့်
ပြည့်နှက်နေခြင်း၊ တိုင်းပြည်တွင်း
နေရာအနှံ့အပြားတွင် တရားမျှတမှုမရှိသည့်
ဥပဒေများ ထုတ်ပြန်ပြီး
ဖိနှိပ်အုပ်ချုပ်နေခြင်း … စသည့်အချက်တွေက
မြေပေါ်နိုင်ငံရေးလှုပ်ရှားမှုများကို
ကြီးမားစွာ ကန့်သတ်ထားသည်။ သို့သော်
မြေပေါ်နိုင်ငံရေးပါတီ၊
အဖွဲ့အစည်းအသီးသီးတို့သည် မိမိတို့၏
နိုင်ငံရေးလုပ်ငန်းစဉ်များကို
ဆက်လက်လုပ်ကိုင် ဆောင်ရွက်နိုင်ရန်အတွက်
နည်းနာအသစ် များကို ဆက်လက်
ရှာဖွေကြရစမြဲဖြစ်သည်။
ဆက်လက်ပြီး ဥပဒေပ
နိုင်ငံရေးအဖွဲ့အစည်းများ၏
နိုင်ငံရေးလှုပ်ရှားမှုများကိုလည်း
ဆက်လက်တင်ပြလိုပါသည်။
ဥပဒေပအဖွဲ့အစည်းများ
ပေါ်ပေါက်လာရခြင်း၏ အဓိကကြောင်းအချက်
- ဗမာပြည်ရှိ ခေတ်အဆက်ဆက်က ဖောက်ပြန်သော
အုပ်စိုးသူ လူတန်းစားသည် လူမျိုးပေါင်းစုံ
ပြည်သူလူထုနှင့် ၎င်းတို့၏အကြားမှာ
တည်ရှိနေသော နိုင်ငံရေးပြဿနာများကို
နိုင်ငံရေးနည်းဖြင့် တရားနည်းလမ်း တကျ
မဖြေရှင်းကြ။ မတရားသည့် ဥပဒေများ
ချမှတ်ကျင့်သုံးပြီး ဖိနှိပ်ခြင်းနှင့်
လက်နက်ကိုင် အကြမ်းဖက်နည်းကို
အသုံးပြုပြီး ဖြေရှင်းခဲ့ကြသည်။
ထိုအချက်ကြောင့် အဖိနှိပ်ခံ ပြည်သူလူထု
သည် မိမိကိုယ်ကို ခုခံကာကွယ်ရန်၊
ဖောက်ပြန်သည့်အစိုးရကို ဖြုတ်ချ
ဖယ်ရှားပစ်ရန် အတွက်
လက်နက်စွဲကိုင်ပြီး တော်လှန်စစ်ကို
မလွှဲသာမရှောင်သာ ဆင်နွှဲခဲ့ရသည်။
တော်လှန်စစ် ဆင်နွှဲရခြင်းသည်
မပြီးပြတ်သေးသော မိမိတို့၏
နိုင်ငံရေးလုပ်ငန်းစဉ်များကို
ဆက်လက်လုပ်ဆောင် လိုက်ခြင်းသာလျှင်
ဖြစ်သည်။ တိုးတက်ပြီး တော်လှန်သည့်
လက်နက်ကိုင်တိုက်ပွဲသဏ္ဌာန်အဖြစ်
ပေါ်ထွက်လာ၏။
ဥပဒေပနိုင်ငံရေးအုပ်စုများကိုလည်း
အကြမ်းအားဖြင့် (၂) ပိုင်း
ခွဲခြားနိုင်သေးသည်။
(က) လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေသည့်
နိုင်ငံရေးအုပ်စု (လူတန်းစားအခြေခံ သည့်
နိုင်ငံရေးအုပ်စု၊ လူမျိုးရေးအခြေခံသည့်
နိုင်ငံရေးအုပ်စု ဟူ၍လည်း နှစ်မျိုး
နှစ်စား ကွဲပြားနေသေးသည်။)
(ခ) လက်နက်ကိုင်တော်လှန်ရေးမလုပ်၊
သို့သော် ဥပဒေပြင်ပမှ
အုပ်စိုးသူလူတန်းစားကို
အတိုက်အခံပြုလုပ်နေသော နိုင်ငံရေးပါတီ
(အကြမ်းမဖက်သော အတိုက်အခံ နိုင်ငံ
ရေးအုပ်စု) များအုပ်စု … စသည်တို့ဖြစ်သည်။
၎င်းဥပဒေပ
နိုင်ငံရေးအုပ်စုများသည်
