|
“စင်္ကာပူ ထုတ်ပြန်ကြေညာချက်”ရဲ့
နောက်ဆက်တွဲဂယက်များ
ခုတလော
နအဖရဲ့မူပိုင်သတင်းစာတွေထဲက တစောင်ဖြစ်တဲ့
မြန်မာ့အလင်းသတင်းစာကို
ရက်ဆက်ဖတ်ဖြစ်ခဲ့တယ်။ ဖတ်ပြီးလည်း
ပြုံးမိတယ်။ သို့သော် ဆရာကြီးဒဂုန်တာရာရဲ့
အပြုံးမျိုး တော့မဟုတ်။ ဆရာကြီးက
အပြုံးကို ဘရိတ်အုပ်တတ်တယ်။ ကျနော်ကတော့
ပြုံးပြီးနောက် ကျေနပ်အားရစွာ
ရယ်မောမိတယ်။ သတင်းစာဖတ်ရင်း
ဒီလိုခံစားမှုမျိုးကိုဖြစ်စေတဲ့
သတင်းတချို့ ကြောင့်
အဲဒီလိုဖြစ်သွားတာလို့ပဲ ထင်ပါတယ်။
အခုတလော ဖတ်ဖြစ်တဲ့
သတင်းစာပါအကြောင်းအရာကြောင့် ငယ်စဉ်က
နားရည်ဝခဲ့ရတဲ့ ဇာတ်သံကို ပြန်ပြီး
ကြားမိတယ်။ အဲဒါကတော့ “ဒီမှာ ကိုစောခိုင်
...မကြောက်ပါနဲ့၊ ကျနော် မိုးပေါ်
ထောင်ပစ်လိုက်တာပါ ဟဲ..ဟဲ.. ဟဲ...” ဆိုတဲ့
ဇာတ်လိုက်က သူပြိုင်ဘက်ကို
ရယ်သွမ်းသွေးပြီး ပြောလိုက်တဲ့
စကားတခွန်းရဲ့အသံ။ သို့သော်
သတင်းစာဖတ်ပြီးတိုင်း အခုကိစ္စဟာ
ဇာတ်လိုက်က မိုးပေါ်ထောင်ပစ်လိုက်တာ
မဟုတ်ဘူးဆိုတာ ချက်ချင်း
သတိပြုလိုက်မိတယ်။ အဲဒီနောက်တော့
ပြောစရာအနည်းငယ် ရှိလာပါပြီ်။ အခုပြောမယ့်
အကြောင်းအရာက မိုးပေါ်ထောင်ပစ်လိုက်တာ
မဟုတ်ဘဲ ပစ်ကွင်းများကို
တည့်တည့်ချိန်ပြီး ပစ်ခတ်လိုက်တဲ့
မြှားတစင်းရဲ့ ထိရောက်မှုစွမ်းရည် အကြောင်း
ဖြစ်ပါတယ်။
အဲဒီမြှားတစင်းကတော့ နိုဝင်ဘာ
(၈) ရက်နေ့၊ စင်္ကာပူမှာ ထုတ်ပြန်ခဲ့တဲ့
ဒေါ်အောင်ဆန်း စုကြည်ရဲ့
ထုတ်ပြန်ကြေညာချက်ပဲ ဖြစ်ပါတယ်။
ပစ်မှတ်များစွာကို ထိမှန်နိုင်အောင်
ပစ်နိုင်စွမ်းရှိတဲ့
ဒီထုတ်ပြန်ကြေညာချက်အကြောင်းကို
တွေးမိပြီး ပြုံးတာရယ်တာ
ဖြစ်စေခဲ့ရလို့ပါ။
နေအိမ်အကျယ်ချုပ်
ကျခံနေရဆဲဖြစ်တဲ့ မြန်မာ့ဒီမိုကရေစီရေးကို
ဦးဆောင်တိုက်ပွဲဝင်နေ သူ၊
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က
သူမရဲ့ သဘောထားထုတ်ပြန်ချက်ကို စင်္ကာပူက
နေပြီး ကမ္ဘာကြီးသို့ လွန်ခဲ့သော ၃
ပတ်ကျော်က လွှင့်ထုတ်လိုက်တယ်။
ပြည်တွင်းမှာ ထုတ်ပြန် ကြေညာခွင့်
မရရှိနိုင်လို့ ဒီလိုလုပ်လိုက်ရပေမဲ့
ဒီကြေညာချက်ရဲ့ အတိုင်းအတာပမာဏက ကျယ်ပြန့်
ပြီး နက်ရှိုင်းလှတယ်။ ဒီကြေညာချက်ရဲ့ဂယက်က
နိုင်ငံတကာနဲ့ ပြည်တွင်းကိုပါ ရိုက်ခတ်မှု
အားကြီး ပါတယ်။ အထူးသဖြင့်
သူမရဲ့ကြေညာချက်ဟာ ပြည်သူများ၊
ဒီမိုကရေစီအင်အားစုမျာနဲ့ နအဖ
စစ်အစိုးရတို့အပေါ်မှာ မတူညီတဲ့
ဂယက်ရိုက်ခတ်မှုတွေကို ဖြစ်ပေါ်စေလိုက်တယ်။
တဆက်တည်း မှာပဲ မတူတဲ့
ရိုက်ခတ်ခံရမှုတွေအတိုင်း၊ မတူခြားနားတဲ့
တုန့်ပြန်ပြောဆိုမှုတွေကို နေ့စဉ်ရက်ဆက်
ကြားခဲ့ရတယ်။
ဒီထုတ်ပြန်ကြေညာချက်ရဲ့
ဂယက်ကြောင့် ပြည်သူလူထုတွေကို
အားတက်ရွှင်လန်း ဖြစ်စေခဲ့ပြီး
ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်နေကြတဲ့
အင်အားစုတွေအတွက် တွန်းအားတရပ်
ဖြစ်စေခဲ့တယ်။ သို့သော်
စက်တင်ဘာအရေးအခင်းကြောင့်
တွေ့ဆုံဆွေးနွေးရေးစကား မပြောချင်ဘဲ
ပြောလာရတဲ့ နအဖစစ်အုပ်စုအတွက်တော့
အခက်တွေနဲ့အရှက်တွေ
တွေ့ပြီးရင်းတွေ့နေတော့တာ ပါပဲ။
နအဖစစ်အုပ်စုဟာ ဒီအခက်တွေ
ဖြေဖို့၊ ဒီအရှက်တွေ ပြေဖို့ နည်းလမ်းရှာ
လုပ်ဆောင်လာ ရတော့တယ်။
ဒီ“ထုတ်ပြန်ကြေညာချက်” တစောင်ကြောင့်ပဲ
ဘယ်နေရာမဆို သူများရဲ့အထက်က နေချင်တဲ့၊
သူတကာနဲ့ ကြမ်းတပြေးတည်း မထိုင်ချင်တဲ့
နအဖစစ်ဗိုလ်ချုပ်ကြီးများရဲ့ ဘဝင်မြင့်တဲ့
စိတ်ဟာ ငုတ်နေရာမှ လှုပ်ရွလာတယ်။
ဘာပဲဖြစ်ဖြစ်
“စင်္ကာပူကြေညာချက်”ကတော့ဖြင့်
နအဖစစ်ဗိုလ်ချုပ်ကြီးများရဲ့ “ဟတ်တ်”
(Heart)ကို တိတိပပ ထိမှန်သွားတယ်ဆိုတာ
အခုတလော သတင်းစာ (နိုဝင်ဘာ ၁၄ ရက်မှ ၂၆
ရက်ထိ ပါရှိတဲ့
တန်ပြန်ထုတ်ပြန်ချက်)များကို
လေ့လာခြင်းအားဖြင့် သိသာလှပါတယ်။
တကယ်တော့
ဒေါ်အောင်ဆန်းစုကြည်ရဲ့
“စင်္ကာပူထုတ်ပြန်ကြေညာချက်”ဟာ သူမရဲ့
နိုင်ငံရေးသဘောထားကို
အကျဉ်းအကြပ်ထဲကနေပြီး အရိုးရှင်းဆုံး၊
အလွယ်ကူဆုံး၊ အတိုဆုံး နည်းနာဖြင့်