မိမိတို့သက်ဆိုင်ရာ လူမျိုးအလိုက်၊
လူတန်းစား၊ လူ့ အလွှာအလိုက်ကို အခြေခံပြီး
မပြီးဆုံးသေးသည့်
နိုင်ငံရေးလုပ်ငန်းများကို
လုပ်ဆောင်ကြရသည်။ ဤသို့ လုပ်ဆောင်ကြရာတွင်
ဥပဒေတွင်းပါတီများမဟုတ်သဖြင့် ၎င်းတို၏
အခြေခံလူထု၊ လူတန်း စားများနှင့်
အဆက်အသွယ်ယူသည့်အခါ ပြောင်
အဆက်အသွယ်လုပ်၍မရ။ လျှို့ဝှက်ဆက်သွယ်မှု
ပြုလုပ်ရသည်။ ဝါဒဖြန့်ချိမှုလုပ်ငန်း၊
စည်းရုံးဖွဲ့စည်းမှု လုပ်ငန်းများနှင့်
တပ်ပေါင်းစုလုပ်ငန်းများသည် လည်း
ပြောင်လုပ်ငန်းမဟုတ်တော့ဘဲ
လျှို့ဝှက်လုပ်ငန်းဖြစ်ရတော့သည်။ ဥပဒေပ
နိုင်ငံရေးပါတီ များ၏
အခြေခံယူနစ်များဖြစ်သော ကွန်ရက်များ
(သို့မဟုတ်) ကလပ်စည်းများ
ဖွဲ့စည်းတည်ဆောက် မှုသည်လည်း
ပြောင်တည်ဆောက်၍ မရနိုင်တော့။
လျှို့ဝှက်စွာ တည်ဆောက်ရသော လုပ်ငန်း
အဖြစ်သို့ ကူးပြောင်းသွားသည်။
တနည်းအားဖြင့် ဤသို့
လှုပ်ရှားဆောင်ရွက်ရခြင်းကို မြေအောက်
နိုင်ငံရေးလုပ်ငန်းများဟု ပြောကြသည်။
ထို့ကြောင့် ဥပဒေပ
နိုင်ငံရေးပါတီများ၏
နိုင်ငံရေးတိုက်ပွဲသဏ္ဌာန်(Forms of
struggle) များသည် လက်နက်ကိုင်
တော်လှန်ရေးနှင့်
အခြားတိုက်ပွဲသဏ္ဌာန်မျိုးစုံ
(အကြမ်းမဖက်သည့် တိုက်ပွဲ) တို့
ပေါင်းစပ်ထားသည့် လုပ်ငန်းများဖြစ်သည်ကို
တွေ့မြင်နိုင်သည်။ သို့သော် ဥပဒေပ
နိုင်ငံရေးပါတီတိုင်းကတော့ လက်နက်ကိုင်
တော်လှန်ရေးကို မဆင်နွှဲပါ။ အချို့ကလည်း
အခြား တိုက်ပွဲမျိုးစုံနဲ့ ပေါင်းစပ်ပြီး
လုပ်ဆောင်ဖို့ စိတ်အားထက်သန်မှုမရှိ။
အကြောင်းမှာ ပါတီတခုချင်း၊ တဖွဲ့ချင်း၏
နိုင်ငံရေးလုပ်ငန်းစဉ်၊
နိုင်ငံရေးနည်းပရိယာယ်၊
နိုင်ငံရေးရပ်တည်မူ၊ တဖွဲ့ချင်းအကျိုး
စီးပွား၊ စိတ်ပါဝင်စားမှုများကလည်း
တဖွဲ့နှင့်တဖွဲ့ ထပ်တူမကျနိုင်သောကြောင့်
ဖြစ်သည်။ မည်သို့ ပင်ဖြစ်စေ ဥပဒေပ/တွင်း
နိုင်ငံရေးအဖွဲ့အစည်းများ၏
တိုက်ပွဲဏ္ဌာန်များကိုတော့ ၎င်းတို့ကိုယ်တိုင်
ရွေးချယ်ခွင့်မရ။ အုပ်စိုးသူ လူတန်းစားက
ရွေးချယ်ပေးလေ့ရှိသည်။
ဥပဒေတွင်းနိုင်ငံရေးပါတီနှင့်
ဥပဒေပနိုင်ငံရေးပါတီ
အဖွဲ့အစည်းများအကြားတွင် ပါတီများ ၏
ရှင်သန်ရပ်တည်ရေး အနေအထား
မတူခြားနားမှုကြောင့်
တိုက်ပွဲသဏ္ဌာန်များလည်း ကွဲပြား
ခြားနားမည်။ တိုက်ပွဲသဏ္ဌာန်