တိုင်းပြည်သို့
တင်ပြအစီရင်ခံနေတာဖြစ်တယ်။ ဒါဟာ
တာဝန်သိသူတယောက်က တာဝန်ရှိရှိ
လုပ်ဆောင်လိုက်တဲ့
လုပ်ငန်းအစီရင်ခံမှုဖြစ်တယ်။
ဒီထုတ်ပြန်ကြေညာချက်ကို နားလည်
ခံစားနိုင်ဖို့ဆိုရင် အနိမ့်ဆုံး
မျိုးချစ်စိတ်၊
တိုင်းချစ်ပြည်ချစ်စိတ်တော့
ဓါတ်ခံရှိရပါလိမ့်မယ်။ တိုင်းပြည် ရဲ့
တကယ့်အခြေအနေမှန်ကို ကြည့်မြင်နိုင်တဲ့
ဘယ်သူမဆို ဒီကြေညာချက်နဲ့ ပတ်သက်ပြီး သံသယ
ရှိစရာအဖြစ် မမြင်ကြပါ။ ဒါကြောင့်လည်း
ဒီထုတ်ပြန်ကြေညာချက်ကို ပြတ်ပြတ်သားသား
ထောက်ခံ ကြ၊ လှိုက်လှိုက်လှဲလှဲ
ကြိုဆိုကြတာပဲမဟုတ်ပါလား။
ဒေါ်အောင်ဆန်းစုကြည်ရဲ့
“စင်္ကာပူထုတ်ပြန်ကြေညာချက်”
ထွက်ပေါ်လာပြီးနောက်မှာတော့
နအဖစစ်ဗိုလ်ချုပ်ကြီးများအတွက် အလုပ်တခု
တိုးပွားလာပြန်တယ်။ ဒီကြေညာချက်ကို
တုန့်ပြန်ဖို့ ရန်အတွက် နေ့မနား၊ ညမအား
ဒေသများစွာသို့
စည်းရုံးသိမ်းသွင်းရေးလုပ်ငန်းစဉ်
စတင်ရတော့ တယ်။ အဲဒီနောက် နိုဝင်ဘာ (၁၄)
ရက်ကစပြီး စင်္ကာပူကြေညာချက်ကို
တုန့်ပြန်ဖို့ သူတို့ရဲ့
လက်ကတုံးတောင်ဝှေး အဖွဲ့အစည်းပေါင်းစုံကို
လက်ပူတိုက်ပြီး သဘောထားကြေညာချက်များ
ထုတ်စေခဲ့တယ်။ နိုဝင်ဘာ (၂၆) ရက်နေ့အထိ
သတင်းစာများမှာ နေ့စဉ်ရက်ဆက် ဖော်ပြခဲ့ကြ
တယ်။ ကြေညာချက်ကို ကြေညာချက်နဲ့
တန်ပြန်တိုက်ခိုက်လိုက်တဲ့သဘောပါ။
ဒီတန်ပြန်သဘောထား
ထုတ်ပြန်ဖို့ ပွဲဦးထွက် မဲကျသူတွေကတော့
နအဖနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ လက်နက်ကိုင်
တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းများ
ဖြစ်ပါတယ်။ အဲဒီနောက်တော့
အခြားအဖွဲ့အစည်းများဟာ အစီအစဉ်အတိုင်း
လိုက်ပါပြီး ထုတ်ပြန်ရတော့တာပါပဲ။ တန်ပြန်
သဘောထားထုတ်ပြန်တဲ့ အဖွဲ့အစည်းပေါင်း ၇၀
(၁၄.၁၁.၀၇ မှ၂၆.၁၁.၀၇ထိ) ရှိပါတယ်။
ဒီအဖွဲ့တွေကို ထပ်မံခွဲစိတ်ကြည့်မယ်ဆိုပါက
ယေဘူယျအားဖြင့် အုပ်စု(၆)ခု
ခွဲခြားနိုင်ပါတယ်။
အဲဒါတွေကတော့-
-
နအဖနဲ့ အပစ်အခတ်ရပ်စဲထားတဲ့
တိုင်းရင်းသားလက်နက်ကိုင်အင်အားစု(ငြိမ်းအဖွဲ့) ၂၂
ဖွဲ့
-
ရှမ်းပြည်နယ်က ပြည်သူ့စစ်အဖွဲ့
(မဆလလက်ထက်ကဖွဲ့စည်းခဲ့) ၁၀ ဖွဲ့
-
နအဖရဲ့ ဖိအားအမျိုးမျိုးကြောင့်
အပြီးပိုင် လက်နက်စွန့် အပ်နှံရတဲ့
အဖွဲ့ ၆ ဖွဲ့
-
မဆလ နိုင်ငံရေးအမွေခံ
(တစည)ပါတီအပါအဝင် အခြား
နအဖကိုထောက်ခံတဲ့ တရားဝင်
ပါတီအဖွဲ့အစည်းပေါင်း ၈ ဖွဲ့
-
အမျိုးသားညီလာခံမှ
တိုင်းရင်းသားကိုယ်စားလှယ်အစုအဖွဲ့
(ပြည်နယ်/တိုင်း) ၁၆ ဖွဲ့
-
နအဖရဲ့လက်ခွဲ
အရပ်သားအဖွဲ့အစည်း(ကြံဖွံ)နဲ့
အခြားလက်ကိုင်တုတ်အဖွဲ့များ ၈ ဖွဲ့
.......... စသည်တို့
ဖြစ်သည်။
အဆိုပါအဖွဲ့အစည်းတွေရဲ့
သဘောထားထုတ်ပြန်ကြေညာချက်ဆိုတာတွေကို
ဖတ်ကြည့် မယ်ဆိုရင် နအဖရဲ့
ရင်တွင်းဖြစ်ဝေဒနာတွေကို အထင်းသား
မြင်တွေ့နိုင်တယ်။ ကြေညာချက်တိုင်း မှာ
ပါဝင်ရမယ့် အချက်တွေကိုလည်း
လမ်းညွှန်ချမှတ်ပေးပြီး
ရေးခိုင်းထားတာကိုပါ တွေ့ရသေး တယ်။
ထို့အပြင် သူတို့ကိုယ်တိုင်ရေးပြီး
အဖွဲ့အစည်းတွေရဲ့အမည်ကို
ယူသုံးလိုက်တာဆိုပြီး သံသယ ၀င်ချင်ရင်လဲ
သံသယ၀င်လို့ရသေးတယ်။
၎င်းတန်ပြန်ကြေညာချက်များတွင် အဓိက
ပါဝင်စေရမည့် အချက်အလက်တွေကတော့-
-
ဒေါ်အောင်ဆန်းစုကြည်ရဲ့
“စင်္ကာပူထုတ်ပြန်ကြေညာချက်”မှာ
ပါရှိတဲ့ အချက်တိုင်းကို
သက်ဆိုင်ရာအုပ်စုတွေက သက်ဆိုင်ရာ
အကြောင်းအရာအလိုက် ဆန့်ကျင်တာ၊
ကန့်ကွက် တာ၊ သဘောမတူတာ၊ သက်သက်ညှာညှာ
သတိပေးလိုက်ကြောင်း စတဲ့
သဘောထားမျိုးနဲ့ ဖော်ပြပေးရတယ်။
(ဒေါ်အောင်ဆန်းစုကြည်အား
ဝေဖန်တိုက်ခိုက်ထားတဲ့ အကြောင်းအရာ
တွေကို စိစစ်ကြည့်ရင်--
နိုင်ငံရေးအဖွဲ့ အစည်းများနဲ့
တိုင်းရင်းသားကိစ္စများအပေါ် တာဝန်
ယူမှုနဲ့ ပြောထားတဲ့ သူမရဲ့စကားအား
မချိတင်ကဲ ပြန်လည်ပြောဆိုထားခြင်း၊
ထိုကြေညာ ချက်က နအဖအပေါ်
နိုင်ငံရေးအမြတ်ထုတ်တာဖြစ်ခြင်း၊
အခြားအင်အားစုများကို ဖိတ်ခေါ်