ကွဲပြားခြားနား သကဲ့သို့
အခြားနိုင်ငံရေးလုပ်ငန်း (ဝါဒဖြန့်ချိရေး၊
စည်းရုံးရေး၊ တပ်ပေါင်းစု၊
ကွန်ယက်တည်ဆောက်ရေး) များ လုပ်ဆောင်ကြသည့်
နည်းနာသည် လည်း လုံးဝ မတူညီနိုင်ပါ။
လုပ်ငန်းသဘောသဘာဝ မတူတာကို
အလေးအနက်မထားဘဲ လုပ်ငန်း များ
ရောထွေးပြီး လုပ်ကိုင်ဆောင်ရွက်မိပါက
ဘက်နှစ်ဘက်၏လုပ်ငန်းများ
ထိခိုက်ဆုံးရှုံးနိုင်သည်။
ထိခိုက်ဆုံးရှုံးခဲ့ဖူးသည့်
သာဓကများရှိသည်။ ဤအချက်ကိုတော့
အထူးသတိပြုကြရမည်။
ကျန်ရှိနေသေးသည့်
နိုင်ငံရေးပါတီ၊
အဖွဲ့အစည်းများအကြောင်းကို ဆက်လက်တင်ပြ
ပါမည်။
တတိယအမျိုးအစားဖြစ်သည့်
နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းများအုပ်စုသည်
၈-လေးလုံး အရေးတော်ပုံပြီးနောက်
ဗမာပြည်နိုင်ငံရေးတွင်
ထူးခြားချက်တရပ်အဖြစ် ထွက်ပေါ်လာခဲ့သည်။
ဤအမျိုးအစားတွင်
ဥပဒေတွင်းလည်းမဟုတ်၊ ဥပဒေပလည်းမဟုတ်သည့်
နိုင်ငံရေးပါတီ များ အုပ်စုအဖြစ်
တွေ့မြင်ရနိုင်သည်။ ပါဝင်သူအများစုသည်
လက်ရှိစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲ
ထားသည့် လူမျိုးပေါင်းစုံ
နိုင်ငံရေးအင်အားစုများ ဖြစ်သည်။
၈-လေးလုံးအရေးတော်ပုံ မတိုင်မှီက
လူမျိုးရေးအခြေခံဖြင့် ခေတ်အဆက်ဆက်
အုပ်စိုးသူအစိုးရများကို
လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲခဲ့ ကြသည့်
လူမျိုးစုံ နိုင်ငံရေးအဖွဲ့အစည်းများ
ဖြစ်သည်။ ၈-လေးလုံး
ဒီမိုကရေစီအရေးတော်ပုံပြီး နောက်
တိုင်းပြည်ရဲ့ အာဏာတစုံလုံးကို
ချုပ်ကိုင်ထားသည့် နဝတ/နအဖ စစ်အစိုးရနှင့်
အပစ် အခတ် ရပ်စဲလိုက်သည့်
အဖွဲ့အစည်းများအဖြစ်
အသွင်ပြောင်းသွားသည်။ စစ်အစိုးရ၏ “နယ်စပ်
ဒေသ ဖွံ့ဖြိုးရေး” ဆိုသည့်
ပေါ်လစီအတုအယောင်အောက်တွင် ၎င်းတို့၏
နိုင်ငံရေးရည်မှန်းချက် များကို
အကောင်အထည် ဖော်နိုင်လိမ့်မည်ဟု
မျှော်လင့်ခဲ့ကြသည်။ တကယ့်လက်တွေ့ဘဝ ဆယ်စု
နှစ်ကျော် ဖြတ်သန်းလာခဲ့ပြီးနောက်
အပစ်ခတ်ရပ်စဲထားသည့်
အဖွဲ့အစည်းအသီးသီးသည် စစ်အုပ် စု၊
စစ်အစိုးရရဲ့ ပေါ်လစီအကြောင်း ကောင်းကောင်း
နားလည်လာကြလိမ့်မည်ဟု ယူဆမိသည်။
အကြောင်းမှာ စစ်အစိုးရ၏ “နယ်စပ်ဒေသ
ဖွံ့ဖြိုးရေး” ဆိုသည့် ပေါ်လစီမှာ
လက်နက်ကိုင်တော်လှန် ရေးကို
သင်းကွပ်ပစ်မည့် ပေါ်လစီသာဖြစ်ကြောင်း