ကမ်းလှမ်းမှုနဲ့ ပတ်သက်ပြီး ငြူစူစကား
ပြောဆိုထားခြင်း၊ မူဝါဒလမ်းစဉ် (၇)
ရပ်ကို မျက်ကွယ်ပြုထားခြင်း၊
စင်္ကာပူထုတ်ပြန်ကြေညာချက်ဟာ
ပြည်ပအားကိုးပြီး ထုတ်ပြန်ထား
တာဖြစ်ခြင်းနဲ့ သူမက ညီလာခံကို
အသိအမှတ်ပြုထားတာ မတွေ့ရကြောင်း
တန်ပြန် ကြေညာချက်များမှာ
အသားပေးဖော်ပြထားပါတယ်)။
-
ညီလာခံကချမှတ်တဲ့ အခြေခံမူများနှင့်
အသေးစိတ်အခြေခံရမည့် မူများကို
ထောက်ခံ ကြောင်း။
-
မူဝါဒလမ်းစဉ် (၇) ရပ်ရဲ့
တတိယအဆင့်ဖြစ်တဲ့
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း
ရေးဆွဲရေးကော်မရှင်တွင်
တိုင်းရင်းသား၊ ဥပဒေပညာရှင်များကို
ပါဝင်စေပြီး တာဝန် ပေးအပ်ခြင်းအပေါ်
ကြိုဆိုထောက်ခံကြောင်း။
-
မူဝါဒလမ်းစဉ် (၇) ရပ်
အောင်မြင်တဲ့အထိ မမှိတ်မသုန်
ဆက်လက်အကောင်အထည် ဖော်ရာတွင်
တပ်မတော်အစိုးရ (၀ါ)
နိုင်ငံတော်အစိုးရနှင့် အပြည့်အဝ
ပူးပေါင်းပါမည်ဟု ကတိပေးရတာမျိုး ---
စတဲ့ သဘောထားမျိုးနဲ့
ထုတ်ပြန်ပေးရတယ်။
ဒီတန်ပြန်သဘောထားထုတ်ပြန်ကြေညာချက်များရဲ့
တကယ့်အနှစ်သာရကို နားလည် ကြည့်မယ်ဆိုရင်
အနည်းဆုံး ငြင်းမရနိုင်တဲ့
အချက်သုံးချက်ကိုတော့ မုချတွေ့ရလိမ့်မယ်။
အဲဒါတွေကတော့ ---
-
ဒေါ်အောင်ဆန်းစုကြည်ရဲ့
“စင်္ကာပူထုတ်ပြန်ကြေညာချက်”ကို
လက်တုံ့ပြန်ထားခြင်း။
-
ဗမာပြည်နိုင်ငံရေးနဲ့ပက်သက်တဲ့
နအဖရဲ့ သဘောထားရပ်တည်ချက်များ
အပြောင်းအလဲ လုံးဝမရှိကြောင်း
ဖေါ်ပြထားခြင်း။
-
နအဖရဲ့သြဇာအာဏာက
တိုင်းရင်းသားအဖွဲ့အစည်း(အပစ်အခတ်ရပ်စဲထားတဲ့
အဖွဲ့အစည်း)များအပေါ် အတိုင်းအတာ
ဘယ်လောက်အထိ သက်ရောက်မှုရှိတယ်ဆိုတာ
ပြသလိုခြင်း --- စတာတွေပါပဲ။
မည်သို့ပင်ဖြစ်စေကာမူ
နအဖအစိုးရအနေနဲ့ ပြည်တွင်းပြည်ပ
ဖိအားတွေအောက်က
နိုင်ငံရေးအကျပ်အတည်းရှိနေမှုကို
ရှောင်ရှားလိုတယ်။ ထို့ကြောင့် ၎င်းအား
ထောက်ခံတဲ့ အဖွဲ့အစည်းတွေ ရှိနေကြောင်း
ထုတ်ဖော်ပြသဖို့ အရေးတကြီး
လိုအပ်နေတယ်ဆိုတာ စဉ်းစား ကြည့်ရုံနဲ့
သိနိုင်ပါတယ်။ ဒီ လတ်တလောပြဿနာကို
လက်တုံ့ပြန်နိုင်ဖို့အတွက် ၎င်းကို ထောက်ခံ
တဲ့ အဖွဲ့အစည်းအသီးသီးရဲ့ သဘောထားတွေကို
ရတဲ့နည်းလမ်းဖြင့် လိုက်လံစုဆောင်ပြီး
အချိန်မီ ထုတ်ပြန်လိုက်ရခြင်းဖြစ်တယ်။
နအဖကတော့ သူ့မှာ
တကယ့်နိုင်ငံရေး အကျပ်အတည်း မရှိသယောင်
နေပြတယ်။ ပြီးတော့ ငြိမ်းအဖွဲ့များနဲ့
အခြားအဖွဲ့များကို နအဖရဲ့
နိုင်ငံရေးအယူအဆ၊ နိုင်ငံရေးအတွေးအခေါ်တွေ
တပ်ဆင်ပေးပြီး
ဘန်းတင်ပွဲထုတ်လာရတော့တာပါဘဲ။
ဒါမျိုးလုပ်တာကို ကြောင်လက်နဲ့ ပြာပူ
ယက်ခိုင်းလိုက်တယ်ဆိုတာ ကလေးတောင်သိပါတယ်။
ငြိမ်းအဖွဲ့တွေဘက်ကဆိုရင်လည်း သူတို့
ဆန္ဒနဲ့ လုပ်လိုက်ကြတာဖြစ်စေ၊
ဆန္ဒနဲ့မဆိုင်ဘဲ လိုက်ပါပြီး
လုပ်ဆောင်ပေးရတာဖြစ်စေ၊ ရလဒ် ကတော့
ရန်မီးအဝိုင်းခံနေရတဲ့
နအဖခံစစ်ကုန်းအတွက် ခံကတုတ်ငယ်အဖြစ်
လုပ်ပေးရတဲ့ နိုင်ငံရေးအဆင့်နေရာကလွဲပြီး
အခြား ဘာမျှမဖြစ်နိုင်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့
“စင်္ကာပူထုတ်ပြန်ကြေညာချက်”ဟာ
တိုတောင်းပါတယ်။ သို့သော် ကြေညာချက်ပါ
အကြောင်းအရာများက မျက်မှောက်
ဗမာပြည်နိုင်ငံရေးအခြေအနေကို
လိုရင်းတိုရှင်း ဖော်ပြပေးနိုင်တယ်။
ပြီတော့ နှစ်ပေါင်းများစွာဖြစ်တည်နေတဲ့
နိုင်ငံရေး အကျပ်အတည်းကနေ လွတ်မြောက်ဖို့
လမ်းစရှာထားတဲ့ နိုင်ငံရေးဖန်တီးမှုတခုလည်း
ဖြစ်တယ်။ ဒီအချက်အလက်ကို တကယ်တမ်း
မျိုးချစ်စိတ်၊ ပြည်ချစ်စိတ်အရင်းခံနဲ့
နားလည်ယူနိုင်ကြမယ် ဆိုရင် အဆိုပါ
တန်ပြန်သဘောထားကြေညာချက်တွေ
ပေါ်ထွက်လာနိုင်စရာမရှိပါ။
သို့သော်
“စင်္ကာပူထုတ်ပြန်ကြေညာချက်”ကို
တန်ပြန်ကြေညာချက်များဖြင့် မိမိတို့ရဲ့
နိုင်ငံရေးရပ်တည်ချက်ကို လူသိရှင်ကြား
ဖော်ပြခဲ့ကြရပြီ။ နောင်ဖြစ်ပေါ်လာမဲ့
သမိုင်းဆိုင်ရာ ကိစ္စရပ်များကိုတော့
အဲဒီအဖွဲ့များအနေနဲ့
ကိုယ့်တာဝန်ကိုယ်ယူကြဖို့ပဲ ရှိပါတော့တယ်။
နောင်ကြီး
|