တနေ့ပြီးတနေ့ တွေ့မြင်နေရသောကြောင့် ဖြစ်
သည်။
နအဖစစ်အုပ်စု၏
နိုင်ငံရေးတနပ်စားဉာဏ်ဖြင့် ချမှတ်ထားသော
ပေါ်လစီသည် နအဖ စစ်အုပ်စု ရင်ဆိုင်နေရသော
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး
ပဋိပက္ခများအတွက် ယာယီထွက်ပေါက်
ရရှိထားသလိုတော့ရှိသည်။ နအဖ၏
ဖြိုခွဲရေးပေါ်လစီ အောင်မြင်သည်ဟုတောင်
ပြောနိုင်သည်။ အခြားတဖက်တွင်
အပစ်အခတ်ရပ်စဲထားသော
အဖွဲ့အစည်းများအနေဖြင့် မိမိတို့၏ တကယ့်
နိုင်ငံရေးရည်မှန်းချက်များ မည်မျှ
အကောင်အထည်ဖော်နိုင်ခဲ့သနည်း၊
မိမိတို့ကိုယ်စားပြုသော
လူမျိုးစုံပြည်သူများ၏ (နိုင်ငံရေး၊
စီးပွားရေး၊ လူမှုရေး) အခွင့်အရေးကို
မည်မျှ အာမခံ ဆောင်ရွက် ပေးနိုင်ခဲ့သနည်း၊
မိမိတို့အဖွဲ့အစည်းများအတွင်း
စည်းလုံးညီညွတ်ရေးကို မည်မျှ
ခိုင်မာအားကောင်း စေခဲ့သနည်း၊
မိမိအင်အားများ တိုးပွားလာသလား၊
ဆုတ်ယုတ်သွားသလား၊ အခြားသော နအဖ
စစ်အစိုးရကို ဆန့်ကျင်သော ပါတီအဖွဲ့အစည်း
(ဥပဒေတွင်း၊ ဥပဒေပ) များနှင့်
မည်သို့မည်ပုံ ချိတ်ဆက်ထားနိုင်ခဲ့သနည်း …
စသည့် မေးခွန်းများဖြင့်
ထိုအပစ်အခတ်ရပ်စဲထားသည့် အဖွဲ့အစည်း
များအား မျက်မှောက်နိုင်ငံရေး အခြေအနေက
လတ်တလော တောင်းဆိုနေသည်။ အပစ်ခတ်ရပ်စဲ
ထားသည့် အဖွဲ့များ၏
နိုင်ငံရေးရည်မှန်းချက်များ
အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းကို
ပြောမည် ဆိုပါက အထက်ပါမေးခွန်းများတွင်
အဖြေရှိသည်။
မည်သို့ပင်ဖြစ်စေကာမူ
နအဖစစ်အုပ်စုသည် ၂ဝဝ၈ -
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို
အတင်းအဓမ္မ ရေးဆွဲထားပြီး၊
ခြိမ်းခြောက်အကြပ်ကိုင်သည့်
နည်းမျိုးစုံဖြင့် ပြည်သူများ၏ ဆန္ဒအမှန်
မထုတ်ဖော်ရဲအောင် အမိန့််ဥပဒေများ
ထုတ်ပြန်ခဲ့သည်။ ပြည်သူတွေရဲ့
တကယ့်ဆန္ဒမှန် ဖော်ထုတ် သူများနှင့်
ဖွဲ့စည်းပုံအခြေခံဥပဒေကို မထောက်ခံရန်၊
ဆန့်ကျင်ကန့်ကွက်သည့် စည်းရုံးလှုံ့ဆော်သူ
များကို ဥပဒေပုဒ်မ အမျိုးမျိုးတတ်ပြီး
နှစ်ရှည် ထောင်ချခဲ့သည်။
ပြည်သူ့ဆန္ဒအမှန်မဟုတ်ဘဲ လိမ် ညာပြီး ၂ဝဝ၈
- အခြေခံဥပဒေကို အတည်ပြုကြေညာခဲ့သည်။
ထိုအခြေခံဥပဒေ အသက်ဝင်ရေး အတွက် မကြာခင်
၂ဝ၁ဝ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲ
အသစ်တခု ပြုလုပ်ဖို့ အသံလှိုင်လှိုင်
ပေးနေသည်။ ကြိတ်၍တမျိုး၊ ပြောင်တမျိုး
ပြင်ဆင်နေသည်။
နအဖစစ်အုပ်စုအနေဖြင့် ၂ဝ၁ဝ
ရွေးကောက်ပွဲမကျင်းပမှီ ပြဿနာပေါင်း
တသောင်း ခြောက်ထောင်ထဲမှ
အရေးကြီးနိုင်ငံရေးပြဿနာ နှစ်ခုကိုတော့
မုချဖြေရှင်းရလိမ့်မည်။ ထိုပြဿနာ
နှစ်ခုမှာ -
(၁ ) ၉ဝ - ခုနှစ် ရွေးကောက်ပွဲတွင်
အနိုင်ရရှိခဲ့သော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်
နအဖတို့အကြားမှာ ရှိနေသော
နိုင်ငံရေးပြဿနာ။
(၂ ) အပစ်အခတ်ရပ်စဲထားသော
လက်နက်ကိုင်လူမျိုးစုများနှင့်
နအဖတို့အကြားက နိုင်ငံရေးပြဿနာ …
တို့ဖြစ်သည်။
အပစ်အခတ်ရပ်စဲထားသည့်
နိုင်ငံရေးအဖွဲ့အစည်းများနှင့်ပတ်သက်ပြီး
နအဖ လတ်တလော ကိုင်တွယ်နေပုံအား
လေ့လာကြည့်မည်ဆိုလျှင် - နအဖသည်
အပစ်အခတ်ရပ်စဲထားသည့် အဖွဲ့ အစည်းများထဲမှ
အင်အားအလွန်ချိနဲ့သည့် အဖွဲ့များကို
အင်အားသုံးအကြပ်ကိုင်ပြီး လက်နက်ချ
အညံ့ခံစေသည်။ ထိုနောက် ၎င်းအဖွဲ့အစည်းများ၏
နိုင်ငံရေးအဆင့်နေရာကို ပျောက်သွားအောင်
လုပ်ပစ်လိုက်သည်။ (ပလောင်၊
ရှမ်းပြည်မြောက်ပိုင်းမ
ှအပစ်ရပ်အဖွဲ့အချို့၊ ရလလဖ မူလအဖွဲ့၊
ကယားပြည်နယ်မှ နဂါးအဖွဲ့) တို့ဖြစ်သည်။
ဤလုပ်ဆောင်ချက်သည် နအဖ၏
စစ်သားစရိုက်အတိုင်း အမာရှောင်၊
အပျော့ထိုး ဆိုသည့် နည်းပရိယာယ်ကို
ရိုးရှင်းစွာ
ကျင့်သုံးလိုက်ခြင်းသာဖြစ်သည်။ ထို့အပြင်
နအဖ၏ တကယ့်သရုပ်မှန်ကိုလည်း ပေါ်လွင်စေသည်။
အနည်းငယ် အင်အားတောင့်သည့်
အဖွဲ့များကိုမူ နအဖ ကာကွယ်ရေးဦးစီးချုပ်၏
ထီးရိပ်အောက်တွင် ဝင်ရောက်ခိုလှုံဖို့
ကမ်းလှမ်းကာ နားချနေပြန်သည်။ မြွေမြိုသည့်
နည်းပရိယာယ်ကို
ပြောင်းလဲကျင့်သုံးနေခြင်းသာ ဖြစ်သည်။
သို့သော် အပစ်ရပ်အဖွဲ့များအပေါ် နအဖ
ကထားရှိသည့် သဘောထားကတော့ ထူးခြားပြီး
ပြောင်းလဲ လိမ့်မည်မဟုတ်။ နအဖ၏ ၂ဝဝ၈
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို
လေ့လာလျှင် အရှင်းသား ပေါ် လွင်နေပါသည်။
နအဖသည် ၂ဝ၁ဝ
ခုနှစ်ရွေးကောက်ပွဲ အထမြောက်ဖို့
ကောက်ကျစ်သည့် နည်းပေါင်းစုံ
ကျင့်သုံးလိမ့်မည်ဆိုတာ
တိုင်းပြည်ချစ်စိတ်ရှိသူတိုင်းက
ခန့်မှန်းတွက်ချက်ထားပါသည်။ နအဖသည် ၎င်း၏
လမ်းပြမြေပုံ အဆင့် (၅) ကို
အောင်မြင်စေရန် တရားသည့်နည်းဖြစ်စေ၊
မတရားသည့်နည်း ဖြစ်စေ ကျင့်သုံးပြီး
အကောင်အထည်ဖော်လိမ့်မည်။ နမူနာအဖြစ် ယခု
အပစ်ရပ်အဖွဲ့များကို ကြည့် လျှင်
သိနိုင်ပါသည်။ အပစ်ရပ်အဖွဲ့များကို
ညောင်နှစ်ပင်ညီလာခံသို့ တက်ရောက်စေခဲ့သည်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ
ရေးဆွဲရေးတွင် ပါဝင်စေခဲ့သည်။
အပစ်ရပ်အဖွဲ့များ၏ တင်ပြချက် များကို
လျစ်လျူရှုထားခြင်းခံရသည်။
အခြေခံဥပဒေမူကြမ်းကို အကြပ်ကိုင်ပြီး
လက်မှတ်ရေးထိုးစေ ခဲ့သည်။
ထိုအခြေခံဥပဒေဖြင့်ပင်
အပစ်ရပ်အဖွဲ့များအား
လက်နက်ဖြုတ်ပေလိမ့်မည်။
နအဖနှင့်
ထိုအဖွဲ့များအကြားရှိ ပြဿနာသည်
လက်နက်ချခိုင်း၍ ရ , မရ ပြဿနာနှင့်
လက်နက်ကိုင်ခွင့် ရ , မရ ပြဿနာဖြစ်သည်။
နိုင်ငံရေးပြဿနာ ဖြေရှင်းပွဲဖြစ်သည်။ အာဏာ
ပြဿနာ ဖြေရှင်းပွဲဖြစ်သည်။ ဘယ်လို
ဆက်လက်ဖြေရှင်းကြမည် ဆိုတာကိုတော့
စိတ်ဝင်တစား စောင့်ကြည့်ကြရမည်။ အချိန်ကား
မဝေးတော့ပါ။ ဤစာရင်းရှင်းပွဲမှ
ဗမာပြည်နိုင်ငံရေး အသွင်အပြင် လက္ခဏာတချို့
အပြောင်းအလဲဖြစ်ပေါ်နိုင်သည်။ နအဖဘက်က
အသာစီးရသွားလျှင် ဥပဒေတွင်း မဟုတ်၊
ဥပဒေပမဟုတ်သည့်
နိုင်ငံရေးအုပ်စုဆိုတာမရှိတော့ဘဲ၊
ဥပဒေတွင်းနိုင်ငံရေး အုပ်စုအဖြစ်
ပြောင်းလဲသွားမည်။
အပစ်ရပ်အဖွဲ့များအနေဖြင့် မိမိတို့၏ မူလ
နိုင်ငံရေးရပ်တည်ချက်အတိုင်း
ဆက်လက်ရပ်တည်ထားမည်ဆိုပါက ဥပဒေပ
လက်နက်ကိုင် နိုင်ငံရေးအုပ်စုများအဖြစ်
အသစ် တဖန် ပြောင်းလဲဖြစ်ပေါ်လာနိုင်သည်။
ထို့အပြင် အပစ်ရပ်အဖွဲ့အစည်း
တခုချင်းအတွင်းမှာလည်း အယူအဆ
မတူကွဲပြားမှုတွေ ဖြစ်ပေါ်နိုင်သည်။
နောက်ဆက်တွဲအဖြစ် ဂိုဏ်း၊ အုပ်စု၊
အစိတ်အပိုင်း အများအပြားအဖြစ်လည်း ကွဲထွက်
သွားနိုင်သေးသည်။ ထိုအတိုင်းသာ
ဖြစ်ပေါ်လာမည်ဆိုပါက
အမျိုးသားသွေးစည်းညီညွတ်ရေးအတွက်
မတွေးရဲစရာပါ။ ဤကာလသည် အပစ်ရပ်အဖွဲ့များ
အတွက် လမ်းကြောင်းမှန်ပေါ်ပေါက်ရေးကို
အထူးအာရုံစိုက်ရမည့် ကာလတခု ဖြစ်နေပေသည်။
ထိုအဖွဲ့များသည် မိမိတို့ရောက်ရှိနေသည့်
နိုင်ငံရေးအနေအထားအရ နအဖဥပဒေတွင်း
ဝင်ရောက်ပြီး ဥပဒေတွင်း
တိုက်ပွဲသဏ္ဌာန်တခုအဖြစ်
ညောင်နှစ်ပင်ညီလာခံသို့ ဝင်ရောက်ပြီး မိမိ
တို့၏ အခွင့်အရေးများကို
တောင်းဆိုတင်ပြခဲ့ကြသည်။ သို့သော်
မှန်းချက်နှင့်နှမ်းထွက် မကိုက်ခဲ့။
အချို့အဖွဲ့များဆိုလျှင်
ညီလာခံမှနှုတ်ထွက်ပြီး လေ့လာသူအဆင့်အဖြစ်
နောက်ဆုတ်နေခဲ့သည်။
အချို့အဖွဲ့စည်းများကတော့
၎င်းတို့တင်ပြချက်များကို လက်မခံနိုင်လည်း
မှတ်တမ်းတင်ထားပေးပါ ဟု တောင်းဆိုခဲ့ရသည်။
အပစ်ရပ်အဖွဲ့များနှင့် နအဖကြားက
နိုင်ငံရေးပြဿနာများကား စာရင်းရှင်း ပွဲ
မတိုင်မှီအထိ ဆက်လက်ပြီး
ကြီးထွားနေမည်သာဖြစ်သည်။
(၂)
ယခုတင်ပြခဲ့သော
နိုင်ရေးအုပ်စုများ၏ အသွင်အပြင်လက္ခဏာသည်
မျက်မှောက် ဗမာ ပြည်
နိုင်ငံရေးဇာတ်ခုံတွင် တွေ့မြင်နေရသော
တကယ့် အသွင်အပြင်လက္ခဏာများဖြစ်သည်။ ဤ
အသွင်အပြင် လက္ခဏာများကို
တင်ပြရခြင်းအကြောင်းအရင်းမှာ မိမိတို့၏
နိုင်ငံရေးလှုပ်ရှားမှုများ သည် မည်သည့်
နိုင်ငံရေးအနေအထားကို အခြေပြုပြီး
လှုပ်ရှားကြရမည်ဆိုသည်ကို သိရှိစေရန်ဖြစ်
သည်။ သို့မှသာ မိမိတို့၏
တိုက်ပွဲသဏ္ဌာန်များကို မှန်မှန်ကန်ကန်
အသုံးပြုနိုင်မည်ဖြစ်သည်။ တိုက်ပွဲ သဏ္ဌာန်
မှန်ကန်စွာ ရွေးချယ်ထားနိုင်မှ
တိုက်ပွဲနည်းနာကောင်းများကို
ချမှတ်နိုင်မည်။
ထိုအပြင် အသုံးပြုမည့်
တိုက်ပွဲသဏ္ဌာန်များအပေါ် အခြေခံကာ
မိမိတို့၏ စည်းရုံးရေး(စုဖွဲ့မှု)
ပုံသဏ္ဌာန်များကို
တည်ဆောက်နိုင်မည်ဖြစ်သည်။ ဆက်လက်ပြီး
မိမိတို့၏ ကွန်ယက်များကို လျှို့ဝှက်
(သို့မဟုတ်) ပြောင် ဖြန့်ကျက်ခြင်း၊
တည်ဆောက်ခြင်းများ
ပြုလုပ်နိုင်ပေလိမ့်မည်။
ဥပမာ -
(က) ဥပဒေတွင်းပါတီ၊ အဖွဲ့အစည်းတခုခုသည်
တစုံတရာ ဒီမိုကရေစီရှိသော အခြေအနေ၌
မိမိတို့၏ ဆန္ဒများ ဖော်ထုတ်ခြင်း၊
အခွင့်အရေးများ တောင်းဆို ခြင်း၊
ဒီမိုကရေစီရေးတိုက်ပွဲများ
ဆင်နွှဲခြင်းတို့အတွက် အကြမ်းမဖက် တိုက်ပွဲ
သဏ္ဌာန်ကို ရွေးချယ်ဆင်နွှဲနိုင်သည်။
လူထုလူတန်းစားအတွင်း စည်းရုံးရေး
သဏ္ဌာန်သည်
ပြောင်စည်းရုံးရေးသဏ္ဌာန်များဖြစ်သည်။
ကွန်ရက်ချင်းဆက် သွယ်မှုသည်လည်း
ပြောင်ဆက်သွယ်မှုနှင့်
အလျားလိုက်ဆက်သွယ်မှုကို
ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးကြရမည်။
(ခ) အကယ်၍ ဒီမိုကရေစီမရှိသော အခြေအနေ၌
ဥပဒေတွင်းပါတီ၊ အဖွဲ့အစည်း များ၏
နိုင်ငံရေးလှုပ်ရှားမှုများသည် အကန့်အသတ်
မုချရှိမည်။ ထိုအခါ ဥပဒေပ ပါတီများကဲသို့
မိမိတို့ အဖွဲ့အစည်းများ၏ လှုပ်ရှားမှုသည်
ပြောင်လှုပ်ရှား၍ မဖြစ် နိုင်တော့ချေ။
စည်းဖွဲ့မှုပုံသဏ္ဌာန်၊
ကွန်ရက်တည်ဆောက်မှုနှင့် ဖြန့်ကျက်မှုတို့
သည် လျှို့ဝှက် လုပ်ကိုင်ဆောင်ရွက်ကြရမည်။
တိုက်ပွဲပုံသဏ္ဌာန်သည် ဥပဒေ
တွင်းတိုက်ပွဲလည်း ဖြစ်နိုင်သည်။
ဥပဒေပတိုက်ပွဲလည်း ဖြစ်နိုင်သည်။ အကြမ်း
မဖက် တိုက်ပွဲသဏ္ဌာန်လည်း ဖြစ်နိုင်သည်။
အုပ်စိုးသူက အကြမ်းဖက် အင်အား သုံးပြီး
ဖိနှိပ်လာလျှင် မိမိကိုယ်ကို ခုခံရန်၊
အကြမ်းဖက် တိုက်ပွဲသဏ္ဌာန်သို့ လည်း
အချိန်မရွေး ကူးပြောင်းသွားနိုင်သည်။
နိုင်ငံရေးပါတီ၊
အဖွဲ့အစည်းများ၏
တည်ဆောက်ရေးလုပ်ငန်းများတွင် မိမိတို့၏
တည်ရှိဆဲ နိုင်ငံရေး အနေအထားကို အလေးအနက်
ထည့်သွင်းစဉ်းစားကြရသည်။ ယင်းသို့
တည်ဆောက်ရာ တွင် အဖွဲ့အစည်း
တည်ဆောက်ရေးလုပ်ငန်း၏ အခြေခံဖြစ်သော
ကွန်ရက်(ကလပ်စည်း) တည် ဆောက်မှုကို
အထူးအလေးပေး တည်ဆောက်သင့်သည်ဆိုသည်ကို
ထပ်မံတင်ပြလိုပါသည်။
ပါတီအဖွဲ့အစည်းများတွင်
နိုင်ငံရေးလုပ်ငန်းစဉ်ရှိပြီး
နိုင်ငံရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်
မည့်သူ မရှိပါက ထိုနိုင်ငံရေးလမ်းစဉ်သည်
စာရွက်ပေါ်၌သာ အိပ်နေပေမည်။ ပြောဟောသမျှ
အားလုံး လေနှင့်အတူ လွင့်မျောသွားမည်။
နိုင်ငံရေးလုပ်ငန်းစဉ်များ
အသက်ဝင်လာရေးအတွက် မိမိတို့အခြေခံသည့်
လူထု၊ လူတန်းစားများအတွင်း
ကွန်ရက်များနှင့် ကွန်ရက်တည်ဆောက်မှု
လုပ်ငန်းကို အားသွန်ခွန်စိုက်
လုပ်ကိုင်ဆောင်ရွက်ကြရမည်။
မုချလုပ်ကြရမည်။
နိုင်ငံရေးပါတီ၊ အဖွဲ့အစည်း
(မြေပေါ်၊မြေအောက်) များသည် မိမိတို့၏
နိုင်ငံရေးလုပ်ငန်း စဉ်များကို
စိတ်ရောကိုယ်ပါ
အကောင်အထည်ဖော်ဆောင်ရွက်ပေးမည့်
အောက်ခြေအဖွဲ့အစည်း(ကွန်ရက်) များ
မရှိလျှင်၊ မတည်ဆောက်နိုင်လျှင်
ဖြစ်ပေါ်လာမည့် နိုင်ငံရေးအခြေအနေသစ်ကို
ရင်ဆိုင်ကျော်လွှားနိုင်ဖို့
မဖြစ်နိုင်ပေ။ ကွန်ရက်နှင့်
ကွန်ရက်စနစ် တည်ဆောက်ခြင်းလုပ်ငန်း သည်
ပါတီတည်ဆောက်ရေးလုပ်ငန်း ဖြစ်သည်။
ထို့ကြောင့် မျက်မှောက်နိုင်ငံရေး အခြေ
အနေသစ်က ပါတီ၊ အဖွဲ့အစည်းတိုင်းအား
ပါတီတည်ဆောက်ရေးလုပ်ငန်းများကို အခိုင်အမာ
လုပ် ဆောင်ကြရန် အချိန်နှင့်တပြေးညီ
တောင်းဆိုနေကြောင်း
အသိပေးနှိုးဆော်အပ်ပါသည်။
*****
နောင်ကြီး
၂၉၊
နိုဝင်ဘာ၊ ၂ဝဝ၈
|